Saturday, September 29, 2012

သစ္စာရှာဖို့ မြင်းစီးသူအပိုင်း(၅)

အခန်း(၅)
သိမှုဖြစ်စဉ်

မပြောင်းမလဲ စီးသွား၊
မြစ်တစ်စင်းလို အဆက်အစပ်နဲ့၊
လှိုင်းတစ်သုတ်နောက်၊ လှိုင်းတစ်သုတ်လိုက်
နှေးချည် .. မြန်ချည် ....။   


ယခုအခါ ဗုဒ္ဓ၏ အမှန်မွန်လေးပါးထဲမှ ရှေ့နှစ်ပါးကို ဖော်ပြပြီးခဲ့ပြီးဖြစ်ပါတယ်။ ပထမအမှန်မွန် (ဒုက္ခ၏လောကလုံးသဘော)နှင့် ဒုတိယအမှန်မွန် (ဒုက္ခ၏အကြောင်းရင်း)တို့ ဖြစ်သည်။ ဗုဒ္ဓကျမ်းဂန်လာ ဝေါဟာရနှင့်ဆိုလျှင် “ဒုက္ခသစ္စာ”နှင့် “သမုဒယသစ္စာ”တို့ ဖြစ်ပါသည်။ “သမုဒယကြောင့် ဒုက္ခဖြစ်” ဆိုသော အမှန်မွန်နှစ်ပါး၏ အဆက်အစပ်ကိုလည်း ဖော်ပြခဲ့ပြီးပါပြီ။ သို့ဖြစ်၍ တတိယအမှန်မွန် (ဒုက္ခ၏ ကင်းရာ ကုန်ရာ)ကို ဆက်ဖို့ရှိပါသည်။ သို့နှင့်တိုင် ချက်ချင်းဆက်၍ မဖြစ်သေးပါ။ တတိယအမှန်မွန် (နိရောဓသစ္စာ)ကို နားလည်သဘောပေါက်စေရန် ဗုဒ္ဓ၏သင်ကြားချက်အချို့နှင့် မိတ်ဆက်ပေးဖို့ လိုပါလိမ့်ဦးမည်။

အမြင်နှစ်မျိုး
ဗုဒ္ဓ၏ဓမ္မသည် အကြွင်းမဲ့သဘော၊ ပကတိသဘော၊ မဖောက်မပြန်အမြဲမှန်သည့်သဘောဖြစ်သည်။ ပရမတ္ထသစ္စာ (Absolute true) ဖြစ်ပါသည်။ သို့နှင့်တိုင် ယာယီသဘော၊ နှိုင်းရသဘော၊ အများ သတ်မှတ်ချက်သဘောတို့ကိုလည်း မပစ်ပယ်ပါ။ သမုတိသစ္စာ (Relative true) ဖြစ်ပါသည်။ ပြောရလျှင် သမုတိသစ္စာမှာ အများအမြင်၊ သာမန်အမြင် ဖြစ်ပြီး ပရမတ္တသစ္စာမှာ ပညာအမြင်၊ ဗုဒ္ဓအမြင်ဖြစ်သည်။ ဗုဒ္ဓ၏ဓမ္မကို လေ့လာရခြင်းမှာ သာမန်အမြင်ကိုကျော်၍ ပညာအမြင်ကို ဆိုက်အောင် အသိဉာဏ်မိုးကုတ်စက်ဝိုင်းကို ချဲ့ကြည့်ခြင်းဖြစ်ပါသည်။

သာမန်အမြင်အရ ကြည့်လိုက်လျှင် သတ္တလောကတွင် ရှိသမျှကို လူ တိရိစ္ဆာန်၊ ယောက်ျား-မိန်းမ၊ ကလေး-လူကြီး၊ သူဌေး-ဆင်းရဲသား၊ ဆရာဝန်၊ စစ်ဗိုလ်၊ ပါမောက္ခ၊ သူတောင်းစား စသည်ဖြင့် ခွဲခြားမြင်နိုင်စရာရှိသည်။ ဤသို့မြင်နေသမျှလည်း အဆင့်အတန်း၊ ဂုဏ်အင်လက္ခဏာ စသော ခွဲခြားသတ်မှတ်ချက်များနှင့် ကင်းနိုင်လိမ့်မည်မဟုတ်ပါ။ ဗုဒ္ဓ၏ပညာ အမြင်အရဆိုလျှင် လူအပါအ၀င် သတ္တ၀ါအပေါင်းတို့မှာ သဘောသဘာဝနှစ်ရပ်၏ အစုအဝေးမျှသာဖြစ်သည်။  ရုပ်သဘောနှင့်  နာမ်သဘောတို့ဖြစ်သည်။ ဤသည်ကို ဗုဒ္ဓကျမ်းဂန်များက “နာမရူပ”ဟု ညွှန်းဆိုပါသည်။

ရုပ်သဘောဆိုရာတွင် အာရုံခံကိရိယာများ (Sense organs)စုစည်းထားသော ခန္ဓာကိုယ်အစုအဝေးကြီးကို ဆိုလိုသည်။ နာမ်သဘောတွင် ခံစားခြင်း (Feeling or sensaton)၊ ခံယူခြင်း (Perception)၊ တုံ့ပြန်ခြင်း (Emotional reaction)နှင့် သိမြင်ခြင်း(Consciousness) တို့ပါဝင်သည်။ ဗုဒ္ဓကျမ်းဂန်များတွင် ဝေဒနာ၊ သညာ၊ သင်္ခါရ၊ ၀ိညာဏဟု သုံးနှုန်းပါသည်။ သို့အတွက် လူ (သတ္တ၀ါ)တို့၏ ဖြစ်တည်မှုဆိုသည်မှာ ရုပ်ခန္ဓာ(ရူပက္ခန္ဓာ)နှင့် နာမ်ခန္ဓာ (ဝေဒနာက္ခန္ဓာ၊ သညာက္ခန္ဓာ၊ သင်္ခါရက္ခန္ဓာ၊ ၀ိညာဏက္ခန္ဓာ) တို့၏ အစုအဝေးပင်ဖြစ်သည်။ ဤသည်ကိုပင် “ခန္ဓာငါးပါး”(five aggregates)ဟုခေါ်ခြင်း ဖြစ်ပါသည်။ ဤခန္ဓာငါးပါးတို့ အလုပ်လုပ်ပုံသည်ပင် “လူ၏သိမှုဖြစ်စဉ်” (the act of human cognition) ဖြစ်တော့သည်။

ခန္ဓာငါးပါးအလုပ်လုပ်ပုံ

ခန္ဓာငါးပါးအလုပ်လုပ်ပုံကို မလေ့လာမီ ၄င်းတို့၏ ဖွဲ့စည်းပုံကို အလွယ်သိမြင်စေရန် ဖော်ပြပါဇယားကို နှလုံးသွင်းထားစေလိုပါသည်။
ဤနေရာတွင် ပထမဆုံးကြိုပြောထားဖို့လိုသည်မှာ ခန္ဓာငါးပါးတို့၏ အစုအဝေးသည် သာမန်ရောစပ်ထားရုံသက်သက် (ဒြပ်နှောသဘော မဟုတ်သည့်အချက်) ဖြစ်ပါသည်။တစ်သားတည်းဖြစ်အောင် ပေါင်းစပ်ထားသော ဒြပ်ပေါင်းသဘောဖြစ်သည်။ သို့အတွက် (ရှင်းလင်းရာတွင် လွယ်ကူစေရန်၊ တစ်ကန့်စီပြောသွားမည် ဖြစ်သော်လည်း) တစ်ခုစီ ခွဲထုတ်ရလိမ့်မည် မဟုတ်ပါ။ စင်စစ် ပဋိသန္ဓေအစကပင်၊ ရုပ်နှင့်နာမ်တို့ တစ်ပြိုင်နက်ဖြစ်တည်ခဲ့သည်ဖြစ်ရာ ရုပ်က မူလ၊ နာမ်ကအဓိက စသည်ဖြင့်ခွဲခြားကြည့်စရာမလိုဟူ၍ပင် ယူဆရမည်ဖြစ်ပါသည်။

၁။ ရုပ်ခန္ဓာ (ရူပ)
ရုပ်ခန္ဓာဆိုသည်မှာ  မြေဓာတ်၊ မီးဓာတ်၊ ရေဓာတ်၊ လေဓာတ်တို့၏  အစုအဝေးသာဖြစ်သည်။ (ပထ၀ီ၊ တေဇော၊ အာပေါ၊ ၀ါယော၊ ဆိုသော ဓာတ်ကြီးလေးပါး။) ဤနေရာတွင် အဆိုပါ ဓာတ်ကြီးလေးပါးကို ခေတ်ပေါ် ဓာတုဗေဒနည်းအရကြည့်ပြီး ဒြပ်စင်မဟုတ်၊ ဒြပ်ပေါင်းများဟု စောဒက မတက်စေလိုပါ။ ပထ၀ီမှာ စုဖွဲ့ခြင်းသဘော၊ တေဇောမှာ ပူခြင်း-အေးခြင်းသဘော၊ အာပေါမှာ စီးမျောခြင်းသဘော၊ ၀ါယောမှာ တွန်းတိုက်သည့်သဘော တို့ကိုသာ ဆိုလိုရင်းဖြစ်သည်။ ဤဓာတ်ကြီးလေးပါးတို့၏ အစုအဝေး ရုပ်ခန္ဓာသည်ပင် မျက်စိ၊ နား၊ နှာခေါင်း၊ လျှာ၊ ကိုယ်နှင့်စိတ် (မနော)ဆိုသော အာရုံခံကိရိယာတို့ကို စုစည်းထားသည့် ကွန်တင်နာကြီးပင်ဖြစ်သည်။ ဤအာရုံခံကိရိယာများနှင့် အာရုံရုပ်များ (မြင်စရာ၊ ကြားစရာ၊ အနံ့ရစရာ၊ အရသာခံစရာ၊ ထိတွေ့စရာ၊ စဉ်းစားတွေးတောစရာ) ထိတွေ့သည်နှင့် အာရုံတို့ရလာသည်။ အဆိုပါအာရုံတို့နာမ်သဘောများ (နာမပိုင်း)ကို အဆင့်ဆင့်ဖြတ်သန်းခြင်းသည်ပင် သိမှုဖြစ်စဉ် ဖြစ်တော့သည်။

၂။ ခံစားခြင်း(ဝေဒနာ)
အာရုံတို့၏ ပထမဆုံးဖော်ပြချက်မှာ ခံစားမှုပင်ဖြစ်သည်။ အာရုံခံကိရိယာနှင့် အာရုံရုပ်တို့ ထိတွေ့သည်နှင့်ခံစားမှုပေါ်လာသည်။ သိမှုဖြစ်စဉ်၏ ပထမအဆင့်ဖြစ်ပါသည်။

၃။ ခံယူခြင်း(ပညာ)
ဒုတိယအဆင့်မှာ သိမှတ်ခံယူခြင်းဖြစ်သည်။ ဥပမာ-နှင်းဆီတစ်ပွင့်မြင်လျှင် နှင်းဆီဟုခံယူလိုက်သည်။ ကင်းမြီးကောက်တစ်ကောင်တွေ့လျှင် ကင်းမြီးကောက်ဟုခံယူလိုက်သည်။ သို့နှင့်တိုင် ဤအဆင့်တွင် ခံယူရုံသက်သက်မျှနှင့် တန့်မနေတတ်ပါ။ သတ်မှတ်ချက်တစ်ခုခု တွဲပါလာတတ်ပါသည်။ ဥပမာ-“နှင်းဆီ”ဟု ခံယူလိုက်သည်နှင့် “လှလိုက်တာ”ဆိုသောသတ်မှတ်ချက် တွဲပါလာတတ်သည်။ “ကင်းမြီးကောက်”ဟု ခံယူလိုက်သည်နှင့် “ရွံရှာစရာကြီး”ဆိုသော သတ်မှတ်ချက် တွဲပါလာတတ်သည်။ “သညာ”၏အလုပ်မှာ ကင်မရာလိုမှတ်တမ်းတင်ရုံ သက်သက်မျှမဟုတ်။ သတ်မှတ်ချက် (သိစိတ် တစ်စွန်းတစ်စ)ပါလာပြီ ဖြစ်ပါသည်။

၎။ တုံ့ပြန်ခြင်း (သင်္ခါရ)
သိမှုဖြစ်စဉ်၏ အရေးအကြီးဆုံးအဆင့် ဖြစ်ပါသည်။ (ယခုစာအုပ်ကို မူလအင်္ဂလိပ်ဘာသာနှင့်ရေးသူက ဤအဆင့်ကို  Emotional reactions ဟုရေးပါသည်။ အချို့ဆရာများကမူ “စိတ်ပိုင်းဆိုင်ရာဖွဲ့စည်းမှု” (mental formations)ဟု ဘာသာပြန်ကြသည်များ ရှိသည်။ emotion ဆိုသောလက်တင်ဝေါဟာရမှာ to move out (လှုပ်ရှားစေခြင်း)ဟု အဓိပ္ပာယ်ထွက်ရာ ပါဠိစာပေမှ သင်္ခါရနှင့် ပိုနီးလိမ့်မည်ထင်ပါသည်။)ဤအဆင့်တွင် ခံယူရုံ၊ သတ်မှတ်ရုံမျှနှင့် ရပ်နေတော့ပါ။ တုံ့ပြန်ချက်ပါလာပါသည်။ ဥပမာ-နှင်းဆီကိုမြင်လျှင် “ဟင်..နှင်းဆီပွင့်လေး ပါလား”(ခံယူ)၊ “လှလိုက်တာ”(သတ်မှတ်)၊ “ချစ်တယ်”/“လိုချင်တယ်”(တုံ့ပြန်)၊ အလားတူပင် ကင်းမြီးကောက်ကိုမြင်လျှင်လည်း “ ဟင် ကင်းမြီးကောက်ကြီး ” (ခံယု)၊ “ရွံစရာကြီး” (သတ်မှတ်)၊ “ ရွံတယ်/မမြင်ချင်ဘူး” (တုံ့ပြန်)၊ ပြောလိုသည်မှာ သင်္ခါရတွင် အချစ်-အမုန်း၊ ကြိုက်-မကြိုက် ဆိုသောတုံ့ပြန်မှုများပါဝင်လာပြီ ဆိုသည့်အချက်ကို ထင်ရှားစေလို၍ဖြစ်ပါသည်။ “စိတ်လှုပ်ရှားမှု”(emotion) ပါလာပြီဟု ဆိုလိုပါသည်။ နောက်ဆက်တွဲအဖြစ် နှင်းဆီဆိုလျှင် ခူးလိုက်မည်။ ကင်းမြီးကောက်ဆိုလျှင် လွှင့်ပစ်မည်ဆိုသော လက်တွေ့တုံ့ပြန်မှုများပင် လိုက်လာနိုင်သည်။
၅။ သိမြင်မှတ်သားခြင်း (၀ိညာဏ)
သိမှုဖြစ်စဉ်၏ နောက်ဆုံးအဆင့်ဟုဆိုနိုင်ပါသည်။ အာရုံခံ ကိရိယာနှင့် အာရုံရုပ်တို့၏ ထိတွေ့မှုကြောင့် ဖြစ်လာသော အာရုံသည် ခံစားခံယူ၊ တုံ့ပြန်ပြီးသကာလ၊ သိမှတ်သည့်အဆင့်သို့ ရောက်လာခြင်းဖြစ်သည်။ ဦးနှောက်၏ အနက်ရှိုင်းဆုံးနေရာထိ သိမှတ်စွဲကပ်(memorize)လိုက်ပြီ ဖြစ်ရာ၊ ဘ၀တစ်ခုမှ တစ်ခုသို့ ကူးသည်အထိပင် “အတည်စွမ်းအင်” (potential energy)အဖြစ် ပါဝင်သွားနိုင်သည်။ ဗုဒ္ဓကျမ်းဂန်များက “အထုံ”၊ “ပါရမီ” စသဖြင့် ညွှန်းလေ့ရှိကြပါသည်။ ( ဤနေရာတွင် အတ္တကောင်၊ လိပ်ပြာကောင်လေး အရာမယွင်းဘဲ ခန္ဓာအိမ်အသစ်ထဲသို့ ၀င်သွားသလို မျဉ်းတန်းသဘော (linear)နှင့် မရောထွေးစေရန် အရေးကြီးပါသည်။ ၀ိညာဉ်မှ နာမ်ရုပ်အသစ်သို့ ကူးပြောင်းသောဆက်ထုံးမှာ non-linear သဘောနှင့် နီးပါလိမ့်မည်)
“ အာရုံသိ ” မှ “ ပညာသိ ” သို့
အထက်တွင်ဖော်ပြခဲ့သည်မှာ လူ(သတ္တ၀ါ) တို့၏ သိမှုဖြစ်စဉ်ဟု ယေဘုယျဆိုနိုင်သော်လည်း လူတစ်ယောက်နှင့်တစ်ယောက် သိမြင်မှတ်သားပုံချင်း တူကြလိမ့်မည်တော့ မဟုတ်ပါ။ ဥပမာ- မိန်းမငယ်တစ်ယောက်တည်းကိုပင် တစ်ယောက်က “လှသည်”ဟုမြင်သော်လည်း ကျန်တယောက်က ”အရုပ်ဆိုးသည်”ဟု ထင်ကောင်းထင်နိုင်ပါသည်။ သို့နှင့်အမျှ “ချစ်လိုက်တာ”၊ (သို့မဟုတ်) “စာမလိတ်၊စိတ်မလာ” စသော မတူသည့် တုံ့ပြန်မှုများလည်း ရှိလာပါလိမ့်မည်။ အလားတူပင် “စွဲလမ်းမှု”၊ “မေ့လျော့မှု”စသော မတူသည့် သိမှတ်မှုများလည်း ဖြစ်ပေါ်လာပါလိမ့်မည်။ သို့အတွက် မည်သည့်သိမြင်မှုကိုမှ “အမှန်”ဟု အခိုင်အမာ မပြောသာပါချေ။ ဤသည်ပင် အာရုံမှလာသော “အာရုံသိ” (emotional knowledge)တို့၏ မသေချာမရေရာမှု ဖြစ်ပါသည်။

သို့နှင့်တိုင် လူမှန်လျှင် ခန္ဓာငါးပါးနှင့်မကင်းနိုင်ပါ။ ခန္ဓာငါးပါးသည် ပင်ဘ၀ဖြစ်ပါသည်။ ခန္ဓာငါးပါးအလုပ်လုပ်ပုံ(တစ်နည်း) အာရုံသိတို့၏ သိမှုဖြစ်စဉ်သည်ပင် ဘ၀ဖြစ်တည်မှုဟု ဆိုနိုင်ပါလိမ့်မည်။ ဤနေရာတွင် လွန်ခဲ့သော နှစ်ပေါင်း ၂၅၀၀ ကျော်က ဗုဒ္ဓ၏တွေးခေါ်ရှုမြင်ပုံမှာ၊ လွန်ခဲ့သောအနှစ် ၃၀၀ ၀န်းကျင်ကမှ ပေါ်ထွက်ခဲ့သော “ဒေးကား”နှင့် နီးစပ်တူညီနေသည်ကို တွေ့ရပါလိမ့်မည်။ “ဒေးကား”က “ငါတွေးသည်၊ ဒါကြောင့် ငါရှိသည်” ( I think , therefore I exist)ဟုဆိုခဲ့ဖူးသည်။ သို့နှင့်တိုင် ဗုဒ္ဓ၏အမြင်က ဒေးကားထက်ပိုနက်ပါသည်။ “ငါချစ်သည်၊ ငါမုန်းသည်၊ ဒါကြောင့်ငါရှိသည်”( I love, I hate, therefore I exist)ဆိုသော သဘောဖြစ်သည်။ အချစ်၊ အမုန်းစသော သမုဒယနယ်မှ မထွက်နိုင်သေးသရွေ့ ဘ၀ရှိနေဦးမည်။ သံသရာလည်နေဦးမည်ဟု နားလည်ရပါသည်။

စင်စစ် အာရုံသိမှာ ဘ၀၏အခြင်းအရာ ဖြစ်သည်။ အာရုံသိ သက်သက်မျှနှင့် ဘ၀ကိုမလွန်နိုင်ချေ။ ဖြစ်တည်မှု အကျဉ်းထောင်ကို ဖောက်ထွက်နိုင်စရာမရှိပါချေ။ ဗုဒ္ဓအာရုံသိမှ “ပညာသိ” (insightful knowledge) သို့ တိုးတက် ပွားစီးနိုင်ရန် လမ်းညွှန်ခဲ့ပါသည်။ ဗုဒ္ဓအလိုအရ ပညာသိဆိုသည်မှာ “အမှန်မွန်လေးပါး”ကို ဆုပ်ဆုပ်ကိုင်ကိုင်နားလည် သဘောပေါက်ခြင်းဖြစ်ပါသည်။
သစ္စာရှာဖို့ မြင်းစီးသူ(ကျော်ဝင်း)စာအုပ် ဆက်လက်ရေးသာဖော်ပြါမည် ။

Thursday, September 27, 2012

သစ္စာရှာဖို့ မြင်းစီးသူအပိုင်း(၄)

အခန်း(၄)
ဒုက္ခ၏ အကြောင်းရင်း
(ဒုတိယ အမှန်မွန်)

တချို့ချို၊ တချို့ခါး
ဘဝတိုက်ပွဲက လာတဲ့ ဒုစရိုက်တွေ
ဒီလိုနဲ့ .... ဘဝအာသာဟာ
သောက်လေ ... နှစ်ဆတိုး ငတ်လေ ...။


ဘဝဖြစ်တည်မှုနှင့် ဆက်စပ်နေသော ဝေဒနာအားလုံးကို ‘ဒုက္ခ’ဆိုသော ဝေါဟာရနှင့် အနှစ်ချုပ်ဖော်ပြခဲ့သလို ဒုက္ခ၏အကြောင်းရင်းကိုလည်း ‘တဏှာ’ ဟူသော ဝေါဟာရဖြင့် စုစည်းဖော်ပြနိုင်ပါသည်။ ဤဝေါဟာရမှာပင် တပ်မက်သည့်သဘော (Desire)၊ နှစ်သက်သည့်သဘော (Craving)၊ တွယ်ငြိသည့်သဘော (Voluptuous)၊ အလိုမပြည့်သည့်သဘော (Greed)တို့ အကျုံးဝင်ပြီးဖြစ်သည်။ အဆိုပါ တဏှာ၏ တပ်မက်၊ နှစ်သက်၊ တွယ်ငြိ၊ အလိုမပြည့်နိုင်သော သဘာဝ (သမုဒယ) သည်ပင်လျှင် ဗုဒ္ဓညွှန်းဆိုသော ဒုတိယအမှန်မွန် ဖြစ်ပါသည်။

ဤသဘောကို ဗုဒ္ဓက ဓမ္မစက္ကပဝတ္တနတရားတော်တွင် ဤသို့ ဟောကြားခဲ့ပါသည်။

“ရဟန်းတို့၊ ဒုက္ခ၏ ဖြစ်ရာဖြစ်ကြောင်း၊ ဒုက္ခ၏ အရင်းအမြစ်သည် ဒုတိယ အမှန်မွန် ဖြစ်သည်။ ကာမဂုဏ်အာရုံတွင် ငြိတွယ်ခြင်း (ကာမတဏှာ)၊ ဘဝဖြစ်တည်မှုကို တပ်မက်စွဲလမ်းခြင်း (ဘဝတဏှာ)၊ ဘဝဖြစ်တည်မှု ပြတ်ပြီဆိုသော အယူတွင် ကျေနပ်သာယာခြင်း (ဝိဘဝတဏှာ) တို့ဖြစ်သည်။ ဤတဏှာ သုံးမျိုးလုံးသည်ပင် ဒုက္ခကို အဖန်တလဲလဲ ဖြစ်စေတတ်သော၊ သံသရာလမ်းကို ရှည်စေတတ်သော၊ အခုအခံ အစွဲအလမ်းများ (သမုဒယ) ဖြစ်ပေသည်။
                                                     
တဏှာသုံးမျိုး

အထက်ပါ အဆိုအမိန့်အရ ဒုက္ခ၏ အရင်းအမြစ်မှာ ပုံသဏ္ဌန် သုံးမျိုးနှင့်တည်ရှိနိုင်သည်ဟု နားလည်ရပါသည်။ အာရုံခံစားမှုနှင့်ယှဉ်သော ပျော်ရွှင်မှုကို တပ်မက်သည့်စိတ်၊ ဘဝဖြစ်တည်မှုကို တွယ်ငြိသည့်စိတ်နှင့် ဘဝဖြစ်တည်မှု ပြတ်ပြီဆိုသော အယူကို ကျေနပ်သာယာသည့်စိတ်တို့ ဖြစ်ပါသည်။ ဗုဒ္ဓဓမ္မလာ ဝေါဟာရများနှင့်ဖော်ပြရလျှင် ကာမတဏှာ၊ ဘဝတဏှာ၊ ဝိဘဝတဏှာတို့ ဖြစ်သည်။

စင်စစ်ဤတဏှာသုံးမျိုးလုံးသည်ပင် သူတို့ချည်းသက်သက်ဆိုလျှင် သမုဒယဟု အပြည့်အဝဆိုနိုင်သေးသည် မဟုတ်ပါ။ အသိပညာမဲ့ခြင်း (အဝိဇ္ဇာ) နှင့် လူ့အပြုအမူ (ကံ)ဆိုသော အဖော်သဟဲ နှစ်ဦးနှင့်ပေါင်းဖက်မိမှသာ ဒုက္ခကိုဖန်တီးနိုင်သည့် သမုဒယနယ်ပယ်သို့ အပီအပြင်ရောက်ပါသည်။ အဝိဇ္ဇာကြောင့် အမြင်မှောက်မှားမှုများ ဖြစ်လာပြီး၊ အဆိုပါ အမြင်မှား အထင်မှားများက လူ့အပြုအမူ (တစ်နည်း လူ၏ကံကြမ္မာ) ကို ဖန်တီးပြဋ္ဌာန်းလိုက်ခြင်း ဖြစ်သည်။
                                                   
ကာမတဏှာ (Greed for sense pleasure)

လူသည် အာရုံခြောက်ပါးဖြင့် ဖွဲ့စည်းထားသောသတ္တဝါ ဖြစ်သည်။ လူ၏ အာရုံခံကိရိယာ ခြောက်ခု (မျက်လုံး၊ နား၊ နှာခေါင်း၊ လျှာ၊ ကိုယ်၊ စိတ်) နှင့် ပြင်ပ အာရုံများ (မြင်စရာ၊ ကြားစရာ၊ အနံ့ရရာ၊ အရသာရှိရာ၊ ထိတွေ့ရာ၊ ကြည်မွေ့ရာ) ထိတွေ့သည်နှင့် လိုချင်တပ်မက်မှုတို့ ဖြစ်ပေါ်လာသည်။ ဤလိုချင်တပ်မက်မှု သည်ပင်လျှင် ကာမ တဏှာ ဖြစ်ပါသည်။

လူ၏ အထင်ရှားဆုံးနှင့် ပြင်းအားအကြီးဆုံး ကာမတဏှာနှစ်ခုမှာ အစာအာဟာရအပေါ် တပ်မက်မှုနှင့် ဆန့်ကျင်ဘက်လိင်အပေါ် တပ်မက်မှုတို့ ဖြစ်သည်။ ဤနှစ်ခုမှာ လူ့ဘဝ ရှင်သန်ရေးနှင့် လူ့မျိုးနွယ် အဓွန့်ရှည်စေရေးအတွက် မရှိမဖြစ် လိုအပ်ချက်များလည်း ဖြစ်နေသည်။ ထို့ထက် မည်သူမှ သင်ပေးစရာမလိုသော မွေးရာပါ ဇာတိစိတ်၊ ပဋိသန္ဓေစိတ်လည်း ဖြစ်သည်။ သို့အတွက် ဤလိုအပ်ချက်နှစ်ရပ်ကိုတပ်မက်ခြင်း ကာမတဏှာသက်သက်ကို လောကီအရဆိုလျှင် အပြစ်ဟူ၍ ယူဆဖွယ်မရှိပါ။ လူသာမန်တို့ ရှောင်နိုင်ခဲသော အပြုအမူများလည်း ဖြစ်ပါသည်။ သို့နှင့်တိုင် သံသရာကိုရှည်စေသော အကြောင်းတရားများ ဖြစ်သည့်အတွက် လောကုတ္တရာအတွက်မူ အဟန့်အတား ဖြစ်ပါသည်။

အစားကျူးခြင်း၊ ကာမလွန်ကျူးခြင်း စသော အမှုတို့သည်ကား လူ့အဖွဲ့အစည်းအတွက် ဆိုးကျိုးများဖြစ်ပေါ်စေ၍ လောကီရော၊ လောကုတ္တရာအတွက်ပါ အပြစ်စစ်စစ် ဖြစ်ပါသည်။ အကြောင်းမူ လူတွင် အာရုံခြောက်ပါးက စေ့ဆော်သောလိုအပ်ချက်များ ရှိရုံမျှမက လူ့အဖွဲ့အစည်းကတောင်းဆိုသော စောင့်ထိန်းမှုများလည်း ရှိနေသည့်အတွက် ဖြစ်သည်။ သို့အတွက် အကြမ်းစားတဏှာကို ပယ်သတ်နိုင်ရန် လူမှုရေးကျင့်ဝတ်များ ရှိရပါသည်။ အနုစားတဏှာကို ပယ်သတ်ရန်အတွက်မူ ကျင့်ဝတ်သီလမျှနှင့် မရ။ အမှန်မွန်လေးပါးကို ထိုးထွင်းသိမြင်နိုင်သော ဝိဇ္ဇာဉာဏ်ကို ဦးတည်သည့် မြတ်သောအကျင့် (ဝိပဿနာအကျင့်) နှင့်သာ ရနိုင်စရာ ရှိပါသည်။
                                                   
ဘဝတဏှာ (Greed for individual extistence)

ဗုဒ္ဓ၏ မူလဟောကြားချက်များတွင် “ဖြစ်တည်မှု” (Existence) ဆိုသော ဝေါဟာရကို မသုံးပါ။ “ဘဝ”(Bhava) ဟူ၍သာ သုံးပါသည်။ အနောက်တိုင်းဒဿနနှင့် နိစ္စဓူဝ ဘဝများတွင် သုံးနေသော “ဖြစ်တည်မှု” ဆိုသည့် အဓိပ္ပာယ်နှင့် ဘဝကို အပြည့်အဝ အဓိပ္ပာယ်ဖော်နိုင်သည် မဟုတ်ပါ။ “ဖြစ်တည်မှု” ဆိုသည်မှာ ယေဘုယျ သဘောသာ ဖြစ်၍၊ ဝိသေသဂယက် အနက်မရှိပါ။ လူ၊ တိရစ္ဆာန်၊ သစ်ပင် မခွဲခြားသလို အကောင်း၊ အဆိုး၊ အမှန်၊ အမှား သတ်မှတ်ထားသည်လည်း မဟုတ်ပါ။ “ဘဝ”ဆိုရာတွင်မူ ယေဘုယျ သဘောမျှသာ မက ဝိသေသ သဘောလည်း ပါဝင်ပါသည်။ အဓိကအားဖြင့် လူ၏ ဖြစ်တည်မှုကို ရည်ညွှန်းခြင်းဖြစ်သည်။ ပို၍တိတိကျကျဆိုရလျှင် ပိုင်ဆိုင်လိုမှုနှင့်ယှဉ်သည့် လူ့ဖြစ်တည်မှုကို ဆိုလိုခြင်း ဖြစ်သည်။ (Human existence with the tendency to be possessive) ဟုဖော်ပြပါသည်။

ဤအချက်ကိုပင် ဆက်လက်ဖွင့်ဆိုလိုက်လျှင် ပိုင်ဆိုင်လိုမှု (တနည်း) တဏှာ၏ အကန့်အသတ်မဲ့သဘာဝကို တွေ့နိုင်ပါသည်။ ဗုဒ္ဓကျမ်းဂန်များတွင် တဏှာကို ဆားငန်ရေနှင့် နှိုင်းယှဉ်ဖော်ပြသည်။ “သောက်လေ-သောက်လေ- ငတ်မပြေ”ဆိုသည့် သဘောဖြစ်ပါသည်။ ဥပမာ မနေ့က သစ်သားကုလားထိုင်အကြမ်းနှင့် ထိုင်နေရသောသူသည် ယနေ့ ကူရှင်ခု၍ ထိုင်လိုပါလိမ့်မည်။ နက်ဖြန်ဆိုလျှင် ဆိုဖာနှင့်ထိုင်ဖို့ အားထုတ်လိုပါလိမ့်မည်။ ဤအဓိပ္ပာယ်အရ ဆိုလျှင် လူ့ဘဝဆိုသည်မှာ တဏှာ၏ခိုင်းစေချက်အတိုင်း အချိန်နှင့်အမျှ လှုပ်ရှားနေရသော ခရီးစဉ်ကြီးပင် ဖြစ်တော့သည်။ သို့နှင့်တိုင် လူသည် မောရ ပန်းရမှန်းမသိ။ ဘဝကို သာယာနေသည်။ ကျေနပ်နေသည်။ စွဲလမ်းနေတတ်ပါသည်။ “မောတော့ မောတာပေါ့ ... ဒါပေမယ့် မမောဘူး” ဆိုသလိုမျိုးပင်။ ဤသည်ပင် ဘဝတဏှာ ဖြစ်တော့သည်။ “လောဘနှင့်ယှဉ်သော ဖြစ်တည်မှု” (Greedful existence) သို့မဟုတ် “အာရုံများနှင့် လှုပ်ရှားနေသော ဖြစ်တည်မှု” (Emotional existence) ဟု ယူနိုင်ပါလိမ့်မည်။ ဘဝတဏှာ၏အဓိပ္ပာယ်ကို ဆုပ်ကိုင်မိစေရန် “being” ဆိုသော စကားထက် “becoming” ဆိုသော လှုပ်နေသည့်ဝေါဟာရက ပို၍ ဆီလျော်ပါလိမ့်မည်။
                                                     
ဝိဘဝတဏှာ (Greed for nonexistence)
ကာမတဏှာနှင့် ဘဝတဏှာကို လူအများနားလည်သဘောပေါက်နိုင်စရာ ရှိသော်လည်း ဝိဘဝတဏှာကိုမူ အလွယ်တကူနားလည်နိုင်မည် မဟုတ်ပါ။ ဗုဒ္ဓခေတ် အိန္ဒိယတိုက်ငယ်မှာ ဒဿနတိုက်ပွဲနောက်ခံနှင့် ဆက်စပ်နိုင်မှသာ ဝိဘဝတဏှာ၏သဘောကို မှန်းဆနိုင်လိမ့်မည်ဟု ယူဆရပါသည်။

ပြောရလျှင် ဗုဒ္ဓမြတ်စွာ သက်တော်ထင်ရှားရှိစဉ်က အိန္ဒိယတိုက်ငယ်မှာ ဒဿနဂိုဏ်းပေါင်းများစွာ အပြိုင်ဖြစ်ထွန်း ပေါ်ပေါက်လျက်ရှိသည့် ပန်းပေါင်းတစ်ရာကာလကြီး ဖြစ်ပါသည်။ အဆိုပါ ဒဿနဂိုဏ်း အသီးသီးတွင် ဗုဒ္ဓ၏ဓမ္မနှင့်အပြိုင် ဩဇာကြီးမားလှသော အယူအဆကြီး နှစ်ခုရှိသည်။ “သဿတဒိဋ္ဌိ”ဂိုဏ်းနှင့် “ဥစ္ဆေဒဒိဋ္ဌိ”ဂိုဏ်းဟူ၍ ဗုဒ္ဓကျမ်းဂန်များတွင် ဖော်ပြလေ့ရှိပါသည်။ သဿတဒိဋ္ဌိဂိုဏ်းက ထာဝရ အယူအဆကို ဟောသည်။ လူ၏ခန္ဓာကိုယ်ထဲတွင် ဖြစ်တည်မှု၏ အမြုတေအဖြစ် မည်သည့်အခါမျှ မပျက်ဆီးနိုင်သော အတ္တကောင်လေးရှိသည်။ လူ၏ ရုပ်ခန္ဓာသေလွန်သော်လည်း အဆိုပါ အတ္တက မသေ။ ခန္ဓာသစ်သို့သာ ပြောင်းသွားသည်။ သို့အတွက် “ဘဝသည် မြဲ၏” ဟု ယူဆပါသည်။ စင်စစ်ဘဝတဏှာမှာ ဤဂိုဏ်း၏ အကောက်အယူဟု ဆိုနိုင်သည်။

ဝိဘဝတဏှာမှာ အခြားဆန့်ကျင်ဘက် ဂိုဏ်းတစ်ခု ဖြစ်သော ဥစ္ဆေဒဒိဋ္ဌိဂုဏ်းနှင့် ဆက်စပ်နေသည်။ ဤဂိုဏ်းက ဘဝတွင်အစ ရှိသလို အဆုံးလည်းရှိသည်။ မွေးဖွားခြင်းမှာ အစ ဖြစ်ပြီး သေလွန်ခြင်းမှာ အဆုံးဖြစ်သည်ဟု ဟောသည်။ သေပြီးလျှင် ဘာမှ မဖြစ်။ ဘဝပြတ်ပြီဟု ယူဆခြင်း ဖြစ်သည်။ ဤအယူအဆကို သက်ဝင်ယုံကြည် စွဲလမ်းကျေနပ်နေခြင်းကိုပင် ဝိဘဝတဏှာဟု ယူဆရပါသည်။ ဘဝဖြစ်စဉ်ကို “မျဉ်းတန်းသဘော” (linear) ဟုယူဆလျှင် ဥစ္ဆေဒဒိဋ္ဌိမှာ ယုတ္တိနည်းကျ အယူအဆဟု ဆိုနိုင်စရာ ရှိပါသည်။ ဗုဒ္ဓက ဘဝဖြစ်စဉ်ကို မျဉ်းတန်းသဘောသက်သက်နှင့် ဘောင်ခတ်မထား။ non-linear သဘောဖြင့်ကြည့်မြင်ပြီး သံသရာခရီးအဖြစ် ဆွဲဆန့်သည်။ (နယူတန်ခေတ် နောက်ပိုင်းမှ စ၍ ခေတ်သစ် သိပ္ပံပညာကိုယ်တိုင်က non-linear သဘောသို့ ရွေ့လာသည်ကို သတိချပ်ရာသည်)

ဝိဘဝတဏှာနှင့် ပတ်သက်သော နောက်ထပ် ဖြစ်နိုင်ခြေတစ်ခုမှာ ဗုဒ္ဓခေတ်က ရေပန်းစားခဲ့သော “တပအကျင့်”နှင့် ဆိုင်ပါသည်။ “တပအကျင့်”က ဘဝ၏ အမြိုက်အရသာ အားလုံးကို ငြင်းပယ်သည်။ အလွန်အကျွံခြိုးခြံခြင်း၊ မိမိကိုယ်ကို နှိပ်စက်ခြင်း စသောနည်းများဖြင့် ဘဝမှ ထွက်ပြေးဖို့ ကြိုးစားသည်။ ဤသည်ကိုလည်း ဝိဘဝတဏှာ သဘောဟု ယူဆနိုင်စရာ ရှိပါသည်။ ဆိုခဲ့ပြီးသည့် အတိုင်း ဗုဒ္ဓရွေးချယ်ခဲ့သော လမ်းကြောင်းမှန်မှာ ‘အလယ်လမ်း’ ဖြစ်ပါသည်။ ကာမတဏှာနှင့် ဘဝတဏှာတို့မှာ ကာမနှင့် ဘဝကို ရှေ့တင်သော ‘အချိုလမ်း’ ဖြစ်သည်။ ဝိဘဝတဏှာမှာ ဘဝကို ငြင်းပယ်သော ‘အခါးလမ်း’ ဖြစ်သည်။ ဗုဒ္ဓ၏အလိုအရ ဤလမ်းနှစ်ခုလုံး၏ ဦးတည်ရာမှာ သံသရာကိုရှည်စေသော ဒုက္ခလမ်းသာ ဖြစ်ပါသည်။
                                                     
ဆုံလည်နွား

ပထမ အမှန်မွန် (ဒုက္ခ)သည် အကျိုးဖြစ်၍၊ ဒုတိယ အမှန်မွန် (သမုဒယ)သည် အကြောင်းဖြစ်ပါသည်။ ဤသဘောကို မသိလျှင်လူသည် အဝိဇ္ဇာနယ်ထဲမှ ထွက်နိုင်စရာ မရှိပါ။ သမုဒယကြိုးတန်းလန်းနှင့် တဏှာ၏ ကျေးကျွန်သာ ဖြစ်ပါလိမ့်မည်။ ဤသည်ကိုအောက်ဖော်ပြပါပုံနှင့် သရုပ်ထင်နိုင်ပါလိမ့်မည်။

အဝိဇ္ဇာနယ်မှ မထွက်နိုင်သေးသူ (သာမန် ပုထုဇဉ်) အတွက် ကာမတဏှာသည်လည်းကောင်း၊ ဘဝတဏှာသည်လည်းကောင်း၊ ဝိဘဝတဏှာသည် လည်းကောင်း၊ နှစ်သက် တပ်မက်ဖွယ်ရာ ဖြစ်သည်။ သို့အတွက် စိန်ပွင့်နှင့် သင်္ကေတယူထားသည်။ လူသည်အဆိုပါစိန်ပွင့်ကို ရယူပိုင်ဆိုင်နိုင်ရေးအတွက် မပြတ်အားထုတ်ရသည်ဖြစ်ရာ စိန်ပွင့်နှင့်လူ့အသိဉာဏ်ကြားတွင် သမုဒယကြိုးနှင့်တုပ်နှောင်ထားသလိုဖြစ်နေတော့သည်။ ဤသည်ကို သံကြိုးနှင့်သင်္ကေတယူထားပါသည်။

ဤသဘောကို ဗုဒ္ဓ၏ဟောကြားချက် တစ်ရပ်တွင် ဤသို့ တွေ့ရပါသည်။

“ရဟန်းတို့ ... သမုဒယကြိုးထက် ပို၍ ခိုင်သော ကြိုးဆို၍ ငါမမြင် ... ။ ဤမျှခိုင်သော ကြိုးနှင့် တုပ်နှောင်ခံထားရသော လူမှာ တဏှာ၏ ခိုင်းစေရာအတိုင်း စိုက်စိုက်ပါအောင် လိုက်ပါရင်း၊ သံသရာခရီးတွင် တဝဲလည်လည် ကျင်လည်နေရတော့သည်။ ပမာဆိုလျှင် ဆုံလည်နွားနှယ်သာ ဖြစ်ချေတော့သည်”
(သုတ္တန်ပိဋကမှ)
သစ္စာရှာဖို့ မြင်းစီးသူ(ကျော်ဝင်း)၏စာအုပ် ဆက်လက်ရေးသားဖေဖ်ာပြပါမည် ။

Monday, September 24, 2012

သစ္စာရှာဖို့ မြင်းစီးသူ အပိုင်း(၃)အဆက်

ဒုက္ခတို့၏ သရုပ်သကန်များ

ပထမအမှန်မွန်ကို နားလည်သိမြင်ဖို့ဆိုလျှင် ကျွန်တော်တို့အနေနှင့် ‘ဗဟိဒ္ဓသဘော (အပြင်ပန်းသဘော) ဆောင်သည့် ‘ရုပ်ပိုင်း ကိုယ်ရည်ကိုယ်သွေး’ (External physical personality) နှင့် ‘အဇ္ဈတ္တသဘော (အတွင်းသဘော) ဆောင်သည့် မမြင်ရသည့် ကိုယ်ရည်ကိုယ်သွေး’(Inner invisible personality) နှစ်မျိုးကို ခွဲခြားမြင်ဖို့လိုပါသည်။ လူကို အပြင်ပန်းမှ ကြည့်လိုက်လျှင် အစစအရာရာ ပြီးပြည့်စုံနေသည်ဟု ထင်ချင်စရာ ရှိသည်။ သို့နှင့်တိုင် ဉာဏ်မျက်စိနှင့် ထိုးဖောက်ကြည့်မြင်လိုက်လျှင်မူ ပြီးပြည့်စုံသည်၊ တင့်တယ် သပ္ပာယ်သည်ဟု ထင်ရသော အရာအားလုံးသည်ပင် ပျက်ဆီးယိုယွင်းလျက် ရှိနေသည်ကို တွေ့နိုင်ပါသည်။ ဤသို့ ဉာဏ်မျက်စိဖြင့် အရှိကို အရှိအတိုင်း ကြည့်မြင်နိုင်သူ (တနည်း) ဉာဏ်အလင်းရပြီးသူသာ ကိုယ်ပိုင်အလင်းဖြင့် ရပ်တည်နိုင်သူ ဖြစ်ပါသည်။ (ဖော်ပြပါပုံကိုကြည့်၍ ဆင်ခြင်သုံးသပ်ကြရန်ဖြစ်ပါသည်)
ပထမအမှန်မွန်၏သရုပ်သကန်ကို ခေတ်သစ် လူ့အဖွဲ့အစည်းအားလုံးတွင် အလွယ်တကူတွေ့နိုင်စရာ ရှိပါသည်။ ယခုထုတ်နှုတ်ဖော်ပြမည့် စာပိုဒ်မှာ ဂျွန်ပိုဝဲလ် အမည်ရှိ လူမှုဗေဒပညာရှင် တစ်ဦး၏ သူကျင်လည်ကျက်စားနေရသော အမေရိကန်လူ့အဖွဲ့အစည်းတွင် လူသားအမှတ်အသားသရုပ် ရှာပုံတော် ဖြစ်ပါသည်။

“လူ့သဘာဝက လေဟာနယ်ကို မုန်းပါသည်။ သို့နှင့်တိုင် ယနေ့ အမေရိကန်လူမျိုး တော်တော်များများ၏ အဇ္ဈတ္တတွင်မူ အနှစ်မပါ ဗလာသက်သက်ဖြစ်နေသည့် လေဟာနယ်ကြီး တစ်ခုက ကြီးစိုးနေတော့သည်။ ထိတ်လန့်တုန်လှုပ်ဖွယ် ကောင်းလှသော အမျိုးသား စိတ်ကျန်းမာရေးစာရင်းဇယားများကို တစ်ချက်မျှ ကြည့်လိုက်ပါ။ ယနေ့ဆေးရုံတက် ကုသခံနေကြရသော လူနာများ၏ သုံးပုံ နှစ်ပုံမှာ စိတ်ရောဂါ ခံစားနေရသူများဖြစ်နေသည်။ ယနေ့ အမေရိကန်လူမျိုး ဆယ်ယောက်တွင် တစ်ယောက်ကျော်မှာ စိတ်ကုဆရာဝန်နှင့် မကင်းနိုင် ဖြစ်နေရသည်။ ယနေ့ တက္ကသိုလ်ကျောင်းသား ဆယ်ဦးတွင် တစ်ဦးမှာ ပညာဆုံးခန်းတိုင် သင်နိုင်လောက်သော စိတ်ကျန်းမာမှု မရှိဟု သိရပါသည်။ ဤအခြေအနေတွင် အမေရိကန်တို့၏ အမှတ်အသား သရုပ်မှာ စိတ်လေဟာနယ်ကြီးတစ်ခု ဖြစ်နေလေပြီလားဟု မတွေးပဲ မနေနိုင်အောင် ဖြစ်ရတော့သည်”

အမေရိကန်ကဲ့သို့ စီးပွားရေးအရ ရှေ့တန်းအရောက်ဆုံး နိုင်ငံကြီးတစ်ခုမှာပင် လူ့စိတ်၏အနက်ရှိုင်းဆုံးနေရာတွင် ကွက်လပ်ကြီးတစ်ခု ရှိနေပြီဆိုလျှင် ပြဿနာ၏အနက်အရှိုင်းကို ခန့်မှန်းနိုင်လောက်ပါသည်။ စီးပွားရေးအရ တစ်စုံတစ်ရာနောက်ကျနေဆဲ ဖြစ်သော အာဖရိကနိုင်ငံများတွင်လည်း စိတ်၏ငြိမ်းချမ်းမှုကိုမရနိုင် ဖြစ်နေပြန်ရာ ပြဿနာမှာ ချမ်းသာ ဆင်းရဲဆိုသော စီးပွားရေးကိစ္စသက်သက် မဟုတ်တန်ရာ။ စီးပွားရေးအပါအဝင် နိုင်ငံရေး၊ လူမှုရေးစသော ပြင်ပ အခြင်းအရာများထက်၊ လူ့ဖြစ်တည်မှု၏ အဇ္ဈတ္တနှင့် ပို၍ဆိုင်လိမ့်မည်ဟုယူဆသည်။ ဤသည်မှာ တိုင်းပြည်၊ လူမျိုး၊ ယဉ်ကျေးမှု စသော အရာအားလုံးကို ဖြန့်ကျက် ကျော်လွန်နေသည့် လောကလုံးသဘော ဖြစ်ပါလိမ့်မည်။ ဗုဒ္ဓ၏အလိုအရ ဤသည်ပင် လူ့ဖြစ်တည်မှုနှင့် နက်နက်ရှိုင်းရှိုင်း ဆက်စပ် တည်ရှိနေသော ဒုက္ခဟု ဆိုပါသည်။

အတိအကျ မတူသည့်တိုင် အခြားဘာသာများတွင်လည်း ဗုဒ္ဓ၏ ဒုက္ခသစ္စာ သဘောများကို တွေ့နိုင်ပါသည်။ ဥပမာ- ခရစ်ယာန်ဘာသာတွင် အာဒမ်နှင့် ဧဝကစတင်ခဲ့သော ‘မူလဒုစရိုက်’ (Original sin) ကြောင့် ပြန်လည် ပေးဆပ်ရသည်များ ရှိသည်။ ဂျူးဘာသာတွင်လည်း ‘မိစ္ဆာစေ့ဆော်မှု’ (Evil impulse) ကိုတွေ့ရသည်။ သိပ္ပံပညာမှာပင် ဒါဝင်၏ ဆင့်ကဲ ဖြစ်စဉ် သဘောတရားကို မပြည့်စုံသေးသော အဆင့်တစ်ခုအဖြစ် သဘောယူကြသည်များလည်း ရှိသည်။ အသစ်အသစ်သော အကြောင်းတရားများ ဆက်လက်ဖွံ့ဖြိုးဖို့ ရှိနေသေးရာ လူ့ဖြစ်တည်မှု ဆိုသည်ကို တည်ငြိမ်မှုနဲ့ဝေးနေဆဲ ခရီးတစ်ဝက်ဟု လက်ခံကြသည်များ ရှိနေသည်။ ဤအချက်များက ဘာကိုဖော်ပြသနည်းဆိုလျှင် လူ့ဖြစ်တည်မှုကိုယ်တိုင်မှာပင် အမှားအယွင်းတစ်စုံတစ်ရာ ရှိနေသည်ဆိုသောသဘောဟု နားလည်ရပါသည်။

ဤသို့သော အရှိတရားကို သိမြင်နားလည်ခြင်းသည်ပင်လျှင် ပထမအမှန်မွန် (ဒုက္ခသစ္စာ) ကို မျက်မှောက်ပြုလိုက်ရခြင်း မည်ပါသည်။ ဤသည်ပင် လွတ်မြောက်ရေးလမ်းစတစ်ခု ဖြစ်တော့သည်။ ဗုဒ္ဓ၏ တရားဦး ဓမ္မစကြာတွင် ဤသဘောကို ‘ဒုက္ခံ အရိယ သစ္စံ’ဟု ကျစ်ကျစ်လျစ်လျစ် ဖော်ပြထားသည်ကို တွေ့နိုင်ပါသည်။

သစ္စာရှာဖို့ မြင်းစီးသူ(ကျော်ဝင်း)စာအုပ် ဆက်လက်ရေးသားဖော်ပြပါမည် ။

Sunday, September 23, 2012

သစ္စာရှာဖို့ မြင်းစီးသူ အပိုင်း(၃)

ဒုက္ခ၏လောကလုံး သဘော

(ပထမ အမှန်မွန်)

ဒုက္ခ၊ ဘဝရဲ့ အရိပ်
ဘဝရွေ့လေရာ လိုက်ရွေ့တယ် ... ၊
မွေးဖွားမှု၊ ကြီးထွားမှု၊ ပျက်မှု ...
အချစ်၊ အမုန်း ...... ။

ဗုဒ္ဓ၏အလိုအရ ‘ဘာသာတရား’မှာ ‘ကုထုံး’ ဖြစ်သည်။ ဘာသာတရားတို့ ရှင်သန်ရခြင်း၏အကြောင်းရင်းခံနှင့် အခြေခံဆောင်တာမှာ လူသားတို့၏ ခံစားမှုဝေဒနာများကို ကုစားပေးနိုင်ဖို့ ဖြစ်ပါသည်။ ခံစားမှုဝေဒနာဆိုရာတွင်လည်း ဗဟိဒ္ဓသဏ္ဌန်တွင် ကပ်ငြိသော ရောဂါမျိုးစုံဆိုသည်ထက် လူ့ဖြစ်တည်မှုနှင့်ဆက်စပ်နေသည့် အဇ္ဈတ္တဝေဒနာများကို ရည်ညွှန်းလိုဟန်ရှိသည်။ ဤသဘောကို သူ၏တရားတော်မှာပင် ‘ဒုက္ခ’ဟု ဖော်ပြခဲ့သည်။ ဤသည်ပင် ပထမအမှန်မွန်ဟု ဆိုပါသည်။

ဓမ္မစက္ကပဝတ္တနတရားတော်တွင် ဗုဒ္ဓက ဤသို့ ဟောကြားခဲ့သည်။
“ရဟန်းတို့ ....၊ ပထမအမှန်မွန်မှာ ဒုက္ခဖြစ်၏။ မွေးဖွားရခြင်း၊ အိုမင်းရခြင်း၊ ဖျားနာရခြင်း၊ သေဆုံးရခြင်းတို့သည် ဒုက္ခမည်၏။ မနှစ်မြို့ဖွယ်ရာများနှင့် ပတ်သက်ဆက်စပ်ရခြင်း၊ နှစ်မြို့ဖွယ်ရာများနှင့် ခွဲခွာကွေကွင်းရခြင်းနှင့် မဖြည့်ဆည်းနိုင်သော လိုအင်ဆန္ဒများသည်လည်း ဒုက္ခမည်ပေ၏။ အချုပ်ဆိုရလျှင် လိုချင်တပ်မက်မှုနှင့်ပြီးသော၊ ခဏတာယာယီအိမ်မျှသာ ဖြစ်သည့် ခန္ဓာငါးပါးကြီးသည်ပင်လျှင် ဒုက္ခတို့၏ အစုအဝေးဖြစ်ပေ၏”
                                                                                   
ဒုက္ခ၏ အသွင်အပြင်များ

‘ဒုက္ခ’ဆိုသောဝေါဟာရမှာ ကျွန်တော်တို့နှင့် ရင်းနှီးကျွမ်းဝင်ပြီးဖြစ်ရာ အလွယ်နှင့်နားလည်နိုင်လိမ့်မည်ဟု ထင်စရာရှိပါသည်။ စင်စစ်ဤမျှ လွယ်ကူလှသည် မဟုတ်ပါ။ အထူးသဖြင့် ဗုဒ္ဓညွှန်းသော လူ့ဖြစ်တည်မှုနှင့်ယှဉ်သောဒုက္ခကို အပြည့်အဝနားလည်ရန်မှာ ထင်သည်ထက်ပို၍ ခက်ခဲနက်နဲပါသည်။ ဤသို့ဖြစ်ရသည်မှာ အကြောင်းနှစ်ခုကြောင့် ဖြစ်နိုင်သည်။

ပထမအကြောင်းမှာ ဒုက္ခ၏သဘောသဘာဝနှင့် ဆိုင်သည်။ ဒုက္ခမှာ ဆင်ခြင်တုံတရားတွင်မရှိ။ အတွေ့အကြုံနယ်ပယ်တွင်သာ ရှိသည်။ ဆင်ခြင်တုံတရားဖြင့် ချဉ်းကပ်နိုင်သော ရုပ်သဘောများကို အလွယ်တကူရှင်းပြနိုင်သည့်တိုင် ကိုယ်တိုင်ခံစားမှ သိရှိနားလည်နိုင်သော နာမ်သဘောကို အတိအကျရှင်းပြနိုင်သည် မဟုတ်ပါ။ ဥပမာ- ကျွန်တော်တို့ အနေနှင့် ‘သွား’ဆိုသော အမာထည်ရုပ်ကို ‘ဒါပဲ’ဟု လက်ညှိုးထိုးပြနိုင်သည့်တိုင်၊ ‘သွားကိုက်ဝေဒနာ’ဆိုသည့် ခံစားမှုကို အပီအပြင်ဖော်ပြနိုင်ဖို့ မလွယ်သလိုဖြစ်သည်။ သွားကိုက်ဝေဒနာဆိုသည်မှာ တစ်ယောက်နှင့်တစ်ယောက် ထပ်တူကျနိုင်သည်မျိုး မဟုတ်။ လူတစ်ဦးချင်းစီ၏ အာရုံခံစားမှုနှင့်ဆိုင်သော သီးခြားကိုယ်ပိုင်အတွေ့အကြုံ ဖြစ်သည်။ ဒုက္ခနှင့် ပတ်သက်လျှင်လည်း ဤအတိုင်းပင် ဖြစ်ပါသည်။ “ဒုက္ခဆိုတာ ဒါပဲ”ဟု လက်ဖဝါးပေါ်တင်ပြ၍ မရ။ ဒုက္ခကို ပုံဆွဲပြ၍ မရ။ တင်စားမှု သင်္ကေတတစ်ခုခုဖြင့် အရိပ်အမြွက်မျှသာ ဖော်ပြနိုင်စရာရှိသည်။

ဒုတိယ အကြောင်းမှာ ဒုက္ခနှင့်ပတ်သက်သော ကျွန်တော်တို့၏ခံယူပုံတွင် ရှိသည်။ များသောအားဖြင့် ကျွန်တော်တို့တစ်တွေမှာ အထည်ဒြပ်ဖြင့် ထင်သာ မြင်သာသော ကပ်ဘေးကြီးများကိုသာ ဒုက္ခဟု နားလည်ထားကြသည်။ သတင်းစာတစ်စောင်ကို ဖတ်လိုက်လျှင် စစ်ပွဲများ၊ မုန်တိုင်းဘေး၊ ရေဘေးများ၊ အစာရေစာ ပြတ်လပ်မှုများ၊ အလုပ်လက်မဲ့ပြဿနာများ စသည်တို့ကို တွေ့ရပြီး ...၊ ‘ဪ .. ဒုက္ခ .. ဒုက္ခ’ဟု စိတ်ထဲမှ မြည်တမ်းမိကြပါလိမ့်မည်။ စင်စစ် ဤသည်တို့မှာ အကြမ်းထည်သဘောမျှသာ ဆောင်သည့် ရုပ်ပိုင်း ဒုက္ခများသာဖြစ်ပါသည်။ ပို၍နူးညံ့သိမ်မွေ့သည်နှင့် အမျှ၊ ပို၍လည်းနက်ရှိုင်းသော ဒုက္ခများလည်း ရှိပါသေးသည်။ ဒုက္ခ၏ စိတ်ပိုင်းဆိုင်ရာ မျက်နှာစာဟု ဆိုရပါလိမ့်မည်။ လူ့ဖြစ်တည်မှုနှင့်အတူ ကျွဲကူးရေပါ ဖြစ်တည်လာသော ရှောင်မရသည့် ဒုက္ခများဖြစ်ပါသည်။ ဤဒုက္ခများကမူ မြင်သာထင်သာ ရှိကောင်းမှ ရှိပါလိမ့်မည်။ အနှစ်သဘောအရ ဒုက္ခဖြစ်သည့်တိုင် သုခဝတ်ရုံခြုံ၍လည်း လာတတ်သည်။ ထို့ထက် ခံစားသူဘက်မှ ပညာအသိနှင့် အာရုံ ခံစားနိုင်စွမ်းတို့ မတူကြသည့်အလျောက် နားလည်ခံယူပုံ အနက်အရှိုင်းတွင်လည်း ကွာနိုင်သည်။ ဥပမာ - အရိယာတစ်ဦးနှင့် သာမန်ပုထုဇဉ်တစ်ဦးတို့ ဒုက္ခအပေါ်နားလည်ပုံချင်း မတူနိုင်သလိုမျိုး ဖြစ်သည်။

ပြောကြစတမ်းဆိုလျှင် ဒုက္ခ၏ အဆိုပါစိတ်ပိုင်းဆိုင်ရာ မျက်နှာစာကို နားမလည်လျှင် ပထမအမှန်မွန်ကို မျက်မှောက်မပြုနိုင်သေး ဟူ၍သာ ဆိုရပါလိမ့်မည်။ ဤသို့ဆိုလျှင် မွေးဖွားခြင်းသည် ဒုက္ခ၊ အိုမင်းခြင်းသည် ဒုက္ခ၊ သေဆုံးခြင်းသည် ဒုက္ခဆိုသော ဗုဒ္ဓ၏ဟောကြားချက်များကို အပြည့်အဝ ဘဝင်ကျနိုင်ဖွယ် မရှိပါ။ (အိုခြင်းနှင့်သေခြင်းကို ဒုက္ခဟု ခံယူနိုင်သည့်တိုင် မွေးဖွားခြင်းကိုမူ သုခဟု ထင်နိုင်စရာရှိပါသည်) အလားတူပင် အိုခြင်း၊ နာခြင်း၊ သေခြင်း ကင်းရာဆိုသော ဗုဒ္ဓ၏ လွတ်မြောက်ရေး လမ်းစကိုလည်း လွဲလွဲမှားမှား သဘောပေါက်သွားနိုင်သည်။ စင်စစ် ဗုဒ္ဓကိုယ်တိုင်သည်ပင် အို၊ နာ၊ သေဘေးနှင့် မလွတ်ကင်းနိုင်ခဲ့ပါ။ ဗုဒ္ဓရည်ညွှန်းသော အိုခြင်း၊ နာခြင်း၊ သေခြင်း ကင်းရာ ဆိုသည်မှာ မအို မနာ မသေ ဆိုကာ အရှိတရားကို ငြင်းပယ်လိုက်ခြင်းသက်သက်မျှ မဟုတ်။ ထို့ထက် အဆပေါင်းများစွာ သိမ်မွေ့နက်ရှိုင်းသည်။

ဤနေရာတွင် စိတ်၊ စေတသိက်တို့၏ လှည့်ဖျားမှုမှ မလွတ်တတ်နိုင်သေးသော သာမန်ပုထုဇဉ်တို့၏ သဘာဝကို သတိပြုဆင်ခြင်ဖို့ လိုမည်ထင်ပါသည်။ ဥပမာ- လူတစ်ယောက်ကို သူ၏အမည်မေးလျှင် အလွယ်တကူ အဖြေပေးပါလိမ့်မည်။ သို့နှင့်တိုင် ‘အသက်ဘယ်လောက်ရှိပြီလဲ’ဟုမေးလိုက်လျှင် ရုတ်တရက် အဖြေထွက်ချင်မှ ထွက်ပေါ်လာပါလိမ့်မည်။ အကယ်၍ အမေးခံရသူမှာ လေးဆယ်ကျော် ငါးဆယ်အတွင်း ရောက်နေမည်ဆိုပါက စကားလမ်းကြောင်းပြောင်းဖို့ ကြိုးစားချင် ကြိုးစားပါလိမ့်မည်။ နောက်ဆုံး စကားလွှဲ၍ မရတော့လျှင် ရှိရင်းစွဲ အသက်ထက်လျှော့၍ ပြောဖို့များပါသည်။ အလားတူပင် မိမိဆံပင်တွင် ပထမဆုံး ဆံပင်ဖြူတွေ့လိုက်ရသူအနေနှင့် အထိတ်တလန့် ဖြစ်မိဖို့များပါလိမ့်မည်။ ဤအချက်များက ဘာကို ဖော်ပြပါသနည်းဆိုလျှင် လူ၏ဘဝတဏှာဖြင့် ဘဝဒုက္ခကို မေ့လျော့ထားရန် ကြိုးစားလိုသည့်သဘော ဖြစ်ပါသည်။

ဗုဒ္ဓ၏ ပထမအမှန်မွန် ဖွင့်ဆိုချက်တွင် အို၊ နာ၊ သေ ဘေးသာမက မနှစ်မြို့ဖွယ်ရာများနှင့် ပတ်သက်ဆက်စပ်ရခြင်း၊ နှစ်မြို့ဖွယ်ရာများနှင့် ခွဲခွာကွေကွင်းရခြင်း၊ အလိုဆန္ဒမပြည့်ဝခြင်း စသည်တို့လည်း ပါဝင်သည်။ အချစ်အမုန်းစသော ဘဝ၏ ခံစားမှုများ ဖြစ်ပါသည်။ ‘ပြည်ထဲရေးနှင့် ဝမ်းရေးတို့ထက် လွမ်းရေးခက်၏’ဆိုသော စကားပင်ရှိရာ ဤဒုက္ခများကိုမူ ပို၍နားလည် သဘောပေါက်နိုင်စရာ ရှိပါသည်။ လောကီထုပ္ပတ် လူတို့ဇာတ် ဆိုသည်မှာ အချစ်နှင့် အမုန်းတို့ကြောင့်ကျရသော မျက်ရည်တို့ဖြင့် ပြည့်လျှမ်းနေတတ်ရာ အဆိုပါ ဒုက္ခများကို သာဓကတင်နေစရာပင် လိုတော့မည်မဟုတ်ပါ။ သို့နှင့်တိုင် ဤနေရာတွင်လည်း လူသည် လှည့်စားခံဝဲဂယက်မှ ထွက်နိုင်သည်မဟုတ်ဟု ဆိုပါလိမ့်မည်။ ချစ်ခြင်း၊ မုန်းခြင်း၊ ဆုံစည်းခြင်း၊ ခွဲခွာခြင်း စသည်တို့မှာ ဘဝ၏ရှောင်မရသောအခြင်းအရာများ ဆိုသည်ကို နှလုံးမသွင်းနိုင်ဖြစ်ကြရပါသည်။ ချစ်ခွင့် ဆုံခွင့်ရလျှင် အပျော်တို့ဖြင့် တုံ့ပြန်တတ်၍ မုန်းရ ခွဲရပြီဆိုလျှင် အနာ၊ အလွမ်းစသည်တို့နှင့် တုံ့ပြန်လေ့ရှိသည်။

ဗုဒ္ဓ၏အလိုအရဆိုလျှင် အဆိုပါ ဒုက္ခအားလုံးသည် လိုချင်တပ်မက်မှုနှင့်ပြီးသော၊ ခဏတာယာယီအိမ်မျှဖြစ်သည့် ခန္ဓငါးပါးအစုအဝေးကြီး၏ သရုပ်သကန် အစစ်ပင် ဖြစ်ပါသည်။ ဤသဘောကို ဗုဒ္ဓက ‘ပဉ္စုပါဒါနက္ခန္ဓာ’ဟူသော ပါဠိစကားဖြင့် ဖွင့်ဆိုပြသည်။ ဥပါဒါန် အစွဲအလမ်းများကြောင့် ဖြစ်တည်ရသော ရုပ်-နာမ် တို့၏ အစုအဝေးဟု အဓိပ္ပာယ်ရသည်။ ပြောရလျှင် ခန္ဓာငါးပါးလုံးသည်ပင် ဒုက္ခတို့၏အစုအဝေးဟု ဆိုလိုရင်းဖြစ်သည်။ ဤသဘောကို ရှင်းရှင်းပြတ်ပြတ်နားလည်မှသာလျှင် ပထမအမှန်မွန်ကို သဘောပေါက်ရာရောက်ပါသည်။
(သစ္စာရှာဖို့ မြင်းစီးသူ ကျော်ဝင်)၏ စာအုပ် ဆက်လက်ရေးသားဖ်ာပြပါမည်။
 ရွှေဖြူးလေး

Friday, September 21, 2012

သစ္စာရှာဖို့ မြင်းစီးသူ အပိုင်း(၂)၏အဆက်

အလယ်လမ်း၏ တော်လှန်ရေးမျက်နှာစာ

အလယ်လမ်းဆိုသည့်အဓိပ္ပာယ်ကို ခေတ်ပြိုင်နားလည်ချက်များနှင့် အဓိပ္ပာယ်ဖွင့်ကြည့်လိုက်လျှင် အလျှော့ပေးစေ့စပ်သည့် သဘောများ ပါဝင်နေ၍ ခွန်အားမရှိသလို ဖြစ်နိုင်ပါသည်။ လက်ဝဲစွန်း၊ လက်ယာစွန်း အယူအဆများက မီးရှူးမီးပန်းလွှတ်လေ့ရှိသော တော်လှန်ရေးအငွေ့အသက်များ မပါဝင်၍ အားမလို အားမရ ဖြစ်ရသည်များ ရှိနိုင်ပါသည်။ ဗုဒ္ဓ၏ဓမ္မကို ဤသို့သော ခေတ်ပြိုင်နားလည်ချက်များနှင့် ချဉ်းကပ်ပြီး ဗုဒ္ဓ၏အလယ်လမ်းကို ဘောင်ခတ် အဓိပ္ပာယ်ဖွင့်၍ ရနိုင်မည်မဟုတ်ပါ။ စင်စစ် တော်လှန်ရေးဝိညာဉ်ဆိုသည်မှာ စကားလုံးများထဲတွင်ထက် တရားအနှစ်ထဲတွင်သာ ကိန်းဝပ်တတ်မြဲဖြစ်သည်။ ဗုဒ္ဓ၏အလယ်လမ်းကို နက်နက်ရှိုင်းရှိုင်း ဆန်းစစ်ကြည့်လိုက်လျှင် မည်သည့်ဘာသာရေးတွင်မှမတွေ့နိုင်သော တော်လှန်ရေးမျက်နှာစာကို အထင်အရှား ဆုပ်ကိုင်မိနိုင်စရာ ရှိပါသည်။

ပြောရလျှင် ‘အလယ်လမ်း’ ဆိုသော ဝေါဟာရထဲမှာပင် တွေးခေါ်မြော်မြင်မှုသဘောသာမက မဟာဗျူဟာသဘောရော၊ ဒဿနသဘောများပါ အကျုံးဝင်လျက် ရှိနေသည်။ တွေးခေါ်မြော်မြင်မှုသဘော (အခြေခံစဉ်းစားတွေးခေါ်ပုံ) ကိုရှေ့ပိုင်းတွင် အထိုက်သင့်ဖော်ပြခဲ့ပြီး ဖြစ်သည်။ ယခု မဟာဗျူဟာသဘောတွင် အလယ်လမ်း အကောက်အယူများ ရှိနေသည်ကို ဆက်လက်ဆန်းစစ်ကြည့်ပါမည်။ ဗုဒ္ဓဓမ္မ၏မဟာဗျူဟာမှာ လမ်းကြောင်းမှန်ရှစ်ပါး (မဂ္ဂင်ရှစ်ပါး)ဟု ဆိုနိုင်ပါလိမ့်မည်။ ဤလမ်းကြောင်းရှစ်ခုလုံးမှာပင် ဗုဒ္ဓခေတ်က အဓိကအကျဆုံးသော အစွန်းနှစ်ခုလုံး ကင်းလွတ်နေသည်ကို တွေ့ရပါလိမ့်မည်။ ကာမဂုဏ်အာရုံတို့တွင်တွယ်ငြိနေသော အပျော်လမ်း (ခေတ်စကားနှင့် ဆိုလျှင် လက်ယာစွန်း)နှင့် နာကျင်ပင်ပန်းမှုကို အရင်းတည်သော အကြမ်းလမ်း (ခေတ်စကားနှင့်ဆိုလျှင် လက်ဝဲစွန်း) တို့ ဖြစ်သည်။

ဗုဒ္ဓခေတ် အနေအထားအရဆိုလျှင် လက်ယာစွန်းလမ်းကြောင်းနှင့် တရားထူးမရနိုင်သည်မှာ ‘အများသိ’ဖြစ်ပါသည်။ လူအများ အလွယ်နှင့်လက်ခံနိုင်စရာ ရှိပါသည်။ သို့နှင့်တိုင် လက်ဝဲစွန်းကိုမူ လူများစုက အထင်ကြီးအားကျနေချိန် ဖြစ်သည်။ ထိုခေတ်က ဂိုဏ်းခေါင်းဆောင်တိုင်းမှာ တပအကျင့်ကို သူ့ထက်ငါ အပြိုင်ကျင့်ပြကြသည်ဖြစ်ရာ၊ တရားထူး တွေ့မတွေ့ အသာထား၊ မွန်မြတ်သောလမ်းကြောင်းဟု ယေဘုယျလက်ခံထားကြချိန်ဖြစ်သည်။ ဗုဒ္ဓကိုယ်တိုင်လည်း တပသီငါးဦးနှင့်အတူ ဤအကျင့်ကို အဆုံးစွန်အထိကျင့်ခဲ့ပြီးဖြစ်သည်။ သို့အတွက် လက်ဝဲစွန်းတပအကျင့် ကို လမ်းမှန်မဟုတ်ဟု ဖော်ထုတ်ရန်မှာ လွယ်ကူလှသော အလုပ်မဟုတ်ပါ။ ဤသို့ မလွယ်ကူသောအလုပ်ကိုပင် ဗုဒ္ဓကရွေးချယ်ခဲ့ပါသည်။ သူကိုယ်တိုင် ဉာဏ်အလင်းရပြီး ပထမဆုံးရွေးချယ်ခဲ့သော တရားနာပရိသတ်မှာ တပသီငါးဦးဖြစ်သည်။ အစွဲကြီးသောတပသီငါးဦးရှေ့မှာပင် တပအကျင့်၏ အားနည်း ချို့ယွင်းချက်များကို  ဖွင့်ချလိုက်ခြင်း ဖြစ်သည်။ ဤသည်ပင် ပညတ်သဘော (စကားလုံးအရ) အလယ်လမ်း ဖြစ်သော်လည်း ပရမတ်သဘော (အနှစ်သဘော) အရ တော်လှန်ရေးသဘောဖြစ်နေသည့် သာဓကဖြစ်တော့သည်။

ဗုဒ္ဓ၏အလိုအရ လွတ်မြောက်ရေးလမ်းစသည် ပြင်ပမှလာသည်မဟုတ်။ အတွင်းမှ လာခြင်းဖြစ်သည်။ မိမိ၏အတွင်းစိတ် သန့်စင်ရေးတွင် ပြင်ပဖိအားများဖြင့် ဇွတ်အတင်းဖန်တီး၍ မရနိုင်။ မိမိကိုယ်ခန္ဓာအတွင်းမှလာသော ဉာဏ်အလင်းဖြင့်သာ အစစ်အမှန်သန့်စင်မှုကို ရနိုင်သည်ဟု ဟောသည်။ ဤအဓိပ္ပာယ်အရအကဲဖြတ်လျှင် ဗုဒ္ဓဓမ္မမှာ ‘အတွင်းပိုင်း ချဉ်းကပ်မှု’ (Intrinsic approach) ကို ပထမဆုံးဖော်ထုတ်လိုက်သော မဟာအိုင်ဒီယာကြီးဟူ၍ပင် ဆိုနိုင်စရာ ရှိသည်။ ဗုဒ္ဓခေတ်မတိုင်မီ ဘာသာရေးများသည်လည်းကောင်း၊ ဒဿနဂိုဏ်းများသည် လည်းကောင်း ‘ပြင်ပချဉ်းကပ်နည်း’ (Extrinsic approach) ကိုသာ အဓိကထားခဲ့ကြသည်။ ဗုဒ္ဓ၏ အမှန်မွန်လေးပါးမှ စတုတ္ထ အမှန်မွန်လာ လမ်းကြောင်းရှစ်ခုလုံးမှာ ‘မိမိကိုယ်ကိုပြုပြင်ပြောင်းလဲရေး’ (Selfrenewal) ကို အခြေခံသော အတွင်းမှချဉ်းကပ်နည်း ဖြစ်ပါသည်။

အလယ်လမ်း၏ အရေးကြီးဆုံးဟုယူဆရသော တော်လှန်ရေးလက္ခဏာတစ်ခုမှာ ဒဿနသဘောတွင် ရှိသည်။ သမိုင်းပညာရှင်များ၊ မနုဿဗေဒ ပညာရှင်များနှင့် ဒဿနပညာရှင်များက ဗုဒ္ဓနှင့်ပတ်သက်လျှင် ‘ဝေဒကို တော်လှန်သူ’ ဟု အမှတ်ပေးကြသည်။ ဝေဒမှာထိုခေတ် အိန္ဒိယတိုက်ငယ်တစ်ခုလုံးတွင် ဩဇာအကြီးဆုံးဖြစ်သော ဖန်ဆင်းရှင်အယူအဆ၏ ကိန်းရာ တည်ရာဖြစ်သည်။ လက်ရှိကမ္ဘာ့ဘာသာကြီးငါးခုထဲတွင် ဖန်ဆင်းရှင်အယူအဆနှင့် အပြီးတိုင်လမ်းခွဲနိုင်သည်မှာ ဗုဒ္ဓဓမ္မသာလျှင် ရှိပါသည်။ စင်စစ်ဖန်ဆင်းရှင် အယူအဆကို ပယ်လိုက်နိုင်ခြင်းမှာ ရိုးရာဓလေ့ထုံးစံဟောင်းများကို မှောက်လှန်လိုက်ရုံသက်သက်မျှ မဟုတ်။ လူ၏သိမှုဖြစ်စဉ်တွင် လူသား၏ ‘ဖန်တီးမှုစွမ်းအား’ (creative power) အတွက် တံခါးဖွင့်ပေးလိုက်ဖြင်းလည်း ဖြစ်ပါသည်။

အနှစ်ချုပ်ဆိုရလျှင် ဗုဒ္ဓညွှန်းခဲ့သော အလယ်လမ်း၏ဝိညာဉ်မှာ မည်သည့်အရာကိုမှ အစွန်းမရောက်၊ အရမ်းအကန်းမယုံကြည်ပဲ၊ ခွဲခြမ်းစိတ်ဖြာ အဖြေရှာခြင်း (ဝိဘဇ္ဇဝါဒ) ဟု ဆိုနိုင်လိမ့်မည် ထင်ပါသည်။ စင်စစ် ဗုဒ္ဓ၏အမှန်မွန်လေးပါးဆိုသည်မှာ လူ့ဘဝခရီး (သံသရာ)ကို အလယ်လမ်းဝိညာဉ်ဖြင့် ချဉ်းကပ်လေ့လာရာမှ ထွက်ပေါ်လာသော တွေ့ရှိချက်များ ဖြစ်ပါသည်။

(သစ္စာရှာဖို့ မြင်းစီးသူ ကျော်ဝင်း၏စာအုပ်) ဆက်လက်ရေးသား ဖော်ပြပါမည်။


Wednesday, September 19, 2012

သစ္စာရှာဖို့ မြင်းစီးသူ အပိုင်း(၂)

အခန်း (၂)

အမှန်မွန်လေးပါးနှင့် အလယ်လမ်း

“အမှားကအမှန်
ကာမစစ်ပွဲက ထာဝရ
ငြိမ်းမှုဆီပျံ၊ ဒီမှာ ငြိမ်ဆိတ်နေသတဲ့”

ဗုဒ္ဓ၏ဓမ္မကို နားလည်ဖို့ ကြိုးစားရမည်ဆိုလျှင် “အမှန်မွန်လေးပါး” (သစ္စာလေးပါး) တရားတော်မှာ စိတ်အချရဆုံးနှင့် အကောင်းဆုံး တရားအနှစ်ဖြစ်ပါသည်။ ဤတရားမှာ ဗုဒ္ဓမြတ်စွာ ပထမဆုံးဟောကြားတော်မူသော ဒေသနာတော်လည်း ဖြစ်သည်။ ဗုဒ္ဓဟောကြားခဲ့သမျှ ဓမ္မက္ခန္ဓာ အစုစုတို့၏ အနှစ်ချုပ်ဖြစ်သည်ဟူ၍လည်း သုတေသီ အားလုံးတို့က တညီတညွတ်တည်း လက်ခံထားကြသည်။ ဤမျှအခြေခံကျ၍ ဤမျှအရေးပါသော တရားတော်ကို လေ့လာရာတွင် ဗုဒ္ဓ၏မူရင်း ဟောကြားချက်မှစတင်သည်က သဘာဝကျပါလိမ့်မည်။ ဝိနည်း ပိဋကတော်တွင် ဤသို့ ပါရှိသည်။

၁။     ရဟန်းတို့ ..... ၊ သံသရာမှ လွတ်မြောက်လိုသူသည် အစွန်းနှစ်ပါးကို ရှောင်အပ်၏။ ပထမအစွန်းမှာ တဏှာဖြင့် ရစ်ပတ်ဆက်စပ်နေသော အပျော်လမ်းဖြစ်သည်။ ဤလမ်းမှာ စွဲလမ်းနှစ်သက်ဖွယ်ဖြစ်သည့်တိုင် ယုတ်ညံ့၏။ ယဉ်ကျေးမှု ရေချိန်နိမ့်သူများ၊ အသိအလိမ္မာ ကင်းသူများ၊ အညံ့စား လူသားများ၏ အကျင့်စရိုက် ဖြစ်ချေ၏။ လွတ်မြောက်ရေးလမ်းကို မတွေ့နိုင်။ အကျိုးမရှိ။
(ကာမသုခလိဒကာနုယောဂ)
     
        ဒုတိယအစွန်းမှာ မိမိကိုယ်ကို အလွန်အမင်း အပင်အပန်း အဆင်းရဲခံသော အကြမ်းလမ်းဖြစ်သည်။ နာကျင်ပင်ပန်းမှုနှင့် အရင်းတည်ရသည့်တိုင် ပညာဉာဏ်ကင်းမဲ့ရာ ရောက်၏။ ဤနည်းသည်လည်း လွတ်မြောက်ရေးလမ်းကို မတွေ့နိုင်။ အကျိုးမရှိ။
(အတ္တကိလ မထာနုယောဂ)

ဤအစွန်းနှစ်ပါးမှကင်းသော အလယ်လမ်းသည်သာ ထိုးထွင်းသိမြင်နိုင်စွမ်းသော၊ အစစ်အမှန်ပညာနှင့် အစစ်အမှန်တည်ငြိမ်မှုကိုပေးနိုင်သော ဉာဏ်အလင်း လမ်းကြောင်းမှန် ဖြစ်ပေ၏။

၂။    ရဟန်းတို့ ....၊ ဒုက္ခသည် ပထမအမှန်မွန်ဖြစ်သည်။ စင်စစ်မွေးဖွားခြင်း (သံသရာ၌ကျင်လည်ရခြင်း) သည်ပင် ဒုက္ခဖြစ်၏။ အိုမင်းရခြင်း၊ ဖျားနာရခြင်း၊ သေဆုံးရခြင်း၊ မနှစ်မမြို့ဖွယ်ရာများနှင့် ခွဲခွာကွေးကွင်းရခြင်းတို့သည်လည်း ဒုက္ခသာ ဖြစ်၏။ အချုပ်ဆိုရလျှင် ခဏတာယာယီအိမ်မျှဖြစ်သော ခန္ဓာငါးပါးကြီးသည်ပင် ဒုက္ခတို့၏ အစုအဝေး ဖြစ်ပေ၏။ (ဒုက္ခသစ္စာ)

ရဟန်းတို့ ....၊ ဒုက္ခ၏တည်ရာဖြစ်ကြောင်း၊ ဒုက္ခ၏အရင်းအမြစ်သည် ဒုတိယအမှန်မွန်ဖြစ်သည်။ ကာမဂုဏ် အာရုံတို့တွင် ငြိတွယ်ခြင်း (ကာမတဏှာ)၊ ဘဝကို တပ်မက်စွဲလမ်းခြင်း (ဘဝတဏှာ)၊ ဘဝပြတ်ပြီဆိုသော အယူတွင် ကျေနပ်သာယာနေခြင်း (ဝိဘဝတဏှာ) ဆိုသေယသံသရာ ဒုက္ခလမ်းကို ရှည်စေတတ်သည့် အခုအခံ အစွဲအလမ်းများ ဖြစ်ပေ၏။ (သမုဒယ သစ္စာ)

ရဟန်းတို့ ...၊ ဒုက္ခတို့ ချုပ်ငြိမ်းရာ၊ ဒုက္ခ၏အကြောင်းတရားတို့ကင်းရာ ကုန်ရာသည် တတိယအမှန်မွန်ဖြစ်သည်။ အဆုံးစွန်လွတ်မြောက်ခြင်း မည်ပေ၏။ (နိရောဓသစ္စာ)

ရဟန်းတို့ .....၊ အဆုံးစွန်လွတ်မြောက်ခြင်းသို့ သွားရာလမ်းသည် စတုတ္ထအမှန်မွန်ဖြစ်သည်။ ဤလမ်းကြောင်းတွင် လမ်းသွယ်ရှစ်ခု ရှိပေ၏။ ဤသည်တို့မှာ ကောင်းစွာနားလည်ခြင်း (သမ္မာဒိဋ္ဌိ)၊ ကောင်းစွာနှလုံးသွင်းခြင်း (သမ္မာ သင်္ကပ)၊ ကောင်းစွာပြောဆိုခြင်း (သမ္မာဝါစာ)၊ ကောင်းစွာပြုလုပ်ဆောင်ရွက်ခြင်း (သမ္မာကမ္မန္တ)၊ ကောင်းစွာအသက်မွေးဝမ်းကြောင်းပြုခြင်း (သမ္မာအာဇီဝ)၊ ကောင်းစွာ အားထုတ်ကြိုးပမ်းခြင်း (သမ္မာဝါယာမ)၊ ကောင်းစွာနိုးကြားခြင်း (သမ္မာသတိ)နှင့် ကောင်းစွာ တည်ငြိမ်ရင့်ကျက်ခြင်း (သမ္မာသတိ) တို့ ဖြစ်သည်။ (မဂ္ဂသစ္စာ)

၃။   ရဟန်းတို့ .... ၊ ဤအမှန်မွန်လေးပါးကို အပြည့်အစုံ ထိုးထွင်းသိမြင်ပြီးသည်နှင့် ၊ ငါသည် အမြင့်မားဆုံးဉာဏ်အလင်းကို ရရှိလိုက်ပေပြီ။ ငါ၏စိတ်အစဉ်သည် အပြီးတိုင် လွတ်မြောက်ခဲ့ပေပြီ။ ဒုက္ခပြွမ်းသော ဖြစ်တည်မှုတို့ ဆုံးခန်းတိုင်ခဲ့ပြီ။ နောင်သံသရာရှည်စေမည့် နောက်ထပ်ဖြစ်တည်မှုတို့ကို ငါအလိုမရှိပြီ။

တရားအနှစ်

အထက်တွင် ဖော်ပြခဲ့သော စာပိုဒ်သုံးပိုဒ်မှာ ဗုဒ္ဓဓမ္မ၏ အနှစ်ချုပ်ဟု ဆိုသည့်တိုင် ဤစာပိုဒ် သုံးပိုဒ်ကို ဖတ်လိုက်ရုံနှင့် ဗုဒ္ဓဓမ္မတစ်ခုလုံး အပြည့်အစုံ နားလည် သွားလိမ့်မည်ဟု မမျှော်မှန်းအပ်ပါ။ နားလည်ဖို့ မဆိုနှင့်၊ ဆက်စပ်တွေးခေါ်မှု ကွင်းဆက်ကိုပင် ခြေရာခံနိုင်ဖို့ လွယ်မည်မဟုတ်ပါချေ။ ဤသို့ဖြစ်ရသည်မှာ အကြောင်းကြောင်းကြောင့် ဟုဆိုနိုင်ပါသည်။ ပထမဆုံးမှာ ဘာသာစကားအတားအဆီး ဖြစ်သည်။ ရှေးအကျဆုံး ဗုဒ္ဓကျမ်းစာများမှာ ပါဠိ (သို့မဟုတ်) သင်္သကရိုက်ဘာသာနှင့် မှတ်တမ်းတင်ထားခြင်း ဖြစ်သည်။ ဤသည်တို့ကို ခေတ်သုံး အင်္ဂလိပ်စာနှင့် ပြန်ရေးထားရခြင်း ဖြစ်သည်။ (ယခုစာစုမှာ အဆိုပါ အင်္ဂလိပ်ဘာသာမှ မြန်မာဘာသာ ပြန်ထားရခြင်းဖြစ်သည်) ဤသို့ဘာသာစကား အကူးအပြောင်းတွင် မူလအသိပညာအားလုံး အတိအကျ ပါကောင်းမှ ပါနိုင်ပါလိမ့်မည်။

နောက်ထပ် ဖြစ်နိုင်စရာရှိသော အကြောင်းအရာများမှာ ဗုဒ္ဓဓမ္မကိုယ်တိုင်၏ နက်နဲသိမ်မွေ့မှုနှင့် ဆိုင်သလို၊ စာဖတ်သူဘက်မှ ဘာသာရပ်နှင့်မနီးစပ်မှုကြောင့်လည်း ဖြစ်နိုင်ပါသည်။ မိရိုးဖလာ ဗုဒ္ဓဘာသာဝင်များသည်ပင် မူလပါဠိဘာသာနှင့် နှုတ်တိုက်အာဂုံဆောင်နိုင်သည့်တိုင် အဓိပ္ပာယ်အပြည့်အဝ နားလည်ချင်မှ နားလည်ပါလိမ့်မည်။ ထို့ထက် ပိုအရေးကြီးသည်မှာ ဗုဒ္ဓဓမ္မသည် လွန်ခဲ့သော နှစ်ပေါင်း ၂၅၀၀ ကျော်က ဟောကြားချက်များဖြစ်သည်ကို နှလုံးသွင်းကြဖို့ ဖြစ်ပါသည်။ သို့အတွက် အပြည့်အဝနားမလည်သော်မှ ယေဘုယျသဘောပေါက်နိုင်စေရန် ခေတ်အမြင် ခေတ်အတွေးနှင့် ချဉ်းကပ်လေ့လာဖို့ လိုပါလိမ့်မည်။

ပထမစာပိုဒ်မှာ ဗုဒ္ဓ၏ “အခြေခံတွေးခေါ်စဉ်းစားပုံ” basic way of thinking ဖြစ်ပါသည်။ အစွန်းများကို ရှောင်ဖို့လိုသော အလယ်လမ်း (မဇ္ဈိမပဋိပဒါ)ဟု ဟောပါသည်။ မဖြူလျှင် မည်းရမည်။ မမှန်လျှင်မှားရမည် ဟူသော ‘တစ် မဟုတ်နှစ်လောဂျစ်’ (either-or logic) ကိုပယ်လိုက်ရမည့် သဘောဟု နားလည်ရသည်။ ဗုဒ္ဓ၏ ဒေသနာတော် တစ်ခုဖြစ်သော ‘ဆက်စပ်မှုကြီး နှစ်ဆယ့်လေးမျိုး’(နှစ်ဆယ့်လေးပစ္စည်း)တွင် ဤသဘောများကို တွေ့ရပါသည်။ ဥပမာ - ကုသိုလ်အကြောင်းကြောင့် ကုသိုလ်အကျိုး ဖြစ်ရမည်ဟု တရားသေ မဟော။ ကုသိုလ်ကြောင့် အကုသိုလ် ဖြစ်နိုင်သလို၊ အကုသိုလ်ကြောင့်လည်း ကုသိုလ်ဖြစ်တန်ရာ အခြေအနေများကိုပါ ဟောသည်။ (ပဋ္ဌာန်းတရားတော်၊ ဥပနိဿယပစ္စယော)

ဒုတိယစာပိုဒ်တွင် ပါရှိသော ‘အမှန်မွန် လေးပါး’မှာ ဗုဒ္ဓဓမ္မ၏ တရားအနှစ်ဖြစ်ပါသည်။ ‘အဘိဓမ္မာကိုယ်ထည်’ Pholosophical frame work ဟု ယူဆနိုင်မည် ထင်ပါသည်။ ဒဿနပညာတွင် ခိုင်မာသော ကျိုးကြောင်းဆက်နွယ်မှုများ ရှိဖို့လိုပါသည်။ ဗုဒ္ဓ၏ ဓမ္မကို ဒဿနရှုထောင့်မှ ချဉ်းကပ်ကြည့်လိုက်ရာ၊ အကွက်စေ့လှသော အဆက်အစပ်တို့ကို အထင်အရှားတွေ့ရသည်။ ဗုဒ္ဓက လောကကို ဒုက္ခဟုမြင်သည်။ (what ဆိုသော မေးခွန်း၏ အဖြေ) ဒုက္ခ၏အရင်းခံမှာ သမုဒယဟု ဟောသည်။ (why ဆိုသော မေးခွန်း၏ အဖြေ) သမုဒယကို မဂ္ဂနှင့်ဖြတ်ရမည်ဟု လမ်းညွှန်သည်။ (what is to be done ဆိုသည်၏ အဖြေ) မဂ္ဂလမ်း၏အဆုံးပန်းတိုင်မှာ နိရောဓဟု နိဂုံးချုပ်ပြသည်။ (what happen အတွက် အဖြေ) ..... ဗုဒ္ဓ၏ ဒဿနမှာ လောကကို ဖွင့်ဆိုရုံမျှသာ တန့်ရပ်မနေပဲ၊ လောကကို ပြောင်းလဲစေရေးအထိ ဦးတည်ချက်ထားသော ‘ရှင်သန်နေသည့် ဒဿန’Live pholosophy ဟု နားလည်ရပါသည်။

တတိယစာပိုဒ်မှာ ဗုဒ္ဓဓမ္မ၏ အခြားသောဘာသာရေးများနှင့် မတူသောလမ်းခွဲထွက်ပုံ ဖြစ်သည်။ ဘာသာတရား အများစုမှာ ‘ယုံကြည်သက်ဝင်ရန်’(to believe) ‘ဆည်းကပ်ကိုကွယ်ရန်’ (to worship) နှင့် ‘ဆုတောင်းရန်’ (to pray) ဖြစ်သည်။ ဗုဒ္ဓက အမှန်မွန်လေးချက်ကို ထိုးထွင်းသိမြင်နိုင်လျှင် လွတ်မြောက်မှုဉာဏ်အလင်းကို ရလိမ့်မည်ဟု ဟောသည်။ သို့အတွက် ‘လေ့လာရန်’ (to learn) ‘ကျင့်ကြံအားထုတ်ရန်’ (to practice) နှင့် ‘ထိုးထွင်းသိမြင်ရန်’(to penetrate) တို့ကို ဦးတည်ချက်ထားသည်ဟု နားလည်ရပါသည်။ (ပရိယတ္တိ၊ ပဋိပတ္တိ၊ ပဋိဝေဓ တို့ကို ဆိုလိုဟန် ရှိပါသည်)
ဤမျှဆိုလျှင် ဗုဒ္ဓဓမ္မ၏တရားအနှစ်ကို အထိုက်အသင့် ဆဝါး နိုင်လိမ့်မည်ထင်ပါသည်။
 (သစ္စာရှာဖို့ မြင်းစီးသူ ကျော်ဝင်း၏စာအုပ်) ဆက်လက်ရေးသား ဖော်ပြပါမည်။

Tuesday, September 18, 2012

သစ္စာရှာဖို့ မြင်းစီးသူ အပိုင်း(၁) ၏အဆက်

သစ္စာရှာခြင်း

သူ၏ပထမဆုံးသော စမ်းသပ်ချက်မှာ ယောဂ(သမထ)အကျင့်ဖြစ်သည်။ ထိုခေတ်က နာမည်အကြီးဆုံး ယောဂီဆရာကြီး နှစ်ဦးဖြစ်သော အာဠာရကာလာမနှင့် ဥဒကရာမပုတ္တ တို့ထံတွင် တပည့်ခံ သင်ယူကျင့်ကြံခဲ့သည်။ ထိုဆရာကြီးနှစ်ဦးထံမှ သင်ယူစရာရှိသည်များကို အမြင့်ဆုံးထိ တတ်မြောက်ခဲ့သည့်တိုင်၊ သိဒ္ဓတ္ထမှာ ကျေနပ်ရောင့်ရဲမှု မရနိုင် ဖြစ်နေရသည်။ ယောဂအကျင့်က ပေးနိုင်သော ဘဝင်ကျစိတ်မှာ တဒင်္ဂစိတ်တည်ငြိမ်မှုကိုသာ ရသည်။ သူလိုချင်သော လွတ်မြောက်ရေးလမ်းစ မဟုတ်။ ဤနည်းဖြင့် ထာဝရစိတ်၏ ငြိမ်းချမ်းမှုကိုမရနိုင်ဟု စဉ်းစားမိသည်။

စင်စစ်ယောဂအကျင့်မှာ နောင်ဗုဒ္ဓသာသနာတွင် အရေးကြီးလာမည့် ကမ္မဋ္ဌာန်းလုပ်ငန်းအတွက် ပါရမီအခြေခံကိုပေးနိုင်ခဲ့သည်ဟု ဆိုနိုင်စရာရှိပါသည်။ သို့နှင့်တိုင် သိဒ္ဓတ္ထလိုချင်သည်မှာ ကမ္မဋ္ဌာန်းအတွက် ကမ္မဋ္ဌာန်းမဟုတ် (meditation for the sake of meditation)။ ထာဝရအေးငြိမ်းမှုကို ဦးတည်သွားနိုင်မည့် ကမ္မဋ္ဌာန်းမျိုးဖြစ်သည်။ ဘဝဆိုသော ဖြစ်တည်မှု၏ အနက်ရှိုင်းဆုံးနေရာအထိ မျက်မှောက်ပြုနိုင်သည့်ကမ္မဋ္ဌာန်းမျိုး ဖြစ်ရမည်။ (Insight Meditation) (ဝိပဿနာ ကမ္မဋ္ဌာန်းကို ဆိုလိုဟန် ရှိပါသည်။) ယောဂအကျင့်တွင် ဤအခြင်းအရာမျိုး ရှာမတွေ့သည်နှင့် သိဒ္ဓတ္ထမှာ ဆရာနှစ်ဦးကို နှုတ်ဆက်ခွဲခွာကာ သူ၏သစ္စာရှာပုံတော်ခရီးကို ဆက်ခဲ့သည်။

သူ၏ ဒုတိယစမ်းသပ်ချက်မှာ “တပအကျင့်” (asceticism) ဖြစ်သည်။ ကောဏ္ဍည အမှူးပြုသော တပသီ (ascetic) ငါးဦး စုပေါင်းနေထိုင်ရာ ဥရုဝေလတောအုပ်အတွင်းရှိ တောရကျောင်းလေးသို့ ရောက်သွားသည်။ တပအကျင့်ဆိုသည်မှာ အလွန်အကျွံခြိုးခြံ ချွေတာခြင်း၊ မိမိကိုယ်ကို နာကျင်ပင်ပန်းစေခြင်း စသောနည်းများဖြင့် လွတ်မြောက်ရေးကို ရနိုင်လိမ့်မည်ဆိုသော ယုံကြည်မှု ဖြစ်သည်။ ဤသို့ ယုံကြည်ကျင့်ကြံသူမျိုးကို တပသီဟုခေါ်ခြင်းဖြစ်သည်။ စိတ်ဓာတ်ခိုင်မာပြင်းထန်လှသော သိဒ္ဓတ္ထမှာ မူလရှိရင်းစွဲ တပသီငါးဦးထက်ပင် လွန်ကဲ၍ တပအကျင့်ကို အမြင့်ဆုံးထိရောက်အောင် ကျင့်တော့သည်။

သို့ဖြင့် သူ၏ရုပ်ခန္ဓာမှာ နှစ်ပေါင်းများစွာ အိုမင်းရင့်ရော်ခဲ့ပြီဖြစ်သော သစ်ပင်အို၏ မြစ်ဖျားများကဲ့သို့ ဖုထစ်ယိုယွင်းလာသည်။ သို့နှင့်တိုင် ပင်ပန်းဆင်းရဲခြင်းနှင့် သတိလစ်မေ့မျောခြင်းမှ လွဲ၍ သူလိုချင်သော လွတ်မြောက်ရေးလမ်းစကို မမြင်။ ထာဝရအေးငြိမ်းမှု ဆိုသည်မှာ မိမိကိုယ်ကို ညှင်းပန်းနှိပ်စက်မှုမျိုးဖြင့် မရနိုင်။ မိမိကိုယ်ကို အောင်နိုင်မှုဖြင့်သာ ရနိုင်စရာရှိသည်ဟု တွေးမိသည်။ သို့ဖြင့် တပသီငါးဦးနှင့် လမ်းခွဲခဲ့ရပြန်သည်။ ဤအချိန်တွင်တော့ စတင်လမ်းခွဲသူမှာ သူ မဟုတ်။ သူ့အပေါ် မျှော်လင့်ချက်မထားတော့သော တပသီငါးဦး ကိုယ်တိုင်ဖြစ်သည်။ ဗုဒ္ဓကျမ်းစာများ၏ အလိုအရ ယောဂနှင့်တပ အကျင့်များတွင် သစ္စာကိုရှာရင်း ခြောက်နှစ်တာမျှ ကုန်ဆုံးခဲ့ရသည်ဟုဆိုပါသည်။

သည်လိုနှင့် ဥရုဝေလတောအုပ်အတွင်း နေရဉ္ဇရာမြစ်ဘေးရှိ၊ တစ်ခုသော ညောင်ပင်ကြီးတစ်ပင်အောက်သို့ ရောက်သွားသည်။ ဤနေရာသည် ကမ္မဋ္ဌာန်းဘာဝနာ ပွားများရန်အတွက် သင့်လျော်သောနေရာဟု စဉ်းစားမိ၍ ၊ မထတမ်းထိုင်လိုက်တော့သည်။ မိမိ၏ မင်းပျိုမင်းလွင်ဘဝနှင့် ခြောက်နှစ်ကာလ အတွေ့အကြုံများကို ပြန်လည်စိစစ် သုံးသပ်ရတော့သည်။ သူ့အနေနှင့် ဘဝ၏အချိုမြိန်ဆုံး ကာမချမ်းသာကိုလည်း ခံစားခဲ့ဖူးပြီ။ ဘဝ၏ အခါးသီးဆုံး အစွန်းရောက်အကျင့်များကိုလည်း ကိုယ်တွေ့ကြုံခဲ့ဖူးပြီ။ စိတ်၏အေးငြိမ်းမှုကို မရ။ လွတ်မြောက်ရေးလမ်းစ မမြင်။ သစ္စာတရားသို့ သွားရာလမ်းသည်၊ အချိုဆုံးလမ်းမဟုတ်သလို အခါးဆုံးလမ်းလည်း မဖြစ်နိုင်။ ဤအစွန်းနှစ်ခုကြားမှ တတိယလမ်းသာ ဖြစ်ဖွယ်ရှိသည်ဟု ဆင်ခြင်မိသည်။

ဤအခိုက်မှာပင် မိမိငယ်ဘဝမှ အဖြစ်အပျက်လေးတစ်ခုကို ဖျတ်ကနဲ အမှတ်ရလိုက်သည်။ ထိုစဉ်က မိမိဖခင်မှာ လယ်ထွန်မင်္ဂလာပွဲသဘင် ကျင်းပနေချိန်။ မိမိကို သပြေပင်ရိပ်တွင် သိပ်ထားခဲ့သည်။ ကလေး အရွယ်မျှသာ ဖြစ်သော သိဒ္ဓတ္ထမှာ ဘေးပတ်ဝန်းကျင်မှ အသံမျိုးစုံကို လည်းကောင်း၊ သပြေရိပ်၏ အေးမြသော အထိအတွေ့ကိုသော်လည်းကောင်း သတိမပြုမိပဲ၊ မိမိခန္ဓာကိုယ်တွင်သာ သိစိတ်ကို စုစည်းထားလိုက်မိသည်။ ဤကာလငယ်အတွင်း ရခဲ့သော ချမ်းသာပီတိကို မိမိဘဝတွင် နောက်ထပ်တစ်ခါမှ မကြုံဖူးတော့ပေ။ (ဗုဒ္ဓကျမ်းစာများက ပထမဈာန်ဟု သတ်မှတ်ပါသည်။)

ဤအတွေ့အကြုံကို ဆင်ခြင်လိုက်မိသော သိဒ္ဓတ္ထမှာ၊ သစ္စာလမ်းစသည် မိမိခန္ဓာကိုယ်အတွင်းမှာပင် ရှိလိမ့်မည်ဟု သဘောရလာသည်။ သို့ဖြင့် ယောဂဆရာကြီးများထံမှ ရခဲ့သော ကမ္မဋ္ဌာန်းအကျင့်နှင့် အာရုံတို့ကို စုစည်းကြည့်လိုက်ရာ ရုပ်ခန္ဓာသာမက၊ သိစိတ်အလျဉ်၏ မမြဲသော သဘာဝကို ပထမဆုံး ဆင်ခြင်လိုက်မိသည်။ တစ်ဆက်တည်းမှာပင် မမြဲခြင်း၏ ဒုတိယအမြွာညီနောင်ဟု ဆိုနိုင်သော နှစ်လိုဖွယ်ရာ မဟုတ်သည့် အဖြစ်ကို သတိပြုလိုက်မိသည်။ နောက်ဆုံးတွေ့ရှိလိုက်သော တတိယ အမြွာညီနောင်မှာ မိမိအလိုသို့ မလိုက်သည့်သဘော၊ မိမိဆန္ဒနှင့် မည်သို့မျှ မသက်ဆိုင်သည့် သဘော၊ အစိုးမရသည့် သဘော ဖြစ်တော့သည်။ (ဗုဒ္ဓကျမ်းစာများအရ အနိစ္စ၊ ဒုက္ခ၊ အနတ္တ ဆိုသော လက္ခဏာရေးသုံးပါး ဖြစ်ပါသည်။)

မိမိခန္ဓာမှရသော အဆိုပါလမ်းစကို ဆွဲဆန့်ကြည့်ရာ လူ့ဖြစ်တည်မှုတစ်ခုလုံး၏ အခြင်းအရာများမှာ တစ်စစပီ ပြင်လာတော့သည်။ ဘဝ၏ တကယ့်အနှစ် အခြင်းအရာ။ ဤအခြင်းအရာ၏ တွန်းအားများ၊ ဤအခြင်းအရာမှ လွတ်မြောက်ရာလမ်း၊ ဤလမ်း၏အဆုံး ထာဝရ ငြိမ်းအေးမှု ... ။ ဤသည်ပင် မိမိရှာဖွေနေသည့် သစ္စာတရားပင် ဖြစ်တော့သည်။ ( ဗုဒ္ဓကျမ်းစာများအရ ဒုက္ခသစ္စာ၊ သမုဒယသစ္စာ၊ မဂ္ဂသစ္စာ၊ နိရောဓသစ္စာဆိုသော သစ္စာလေးပါး ဖြစ်ပါသည်။)

အစစ်အမှန် ငြိမ်းအေးမှု (True joy of existence) ကို မျက်မှောက်ပြုနေပြီ ဖြစ်သည့်တိုင်၊ ဗုဒ္ဓမှာ နေရဉ္ဇရာအနီးမှ မခွာနိုင်သေးပါ။ နောက်ထပ်ရက်သတ္တ ခုနစ်ခုလုံး ဤအနီးအနားမှာပင် ကျင်လည်ကျက်စားရင်း လတ်တလောရခဲ့ပြီးသော မိမိ၏ဉာဏ်အလင်းကို အနုလုံ ပဋိလုံ ပြန်လည်သုံးသပ်နေခဲ့သည်။ ဤကာလအတွင်း မိမိဉာဏ်အလင်းရခဲ့ရာ ညောင်ပင်ကြီးကိုလည်း မမှိတ်သောမျက်စိဖြင့် ကြည့်နေမိသည်။ (ဤသည်ကို ရည်စူး၍ အဆိုပါညောင်ပင်ကို ဗုဒ္ဓဘာသာဝင်များက “ဗောဓိ”ဟု အမှတ်အသားပြုခဲ့ကြခြင်း ဖြစ်ပါသည်။ “ဉာဏ်အလင်း သစ်ပင်” Tree of enlightenment သို့မဟုတ် ဉာဏ်ပညာသစ်ပင် Tree of wisdom ဟု အဓိပ္ပာယ်ရပါသည်)

ဤသည်ပင် နယူတန်၏ ကမ္ဘာ့ဆွဲအား၊ ပတ်စ်ချာ၏ ပိုးမွှားဗေဒ၊ အိုင်းစတိုင်း၏ နှိုင်းရသဘောတရား စသော ခေတ်သစ်တွေ့ရှိချက်များ အားလုံးထက် နှစ်ပေါင်းများစွာစောပြီး အဆပေါင်းများစွာ ကျယ်ပြန့်နက်ရှိုင်းလှသော မဟာတွေ့ရှိမှုကြီး ဖြစ်ပါသည်။

မစ်ရှင်

မိမိရရှိပြီးသော ဉာဏ်အလင်းကို ပထမဆုံး မည်သူ့ကို ဖြန့်ဝေရမည်နည်းဟု စဉ်းစားလိုက်ရာ ဗုဒ္ဓ၏ အာရုံတွင် သူနှင့်အတူ ၆ နှစ်နီးပါးမျှ ဒုက္ခခံဖော် ခံဖက်ဖြစ်သည့် တပသီငါးဦးကို ပြေးမြင်လိုက်သည်။ ဤအချက်သည်ပင် ဗုဒ္ဓ၏ ပညာရှင်ပီသမှုဟု ဆိုရပါလိမ့်မည်။ သူသည် တပသီတို့၏ တပအကျင့်ကို လက်မခံနိုင်ခြင်းသာ ဖြစ်သည်။ သူတို့ကြားတွင် ပုဂ္ဂိုလ်ရေးပြဿနာ မရှိ။ သစ္စာလမ်းကြောင်း၏ အလင်းရောင်အောက်တွင် ရိုးသားစွာ အမှန်ရှာဖွေလိုသူ (ပါရမီအခံရှိသူ) အားလုံးစုစည်းနိုင်လိမ့်မည်ဟု ယုံကြည်သည်။ သို့ဖြင့် တပသီငါးဦးရှိရာ မိဂဒါဝုန် (ဣသိပတန) သို့သွားပြီး၊ တရားဦး ဟောတော့သည်။

ထိုလေးဦး (ဓမ္မစက္ကပ္ပဝတ္တန) မှစ၍ ဗုဒ္ဓ၏ ဓမ္မစကြာမှာ နောင် ၄၅ နှစ်တာမျှ မပြတ်လည်ပတ်နေတော့သည်။ အရှင်ကောဏ္ဍည အမှူးပြုသော တပသီဟောင်း ငါးဦးတို့ပင် ဗုဒ္ဓဦးဆောင်သော သံဃာ့အဖွဲ့အစည်း၏ ပထမဆုံးအဖွဲ့ဝင်များ ဖြစ်လာတော့သည်။ ဤအချိန်မှနေ၍ နောက်ဆုံးထွက်သက် တိုင်သည်အထိ ကာလရှည်ကြီးသည်ပင် ဗုဒ္ဓ၏ မစ်ရှင်ခရီး ဖြစ်တော့သည်။

ဗုဒ္ဓကျမ်းစာများနှင့် သမိုင်းအထောက်အထားများအရ အဆိုပါ မစ်ရှင်ခရီးရှည်ကြီးကို ဤသို့မှတ်တမ်းတင်နိုင်ပါသည်။

(၁)            ဘီစီ ၅၂၈                     - ဣသိပတန (ယခု-ဆာရနာတ်)
(၂)            ဘီစီ ၅၂၇                     - ရာဇဂြိုဟ်
(၃)            ဘီစီ ၅၂၆                     - ရာဇဂြိုဟ်
(၄)            ဘီစီ ၅၂၅                     - ရာဇဂြိုဟ်
(၅)            ဘီစီ ၅၂၄                     - ဝေသာလီ
(၆)            ဘီစီ ၅၂၃                     - မကုဋတောင် (ယခု - ဗိဟာရ်)
(၇)            ဘီစီ ၅၂၂                     - တာဝတိံသာ -? (ကျမ်းစာအရ)
(၈)            ဘီစီ ၅၂၁                     - သုသုမာရတောင် (ယခု - ကျုနာရ်)
(၉)            ဘီစီ ၅၂၀                     - ကောသမ္ဗီ (ယခု - ဣလဟာဗာ်)
(၁၀)           ဘီစီ ၅၁၉                     - ပါလိလေယျက (ယခု - မိရ်-ဂျာပူ)
(၁၁)           ဘီစီ ၅၁၈                     - နာဠာ (ယခု - ဗိဟာရ်)
(၁၂)           ဘီစီ ၅၁၇                     - ဝေရဉ္ဇာ (ယခု - မထုရာ)
(၁၃)            ဘီစီ ၅၁၆                     - စာလိယတောင် (ယခု - ဗိဟာရ်)
(၁၄)           ဘီစီ ၅၁၅                     - သာဝတ္ထိ (ယခု - ဂေါဏ္ဍာ)
(၁၅)           ဘီစီ ၅၁၄                     - ကပိလဝတ္ထု
(၁၆)            ဘီစီ ၅၁၃                     - အာလဝီ (ယခု - အာရ်ဝလိ)
(၁၇)            ဘီစီ ၅၁၂                     - ရာဇဂြိုဟ်
(၁၈)            ဘီစီ ၅၁၁                     - စာလိယတောင်
(၁၉)            ဘီစီ ၅၁၀                     - စာလိယတောင်
(၂၀)            ဘီစီ ၅၀၉                     - ရာဇဂြိုဟ်
(၂၁)မှ (၄၅)   ဘီစီ ၅၀၈-၄၈၄              - သာဝတ္ထိ
(၄၆)            ဘီစီ ၄၈၃                     - ဝေသာလီ

အကျဉ်းချုပ်ပြောရလျှင် အိန္ဒိယမြောက်ပိုင်းနှင့် အလယ်ပိုင်းဟု ဆိုနိုင်ပါလိမ့်မည်။ ဤသို့ခရီးရှည်ကြီးကို နှင်ခဲ့ပြီး၊ ဘီစီ ၄၈၃ ခုနှစ် သက်တော် ရှစ်ဆယ်အရွယ်တွင် ကုသိနာရုံပြည် အင်ကြင်းဥယျာဉ်တစ်ခုဝယ် ဗုဒ္ဓကွယ်လွန် (ပရိနိဗ္ဗာန်စံ) ခဲ့ပါသည်။ ဗုဒ္ဓ၏ နောက်ဆုံးအချိန်တွင် နောက်ဆုံးမှာကြားခဲ့သော အမှာစကားမှာ ဗုဒ္ဓဘာသာဝင်များ အတွက်သာ မက၊ လူသားအားလုံးအတွက်ပင် အထူးအဓိပ္ပာယ်ရှိလှသည်ဟု နှောင်းခေတ် ပညာရှင်များက အမှတ်အသားပြုခဲ့ရပါသည်။
ဤအမှာစကားမှာ
“ဝယဓမ္မာ သင်္ခါရာ
အပ္ပမာဒေန သမ္ပာဒေထ”

ဟူသော ပါဠိဂါထာတိုလေး တစ်ပုဒ် ဖြစ်သည်။
ဤသို့နားလည်ရပါသည်။

“ဘဝသည် မမြဲ
မမေ့မလျှော့သော ကိုယ်စိတ်နှလုံးရှိစေ ......... ။”

(သစ္စာရှာဖို့ မြင်းစီးသူ ကျော်ဝင်း၏စာအုပ်) ဆက်လက်ရေးသား ဖော်ပြပါမည်။

Thursday, September 13, 2012

သစ္စာရှာဖို့ မြင်းစီးသူ အပိုင်း(၁)

အခန်း (၁)

ဖြစ်တော်စဉ်

ငြိမ်တော့ ကဏ္ဍက၊ ငြိမ် ... ၊

မြင်းသည်တော် စီးဖူးသမျှ အဝေးဆုံးခရီး၊

ငါ့ကို ခုပဲ သယ်တော့ ...... ။

ဒီည

သစ္စာရှာဖို့၊ ငါမြင်းစီးမယ် .... ။

သမိုင်းဝင်ထင်ရှားသော ပညာရှင်များ၏ဒဿနကို မိတ်ဆက်ရာတွင် သူ့ဘဝကိုဖွင့်ပြလိုက်ခြင်းက အထိရောက်ဆုံးဖြစ်ဖွယ်ရှိပါသည်။ အကြောင်းမူ သူ့ဘဝ၏အဖြစ်သနစ်များမှာ သူ့ဒဿနနှင့် နီးနီးကပ်ကပ် ဆက်စပ်နေသောကြောင့်ဖြစ်သည်။ ဗုဒ္ဓကို မိတ်ဆက်ရာတွင်လည်း ဗုဒ္ဓ၏ ဖြစ်တော်စဉ်မှ အစပြုသည်က ပို၍ အဆင်ပြေလိမ့်မည်ထင်သည်။

ခက်နေသည်မှာ ဗုဒ္ဓ၏လူပုဂ္ဂိုလ်ဘဝကို ကျွန်တော်တို့အနေနှင့် တိတိပပသိခွင့်မရခြင်း ဖြစ်ပါသည်။ ဗုဒ္ဓသည် လွန်ခဲ့သောနှစ်ပေါင်း ၂၅၀၀ကျော်က အသက်ရှင်နေထိုင်ခဲ့သူ တစ်ဦးဖြစ်သည်။ “ယေရှု”ထက် နှစ်ပေါင်း၅၀၀ ကျော် အသက်ကြီးသည်။ သူ့အကြောင်းတစ်ပိုင်းတစ်စ သိရသည်မှာ ဗုဒ္ဓကျမ်းစာများမှဖြစ်သည်။ ဤကျမ်းစာများမှာလည်း အဓိကအနေနှင့် ဗုဒ္ဓဝါဒကိုသာ ဖွင့်ဆိုခြင်းဖြစ်ရာ ဗုဒ္ဓအကြောင်းကို အလျဉ်းသင့်မှ ထုတ်နှုတ်ဖော်ပြကြသည်က များသည်။ ထို့ထက် ကျမ်းစာပါဗုဒ္ဓဝင်မှာ သမိုင်းအထောက်အထားနှင့် ညှိမရသည်များလည်း ရှိသလောက် ရှိနေသေးသည်။

ဤသို့ဆိုသည်နှင့် ဗုဒ္ဓကျမ်းစာများကို အပြစ်တင်နေသည်ဟု မယူဆစေလိုပါ။ ဗုဒ္ဓကျမ်းစာသာမဟုတ်၊ အခြားဘာသာရေး ကျမ်းစာများသည်လည်း ထိုနည်းနှင်နှင်သာ ဖြစ်ပါသည်။ သမ္မာကျမ်းစာဟောင်းမှ “မောရှေ”၏ ဇာတ်လမ်းသည်လည်းကောင်း၊ ကျမ်းစာသစ်မှ ယေရှု၏ဖြစ်တော်စဉ်သည်လည်းကောင်း၊ သမိုင်းအထောက်အထားများနှင့် တိတိကျကျ ဖော်ထုတ်နိုင်မည် မဟုတ်ပါ။ သူတို့၏ ဘဝ တစ်စိတ်တစ်ဒေသကို မှန်းဆနိုင်ရုံမျှသာ ရှိပါသည်။ သို့နှင့်တိုင် ဤမျှ သိခွင့်ရခြင်းသည်ပင် စာရေးသူတို့ အတွက် ကျေးဇူးများလှပြီဟု ဆိုရပါလိမ့်မည်။ 

မင်းပျိုမင်းလွင်ဘဝ

ပထမဆုံး “ဗုဒ္ဓ”ဆိုသောဝေါဟာရမှ စတင်အဓိပ္ပာယ်ဖွင့်ဖို့ လိုပါလိမ့်မည်။ “ဗုဒ္ဓ”ဆိုသည်မှာ ဉာဏ်အလင်းရသူ (Enlightened)၊ သို့မဟုတ် စိတ်အာရုံ နိုးကြားနေသူ (Mentally awakened) ဟု အဓိပ္ပာယ်ရပါသည်။ (ချမ်းမြေ့ဆရာတော်က “အမှန်တရားလေးပါးကို ကိုယ်တော်တိုင် ကိုယ်ပိုင်ဉာဏ်ဖြင့် ထိုးထွင်း၍ သိမြင်သော အမြတ်ဆုံး ပုဂ္ဂိုလ်”ဟု အဓိပ္ပာယ်ဖွင့်သည်။)

စင်စစ် ဗုဒ္ဓဆိုသည်မှာ သူ၏ လူပုဂ္ဂိုလ်အမည်မဟုတ်ပါ။ ယေရှုကို ခရစ်ခေါ်သလိုမျိုး ဘွဲ့အမည်ဖြစ်ပါသည်။ ဗုဒ္ဓ၏မျိုးရိုးအမည်မှာ ဂေါတမဖြစ်ပြီး၊ ကိုယ်ပိုင်အမည်မှာ သိဒ္ဓတ္ထ ဖြစ်ပါသည်။ ဂေါတမ သိဒ္ဓတ္ထကို သူ့ခေတ်၏ အဆင့်မြင့်အသိုင်းအဝန်းမှ မွေးဖွားခဲ့ပါသည်။ သူ့ဖခင်မှာ “သာကိယ” မျိုးနွယ်စု၏အကြီးအကဲ ဖြစ်သည်။ ယခုခေတ် အိန္ဒိယ-နီပေါနယ်စပ် ကပိလဝတ္ထုဒေသကို အုပ်ချုပ်ရသူဖြစ်ရာ “ဘုရင်”ဟု ခေါ်နိုင်သော်လည်း ဧကရာဇ်မင်း သဘောထိ မရောက်ပါ။ ကပိလဝတ္ထုနှင့် မနီးမဝေးမှာပင် မျိုးနွယ်စု အမြောက်အမြားရှိနေပါသည်။ သိဒ္ဓတ္ထ၏မယ်တော် “မဟာမာယာ”သည်လည်း ကောလိယမျိုးနွယ်စု အကြီးအကဲ၏ သမီးတစ်ဦးဖြစ်ပါသည်။ ထိုခေတ်က သူတို့ အသိုင်းအဝိုင်းကို “ခတ္တိယ”ဟု ခေါ်ကြသည်။

ဤနေရာတွင် ရှေးဟောင်း အိန္ဒိယ၏ လူမှုဖွဲ့စည်းပုံကို အကျဉ်းမျှ မိတ်ဆက်ပေးဖို့ လိုပါလိမ့်မည်။ ပုဏ္ဏားမျိုး(ဗြာဟ္မဏ)၊ မင်းမျိုး သို့မဟုတ် စစ်သားမျိုး (ခတ္တိယ)၊ ကုန်သည်မျိုး(ဝဿ)နှင့် ဆင်းရဲသားမျိုး (သုဒ္ဓ)ဟူ၍ အမျိုးလေးပါး ခွဲခြားသတ်မှတ်ထားသည်။ “ဇာတ်ခွဲခြားမှု”ဟု ခေါ်ကြပါသည်။ သိဒ္ဓတ္ထမှာ ဗြာဟ္မဏမျိုး မဟုတ်ပဲ၊ ခတ္တိယမျိုးဖြစ်သည်ကိုက သူ့အဘိဓမ္မာအတွက် ထူးခြားသော ကျေးဇူးပြုမှု ဖြစ်နိုင်သည်။ အကြောင်းမူ ဗြာဟ္မဏတို့၏ဝေဒကျမ်းက ဖန်ဆင်းရှင် “ဂေါ့ဒ်”(ဗြဟ္မာ)ကို ယုံကြည်သည်။ ဂေါ့ဒ်၏ဦးခေါင်းမှလာသော မိမိတို့၏ ဗြာဟ္မဏမျိုးကိုသာ အမြတ်ဆုံးဟုခံယူပြီး ဇာတ်ခဲခြားမှုကို နှစ်သက်လိုလားသည်။ ဗုဒ္ဓဝါဒမှာ ဂေါ့ဒ်ကို ပယ်ပါသည်။ ဇာတ်ခွဲခြားမှုကို ဆန့်ကျင်သည်။

ဤသည်တို့ကို အသာထား၍ ဗုဒ္ဓ၏ဖြစ်တော်စဉ်ကို ဆက်ပါမည်။ သိဒ္ဓတ္ထဖွားမြင်ရာအရပ်မှာ သူ၏စံအိမ် သို့မဟုတ် နန်းတော်မဟုတ်ပါ။ သူ၏ မိခင် မဟာမာယာ၏ ကပိလဝတ္ထုမှ သူမဇာတိ ဒေဝဒဟသို့သွားသော ခရီးစဉ်အတွင်း လမ်းခုလတ်တွင် သူ့ကိုမွေးခြင်းဖြစ်သည်။ ကျမ်းစာများ၏အဆိုအရ လုမ္ဗိနီဥယျာဉ်တော်ရှိ အင်ကြင်းပင်တစ်ပင်အောက်တွင် ဖွားမြင်သည်ဟု သိရသည်။ ထိုခေတ်က အမျိုးသမီးများမှာ သားဦးကို မိဘရပ်ရွာသို့ ပြန်မွေးကြသည့် ထုံးစံရှိပါလိမ့်မည်။ သိဒ္ဓတ္ထမှာ မိခင်အရင်း၏ ရင်ခွင်တွင် ကြီးပြင်းခွင့်မရခဲ့ပါ။ သူ့ကိုမွေးပြီး ၇ရက်အရတွင် သူ့မိခင်နတ်ရွာစံခဲ့ပါသည်။ သို့ဖြင့် သူ့မိခင်၏ ညီမ၊ သူ့မိထွေးတော် “ပဇာပတိဂေါတမီ”က သူ့ကို မွေးမြူကြီးပြင်းစေခဲ့ရသည်။

သိဒ္ဓတ္ထ၏ ပညာရေးမှာ ထိုခေတ် “ခတ္တိယ”တို့၏ ပညာရေး နယ်ပယ်အတွင်းမှ ဖြစ်ဖို့များပါသည်။ စစ်ဆင် စစ်တက်အတတ်နှင့် လေးအတတ်တို့ကို ကောင်းစွာ သင်ခဲ့ရဟန်ရှိပါသည်။ သိဒ္ဓတ္ထ ဆယ့်ခြောက်နှစ်သား အရောက်တွင် ညီမဝမ်းကွဲတော်သူ “ယသော်ဓရာ”နှင့် လက်ဆက်သည်။ ယသော်ဓရာမှာ ဒေဝဒဟဘုရင်“သုပ္ပဗုဒ္ဓ”၏ တစ်ဦးတည်းသောသမီး ဖြစ်သည်။ သိဒ္ဓတ္ထ အိမ်ထောင်ကျပုံမှာလည်း သူ့ခေတ် ထုံးစံနှင့်ဆိုလျှင် အတော်ထူးခြားသည်ဟု ဆိုရပါလိမ့်မည်။ ထိုခေတ်က အိမ်ထောင်ရေးကို နှစ်ဖက်မိဘများက စီစဉ်လေ့ရှိပါသည်။ ကျမ်းစာပါ ဗုဒ္ဓဝင်အလိုအရ ယောက္ခမလောင်း သုပ္ပဗုဒ္ဓက သိဒ္ဓတ္ထကို သူ့သမီးနှင့် သဘောမတူဟု သိရသည်။ သို့အတွက် သိဒ္ဓတ္ထကိုယ်တိုင်မိမိ၏ဘုန်းလက်ရုံး (အထူးသဖြင့်လေးအတတ်) ကို ပြ၍ ကြင်ရာတော်ကို
ကိုယ်တိုင်ရွေးခဲ့ရသည်ဟု ဆိုသည်။
ထွက်တော်မူနန်းကခွာ

သိဒ္ဓတ္ထ၏ဖခင်မှာ သူ့သားနှင့်ပတ်သက်လာလျှင် ရည်ရွယ်ချက်တော်တော်ကြီးဟန် တူပါသည်။ သူက သူ့သားကို ဘုန်းတေဇာအရောင်ဖြာနေသည့် နိုင်ငံရေးလမ်းကို လျှောက်စေချင်သည်။ သူတို့ခေတ်၏ အမြင့်ဆုံးအာဏာကိုကိုယ်စားပြုသည့် စကြာဝတေးမင်းအရာကို မျှော်လင့်ထားသည်။ ခက်နေသည်က သူ့သား၏ အကဲမရလှသော အပြုအမူများပင်။ ထက်မြက်သောလူငယ်ပီပီ သိဒ္ဓတ္ထမှာ လက်ရှိဘဝနှင့် လက်ရှိအနေအထားကို ကျေနပ်သာယာနေသူ မဟုတ်။ အမွန်အမြတ်တရား တစ်ခုကို ရှာဖွေဖို့ အားသန်နေသူဖြစ်သည်။

သူကိုယ်တိုင် ချစ်ခင်မြတ်နိုး၍ မရအရယူခဲ့သည့် ဇနီးသည်ကိုပင် တစ်ဝက်ပဲ ချစ်တော့သလို၊ သားဦးလေးမွေးတော့လည်း သူ့မှာ ပျော်ရကောင်းမှန်း မသိ။ ခေါင်းတခါခါနှင့် ညီးညီးညူညူ ဆိုလိုက်သေးသည်။ “သွားပြီ၊ လကို ရာဟုဖမ်းသလို ငါလျှောက်မယ့်လမ်းကို ပိတ်မယ့်သူ လာပြီ ... ”။ ဤစိတ်နှင့်ပင် သူ့သားကို ရာဟုလာဟု သူကိုယ်တိုင် အမည်ပေးခဲ့သည်။

သို့ဖြင့် ဖခင်ကြီးမှာ သူ့သားသိဒ္ဓတ္ထကို နည်းမျိုးစုံဖြင့် ဆွဲဆောင်ရတော့သည်။ ကာမဂုဏ်အာရုံများစွာဖြင့် သူ့ဘဝကို ယစ်မူးစေသည်။ ဘဝ၏အနိဋ္ဌာရုံများကို မမြင် မကြားရလေအောင် အထပ်ထပ် တံတိုင်းကာသည်။ သို့နှင့်တိုင် သူ့ကြိုးစားမှုများ မအောင်မြင်ခဲ့ပါ။ ထက်မြက်သွက်လက်လှသော လူငယ်တစ်ယောက်၏ ရှေ့မှောက်တွင် အရှိတရားကို မည်သို့မျှ လှည့်ဖြားဖုံးကွယ်၍ မရနိုင်သလို၊ ခါးသီးသည့် အမှန်ကို သိဒ္ဓတ္ထတစ်ယောက် ဒုတ်ဒုတ်ထိ တွေ့လိုက်ရပါတော့သည်။

သူတွေ့ရှိခဲ့ရာ လူ့ဘဝ၏ အစစ်အမှန်တရားကို သင်္ကေတလေးပါးဖြင့် ဖော်ပြနိုင်ပါသည်။ ဗုဒ္ဓကျမ်းစာများက နိမိတ်ကြီးလေးပါးဟု ညွှန်းကြသည်။ ဤသည်တို့မှာ -

(၁)  ဇရာချဉ်း၍ အိုမင်းချည့်နဲ့နေသူတစ်ယောက် (သူအို)
(၂)   ရောဂါဝေဒနာ ဖိစီး၍ သေရာညောင်စောင်းတွင် လဲလျောင်းနေသူ တစ်ယောက် (သူနာ)
(၃)   သုသာန်တစပြင်တွင် စွန့်ပစ်ခံထားရသော ပုပ်ပွနေသည့် အလောင်းကောင်တစ်ခု (သူသေ)
(၄)   တည်ငြိမ်သော အသွင်အပြင်နှင့် လွတ်မြောက်ရေးလမ်းပေါ်မှ သူတော်စင်တစ်ဦး (ရဟန်း)

ဤသင်္ကေတလေးပါးကိုသာ နက်နက်ရှိုင်းရှိုင်းသဘောပေါက်လျှင် နောင်ဗုဒ္ဓဟောကြားမည့် တရားတော်၏အခြေခံကို ကောင်းကောင်း ဆုပ်ကိုင်နိုင်စရာရှိပါသည်။ ပထမသင်္ကေတ သုံးပါးမှာ ဘဝကို ကိုယ်စားပြုသည်။ အိုခြင်း၊ နာခြင်း၊ သေခြင်းတို့၏ တည်ရာ မှီရာဖြစ်သည်။ နောက်ဆုံး သင်္ကေတက ဘဝကိုကျော်သွားသည်။ အိုခြင်း၊ နာခြင်း၊ သေခြင်းကင်းရာ လွတ်မြောက်ရေး လမ်းစဖြစ်သည်။ ဤသဘောများကို ရိပ်မိ သိရှိခဲ့ပြီးဖြစ်သော သိဒ္ဓတ္ထအနေနှင့် မင်းပျို မင်းလွင်ဘဝတွင် တာရှည် မနေနိုင်တော့ပါ။ တစ်ခုသောညတွင် ဇနီးသည်နှင့် သားငယ်ကို နောက်ဆုံးအကြည့်ဖြင့် သံယောဇဉ်ဖြတ်ပြီး သစ္စာရှာဖို့ မြင်းစီးထွက်ခဲ့ပါတော့သည်။

ထိုစဉ်က သိဒ္ဓတ္ထမှာ ဆယ်ကျော်သက် အရွယ်မဟုတ်တော့ပါ။ ပိုင်းခြားဝေဖန်တတ်သော နှစ်ဆယ့်ကိုးနှစ် အရွယ် ရောက်နေပါပြီ။ သို့အတွက် တဒင်္ဂစိတ်လှုပ်ရှားမှုနှင့် တောထွက်ခြင်း မဟုတ်တန်ရာ။ ထိုစဉ်က သိဒ္ဓတ္ထတွင် ဇနီး သားနှင့် မျှော်လင့်စရာ အနာဂတ်တစ်ခု ကောင်းကောင်းရှိပါသည်။ ဤအခြေမှ တောထွက်ခဲ့ခြင်းမှာ တော်ရုံ ပိုင်းဖြတ်မှုနှင့် မဟုတ်တန်ရာ။ ထိုစဉ်က အိန္ဒိယမှာ တောထွက်၍ တရားရှာသူတွေ များလှသော်လည်း သိဒ္ဓတ္ထမှာ အများယောင်၍ လိုက်ယောင်သူ မဟုတ်ပါ။ ဤအချက်ကို သူ၏ သစ္စာရှာပုံတော်ခရီးက အခိုင်အမာ ဖော်ပြလျက်ရှိပါသည်။
ကျော်ဝင်း၏(သစ္စာရှာဖို့ မြင်းစီးသူ စာအုပ်) ဆက်လက်ရေးသား ဖော်ပြပါမည်။

Wednesday, September 12, 2012

“အတိုက်အခံ၊ အပြိုင်အဆိုင် နှင့် အပေးပြိုင်ပွဲ”


                            အိန္ဒိယနိုင်ငံ၊နာလန္ဒာတက္ကသိုလ်အနီးရှိ ဂျိန်းကျောင်းမှ ဂျိန်ဘုရားပုံတော်



မဇ္ဈိမဒေသမှာ မြတ်စွာဘုရား မပွင့်ပေါ်မီကတည်းက ပေါ်ပေါက်ခဲ့တဲ့ ဂိုဏ်းဆရာကြီး ခြောက်ဦးရှိပါတယ်။ သူတို့ဟာ မြတ်စွာဘုရား ပွင့်တော် မူချိန်အထိလည်း သူ့နောက်လိုက် သူ့ပရိတ်သတ်နဲ့သူတော့ အတော်ထင်ရှားတဲ့ ပုဂ္ဂိုလ်ကြီးတွေပါ။ သမိုင်းသုတေသီအချို့က သူတို့ကို “ဗုဒ္ဓနှင့် ခေတ်ပြိုင် ဘုရားကြီးခြောက်ဆူ” လို့ သတ်မှတ်သုံးစွဲပြောဆိုကြပါတယ်။ သူတို့ကို ကြည်ညိုကြသူများအနေနဲ့လည်း ကိုယ့်ဆရာကိုတော့ ဒီလိုပဲ ထင်မှတ်ပြီး ချီးမြှောက်ပြောဆိုကြမယ် ထင်ပါတယ်။ အမှန်ကတော့ သူတို့ဟာ ဂိုဏ်းဆရာကြီးတွေပါ။

ဒီဂိုဏ်းဆရာကြီးတွေကို မကြည်ညိုကြသူများကတော့ “တိတ္တိကြီးတွေ” လို့ ပြောဆိုသုံးစွဲကြပါတယ်။ မြန်မာ့ဇာတ်သဘင်လောကမှာတော့ ဒီပုဂ္ဂိုလ်ကြီးတွေကို အရိုင်းအစိုင်းကြီးတွေ သဘောမျိုးဖြစ်အောင် သရုပ်ဆောင်ပြကြတာကိုလည်း တွေ့ရပါတယ်။ ဒီဃနိကာယ်၊ သာမညဖလသုတ် မှာတော့ သူတို့နဲ့ပတ်သက်လို့ “သင်္ဃီçဂဏီ = နောက်လိုက်များစွာ ပရိဗိုဇ်သံဃာ၊ ပရိဗိုဇ်ဂိုဏ်းရှိသူတွေ။ ဂဏာစရိယော = ဂိုဏ်းဆရာကြီးတွေ။ ဉာတော = နိုင်ငံတဝန်း ကျော်ကြားထင်ရှားသူတွေ။ ယသဿီ = ဂုဏ်သတင်းကျော်စော ကိတ္တိရှိသူတွေ။ ဗဟုဇနဿ သာဓုသမ္မတော = လူအများက သူတော်ကောင်းကြီးလို့ သမုတ်သတ်မှတ်ထားသူတွေ” စတဲ့ ဂုဏ်ပုဒ်များနဲ့ သုံးနှုန်းပြောဆိုထားတာကို ထောက်ဆကြည့်ရင် အရိုင်း အစိုင်းများလို့ ချိုးချိုး နှိမ်နှိမ်သတ်မှတ် ပြောဆိုရမည့် ပုဂ္ဂိုလ်ကြီးတွေတော့ မဟုတ်တန်ရာပါဘူး။
အဲဒီ ဂိုဏ်းဆရာကြီး သုံးဦးထဲမှာ “ပူရာဏကဿပ”ဆိုတဲ့ ဆရာကြီးက “ကောင်းမှုçမကောင်းမှုတွေ ဘယ်လိုပဲ ပြုနေနေ၊ ကောင်းမှုပြု သူများဟာလည်း ကုသိုလ်ရှင်များလို့ မဆိုနိုင်သလို မကောင်းမှုပြုသူများဟာလည်း အကုသိုလ်ရှင်များလို့ မဆိုနိုင်ဘူး၊ လောကမှာ ကောင်းမှု မကောင်းမှုရယ်လို့ မရှိပါဘူး” လို့ ခံယူဟောပြောနေတဲ့ ပုဂ္ဂိုလ်ကြီးဖြစ်လို့ သူရဲ့ဝါဒကို “ကံကိုပစ်ပယ်တဲ့ဝါဒ” လို့ သတ်မှတ်ပါတယ်။
“အဇိတ ကေသကမ္ဗလ” ဆိုတဲ့ ဆရာကြီးကတော့ “ကောင်းမှုပြုတဲ့အတွက်ကြောင့် ကောင်းကျိုးရတယ်ဆိုတာလည်း မရှိပါဘူး။ မကောင်းမှုပြုလို့ မကောင်းကျိုး ခံစားရတယ်ဆိုတာလည်း မရှိပါဘူး”လို့ ဟောပြောတဲ့ ပုဂ္ဂိုလ်ကြီးဖြစ်လို့ သူရဲ့ဝါဒကို “အကျိုးကို ပစ်ပယ်တဲ့ဝါဒ”လို့ သတ်မှတ် ပါတယ်။
“မက္ခလိဂေါသာလ”ဆိုတဲ့ ဆရာကြီးကတော့ “လောကမှာ ကိုယ်စွမ်းကိုယ်စဆိုတာလည်း မရှိဘူး။ ဆရာသမားတို့ရဲ့ အကူအညီ စွမ်းအား ဆိုတာလည်း မရှိဘူး။ ကံဆိုတာလည်း မရှိဘူး။ ကံရဲ့အကျိုးဆိုလည်း မရှိဘူး။ အဆိုးအကောင်းဟူသမျှဟာ ဘာအကြောင်းမှ မရှိဘူး။ သူဖြစ် ချင်သလို ဖြစ်နေတာ” လို့ ခံယူပြောဟောတဲ့ ပုဂ္ဂိုလ်ကြီးဖြစ်လို့ သူ့ရဲ့ဝါဒကိုတော့ “ကံနဲ့ ကံရဲ့အကျိုး နှစ်မျိုးလုံးကို ပစ်ပယ်တဲ့ဝါဒ”လို့ သတ်မှတ်ပါတယ်။
ခြုံကြည့်လိုက်ရင်တော့ ကံကို ပစ်ပယ်တာဟာလည်း အကျိုးကို ပစ်ပယ်တာပဲ၊ အကျိုးကို ပစ်ပယ်တာဟာလည်း ကံကို ပစ်ပယ်တာပဲဖြစ်လို့
ဒီဂိုဏ်းဆရာကြီး သုံးဦးလုံးဟာ ကံနဲ့ကံရဲ့အကျိုး နှစ်မျိုးလုံးကို ဆန့်ကျင်ပစ်ပယ်တဲ့ “အဟေတုကဝါဒ၊ အကိရိယဝါဒ၊ နတ္ထိကဝါဒ” အယူရှိကြသူ များဖြစ်တယ်လို့ အဋ္ဌကထာဆရာက မှတ်ချက်ချပါတယ်။
ဒါကြောင့် ဒီဂိုဏ်းဆရာကြီး သုံးဦးတို့ရဲ့ ဂိုဏ်းကြီးသုံးဂိုဏ်းတို့ဟာ ကံနဲ့ကံရဲ့အကျိုးကို လက်ခံကျင့်သုံးတဲ့ ဗုဒ္ဓဝါဒ အပါအဝင် အခြားကမ္မဝါဒီ အားလုံးတို့ကို ဖြောင့်ဖြောင့်ဆန့်ကျင်တဲ့ အတိုက်အခံ ဂိုဏ်းကြီးများလို့ ဆိုရမှာဖြစ်ပါတယ်။ ဒီဂိုဏ်းဆရာကြီးများရဲ့ ဝါဒဟာ “ဘာမဆို လုပ်ချင်ရာ လုပ်ကြ ဘာမှမဖြစ်ဘူး” ဆိုတဲ့ သဘောမျိုးဖြစ်လို့ လူမိုက်အားပေးဝါဒလို ဖြစ်နေပါတယ်။ တဇောက်ကန်းလူမိုက်တို့ရဲ့ အကြိုက်ဖြစ်ခဲ့ပေမဲ့ လူယဉ်ကျေးတိုင်းက လက်မခံနိုင်ကြတဲ့ ဝါဒဖြစ်လို့ ခုအချိန်မှာတော့ သူတို့ဖြစ်ပေါ်ခဲ့ရာ မဇ္ဈိမဒေသမှာ ဒီဂိုဏ်းကြီးများရဲ့ အရိုက်အရာ အဆက် အနွယ်ရယ်လို့ ထင်ထင်ရှားရှား မရှိတော့ပါဘူး။
ဂိုဏ်းဆရာကြီးတွေထဲက “သိဉ္စည်းဆရာကြီး”လို့ လူသိများတဲ့ “သဉ္စယ ဗေလဋ္ဌပုတ္တ” ဆိုတဲ့ ဆရာကြီးရဲ့ဝါဒကတော့ ဘာရယ်လို့ကောက်ချက် ချလို့ မရလောက်အောင် အလွန်တွေဝေလွန်းတဲ့ “ဟိုဟာလည်း မဟုတ်၊ ဒီဟာလည်း မဟုတ် “မဟုတ်”ဝါဒလည်း မဟုတ်” ဆိုတဲ့ ယောင်ဝါးဝါး ဝါဒကြီးဖြစ်လို့ အခုအချိန်မှာ ယောင်ဝါးဝါးသမားတွေ နေရာတိုင်းမှာ ရှိနေသော်လည်း ဝါဒတစ်ခုအဖြစ်နဲ့တော့ စာရင်းမဝင်တော့ပါဘူး။
“ပကုဓကစ္စာယန”ဆိုတဲ့ ဆရာကြီးရဲ့ဝါဒကလည်း အတ္တဝါကိုပဲ မရေမရာ ဟောပြောထားတဲ့ ဝါဒဖြစ်လို့ ကြောင်တောင်တောင်ဝါဒတစ်မျိုးလို့ပဲ သတ်မှတ်ပါတယ်။ ဒီဆရာကြီး နှစ်ဦးလုံးရဲ့ ဝါဒများဟာ ကမ္မဝါဒကို ဆန့်ကျင်တာလည်း မဟုတ်၊ ထောက်ခံတာလည်း မဟုတ်၊ ကြားနေတာလည်း မဟုတ်တဲ့အတွက် သူတို့ကို အတိုက်အခံဝါဒလို့ မဆိုနိုင်သလို အပြိုင်အဆိုင် ဝါဒလို့လည်း မဆိုနိုင်ပါဘူး။
*** ----- ***
ဗုဒ္ဓနဲ့ ခေတ်ပြိုင်မှာ “ဂိုဏ်းဆရာကြီး ခြောက်ဦး”ဆိုတဲ့ စာရင်းထဲ မပါတဲ့ တခြားတစ်သီးပုဂ္ဂလ ရောယောင်ခွတုတ် လုပ်စားလေ့ရှိတဲ့ ဂိုဏ်းဆရာကလေးတွေလည်း ပိဋကတ်တော်မှာ တွေ့ရပါတယ်။ သူတို့ကတော့ လောကမှာ ကျော်စောထင်ရှားတဲ့ ဂိုဏ်းဆရာကြီးများ နဲ့ ရောရိရောရာလုပ်ပြီး ကိုယ်ကျိုးရှာကြတဲ့ ဂိုဏ်းကလေးများလို့ ဆိုရမယ်ထင်ပါတယ်။ သူတို့ဟာ မြတ်ဗုဒ္ဓပွင့်တော်မူတဲ့အခါမှာတော့ ထင်ရှားတဲ့ မင်း၊ ပုဏ္ဏား၊ သူကြွယ်များကပါ လေးစားရိုသေဆည်းကပ်ခြင်းခံရတဲ့ မြတ်ဗုဒ္ဓနဲ့ ထင်ရှားတဲ့ တပည့်သား ရဟန်းတော်များကို ပိုပြီးအကျွမ်းတဝင်ဖြစ်ဖို့ လိုလားကြသူတွေ ဖြစ်ပါတယ်။
ဒီဃနိကာယ်၊ သီလက္ခန်ပါဠိတော်၊ ပေါဋ္ဌပါဒသုတ်မှာ ပေါဋ္ဌပါဒပရိဗိုဇ်ဆိုတာ သူ့နေရာကို မြတ်စွာဘုရာြးွကလာတဲ့အခါ အလွန်အမင်းကို ဝမ်းသာအားရဖြစ်ပြီး အူးယားဖားယား ကြိုဆိုပါသတဲ့။ ဘာကြောင့် အူမြူးဝမ်းသာ ဖြစ်ရတာလဲဆိုတာကို အဋ္ဌကထာဆရာကြီး ဖွင့်ပြတာကတော့ ဒီပုဂ္ဂိုလ်များဟာ ဘုရားရှင်နဲ့တပည့်သားများ သူတို့ဆီလာတာကို အကြောင်းပြုပြီး သူတို့ကို ကြည်ညိုပြီးဖြစ်တဲ့ သာဝကတွေကို တွေ့ရင် “တွေ့တယ် မဟုတ်လား၊ ငါတို့ဆီကို ဂေါတမမြတ်စွာဘုရား ကြွလာတယ်၊ ရှင်သာရိပုတ္တရာ ကြွလာတယ်၊ ဒီပုဂ္ဂိုလ်တွေဆိုတာ နှယ်နှယ် ရရ နေရာမျိုးကို ကြွတဲ့ပုဂ္ဂိုလ်တွေ မဟုတ်ဘူး။ ဒီလောက်ဆို ငါတို့ရဲ့ ကြီးမြတ်ပုံကို မင်းတို့ သဘောပေါက်ကြ” ဆိုပြီး အမြတ်ထုတ်ကြသတဲ့။
ဘုရားရှင်ကို ကြည်ညိုတဲ့ ဗုဒ္ဓဘာသာဝင် ထင်ရှားတဲ့ ဒကာ၊ ဒကာမတွေနဲ့ တွေ့တဲ့အခါကျတော့လည်း “မင်းတို့ရဲ့ဆရာ ဂေါတမမြတ်စွာ ဘုရားကတောင် ငါတို့ဆီကြွလာတာပါ။ ငါတို့ဟာ အချင်းချင်း ဆန့်ကျင်ဘက်တွေ မဟုတ်ကြပါဘူး။ မင်းတို့က ဘာဖြစ်လို့ တို့ကို မရိုမသေ မကြည်ညိုကြတာလဲ”ဆိုပြီး စည်းရုံးကြပါသတဲ့။
ဂိုဏ်းဆရာကြီးခြောက်ဦး စာရင်းထဲမှာလည်းမပါ၊ ပေါဋ္ဌပါဒတို့လို ကြားနေ ခွတုတ်လည်း မဟုတ်ဘဲ အပြိုင်အဆိုင်သမားသက်သက်အဖြစ်နဲ့ အထင်ရှားဆုံး ပုဂ္ဂိုလ်တစ်ဦးကတော့ ဝေသာလီပြည်က “သစ္စကပရိဗိုဇ်”ဆိုတဲ့ ပုဂ္ဂိုလ်ကြီးပါပဲ။ ဒီပုဂ္ဂိုလ်ကြီးနဲ့ ပတ်သက်လို့ ဗုဒ္ဓဘာသာဝင်တို့ သိသိမှတ်မှတ်ပြုတဲ့ အချက်တစ်ခုကတော့ မြတ်စွာဘုရားရှင်ရဲ့ အပြင်အောင်ခြင်းရှစ်ပါးထဲမှာ ဆဋ္ဌမမြောက် အောင်ခြင်းအဖြစ်နဲ့ ဆုံးမခဲ့တဲ့ ပုဂ္ဂိုလ်ကြီးဆိုတာပါပဲ။
ဝေသာလီပြည်သား လိစ္ဆဝီမင်းတွေဆိုတာ အလှည့်ကျမင်းပြုရတဲ့ ပြည့်သူ့ကိုယ်စားလှယ်တွေပါပဲ။ သူတို့ရဲ့ ပင်ကိုယ်စရိုက်ဝါသနာက အတွေးအခေါ် အယူဝါဒ အထူးအဆန်းကို မေးမြန်း စိစစ်လိုကြတယ်။ အချင်းချင်း ရင်ဆိုင်ယှဉ်ပြိုင်ရတဲ့အခါ အနိုင်မခံ အရှုံးမပေးဆိုတဲ့ စိတ်ဓာတ် ရှိကြပြီး နေရာတိုင်းမှာ သူတစ်ပါးထက် သာလွန်လိုကြတယ်။ ဒါကြောင့်လည်း ဘာသာရေးနဲ့ ပတ်သက်တဲ့နေရာမှာတောင် သူတစ်ပါး ထက် ထူးထူးခြားခြား ကျင့်ကြံပြနိုင်သူတို့၊ အချင်းချင်း ဝါဒချင်း ပြိုင်ဆိုင်ကြသူတို့ကို ပိုသဘောကျလေ့ရှိတယ်။
တစ်ခါက အလွန်ဝါဒစစ်ထိုး ကျွမ်းကျင်တဲ့ ပရိဗိုဇ် ယောကျာ်းနဲ့ ပရိဗိုဇ်မတို့ ဝါဒစစ်ထိုးကြရာမှာ သူနိုင်ကိုယ်နိုင် မ,တပြန် ကျားတပြန် ပွဲကြီး ပွဲကောင်းပြိုင်ပြီး ဘယ်သူ့ဘယ်သူမှမနိုင်ဘဲ သရေပွဲဖြစ်သွားတဲ့အခါ ဝေသာလီပြည်သားတွေက သဘောကျလွန်းလို့ သူတို့အချင်းချင်း ထိမ်းမြား လက်ထပ်ပေးပြီး နေထိုင်စားသောက်စရာ အပြည့်အစုံနဲ့ကို ကိုးကွယ် ပူဇော်ထားကြပါသတဲ့။
သစ္စကပရိဗိုဇ်ဆိုတာ အဲဒီပရိဗိုဇ် ဇနီးမောင်နှံက ပေါက်ဖွားလာတဲ့ မွေးချင်းငါးယောက်ထဲက အစ်မလေးယောက်ရဲ့နောက်မှာ ဖွားမြောက်လာတဲ့ အငယ်ဆုံးသားပေါ့။ အလွန်ဉာဏ်ပညာ ထက်မြက်တဲ့အတွက် မိဖများဆီက သင်ယူရရှိထားတဲ့ ဝါဒပေါင်းတစ်ထောင်သာမက သာသနာပ ဝါဒပေါင်းများစွာ သင်ယူတတ်မြောက်ထားတာဖြစ်လို့ လိစ္ဆဝီမင်းသားငယ်တို့ရဲ့ မင်းဆရာဖြစ်နေသူပေါ့၊ ပညာတွေ အလွန်ပြည့်နေတဲ့အတွက် ဝမ်းဗိုက်ပေါက်ကွဲ ထွက်သွားမှာစိုးလို့ သံပြားနဲ့ ဝမ်းဗိုက်ကို ပတ်ထားရတယ်ဆိုတဲ့ ပုဂ္ဂိုလ်ကြီးပါပဲ။
သူ့ရဲ့ ဘာသာရေး ခံယူချက်ကတော့ “ရုပ်ဆိုတာလည်း သူ့အလိုကျအတိုင်း ဖြစ်စေနိုင်စွမ်းရှိတဲ့ အတ္တပဲ။ ခံစားတဲ့ ဝေဒနာဆိုတာလည်း အတ္တပဲ။ မှတ်သားတဲ့ သညာလည်း အတ္တပဲ။ ကြံစည်စိတ်ကူးတဲ့ သင်္ခါရလည်း အတ္တပဲ။ သိတဲ့ ဝိညာဏ်ဆိုတာလည်း အတ္တပဲ။ အတ္တဟာ အရာရာကို သူ့အလိုကျအတိုင်း ဖြစ်စေနိုင်တဲ့ အစွမ်းသတ္တိရှိတယ်။ မြဲလည်း မြဲတယ်” လို့ လက်ခံ စွဲယူထားတာပါ။
မြတ်စွာဘုရားက “သင်္ခါရမှန်သမျှဟာ မမြဲတဲ့ အနိစ္စ၊ အစိုးမရတဲ့ အနတ္တ” လို့ ဟောလေ့ရှိတယ်ဆိုတာ သိရတော့ “ဒီလောက် မကြားဝံ့ မနာသာ အယူမှားတွေကို ဟောကြားနေတဲ့ ဂေါတမဗုဒ္ဓကို ငါ့ဝါဒတွေနဲ့ ပြိုင်ဆိုင်လှုပ်ခါပြီး အနိုင်ယူပြမယ်”လို့ ကြုံးဝါးရင်း နောက်ပါ လိစ္ဆဝီမင်းသား ပရိသတ်တွေ အခြံအရံနဲ့ ဘုရားဆီသွားပြီး ဝါဒချင်းပြိုင်သတဲ့။
မြတ်စွာဘုရားနဲ့တွေ့တဲ့အခါ သစ္စကပရိဗိုဇ်က “မျိုးစေ့သစ်ပင် မှန်သမျှဟာလည်း မြေကြီးကို မှီပြီးမှ ရှင်သန်နိုင်သလို၊ သွားလာလှုပ်ရှား လုပ်ကိုင်နေသူ မှန်သမျှလည်း မြေကြီးကိုပဲ မှီနေရသလို လူတို့ရဲ့ ကောင်းမှု၊ မကောင်းမှု မှန်သမျှဟာလည်း အတ္တကိုသာ မှီပြီးတော့ ဖြစ်နေရတယ်၊ တိုင်းပြည်အုပ်ချုပ်တဲ့ မင်းတို့ဟာ တိုင်းသူပြည်သားတို့အပေါ်မှာ လိုအပ်သလို အမိန့်ပေးနိုင်တဲ့ အာဏာရှိသလို အတ္တဟာလည်း အရာရာကို လိုချင်သလို အမိန့်ပေးနိုင်တဲ့ အာဏာရှိတယ်”ဆိုတဲ့ သူ့ဝါဒကို အဆိုပြု တင်ပြပါတယ်။ မြတ်စွာဘုရားရှင်က “ဒီလိုဆိုရင် ရုပ်၊ ဝေဒနာ၊ သညာ၊ သင်္ခါရ၊ ဝိညာဏ်တို့ဟာ သူတို့ကို သူတို့ “ငါရဲ့ရုပ်ဟာ ဘယ်လို ဖြစ်စေရမယ်၊ ဘယ်လို မဖြစ်ရ၊ ဝေဒနာ၊ သညာ၊ သင်္ခါရ၊ ဝိညာဏ်တို့ဟာလည်း ဘယ်လိုသာ ဖြစ်စေရမယ်၊ ဘယ်လိုတော့ မဖြစ်စေရလို့ အမိန့်ပေးနိုင်ပါသလား”လို့ မေးလိုက်တဲ့အခါမှာတော့ သစ္စကပရိဗိုဇ် အဖြေရ ခက်သွား တယ်။
သူ့နောက်မှာလည်း လိစ္ဆဝီမင်းပရိသတ်က အများကြီးရှိနေတာဆိုတော့ တကယ်လို့ “ရုပ်အပေါ်မှာ အာဏာပေးလို့ရတယ်” လို့ ဖြေလိုက် ရင် နောက်ပါလိစ္ဆဝီမင်းတွေက “ဒီလိုဆိုရင် သင့်ရဲ့ရုပ်ကို နတ်သားလေးလို လှနေအောင် အာဏာနဲ့ အမိန့်ပေးပါလား၊ ဘာဖြစ်လို့ ခုလို ဗိုက်ပူရုပ်ဆိုးကြီးဖြစ်နေရတာလဲ”လို့ ဝိုင်းပြီးဟားကြတော့မှာ။ ဒီတော့ အဖြေခက် အနေကြပ်ကြီးဖြစ်ပြီး မဖြေဘဲ ပေကပ်နေတော့တယ်။
နှစ်ကြိမ်ကနေ သုံးကြိမ်မြောက်အထိ မြတ်စွာဘုရားက မေးလာတဲ့အခါမှာတော့ တစ်ကိုယ်လုံးတင်းကြပ်ပြီး ခေါင်းရှစ်စိတ်ကွဲတော့မတတ် ခံစား
လာရတဲ့အခါ မနေသာတော့ဘဲ အရာရာကို အမိန့်ပေးနိုင်တဲ့ အတ္တဆိုတာ မရှိပါကြောင်း ဝန်ခံလိုက်ရတယ်။ ပညာကို နှံ့စပ်အောင် မလေ့လာမဆည်းပူးခဲ့ဘဲ ကိုယ်သိသမျှလေးကိုသာ အဟုတ်ကြီးထင်မှတ်ခဲ့တဲ့ အတွက် မြတ်စွာဘုရားအပေါ်မှာ မောက်မာ ခက်ထန်တဲ့ စကားလုံးတွေနဲ့ သုံးနှုံးပြောဆိုခဲ့သမျှကိုလည်း တောင်းပန်သွားပါတယ်။
သစ္စကဟာ ကိုယ့်အထင်နဲ့ကိုယ် နိုင်မယ်ထင်လို့ ပြိုင်ခဲ့ပေမဲ့ မနိုင်တဲ့အခါမှာတော့ ရန်ငြိုးအာဃာတရယ်လို့ မထားဘဲ မြတ်စွာ ဘုရားရှင်ကို တောင်းပန်ပြီးတော့မှ မြတ်စွာဘုရားနဲ့ နောက်ပါသံဃာတော်များကို ဆွမ်းတစ်နပ် ကပ်လှူပါသေးတယ်။ မြတ်စွာဘုရားရှင်ကလည်း သစ္စကပရိဗိုဇ်ဟာ ဒီဘဝမှာတော့ မဂ်ဖိုလ်ကို မရနိုင်လောက်ပေမဲ့ အလေ့အထုံ ဝါသနာဘာဂီဖြစ်စေဖို့ ရည်ရွယ်ပြီး စူဠသစ္စကသုတ္တန်နဲ့ မဟာသစ္စကသုတ္တန်ဆိုတဲ့ ဒေသနာတော်ကြီးနှစ်ခုကို ဟောပြောပေးတော်မူပါတယ်။
ပြိုင်ပွဲရဲ့ထုံးစံအတိုင်း ယှဉ်ပြိုင်ကြပေမဲ့ “ရှုံးသူကိုလည်း အနစ်နာစေရ၊ နိုင်သူကလည်း မမောက်မာရ”ဆိုတဲ့ စံနမူနာကောင်းကို ပြလိုက်တဲ့ပွဲပါပဲ။ ရှုံးသူနိုင်သူ ကြည်ဖြူကြတဲ့ ဒီကောင်းမှုကြောင့်ပဲ သစ္စကပရိဗိုဇ်ဟာ အပါယ်ဒုဂ္ဂတိဘေးကလည်း ကင်းလွတ်သွားပါတယ်။ ဘုရားရှင် ပရိနိဗ္ဗာန်ပြုပြီးလို့ နှစ်ပေါင်း (၂၀ဝ)ကျော်တဲ့အချိန်မှာတော့ သီဟိုဠ်ကျွန်း(သီရိလင်္ကာ)မှာ မင်းရဲ့အပူဇော်ခံ “အရှင်ကာဠဗုဒ္ဓရက္ခိတ” ဆိုတဲ့ ပဋိသမ္ဘိဒါပတ္တ ရဟန္တာအရှင်မြတ်ကြီးဖြစ်တော်မူ သွားပါသတဲ့။
*** --- ***
မြတ်ဗုဒ္ဓနဲ့ ခေတ်ပြိုင်ဝါဒတွေထဲမှာ ပြင်းထန်တဲ့ ပြိုင်ဆိုင်မှုရှိသလောက် ထိပ်တိုက်ရင်ဆိုင်မှုရယ်လို့ သိပ်မရှိလှတဲ့ ပုဂ္ဂိုလ်ကတော့ ဂိုဏ်ဆရာကြီး ခြောက်ဦးထဲက မင်းရော ပြည်သူပါ အလေးစားဆုံးခံရတဲ့ “မဟာဝီရ” ခေါ် “ဂျိန(ဇိန)=ဂျိန်း” ဘာသာရေးခေါင်းဆောင်ကြီး “နိကဏ္ဌ”ပဲ ဖြစ်ပါတယ်။ သူ့ရဲ့ ဘာသာရေးကျမ်းစာများအလိုအရ နိဂဏ္ဌဟာလည်း သိဒ္ဓတ္ထ မင်းသားလို ရှင်ဘုရင်ရဲ့သားတစ်ဦးပဲ ဖြစ်တယ်လို့ ဆိုပါတယ်။
သူနဲ့ သူ့ရဲ့ဂိုဏ်းသားများဟာ ကမ္မဝါဒကို ပြင်းပြင်းထန်ထန် လက်ခံကျင့်သုံးတဲ့ ပုဂ္ဂိုလ်တွေဖြစ်လို့ ဗုဒ္ဓဝါဒနဲ့ အတိုက်အခံဂိုဏ်းလို့ မဆိုနိုင် ပါဘူး။
ပြင်းထန်တဲ့ အပြိုင်အဆိုင်ဂိုဏ်းလို့သာ ဆိုရမှာပါ။ “အပြိုင်အဆိုင်” ဆိုတဲ့နေရာမှာတောင် နိကဏ္ဌနဲ့ မြတ်ဗုဒ္ဓတို့ စိန်ခေါ်ပြိုင်ဆိုင် တာမျိုးတော့ မဟုတ်ပါဘူး၊ နိကဏ္ဌရဲ့ ပြင်းပြင်းထန်ထန် ခန္ဓာကိုယ်ကို ညှင်းပန်းကျင့်ကြံတဲ့ အတ္တကိလမထာနုယောဂ အကျင့်ကို သဘောကျသူ များက ဗုဒ္ဓရဲ့ မဇ္ဈိမပဋိပဒါ လမ်းစဉ်နဲ့ နှိုင်းယှဉ်ပြိုင်ဆိုင်ပြီး သုံးသပ်ကြလို့သာ အပြိုင်အဆိုင်လို့ ပြောရတာပါ။
ကမ္မဝါဒကို လက်ခံကျင့်သုံးတဲ့နေရာမှာတော့ နိဂဏ္ဌရဲ့အကျင့်က အတော့်ကို ကြံပေါက်ကြံစည် ကတ်သီးကတ်သပ် လည်းနိုင်၊ ပြင်းလည်းပြင်းထန်ပါတယ်။ ပါဏာတိပါကံ တစ်ခုရှောင်ဖို့လေးမှာတောင် ရေစိမ်းမှာ ပိုးမွှားပါလို့ ဒီအတိုင်းသောက်ရင် အပြစ်ရှိတယ်၊ ဒါကြောင့် ရေစိမ်းသောက်ခြင်းကို လုံးဝရှောင်တယ်။ သွားတဲ့ခြေလှမ်းအောက်မှာ ပိုးမွှားတွေ ကင်းအောင် ခြေလှမ်းတိုင်းမှာ တံမြက်စည်းလှဲပြီးမှ လှမ်းရတာတို့၊ မကောင်းမှုကို တားမြစ်ခြင်းဆိုတဲ့ ဓမ္မနဲ့သာ အမြဲထိတွေ့နေစေဖို့အတွက် အဝတ်အရုံ အထိအတွေ့ကိုပါ ရှောင်ကြဉ်တာတို့၊ တချို့က သာယာတဲ့ အထိအတွေ့မဖြစ်အောင် ဆူးပေါ်မှာသာ ထိုင်တာ အိပ်တာတို့လည်း ပါရဲ့။ ရသာရုံခံစားမှု ကင်းအောင် အစားတစ် လုတ် ရေတစ်မှုတ်သာ သုံးဆောင်တာအထိပါပဲ။
လူအများကတော့ ကိုယ်မလုပ်နိုင် မကျင့်နိုင်တာတွေကို ပင်ပင်ပန်းပန်း လုပ်ပြ၊ နေပြတာ၊ ခြိုးခြိုးခြံခြံ ကျင့်ကြံဒုက္ခခံပြတာတို့ကို အလွန်အထင်ကြီးကြတာဆိုတော့ ကျင့်ကြံနေထိုင်မှုအပိုင်းမှာ မြတ်စွာဘုရားနဲ့ တပည့်သားများထက် နိဂဏ္ဌတို့ကို ပိုပြီး အထင်ကြီးကြ သူတွေလည်း မရှားပါဘူး။ မလိုက်နာနိုင်ပေမဲ့ လေးစားကြည်ညိုသူ အတော်များပါတယ်။ တချို့ နိဂဏ္ဌတပည့်တွေကဆိုရင် ဘုရားရှင်နဲ့ တပည့်သားတွေအပေါ်မှာ အဝတ်ရုံတာ၊ အစာစားတာလောက်ကိုတောင် တဏှာရမ္မက်ကြီးသူတွေလို့ ထင်ကြတာလည်း ရှိတယ်။
အထင်ကြီးလေးစားကြပေမဲ့ ပြင်းထန်တဲ့ အကျင့်ကို လိုက်နာနိုင်သူက ရှားလာလို့ တပည့်ရင်းခံပြီး ကျင့်ကြံသူကတော့ တဖြည်းဖြည်း လုံးပါးပါးလာပါတယ်။ နိဂဏ္ဌရဲ့ အဆုံးအမဟာ အသိဉာဏ်သဘောတရားရယ်လို့ မပါဘဲ ခန္ဓာကိုယ်ကို ညှင်းပန်းတဲ့ အကျင့်မျိုးစုံ ကိုသာ ဟောညွှန်ထားတာဖြစ်လို့ သူ့ဝါဒကို ယုံကြည်သူအများစုဟာလည်း ဆင်ခြင်တုံတရားနည်းပါးကြတဲ့အတွက် အသိနည်းသလောက် အစွဲနာ အခွါခက်တွေဖြစ်ကြလို့ ခုအထိလည်း မျိုးဆက်တော့ဖြင့် မဆိတ်သုဉ်းသေးပါဘူး။
ဗုဒ္ဓဝါဒနဲ့ ခေါင်းခေါင်းပါးပါး အကျင့်ချင်း ပြိုင်သလို ဖြစ်နေလို့သာ အပြိုင်အဆိုင်လို့ ဆိုရပေမဲ့ ဗုဒ္ဓနဲ့နိဂဏ္ဌတို့ ထိပ်တိုက်ရင်ဆိုင်ယှဉ်ပြိုင် တာရယ်လို့တော့ ပိဋကတ်မှာ ကြီးကြီးမားမား မတွေ့မိပါဘူး။
မြတ်ဗုဒ္ဓပွင့်ပေါ်လာတဲ့အခါမှာ နိဂဏ္ဌရဲ့ဂိုဏ်းဟာ တဖြည်းဖြည်း အင်အားလျော့ပါးလာတာကတော့ အတော်လေး သိသာပါတယ်။ တချို့ ဆင်ခြင်တုံရှိကြတဲ့ သီဟစစ်သူကြီးတို့၊ ဥပါလိသူကြွယ်တို့လို ပုဂ္ဂိုလ်တွေက မြတ်ဗုဒ္ဓရဲ့ တပည့်သားအဖြစ် ခံယူသွားကြလို့ပါ။
ဒါပေမဲ့ မြတ်ဗုဒ္ဓကတော့ ဒီဒကာများကိုလည်း “ရှေးအစဉ်အလာမပျက် နိဂဏ္ဌတို့အပေါ်မှာလည်း လှူဒါန်းမှု၊ ထောက်ပံ့မှု မပျက်ကွက်ကြဖို့ တိုက်တွန်းထားပါတယ်။ တကယ်ကိုမှ လေးစားခင်မင်မှု မပျက်တဲ့ လွတ်လပ်စွာ သဘောထား ကွဲလွဲခွင့်ကို ပီပီပြင်ပြင် ကျင့်သုံးပြတဲ့ သဘောပါပဲ။ ဗုဒ္ဓဝါဒနဲ့ ယှဉ်လာတဲ့အခါ နိဂဏ္ဌတို့ရဲ့ဝါဒက သိသိသာသာကြီး လျော့နည်းသွားရခြင်းရဲ့ အဓိကအကြောင်းကတော့ နိဂဏ္ဌတို့ဟာ လောကသားတို့ အံ့ဩလေးစားလောက်အောင် အကျင့်နဲ့ အပင်ပန်းခံပြပေမဲ့ လောကသားတို့ရဲ့ လိုအပ်ချက်ကို ပြည့်ပြည့်စုံစုံ ဖြည့်ပေးတဲ့ “အပေးပြိုင်ပွဲ”မှာတော့ လုံးဝကို ယှဉ်လို့မရတဲ့အချက်က အဓိက ဖြစ်ပါလိမ့်မယ်။
မြတ်ဗုဒ္ဓနဲ့ ခေတ်ပြိုင် ဘာသာရေးနယ်ပယ်မှာ “အပြိုင်အဆိုင်”ဆိုတဲ့အဆင့်နဲ့ သတ်မှတ်လို့ရတဲ့ ပုဂ္ဂိုလ်နှစ်ဦးထဲမှာ သစ္စကပရိဗိုဇ်က “အပြော”နဲ့ လူတွေကို ဖမ်းစားဖို့ ကြိုးစားတယ်။ အပြောကို ငေးမောမိသူများအနေနဲ့ ပြောဆိုငြင်းခုံဖို့ကလွဲလို့ တကယ့်ဘဝမှာ ဘာမှသုံးမရတဲ့အတွက် ဒီဝါဒက လုံးဝဆိတ်သုဉ်းသွားတာပါပဲ။
နိဂဏ္ဌဆရာကြီးကတော့ “အပြ”နဲ့ လောကကို ဖမ်းစားဖို့ ကြိုးစားခဲ့သူပါ။ သူပြတဲ့အကျင့်များက ကံရဲ့အမွေဖြစ်တဲ့ မျက်စေ့၊ နား၊ နှာ၊ လျှာ၊ ကိုယ်၊ စိတ်တို့ကို လုံးဝချုပ်ချယ်ပြီး ကျင့်ကြံရတာဖြစ်လို့ လူဖြစ်ရှုံးရုံကလွဲပြီး ဘာအကျိုးမှမရတဲ့ အနေဆင်းရဲ အသေဆင်းရဲ “အပြ”ကြီး ဖြစ်နေတဲ့အတွက် တဖြည်းဖြည်းလုံးပါး ပါးသွားရတာပါပဲ။
မြတ်ဗုဒ္ဓရဲ့ လမ်းညွှန်ပြမှုများဟာလက်ငင်းလက်တွေ့ အကျိုးရစေပြီး လက်တွေ့စမ်းသပ်စစ်ဆေးခွင့်ကိုပါ ခွင့်ပြုဖိတ်ခေါ်ဝံ့ခဲ့တဲ့ ဝါဒဖြစ်တဲ့အတိုင်း ကံပေးအမွေဖြစ်တဲ့ မျက်စေ့၊ နား၊ နှာ၊ လျှာ၊ ကိုယ်၊ စိတ်တို့နဲ့ ပတ်သက်လို့လည်း “မကောင်းမှု ရှောင်၊ ကောင်းမှု ဆောင်၊ ဖြူအောင် စိတ်ကိုထား” ဆိုတဲ့အတိုင်း မကောင်းမှုဆိုတဲ့ အရှုပ်ကိုသာ ဖယ်စေပြီး ကောင်းမှုနဲ့ယှဉ်ပြီး အသုံးပြုခံစားတဲ့ လူ့အခွင့်အရေးကိုတော့ မချုပ်ချယ်တဲ့အတွက် “လောကရဲ့လိုအပ်ချက် ဓမ္မရဲ့ပြည့်စုံမှု” ဆိုတဲ့ လောကီချမ်းသာ လောကုတ္တရာချမ်းသာတို့ကို အပြည့်အဝ လက်တွေ့ကျကျ ပေးဆောင်နိုင်လို့ “အပေးပြိုင်ပွဲ”မှာ အတုမရှိ အောင်ပွဲဆင်ခဲ့တာဖြစ်တယ်။
“အပြောသမား”သက်သက်က တခဏနဲ့ကျဆုံး၊ အလုပ်မဖြစ်ဘဲ အထင်ကြီးစရာ သက်သက်ဖြစ်တဲ့ “အပြသမား”က လုံးပါးပါးပြီး အပြောရောအပြပါ လက်တွေ့ကျကျ လောကရဲ့လိုအပ်ချက်ကို ပေးနိုင်တဲ့ “အပေးသမား”က ရေရှည် အောင်ပွဲခံသွားရတယ်လို့သာ ဆိုရပါလိမ့်မယ်။
ခြုံငုံစဉ်းစား အသိပွားနိုင်ကြပါစေ ... ။
ဓမ္မဘေရီ အရှင်ဝီရိယ (တောင်စွန်း)၏စာပေ

Sunday, September 9, 2012

သဟမ္မတိဗြဟ္မာကြီးနှင့်ပဉ္စမသတ္တာဟက မြတ်ဗုဒ္ဓ

မြတ်ဗုဒ္ဓသည် သတ္တဋ္ဌာန တို့တွင် သီတင်းသုံးတော်မူပြီးနောက် ပဉ္စမသတ္တာဟ ဖြစ်တဲ့ အဇပါလညောင်ပင်ကြီးရှိရာသို့ ပြန်လည်ကြွတော်မူခဲ့၏။ ဆိတ်ငြိမ်ရာ အရပ်သို့ချဉ်းကပ်တော်မူ၏။ ထို့နောက် မြတ်ဗုဒ္ဓသည် ယခုကဲ့သို့ စိတ်အကြံဖြစ်လေသည်။ “ရာဂ/ဒေါသ/မောဟတွေ ထူပြောများပြားတဲ့ သတ္တ၀ါတွေကို တရားဟောပေမဲ့ အကျိုးရှိမှာမဟုတ်ပေဘူး၊ ငါဘုရား ပင်ပန်းရုံသာရှိမည်” ဟု အဓိပ္ပါယ်ထွက်သော စိတ်အကြံတော်..ဖြစ်လေ၏။
ဤစိတ်အကြံမှာ အံ့သြဖွယ်ပင်ဖြစ်သည်။ မြတ်ဗုဒ္ဓအလောင်းတော်သည် သုမေဓာဘ၀ကတည်းက.
  • ဗုဒ္ဓေါဗောဓေယျံ = ငါသစ္စာ (၄)ပါးသိသလို သတ္တ၀ါတို့ကိုလည်း သိစေရမည်
  • မုတ္တော မောစေယျံ = ငါကိလေသာမှ ကင်းလွတ်ပြီးလျင် သတ္တ၀ါတို့ကို ကင်းလွတ်စေရမည်
  • တိဏ္ဏော တာရေယျံ = ငါသံသရာမှာ ကူးမြောက်ပြီးလျင် သတ္တ၀ါတို့ကိုလည်း ကူးမြောက်စေရမည်..ဟူသော..
ရည်ရွယ်ချက်များကို ထားရှိခဲ့ပြီးသား ဖြစ်၏။ အခု မြတ်ဗုဒ္ဓ အဖြစ်ကိုရောက်ပြီးသကာလမှာတော့ တရားမဟောတော့မယ့် စိတ်အကြံဟာ ဖြစ်ခဲ့လေ၏။ မြတ်ဗုဒ္ဓ၏ စိတ်အကြံတော်ကို ဘေးကလူတို့က ကြည့်လျင် တကယ်ပဲ မြတ်ဗုဒ္ဓတရားမဟောတော့မည်ဟု အထင်မှားစရာဖြစ်၏။
အမှန်တော့ အခုလို စိတ်အကြံတော်ဖြစ်ခြင်းမှာ မြတ်စွာဘုရား နောင်ကို ဘယ်တော့မှာ တရား မဟောတော့ပါဘူးလို့ ဆင်ခြင်ခြင်းမဟုတ်ပါ။ လက်ရှိ အချိန် အတွက်သာ ဖြစ်ပါ၏။ လက်ရှိအချိန်မှာမှ မကျွတ်ထိုက်သော သတ္တ၀ါများအတွက်သာ ဖြစ်၏။
မြတ်ဗုဒ္ဓရရှိထား သိထားအပ်ပြီးသော တရားတို့သည် လွန်စွာ နက်နဲသိမ့်မွေ့၏။ ကျယ်ပြန့်၏။ ထင်ရာတွေ တွေးပြီး စိတ်ကူးထားတဲ့ တရားမျိုးမဟုတ်။ လောက၏ အရှိတရားနှင့် အမှန်တရားတို့ကို ပြည့်စုံစွာ သိအပ်ထားပြီးဖြစ်၏။ ထိုကဲသို့ နက်နဲ သိမ်မွေ့သော တရားတို့ကို သိအပ်မြင်နိုင်ဖို့အတွက် မြတ်ဗုဒ္ဓသည် အလောင်းတော်ဘ၀ကတည်းက လေးသင်္ချေ ကမ္ဘာ တစ်သိန်းကြာအောင် ပါရမီ/စာဂ/စရိယများကို ပြည့်စုံစွာ ဆည်းပူးခဲ့ရပါ၏။ လူသာမာန်တို့ လုပ်နိုင်ခဲတဲ့ မြတ်သောအလုပ်-ပါရမီဖြည့်ကျင့်ခြင်း ကို မြတ်ဗုဒ္ဓအလောင်းတော်က အချိန်ကြာအောင် မရပ်မနားဘဲ ဖြည့်ကျင့်ခဲ့ရသေး၏။ မြတ်ဗုဒ္ဓဖြစ်မည့် လက်ရှိဘ၀တွင်ပင် မည်သူ့ထံမှာမှ နည်းနာမခံယူဘဲ ကိုယ်တော်တိုင် ကြိုးစားကြိုးကုတ် အားထုတ်ပြီးမှ ဒုက္ခသစ္စာ၊ သမုဒယသစ္စာ၊ မဂ္ဂသစ္စာ၊ နိရောဓသစ္စာ ဟူသော သစ္စာလေးပါးတို့ကို ပိုင်းခြားထင်ထင် သိအပ်ခဲ့လေပြီ။ ထို့ကြောင့် ဆရာမကူ သယမ္ဘူ ဥာဏ်ဖြင့် သမ္မာသမ္ဗုဒ္ဓ အဖြစ်ကို ရအောင်ယူထားပြီး ဖြစ်ရာ၏။
ယခု ဘုရားဖြစ်ပြီးနောက် သတ္တ၀ါတွေဘက်ကို ရွှေဥာဏ်တော်ဖြင့် ဆင်ခြင်ကြည့်လိုက်တဲ့အခါ..
သတ္တ၀ါများသည် အ၀ိဇ္ဇာ ဖြင့် လွှမ်းမိုးနေကြ၏။ အ၀ိဇ္ဇာ၏ သတ္တိသည် ဖုံးခြင်းသဘောလည်း ရှိသည်။ ဖော်ခြင်းသဘောလည်းရှိသည်။ ဖုံးခြင်းဆိုသည် မှာ အမှန်ကို မမြင်နိုင်အောင်၊ အဓမ္မကို အဓမ္မမှန်းမသိအောင် ဖုံးကွယ်ထားခြင်းဖြစ်သည်။ ဖော်ခြင်းသဘောဆိုသည်မှာ မဟုတ်ကို အဟုတ်သဖွယ်ဖြစ်အောင် ဖော်ထုတ်ခြင်းဖြစ်၏။ [စာ-၆၆၊ ဦးရွှေအောင်၊ ဗုဒ္ဓသို့မဟုတ်အနှိုင်းမဲ့]
ထို့ကြောင့် သတ္တ၀ါတို့သည် ဘ၀ကို နိစ္စ၊ သုခ၊ အတ္တ၊ သုဘ ဟုမြင်ကြသည်။
မြတ်ဗုဒ္ဓက မည်သည့်ဘ၀ပင်ဖြစ်စေ အနိစ္စ၊ ဒုက္ခ၊ အနတ္တ၊ အသုဘ ဟု ဟောတော့မည်။
ထို့ကြောင့် မြတ်ဗုဒ္ဓ ဟောတော့မည့် တရားတော်မှာ သတ္တ၀ါအားလုံး မှတ်ထင်စွဲလမ်းတာနှင့် သိသာစွာ ဆန့်ကျင်နေ၏။ အ၀ိဇ္ဇာအမှောင်ဖြင့် ပိတ်ဆို့အပ်နေသော..တနည်းအားဖြင့် ကာမရာဂ၊ ဘ၀ရာဂ၊ ဒိဋ္ဌိရာဂ တို့၏ လွှမ်းမိုးခြင်းခံနေကြရသော သတ္တ၀ါတို့သည် မြတ်ဗုဒ္ဓဟောမည့် သိမ်မွေ့နက်နဲသော သစ္စာတရားတော်တို့ကို လွယ်လွယ်ဖြင့်တော့ မြင်နိုင်ကြမည်မဟုတ်ပေ။
တနည်းပြောရလျင် မြတ်ဗုဒ္ဓဟောမည့် တရားတော်တို့သည် အရှေ့ဘက်ကို လှည့်နေ၏။
သတ္တ၀ါတို့၏ လက်ရှိစိတ်နေစိတ်ထားက..အနောက်ဘက်ကို ချည်း လှည့်ထားကြပေ၏။..ထိုမျှလောက်ပင် ဆန်ကျင့်နေသည်။
မြင်သာအောင် လောကဥပမာဖြင့် ပြောရလျှင်..
မိဘ (၂)ပါးတို့သည် သားသမီးများ ကို ဆင်မြန်းပေးရန် အဖိုးတန်လှသော လက်ဝတ်တန်ဆာများကို ကြိုးစားရှာဖွေခဲ့၏။ တန်ဖိုးကြီးမားသော အဆင်တန်ဆာတွေကို ရပြီးတဲ့အခါ..သူတို့ သားသမီးများဘက်ကို ကြည့်ပြီး..ဤအဆင်တန်ဆာများသည် ငါတို့သမီးကြီး မဘုတ်ထိုင်းနှင့် တော်ပါ့မလား၊ ငါတို့သား မောင်ဘုတ်ထိုင်းနှင့် တော်ပါ့မလားဟု စဉ်းစားကြပေလိမ့်မည်။ သူတို့စဉ်းသားသင့်သလိုပဲ သားသမီးများကလည်း မိဘများဆင်ပေးမည့် တန်ဖိုးကြီးအဆင်တန်ဆာဘက်ကို မလှည့်ဘဲ အပျော်ကြီးပျော်နေကြလေသည်။
ထို့ကဲသို့ မိဘများစဉ်းစားသကဲ့သို့ပင် ယခုလည်းပဲ မြတ်ဗုဒ္ဓသည် သစ္စာလေးချက် ဓမ္မနက်ကို ဟုတ်တိုင်းမှန်စွာ သိအပ်ခဲ့လေပြီ။ အခု သတ္တ၀ါတို့ကို ထိုတရားတွေဟောမယ်လို့ ကြည့်လိုက်တော့ သတ္တ၀ါတို့က အာရုံငါးပါး ကာမဂုဏ်တောထဲ၌ မငြီးမငြူဘဲ အမွေ့လျော်ကြီး မွေ့လျော်နေကြပေသည်။
ခုတင်က ဥပမာလိုပင်..မိဘများက သူတို့သားသမီးများကို တန်ဖိုးကြီးတဲ့အဆင်တန်ဆာတွေ ဆင်ပေးချင်ပါဘိ..ဒါပေမယ့် သားသမီးများမှာတော့ ထိုအဆင်တန်ဆာတွေကို စိတ်မ၀င်စားဘဲ ကျောပေးပြီး ပျော်နေကြရှာသည်။ ထိုအခြေအနေမျိုးတွင် ဘယ်မိဘကမှ ရောဟယ့်ဆိုပြီး ချက်ချင်းကြီးတော့ မပေးပေ။ သင့်တော်ပါ့မလားတော့ စဉ်းစားရပေဦးမည်။
ထိုသို့ပင် မြတ်ဗုဒ္ဓသည် သတ္တ၀ါတို့ကို လောလောဆယ်အချိန်အတွက် တရားမဟောဖို့ စိတ်အကြံတည်ခြင်းမျှသာ ဖြစ်လေပြီ။
အ၀ိဇ္ဇာကြောင့် သင်္ခါရဖြစ်၊ သင်္ခါရကြောင့် ၀ိညာဏ်ဖြစ် ..စတဲ့ ပဋိစ္စသမုပ္ပါဒ်အကြောင်းအကျိုးစပ်တရားတို့သည် အမှန်ရှိ၏။ တဏှာကုန်ဆုံးရာ နိဗ္ဗာန်သည်လည်း အမှန်ရှိ၏။ ထိုနိဗ္ဗာန်ဟူသော သဘာဝဓမ္မသည် အလွန့်အလွန် သိမြင်ဖို့ရန် ခက်ခဲလှပေ၏။
အမှန်အားဖြင့် ဘ၀ကို ဒုက္ခသစ္စာဟု အမှန်အတိုင်းမြင်ပါမှ ဒုက္ခကိုဖြစ်စေတဲ့ သမုဒယသစ္စာကို ပယ်နိုင်အောင် ကြိုးစားပေမည်။ သမုဒယသစ္စာပယ်နိုင်ပါမှလည်း နိရောဓသစ္စာဖြစ်တဲ့ နိဗ္ဗာန်သို့ ဆိုက်ရောက်လေမည်။
ထိုသို့ ခန္ဓာချုပ်ငြိမ်း တဏှာချုပ်ငြိမ်းရာ နိဗ္ဗာန်သို့ ဆိုက်ရောက်နိုင်အောင် မြတ်ဗုဒ္ဓက သစ္စာ၌ အခြေခံသော ဓမ္မတို့ကို ဟောမည်ဟု သတ္တ၀ါပရိသတ်ဘက်ကို ကြည့်လိုက်တဲ့အခါ မကျွတ်ထိုက်မယ့် သတ္တ၀ါများ၊ ဥာဏ်မမှီသော သတ္တ၀ါများ ပါရမီမရှိကြသော သတ္တ၀ါများကို ရှေးဦးစွာ မြင်လေသည်။
ဒါလည်း အဆန်းရယ်တော့မဟုတ်ပေ။ ဥပမာ..
နှမ်းဖြူများမို့မောက်နေအောင် ထည့်ထားသော နှမ်းတင်းကြီးတစ်ခု ရှိမည်။ ထို နှမ်းဖြူတောင်းကြီးထဲတွင် နှမ်းအနက်လက်တဆုပ်စာမျှလောက်ကို နံ့အောင် မွှေ၍ရောထားမည်။ ခပ်လှမ်းလှမ်းမှ နေ၍ ထိုနှမ်းတောင်းကြီးကို ကြည့်မည်ဆိုလျှင် တောင်းကြီးထဲတွင် နှမ်း အဖြူများသာ ရှိမည်ထင်ပေတော့မည်။ အနက်က နည်းလွန်းလျှင် အနက်ကို နောက်မှသာ မြင်ပေလိမ့်မည်။ အဖြူက များလွန်းလျှင် အဖြူကို ဦးစွာမြင်ပေလိမ့်မည်။
ယခုလည်း မြတ်ဗုဒ္ဓ သည် ရွှေဥာဏ်တော်နှင့် ကြည့်လိုက်သောအခါ မကျွတ်ထိုက်သောသတ္တ၀ါများ သိသာစွာ ပထမဆုံး ဥာဏ်ဝမှာ လာထင်လေသည်။ ဒီလို မကျွတ်ထိုက်သောသူတွေကို သစ္စာတရားများ ဟောနေလို့က..ငါဘုရားမှာ ပင်ပန်းနွမ်းနယ်ရုံသာပဲဟု စိတ်ကြံရုံမျှသာ ဖြစ်၏။
ထို့ကြောင့် ..ထိုစိတ်အကြံတော်သည် မကျွတ်ထိုက်သော သတ္တ၀ါများအတွက်သာ ဖြစ်ပေ၏။
တနည်းအားဖြင့်..မြတ်ဗုဒ္ဓတို့ တရားဦးစတင်ဖို့ရန်အတွက် အချီနိဒါန်း (၂)ရပ် လိုအပ်ပေ၏။ ဤနိဒါန်းသည်တို့မှာ..
  1. ကိုယ်တော်မြတ်ရဲ့ သန္တန်၌ အထင်အရှားဖြစ်တည်သော မဟာကရုဏာတော် နှင့်
  2. လောကသမ္မတ ဗြဟ္မာကြီးက..တောင်းဆိုမှု..တို့ဖြစ်၏။
ယခု အချိန်တွင် ကိုယ်တော်မြတ်၏ သန္တာန်၌ မဟာကရုဏာတော်မှာ အထင်အရှား တည်နေလေပြီ။ သို့ပေမယ့် လောကသမ္မတ ဗြဟ္မာကြီး၏ တောင်းဆိုမှု မဖြစ်သေးသောကြောင့်..နိဒါန်း (၂)ရပ်လုံးမှာ မစုံသေးပေ။ မကြာမီတွင် စုံချေတော့မည်။
မြတ်ဗုဒ္ဓတို့သည် တရားဟောဖို့ရန်အတွက် သဗ္ဗညုတရွှေဥာဏ်တော်ကြီးကို ရယူခဲ့ရခြင်းဖြစ်ပေသည်။ ထို့ကြောင့် တရားဟောချင် စိတ်အပြည့်ရှိပေသည်။ ဟုန်ဟုန်က ပုဏ္ဏား ဘာမသိညာမသိနှင့် မေးခွန်းလာမေးစဉ်ကဆိုလျင် မြတ်ဗုဒ္ဓက အချိန်မကျသေးပါဘဲ နိဒါန်းမစုံသေးပါဘဲ ရတဲ့နည်း ဖြစ်နိုင်တဲ့နည်းနဲ့ ဥဒါန်းမှတဆင့် တရားဟောခဲ့သေး၏။
မြတ်ဗုဒ္ဓသည် အကျိုး ရှိ-မရှိကို သိရာ၌လည်း အနှိုင်းမဲ့ ဖြစ်၏။ သို့ဖြစ်၍ လုပ်ငန်းနှင့်အချိန်ကို အပိုအလိုမရှိဘဲ ကွက်တိဝင်အောင် အသုံးချတော်မူနိုင်ခြင်း ဖြစ်ပေသည်။ [စာ-၇၅-ဦးရွှေအောင်၊ ဗုဒ္ဓသို့မဟုတ်အနှိုင်းမဲ့]
ထိုသို့ အသုံးချတော်မူနိုင်ခြင်းကြောင့်လည်း ဟုန်ဟုန်က ပုဏ္ဏားနှင့်တွေ့ခဲ့စဉ်ကလည်း တရားမဟောသေး…ယခုလည်းပဲ နိဒါန်းမစုံလင်သေးသည့်အတွက် လောလောဆယ်အတွက် တရားမဟောရန် စိတ်အကြံတည်ခြင်းမျှဖြစ်၏။
မြတ်ဗုဒ္ဓ၏ စိတ်အကြံတော်ကို သဟမ္ပတိဗြဟ္မာကြီးက သိသောအခါ..တကယ်ပဲ တရားမဟောတော့ဘူးလားဟု အလွန်ပင်စိုးရိမ်တကြီး ဖြစ်ခဲ့လေသည်။ အမှန်မှာတော့ မြတ်ဗုဒ္ဓသည် ယခုလောလောဆယ်အချိန်အတွက်.. အချိန်မကျသေး၍ နိဒါန်းမစုံလင်ပါသေး၍ တရားမဟောဖို့ရန် စိတ်တော်ညွတ်ခြင်းဖြစ်ပေ၏။ သဟမ္ပတိဗြဟ္မာကြီးသည်လည်း ဘေးကကြည့်သူပင် ဖြစ်လင့်ကစား စိုးရိမ်သွားရုံမျှပင်ဖြစ်၏။ ထို့နောက် အခြားသော နတ်ဗြဟ္မာများကြားအောင်.. “လောကကြီး တခုလုံး အဖတ်ဆယ်မရအောင် ပျက်စီးတော့မည်” ဟု အော်ဟစ် ကြွေးကြော်လေ၏။ နတ်ဗြဟ္မာများ ခြံရံလျက် သဟမ္ပတိဗြဟ္မာကြီးလည်း မြတ်ဗုဒ္ဓ ရှိရာသို့ ရောက်လာလေသည်။ ထို့နောက်.. ဗြဟ္မာကြီးက..
“သုဂတဂုဏ်တော်ကြီးနှင့် ချီးကျူးအပ်ပါပေသော မြတ်စွာဘုရား..သစ္စာလေးချက် ဓမ္မနက်ကို ဟောကြားတော်မူပါ။ မြတ်စွာဘုရား၏ တရားကို မနာကြားရလျင် သတ္တ၀ါများ နိဗ္ဗာန်နှင့် ဝေးပေလိမ့်မည်။ ဥာဏ်ထက်သောပုဂ္ဂိုလ် ကိလေသာ နည်းသော ပုဂ္ဂိုလ်တို့လည်း ရှိကြပါလိမ့်မည်။ ယခု ကမ္ဘာလောကြီးတခုလုံးမှာ ဆူးခက်တွေ ခင်းထားသလို ဖြစ်နေပါ၏။ ထိုဆူးခက်များမှာ တိတ္ထိဆရာကြီးများ ဖန်တီးထားသော ကြံမိကြံရာ အယူဝါဒများပင် ဖြစ်ပါ၏။ ထို့ကြောင့် နိဗ္ဗာန်ရဲ့တံခါးဖြစ်တဲ့ မဂ္ဂင်ကို ဒေသနာဥာဏ်လက်တော်ဖြင့် ဖွင့်လှစ်ပေးတော်မူပါ” ဟု..
အဓိပ္ပါယ်ရသော တောင်းဆိုမှုကို ပြုလေ၏။
ဗြဟ္မာကြီးက..တောင်းဆိုမှုကို သုံးကြိမ် လျောက်တင်ခဲ့၏။..
အခုတော့ လိုအပ်သော နိဒါန်း (၂)ရပ်လုံးစုံချေပြီ။ ရှေးက.. လိုအပ်ချက် နိဒါန်းများ မစုံလင်သေးသောကြောင့် သစ္စာတရားမဟောခဲ့ခြင်းဖြစ်ပေသည်။ နိဒါန်းမစုံ အချိန်မကျသေးဘဲ သစ္စာတရားဟောပါကလည်း သတ္တ၀ါတို့က နားမလည်ဘဲ မြတ်ဗုဒ္ဓအဖို့ ပင်ပန်းကြီးရုံသာ ဖြစ်ပေမည်။ မြတ်ဗုဒ္ဓသည် အခြေအနေနှင့် အချိန်အခါကို တွက်ချက် နှိုင်းချင့်တော်မူရာ၌လည်း အတော်ဆုံးဖြစ်ပေ၏။ ကွက်တိအကျဆုံးဖြစ်ပေ၏။
ယခုတဖန် မြတ်ဗုဒ္ဓသည် ရွှေဥာဏ်တော်ကြီးဖြင့် လောကကို ကြည့်လေပြီ။..ထိုရွှေဥာဏ်ကြီးမှာ သဗ္ဗညုတဥာဏ်တော်ကြီး ပင်ဖြစ်၏။ ထိုဥာဏ်တော်သည် သတ္တ၀ါအားလုံး၏ ဣနြေ္ဒ အနုအရင့် စရိုက် စသည်တို့ကို ကွဲကွဲပြားပြား မြင်နိုင်စွမ်းပေ၏။ ထို့သို့ ကြည့်သောအခါ..ဥာဏ်မျက်စိတွင် ကိလေသာ မြူမှုန် နည်းသော သတ္တ၀ါတွေ၊ များသော သတ္တ၀ါတို့ကို ဗုဒ္ဓ၏ ဥာဏ်စက္ခု၌ သန့်လျက် ကန့်လျက် ထင်ထင်ရှားရှား မြင်တော်မူလေသည်။
ဥာဏ်မျက်စိ၌ ကိလေသာ မြူမှုန့် နည်းသော သူတို့ကို ကျွတ်ထိုက်သော သူများဟု ခေါ်၏။
ဥာဏ်မျက်စိ၌ ကိလေသာ မြူမှုန့် များသော သူတို့ကို မကျွတ်ထိုက်သော သူများဟု ခေါ်၏။

မြတ်ဗုဒ္ဓ၏ ရွှေဥာဏ်တော်ကြီးဖြင့် မြင်တော်မူပုံကို မြင်သာအောင် ဥပမာဖြင့် ဖော်ပြရလျင်..
ကမ်းပါးပေါ်မှရပ်ကြည့်နေသောလူတစ်ဦးသည်..
ရေပြင်ထက်၌ ပေါ်သော အချို့သော ကြာအဖူးအငုံများကိုလည်း မြင်ပေမည်။
ရေပြင်နှင့်အညီ ရှိနေကြသော ကြာအဖူးအငုံများကိုလည်း မြင်ပေမည်။
ကြည်လင်သော ရေပြင်အောက်၌ပင် ရှိနေကြသေးသော ကြာတို့ကိုလည်း မြင်ပေလိမ့်မည်။
ရေပြင်ထက်၌ ပေါ်သော ကြာအဖူအငုံများသည် နေထွက်လျင်ပင် ပွင့်အာတော့ပေမည်။..ထို့ကြောင့် ထိုကြာတို့သည်..တရားအကျဉ်းဟောလိုက်ရုံဖြင့် သစ္စာလေးတန်သိ အရိယာပုဂ္ဂိုလ်များဖြစ်မည့် သူတို့နှင့် တူပေမည်။
ရေပြင်နှင့်အညီတည်နေသော ကြာတို့သည်..တရားအကျယ်ဟောပါမှ သိအပ်မြင်အပ်မည့် ပုဂ္ဂိုလ်များနှင့် တူပေမည်။
ရေပြင်အောက်မှ ကြာများကတော့ လှပစွာ ပွင့်ဖို့ရန်အတွက် အချိန်စောင့်ရပေမည်။ နောက်ရက်များမှ ပွင့်နိုင်မည့် ကြာမျိုးပင်ဖြစ်သည်။ တရားတော်ကို ထပ်တလဲလဲ နာ..ကိုယ်တိုင်လည်း ပွားများမှ သိအပ်မြင်အပ်မည့် ပုဂ္ဂိုလ်များနှင့် တူပေမည်။…

မြတ်ဗုဒ္ဓသည် ထိုကြာသုံးမျိုးနှင့် တူပေသော ပုဂ္ဂိုလ်သုံးမျိုးတို့ကို ထင်ရှားစွာ မြင်လေပြီ။ ထို့သို့ မြင်လေပြီးနောက်..
“ရှေးက သာသနာကွယ်ပြီးနောက် ယခုထက်တိုင် ထုပ်ထား နှောင်ထားသော ရတနာထုပ်နှင့်တူသော သဒ္ဓါထုပ်တွေကို အကင်းပါး ဥာဏ်ရှိသူတို့ ဖြည်ထားကြပါကုန်လော့
ငါဘုရားကား နိဗ္ဗာန်၏ တံခါးသဖွယ်ဖြစ်သော မဂ္ဂင် (၈)ပါးတံခါးကို ပိတ်၍မထားဘဲ အမြဲပင် ဖွင့်လျက်ထား၏”
ထိုသို့ အဓိပ္ပါယ်ထွက်သော စကားတော်ကို မိန့်တော်မူလေသည်။
အဓိပ္ပါယ်မှာ လေးနက်ပေ၏။ သဒ္ဓါတရားသည် လွန်စွာအရေးကြီးပေသည်။ ပထမဆုံးအနေဖြင့်ပင် အရေးပါ၏။ မြတ်ဗုဒ္ဓ၏ တရားတော်ကို သိမြင်အပ်ဖို့ရန်အတွက်…
  • ယုံကြည်မှု သဒ္ဓါသည် ရှေးဦးစွာ လိုအပ်၏
  • ယုံကြည်မှု သဒ္ဓါရှိမှ ဆည်းကပ်လိမ့်မည်။
  • ဆည်းကပ်ပါမှလည်း တရားဆိုတာကို နာရကောင်းမှန်း အောက်မေ့ကြပေလိမ့်မည်။
  • တရားတော်ကို နာကြားပါမှလည်း ယထာဘူတ အမှန်အတိုင်း ဆင်ခြင်သုံးသပ်ပေလိမ့်မည်။
  • အမှန်အတိုင်း ဆင်ခြင်သုံးသပ်နိုင်ပါမှလည်း မြတ်ဗုဒ္ဓဟောသော တရားတော်တို့ကို သိအပ်မြင်အပ်ပေမည်။
သဒ္ဓါဆိုသည်မှာလည်း Religion ဆန်ဆန် အကန်းယုံကြည်မှု (belief) မျိုးမဟုတ်ပေ။ လူနာတစ်ဦးသည် ကျွမ်းကျင်တတ်မြောက်သော ဆရာဝန်ကြီး၌ ထားရှိအပ်သော (သို့မဟုတ်ပါက) တပည့်တစ်ဦးက မြတ်သောဆရာပေါ်၌ထားရှိအပ်သော ယုံကြည်မှုမျိုး (confidence) ပင်ဖြစ်ပေသည်။ ထို့ကြောင့် သဒ္ဓါကို ဘာသာပြန်ရာ၌လည်း.. belief အစား confidence ဟု ဘာသာပြန်မှ သင့်လျော်ပေမည်။ [p-7, Ven. Narada, Buddhism in Nutshell]
မြတ်ဗုဒ္ဓ၏ အထက်ပါ မိန့်တော်မူချက်ကို သဟမ္ပတိဗြဟ္မာကြီး ကြားသောအခါ..မြတ်ဗုဒ္ဓ တရားဦးဟောရန် ခွင့်ပြုလိုက်ပြီဟု..သတ်မှတ်ပြီး..လက်ယာရစ် မြတ်ဗုဒ္ဓအား ရှိခိုးကန်တော့ပြီးနောက်…ဗြဟ္မာပြည်သို့ ပြန်ကြွသွားလေတော့သည်။

ဓမ္မစကြာတရားတော် အပိုင်း ၂/၃- မင်းကွန်းဆရာတော်ဘုရားကြီး

Thursday, September 6, 2012

ထေရ၀ါဒဗုဒ္ဓဘာသာဆိုတာ (၅)

သာသနာပြုကြစို့

စာဖတ်သူသည် ထေရ၀ါဒ ဗုဒ္ဓဘာသာဝင် စစ်စစ်ဖြစ်လိုပါက ဖော်ပြပါ ထေရ၀ါဒ၏ သွန်သင် ညွှန်ပြချက်များကို ကိုယ်တိုင် လက်ခံ ကျင့်သုံးလိုက်နာပြီး အခြားထေရ၀ါဒ ဗုဒ္ဓဘာသာဝင် များကိုလည်း လက်ခံ ကျင့်သုံး လိုက်နာစေရန် ကြိုးပမ်း အားထုတ် သာသနာပြု သင့်ပါကြောင်း တိုက်တွန်းလိုက် ရပါသည်။

  • (၁) ထေရ၀ါဒသည် အရှင်မဟာကဿပ အစရှိသော ပထမ သင်္ဂါယနာတင် ထေရ် အရှင်များမှ ဆဋ္ဌသင်္ဂါယနာတင် ထေရ်အရှင်များအထိ မထေရ် အဆက်ဆက်တို့ လက်ခံကျင့်သုံးလာသော ၀ါဒဖြစ်သည်။
  • (၂) ထေရ၀ါဒသည် ထွက်ရပ်ပေါက်၊ သိဒ္ဓိပေါက်၊ တန်ခိုးရှင် ဖန်ဆင်းရှင်၊ အင်းအိုင် ဓားလှံလက်ဖွဲ့၊ ဓာတ်ရိုက် ဓာတ်ဆင်၊ ဆေးဝါး၊ ယတြာ၊ ဂါထာမန္တာန်များဖြင့် အခြေပြုသော တန္တရမန္တရ၀ါဒ တို့ကို အားမပေး။
  • (၃) ထေရ၀ါဒသည် သတ္တ၀ါတိုင်း မိမိတို့ ရရှိခံစားသော ကောင်းကျိုး ဆိုးပြစ်များကို မိမိတို့ကိုယ်တိုင် ပြုလုပ်သော ကံတရားများ၏ စီမံမှု အကျိုးရလဒ် များရရှိရန် ဘုရားရှင် က ပြုလုပ်ပေးခြင်း၊ တာဝန်ယူခြင်း မရှိဘဲ ကောင်းကျိုး ရရှိနိုင်စေရန် နှင့် နောက်ဆုံး ဒုက္ခခပ်သိမ်း အေးငြိမ်းရာ အထိ ချမ်းသာသုခ ရရှိရန် နည်းပေးလမ်းပြသာ ပြုပေးသည်။
  • (၄) ထေရ၀ါဒသည် ရုပ်နာမ်နှင့် ခန္ဓာတို့၏ ကြောင်းကျိုးဖြစ်စဉ်ကို ဖော်ပြသော ခေတ်အဆက်ဆက် အမြဲ မှန်ကန် တိကျသော အဘိဓမ္မာ တရားတော်ဖြင့် ရပ်တည်သည်။
  • (၅) ထေရ၀ါဒသည် သြကာသ လောကဖြစ်သော ၃၁ ဘုံတည်ရှိသည်ကို ဖော်ထုတ်ပြီး ထို ၃၁ ဘုံ၌ ဖြစ်ရန် အကြောင်းတရားများ၊ ၃၁ ဘုံမှ လွတ်မြောက်ရန် နည်းလမ်းများ ကို ညွှန်ပြသည်။
  • (၆) ထေရ၀ါဒသည် ၀ိပဿနာ၏ အခြေခံဖြစ်သော သမထလမ်းစဉ်နှင့် လောကမှ လွတ်မြောက်ရေး ၀ိပဿနာ လမ်းစဉ်တို့ကို အခိုင်အမာ ချမှတ်၍ ဝေနေယျ သတ္တ၀ါတို့အား ဘ၀သံသရာ မှ လွတ်မြောက်ရေး ဦးတည်သည်။
  • (၇) ထေရ၀ါဒသည် ဓာတ်တော် မွေတော်၊ စေတီပုထိုး၊ ရုပ်ပွားဆင်းတု တော်များကို ဗုဒ္ဓဘုရားရှင်၏ ကျေးဇူးတော် ဂုဏ်တော်တို့ကို အာရုံပြု၍ ကိုးကွယ်ဆည်းကပ်ရာ အဖြစ် ခွင့်ပြုသည်။
  • (၈) ထေရ၀ါဒသည် ဂင်္ဂါဝါဠု သဲစုမက ဘုရားရှင်များ ပွင့်ထွန်း ပေါ်ပေါက်ခဲ့ကြောင်း ဟောကြား၍ သတ္တ၀ါတိုင်း မိမိတို့ ကိုယ်တိုင် ဘုရားအဖြစ် ရောက်အောင် ကြိုးပမ်းအားထုတ်ခွင့် ရှိကြောင်း ဘုရား ဖြစ်နိုင်ကြောင်း အခွင့်အရေးပေးသည်။
ထေရ၀ါဒဗုဒ္ဓဘာသာ (၁)
ထေရ၀ါဒဗုဒ္ဓဘာသာ (၂)
ထေရ၀ါဒဗုဒ္ဓဘာသာ (၃)
ထေရ၀ါဒဗုဒ္ဓဘာသာ (၄)

( ဓမ္မ၀ီရဂျာနယ်၊ အတွဲ(၁၃)၊ အမှတ်(၅)၊ ပထမကျော် ဦးစံသင်းလှိုင် ၏ ထေရ၀ါဒ ဗုဒ္ဓဘာသာစစ်စစ်၊ ၂၁-၁၀-၂၀၀၈ )

Tuesday, September 4, 2012

ထေရ၀ါဒဗုဒ္ဓဘာသာ ဆိုတာ(၄)

ပဋ္ဌာန်း(၂၄)ပစ္စည်း အဓိပ္ပာယ် ဖွင့်ဆိုချက်သည် ပြီးခဲ့သည့် အခမ်းအနား တစ်ခု၏ ဖိတ်စာနောက်ကျောတွင် ဖော်ပြထားချက်မှ ထုတ်နုတ်ချက် ဖြစ်ပါသည်။ အဆိုပါ အဓိပ္ပာယ် ဖွင့်ဆိုချက်များသည် ဖော်ပြပါ ပဋ္ဌာန်းပစ္စည်းများက ထိုအဓိပ္ပာယ်များကို မပြဆိုနိုင်သဖြင့် လုံးဝ မှားယွင်းများသာ ဖြစ်ပါသည်။ ယင်းမှားယွင်းမှုသည် ထေရ၀ါဒ ဗုဒ္ဓဘာသာဝင်၏ အထွတ်အထိပ် ပဋ္ဌာန်း တရားတော်ကြီးကို စော်ကားရာ ရောက်သည့်အပြင် ဘာသာရေး သရော်မှုအဖြစ် မှတ်ယူသွား နိုင်ပါသည်။ အဓမ္မကို ဓမ္မအဖြစ် ဖန်တီးထားသဖြင့် ကြီးလေးသော ဘာသာရေးပြစ်မှုကို ကျူးလွန်ရာ ရောက်ပါသည်။ ထိုအဓိပ္ပာယ်များကို အမှန်ဟု လက်ခံထားသူများ ရှိပါက ၄င်းတို့၏ ဘာသာရေး အသိအမြင်ကို အမှားနယ်သို့ ပို့ဆောင်ပေးရာ ရောက်ပြီး အဆင့်ဆင့် အမှားသံသရာလည်ကာ ထေရ၀ါဒ ဗုဒ္ဓဘာသာ အစစ်အမှန်ကို ညစ်နွမ်း မှေးမှိန် ပျောက်ကွယ် စေနိုင်သဖြင့် အထူး သတိမူ အပ်ပါသည်။ မကျူးလွန်မိအောင် ရှောင်ရှားသင့်သည့် အမှားများ ဖြစ်ပါသည်။

လူသေလျှင် အိမ်မှာ (၇)ရက် နေသည်ဟူသော ယူဆချက်ကား ဗုဒ္ဓဘာသာဝင် (၉၀)ရာခိုင်နှုန်းက လက်ခံထားသော ယူဆချက်ဖြစ်သည် ဆိုလျှင် မှားအံ့မထင်၊ ဗုဒ္ဓဘာသာဝင် (၉၀)ရာခိုင်နှုန်း တို့သည်လည်း ဗုဒ္ဓဘာသာတရားတော်၏ အဆုံးအမ၊ အနှစ်သာရကို နားမလည် ကြသူများ ဖြစ်ကြသည် ဆိုလျှင်လည်း လွန်အံ့မယ်မထင်ပါ။ လူသေလျှင် (၀ါ) သတ္တ၀ါသေလျှင် သောတာပန် (အရိယာ) အဆင့် မရောက်သေးသော ဘ၀အပြည့်ရှိသူ ဖြစ်ပါက ဒေ၀ (နတ်ဗြဟ္မာ) ဘ၀၊ မနုဿ (လူ) ဘ၀၊ နိရယ (ငရဲ) ဘ၀၊ ပေတ (ပြိတ္တာသရဲ တစ္ဆေ) ဘ၀၊ တိရစ္ဆာန (တိရစ္ဆာန်)ဘ၀ ဟူသော ဘ၀(၅)မျိုးတွင် တစ်မျိုးမျိုးသို့ သေပြီးချက်ချင်း နာရီ မိနစ် စက္ကန့် မခြား ရောက်ရှိသွားပါသည်။ ပေတ (ပြိတ္တာ သရဲတစ္ဆေ) ဖြစ်ပါမူ အိမ်နှင့် အိမ်ဝန်းကျင်တွင် ကျင်လည်နိုင်ပါသည်။ သို့သော် (၇)ရက် ဖြစ်ချင်ဖြစ်မည်။ တစ်လ ဖြစ်ချင် ဖြစ်မည်။ တစ်မိနစ်လည်း ဖြစ်ချင်ဖြစ်မည်။ ဤသည်မှာ ထေရ၀ါဒ ဗုဒ္ဓတရားတော်၏ သွန်သင် ညွှန်ပြချက် ဖြစ်ပါသည်။ အကယ်၍

လူသေတိုင်း အိမ်မှာ (၇)ရက်နေသည် ဟုယူဆလျှင် လူသေတိုင်း ပေတ (ပြိတ္တာ သရဲတစ္ဆေ) ဖြစ်သည်ဟု လက်ခံရာ ရောက်ပါသည်။ ထိုသို့ လက်ခံလျှင် ထေရ၀ါဒ ဗုဒ္ဓဘာသာတရားတော်နှင့် ဖြောင့်ဖြောင့် ဆန့်ကျင်သဖြင့် ဗုဒ္ဓဘာသာဝင် အစစ်မဟုတ်ပါ။ (၀ါ) ထေရ၀ါဒ ဗုဒ္ဓဘာသာ စစ်စစ် မဖြစ်နိုင်ပါ။

( ဓမ္မ၀ီရဂျာနယ်၊ အတွဲ(၁၃)၊ အမှတ်(၅)၊ ပထမကျော် ဦးစံသင်းလှိုင် ၏ ထေရ၀ါဒ ဗုဒ္ဓဘာသာစစ်စစ်၊ ၂၁-၁၀-၂၀၀၈ )
( ဆက်လက်ရေးသား ဖော်ပြပါမည်။ )

Monday, September 3, 2012

ထေရ၀ါဒဗုဒ္ဓဘာသာဆိုတာ (၃)

အနေကဇာ တင်ခြင်းဆိုသည်မှာ ဆရာတော် သံဃာတော်များက မိမိတို့ ကိုးကွယ်မည့် ရုပ်ပွားဆင်းတု စေတီပုထိုးများကို ဗုဒ္ဓတရားတော် များမှ အမွန်အစ အထွတ်အမြတ် တရားတော် အချို့ကို ထုတ်နုတ် ရွတ်ဆိုပူဇော်ကြခြင်း ဖြစ်ပါသည်။ ဘယ်နေ့ ဘယ်ရက်က စတင်ကိုးကွယ်သည်ဟု အသိအမှတ်ပြု မှတ်တမ်းသဘော ဘာသာရေး အထိမ်းအမှတ် အခမ်အနား တစ်ခု အဖြစ် ဆောင်ရါက် ကြခြင်းသာ ဖြစ်ပါသည်။ ဆရာတော် သံဃာတော်များက ရွတ်ဆို ပေးလိုက်သည့်အတွက် ဘုရား ဖြစ်သွားသည်။ သိဒ္ဓိ တက်သွားသည်ဟု မယူဆသင့်ပါ။ ထိုသို့ ယူဆပါက ဘုရားအောက် နိမ့်ကျသော သံဃာတော်များက ဘုရားကို မြှင့်တင်ပေးသည်၊ ဘုရား ဖြစ်အောင် ဆောင်ရွက်ပေးသည်ဟု အဓိပ္ပာယ် ရသဖြင့် ယုတ္တိရှိမည် မဟုတ်ပါ။ အသက်သွင်းသည်ဟု ယူဆလျှင်ကား ထေရ၀ါဒ ဗုဒ္ဓတရားတော် အရ တကယ်မရှိသော အသက်၊ အတ္တ၊ လိပ်ပြာ၊ ၀ိညာဉ် ကောင်ကို လက်ခံသဖြင့် အလွန်အဆင့်နိမ့်သော ဘာသာဝင် တစ်ယောက်၊ မိစ္ဆာဒိဋ္ဌိနယ်သို့ ချင်းနင်း ၀င်ရောက်သူ တစ်ယောက်အဖြစ် ကျရောက်သွား ပေလိမ့်မည်။ အနေကဇာတင် ကိစ္စတွင် စွမ်းနိုင်လျှင် လူပုဂ္ဂိုလ်မျးပင် ရွတ်ဆို ပူဇော်နိုင်ကြပါသည်။ ဆရာတော် သံဃာတော်များအား ပင့်ဖိတ် ဆောင်ရွက်ခြင်း အားဖြင့် ဒါနမှု၊ သီလမှု၊ ဘာဝနာမှု၊ ဗုဒ္ဓပူဇာ၊ ဓမ္မပူဇာ၊ သံဃပူဇာ စုံအောင် ပြုလုပ်နိုင်သဖြင့် ပို၍ အကျိုးကြီးနိုင်ကြောင်း လက်ခံကြရပါမည်။

ကျောက်ဆင်းတုကို အိမ်မှာ ကိုးကွယ်လျှင် ထိခိုက်တတ်သည် ဟူသော ယူဆချက်မှာ ဗုဒ္ဓဘာသာ ၀င်တို့၏ ဘာသာရေး ကိုးကွယ်မှု အပေါ် ယုန်ထင် ကြောင်ထင်ဖြစ်အောင် ဘာသာရေး တစ်ပိုင်း ကြောင်ပုဂ္ဂိုလ်တို့၏ တတ်ရောက်ကား ဆရာကြီး လုပ်ရာမှ ပေါ်ပေါက်လာသော အယူအဆ ဖြစ်ပါသည်။ ကိုးကွယ်မှုသည် ကောင်းကျိုးရသည့် လုပ်ငန်းဖြစ်ရကား မိမိတို့ ကိုးကွယ်သည့် ကျောက်ဆင်းတုက မိမိတို့ကို ဆိုးကျိုး ပေးသည်ဆိုလျှင် ယုတ္တိမတန်ရာ၊ ကျောက်ဆင်းတု ဖြစ်စေ၊ ကြေးဆင်းတု ဖြစ်စေ၊ သစ်သား ဆင်းတုဖြစ်စေ ကိုးကွယ်သူ၏ အာရုံပြုနိုင်မှု ပုံဖော်နိုင်မှု ပညာအဆင့်အတန်းအပေါ် မူတည်၍ ကောင်းကျိုးရမှု ကွာခြားမည် ဖြစ်ပါသည်။

သက်တော်ထင်ရှား မြတ်ဘုရား၌ လည်းကောင်း၊ ပရိနိဗ္ဗာန်စံ ၀င်ပြီး ဘုရား (ရုပ်ပွားဆင်းတု စေတီပုထိုး) ၌ စိတ်ထားတူလျှင် အကျိုးပေး တူသည် ဟူ၍သာ ကျန်းဂန်ဝည ဆိုပါသည်။ ဘုရားကိုးကွယ်ရာ၌ ပုံတော်သည် အဓိကမဟုတ်ဘဲ ကျေးဇူးတော်၊ ဂုဏ်တော်များကသာ အဓိက ဖြစ်ပါသည်။ ထုလုပ်သူများက နည်းစနစ်တကျ၊ ပုံစံတကျဖြစ်အောင် မစွမ်ဆောင်နိုင်လျှင် ကိုးကွယ်သူများမှာ အကြည်ညို ပျက်ဖွယ်၊ အပြစ်ရဖွယ် ရှိပါသည်။ ဘုရားစစ် ဘုရားမှန်ကို ရုပ်ပွား ဆင်းတုတော်များက ကွယ်နေကြောင်း၊ တရားစစ် တရားမှန်ကို ကျမ်းစာအုပ်များက ကွယ်နေကြောင်း၊ သံဃာစစ် သံဃာမှန်များကို ဘုန်းကြီးများက ကွယ်နေကြောင်း အရှင်ဇနကာဘိဝံသ ဆရာတော်ကြီး ဟောပြော ရေးသားချက်များကို ကြားနာ မှတ်သား ရဖူးပါသည်။ လူအများစုသည် ဘုရား၊ တရား၊ သံဃာ ရတနာမြတ် သုံးပါး၊ ဂုဏ်တော်ကို အာရုံမပြုနိုင်ဘဲ ရုပ်ပွား ဆင်းတု စေတီပုထိုး၊ ကျမ်းစာအုပ်၊ ဘုန်ကြီးများလောက်သာ အာရုံရောက် တတ်သဖြင့် ဂုဏ်တော်အထိ အာရုံပြုဖို့ လိုကြောင်း သွန်သင်ဆုံးမ လိုရင်း ဖြစ်ပါသည်။ ဆရာတော်ဘုရားကြီး၏ အမရပူရ မဟာဂန္ဓာရုံ ကျောင်းတိုက်တွင် ကျောင်းအဆောက်အအုံ များစွာရှိသော်လည်း စေတီတော် တစ်ဆူနှင့် ရုပ်ပွား ဆင်းတုတော် ကိန်းဝပ်စံပယ်ရာ ဂန္ဓကုဋိတိုက် တစ်လုံးသာ ဘုရားပူဇော်ရာ အဖြစ် ထားရှိပါသည်။ အခြား မည်သည့် အဆောက်အအုံ၌မျှ ရုပ်ပွား ဆင်းတုတော်များကို ပူဇော်ထားခြင်း မရှိပါ။ ထိုသို့ ပူဇော်ခြင်းမျိုးကို တင်းတင်းကျပ်ကျပ် တားမြစ် ထားပါသည်။ နေရာတကာ ရုပ်ပွားဆင်းတုတော် များထားရှိပြီး ထင်သလို နေပါက အဂါရ၀ ဖြစ်စေသည်ဟု ဆိုပါသည်။

( ဓမ္မ၀ီရဂျာနယ်၊ အတွဲ(၁၃)၊ အမှတ်(၅)၊ ပထမကျော် ဦးစံသင်းလှိုင် ၏ ထေရ၀ါဒ ဗုဒ္ဓဘာသာစစ်စစ်၊ ၂၁-၁၀-၂၀၀၈ )
( ဆက်လက်ရေးသား ဖော်ပြပါမည်။ )

Saturday, September 1, 2012

ထေရ၀ါဒဗုဒ္ဓဘာသာဆိုတာ (၂)

ဗုဒ္ဓဘာသာသည် ထေရ၀ါဒ၊ မဟာယာန ဟူ၍ နှစ်မျိုးရှိရာ ယနေ့ မြန်မာလူမျိုးတို့ လက်ခံကျင့်သုံးနေသော ဗုဒ္ဓဘာသာ သည် ထေရ၀ါဒ ဗုဒ္ဓဘာသာ ဖြစ်ပါသည်။ မိမိတို့ လက်ထက်မှ ဘိုးဘွားအစဉ်အဆက် ယံကြည် လက်ခံ ကိုးကွယ်လာသော ဗုဒ္ဓဘာသာကို ဆိုလိုခြင်း ဖြစ်ပါသည်။ သင်္ဂါယနာ (၆)တန်အနက် နောက်ဆုံး ဆဋ္ဌသင်္ဂါယနာ တင်ပွဲကြီးကို ကောဇာနှစ် ၁၃၁၆ ခုနှစ်၊ ကဆုန်လပြည့်ကျော် မှစ၍ ကောဇာနှစ် ၁၃၁၈ ခုနှစ်၊ ကဆုန်လပြည့်နေ့အထိ ရန်ကုန်မြို့၊ သီရိမင်္ဂလာ ကမ္ဘာအေး ကုန်းမြေတွင် မြန်မာ၊ ထိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ သီရိလင်္ကာ ဟူသော ထေရ၀ါဒ (၅)နိုင်ငံ ပူးပေါင်း ညီညွတ်မှုဖြင့် ဆင်နွှဲခဲ့ကြ ပါသည်။

ထိုဆဋ္ဌမသင်္ဂါယနာ ပွဲကြီးက အညီအညွတ် သဘောတူ အတည်ပြုခဲ့သော ပိဋကတ် ကျမ်းစာများအရ လက်ခံကျင့်သုံးသော ဘာသာသည် ထေရ၀ါဒ ဗုဒ္ဓဘာသာ ဖြစ်ပါသည်။ ထို့ထက် ကျယ်ပြန့်စွာ ဆိုရသော ပထမသင်္ဂါယနာ တွင် အရှင်မဟာကဿပ အစရှိသော ထေရ်အရှင်များမှ ဆဋ္ဌသင်္ဂါယနာတွင် အရှင် ရေ၀တ (ညောင်ရမ်းဆရာတော်) အစရှိသော ထေရ်ရှင် အဆက်ဆက် တို့ မပျက် ထာဝရလက်ဆင့်ကမ်း လာကြ၍ လက်ခံ ကျင့်သုံးလျက်ရှိသော ဘာသာသည် ထေရ၀ါဒ ဗုဒ္ဓဘာသာ ဖြစ်ပါသည်။ ယနေ့ မြန်မာနိုင်ငံတွင် ပရိယတ္တိ စာသင်တိုက်ကြီးများ၊ ပဋိပတ္တိ ရိပ်သာကြီးများ ရှေ့တန်းမှနေ၍ တရားဓမ္မများ ပို့ချ သင်ယူခြင်း၊ ဟောပြော ပြသခြင်း၊ ကျင့်ကြံအားထုတ်ခြင်း တို့သည် ထိုမထေရ် အဆက်ဆက်တို့ လက်ခံ ကျင့်သုံးလာသော မူအတိုင်း ဆောင်ရွက်နေခြင်း ဖြစ်ပါသည်။

ဗုဒ္ဓဘာသာ အမည်ခံ၍ ထိုမူနှင့် ကိုက်ညီမှုမရှိသော ထိုမူမှ သွေဖီသော ဆောင်ရွက်မှု မှန်သမျှကို သံဃာ့အဖွဲ့အစည်း အဆင့်ဆင့်နှင့် နိုင်ငံတော်က လက်မခံပါ။ ထို့ကြောင့်လည်း ၁၉၈၀ ပြည့်နှစ် သံဃာ့အဖွဲ့အစည်း အဆင့်ဆင့် စတင်ပေါ်ပေါက် လာခဲ့သည့် ကာလ၀န်းကျင်က ကျောက်သင်္ဘောဝါဒ၊ ကျောက်ပုံဝါဒ၊ သမ္မာဒိဋ္ဌိ သုသေန၀ါဒ၊ ရှင်ဥက္ကဋ္ဌ ၏ လူသေလူဖြစ် ၀ါဒ စသော ထေရ၀ါဒနှင့် ကိုက်ညီမှု မရှိသည့် ထေရ၀ါဒမှ သွေဖီသော ၀ါဒများကို အဓမ္မ၀ါဒများ အဖြစ် သတ်မှတ်ပြီး သုတ်သင် ရှင်းလင်း နှိပ်ကွပ်ခဲ့ကြ ရခြင်း ဖြစ်ပါသည်။

မမှားသင့်သော အမှားများ

မောဟ မကင်းသူတိုင်း မှားလေ့ရှိသော အမှားများတွင် ဘာသာရေးအမှားသည် မှားယွင်းသူ တစ်ဦးတစ်ယောက်၊ တစ်ခဏကာလသာ ဆိုးကျိုးပေးသည် မဟုတ်ဘဲ ထိုဘာသာနှင့် သက်ဆိုင်သူတိုင်း ဘ၀တစ်လျှောက်လုံး ဆိုးကျိုးပေးတတ်ပြီး ထိုဘာသာများကို ညစ်နွမ်းအောင်၊ ပျက်စီးအောင်၊ ကွယ်ပျောက်အောင် ပြုရာလည်း ရောက်ပါသည်။ အချို့သော အမှားသည် အလွန်အရေး မကြီးလှဟု ဆိုနိုင်သော်လည်း အချို့မှာမူကား အလွန်အရေးကြီး သဖြင့် မမှားသင့်သော အမှားဟု ဆိုရမည် ဖြစ်ပါသည်။ ထိုမမှားသင့်သော အမှားအချို့ကို ထုတ်နုတ်ဖော်ပြရလျှင် -

  • ဗုဒ္ဓါဘိသေက ဘုရားအနေကဇာ တင်ခြင်းကို ဘုရား အသက်သွင်းသည်ဟု ဆိုခြင်း။
  • ကျောက်ဆင်းတုကို အိမ်မှာ ကိုးကွယ်လျှင် ထိခိုက်သည်ဟု ဆိုခြင်း။
  • ဟေတုပစ္စယော - အကုသိုလ်ကင်း၍ ကုသိုလ်နှင့် ယှဉ်တွဲရပါစေသား၊ အာရမ္မဏ ပစ္စယော - မျက်စိနှင့် နားသည် နိဗ္ဗာန်သို့ မျက်မှောက်ပြု ရပါစေသား၊ အဓိပတိ ပစ္စယော - ရုပ်နာမ် နှစ်ပါးကို စောင့်ရှောက် ထိန်းသိမ်း နိုင်ရပါစေသား စသည်ဖြင့် ပဋ္ဌာန်း (၂၄)ပစ္စည်း အဓိပ္ပာယ် ဖွင့်ဆိုခြင်း။
  • လူသေလျှင် အိမ်မှာ (၇)ရက် နေသည်ဟု ယူဆ ပြောဆို သပိတ်သွတ်ခြင်း ။

( ဓမ္မ၀ီရဂျာနယ်၊ အတွဲ(၁၃)၊ အမှတ်(၅)၊ ပထမကျော် ဦးစံသင်းလှိုင် ၏ ထေရ၀ါဒဗုဒ္ဓဘာသာစစ်စစ်၊ ၂၁-၁၀-၂၀၀၈ )
( ဆက်လက်ရေးသား ဖော်ပြပါမည်။ )