Showing posts with label ဓမ္မဆောင်းပါး. Show all posts
Showing posts with label ဓမ္မဆောင်းပါး. Show all posts

Monday, October 29, 2012

သစ္စာရှာဖို့ မြင်းစီးသူအပိုင်း(၁၁)အဆက်

ကောင်းစွာတည်ငြိမ်ရင့်ကျက်ခြင်း

ဆိုခဲ့ပြီးသည့်အတိုင်း သမာဓိ၏ နိရုတ္တိအဓိပ္ပာယ်မှာ မိမိစိတ်အတွေးကို မှန်ကန်သည့်နေရာတွင် ထိန်းသိမ်းထားခြင်းဖြစ်ပါသည်။ သမာဓိကိုမည်သည့် တန်ခိုးရှင်ကမှ ဖန်တီးပေးနိုင်မည်မဟုတ်။ မိမိကိုယ်တိုင် ကျင့်ကြံအားထုတ်မှသာ ရယူနိုင်သည်။ ထို့ကြောင့် သမာဓိကိုပင် “မိမိကိုယ်တိုင်စုစည်းထားသောစိတ်”(Self - collected mind)ဟု  ခေါ်နိုင်ပါလိမ့်မည်။ ဤသို့မိမိစိတ်ကို စုစည်းထားနိုင်သူအတွက် ပြင်ပအာရုံများ၏ နှောင့်ယှက်မှုကို မခံရတော့ပါ။ မိမိလိုလားသည့် အာရုံတစ်ခုတည်းပေါ်တွင်သာ စိတ်ကို တင်ထားနိုင်ပြီဖြစ်ရာ တည်ငြိမ်သော စိတ်အခံကို ရရှိပါသည်။

သို့နှင့်တိုင် သမာဓိ၏ အဓိပ္ပာယ်ကို ပြည့်ပြည့်စုံစုံ နားလည်ဖို့ဆိုလျှင် ဗုဒ္ဓကိုယ်တိုင် ညွှန်ပြခဲ့သော သမာဓိရနိုင်သည့်နည်းလမ်းများကို လေ့လာဖို့လိုပါသည်။ ယေဘုယျအားဖြင့် ဤနည်းကို ကမ္မဋ္ဌာန်း (meditation)ဟု ခေါ်သည်။ ဘာဝနာဟုလည်းသုံးနှုန်းကြသည်များရှိပါသည်။ယခုအခါ ဗုဒ္ဓဘာသာဝင်မဟုတ်သူများ (အထူးသဖြင့် အနောက်တိုင်းသုတေသီများ)ကိုယ်တိုင်က ကမ္မဋ္ဌာန်းအလုပ်ကို စိတ်ဝင်စားလာကြသည်။ ကိုယ်တိုင်စမ်းသပ် တရားထိုင်ကြသူများပင် တော်တော်များများရှိသည်။ သို့သော် အဆိုပါသုတေသီများပင်လျှင် ဗုဒ္ဓ၏ဓမ္မကို မှားမှားယွင်းယွင်း နားလည်နေကြသည်များရှိနိုင်ပါသည်။ သူတို့ထဲမှ အချို့ဆိုလျှင် ဗုဒ္ဓဘာသာကို ကမ္မဋ္ဌာန်းအလုပ်သက်သက်ဟု နားလည်နေကြသည်။ စင်စစ် ကမ္မဋ္ဌာန်းပုံသဏ္ဍာန်အမျိုးမျိုးမှာ ဗုဒ္ဓ မတိုင်မီကတည်းကပင် အိန္ဒိယ ဒဿနဂိုဏ်းများတွင် ရှိနေခဲ့ပြီဖြစ်ရာ ဗုဒ္ဓဘာသာကို ဆိုခဲ့ပါအတိုင်း အလွယ်ချုံ့ယူနားလည်ရုံမျှနှင့် မလုံလောက်ပါ။

ပြောရလျှင် ကမ္မဋ္ဌာန်းနှစ်မျိုးရှိပါသည်။ ပထမအမျိုးအစားမှာ “စိတ်ကို တည်ငြိမ်စေသည့် ကမ္မဋ္ဌာန်း” (Tranquility meditation)ဖြစ်သည်။ သမထဘာဝနာ ဟုခေါ်ပါသည်။ သမာဓိထူထောင်နိုင်သည့် အဆင့်ထိသာ စွမ်းပါသည်။ ပညာအဆင့်ထိ မကူးနိုင်ပါ။ ဗုဒ္ဓမတိုင်မီ အိန္ဒိယလူ့အဖွဲ့အစည်းတွင်ရှိခဲ့ပြီးသား ကမ္မဋ္ဌာန်း အမျိုးအစားဖြစ်သည်။ ဒုတိယအမျိုးအစားမှာ “ထိုးထွင်း သိမြင်နိုင်သော ကမ္မဋ္ဌာန်း”(Insight meditation) ဖြစ်သည်။ ဝိပဿနာဘာဝနာဟုခေါ်ပါသည်။ ပညာနှင့်ယှဉ်သော သမာဓိကို အမှန်ရစေသည်မှာ အဆိုပါဝိပဿနာဘာဝနာပင် ဖြစ်သည်။ အဆုံးစွန်လွတ်မြောက်ရေး (နိဗ္ဗာန်)ကို မျက်မှောင်ပြုနိုင်ရေးအတွက် ဗုဒ္ဓကိုယ်တိုင်ဖော်ထုတ် တီထွင်ခဲ့သော ကမ္မဋ္ဌာန်းအမျိုးအစားဖြစ်ပါသည်။

(၁) သမထဘာဝနာ

စိတ်၏ သဘာဝမှာ အလှုပ်အယမ်းများတတ်ပါသည်။ သို့နှင့်အမျှ လူသည်စိတ်ပျက်ခြင်း၊ သောကရောက်ခြင်း၊ ကြောက်ရွံ့ခြင်း စသော ဝေဒနာမျိုးစုံ၏ သားကောင်ဖြစ်ရတော့သည်။ ဤသို့သော စိတ်ဖိစီးမှုများကို မခံနိုင်တော့ရာမှ မိမိကိုယ်ကို သေကြောင်းကြံသူများပင်ရှိတတ်သည်။ ဆေးလိပ်၊ ကွမ်း၊ အရက်၊ မူးယစ်ဆေးစသည်တို့မှာလည်း အဆိုပါစိတ်ဖိစီးမှုများကို လျော့ပါးသက်သာစေရန် မှီဝဲကြခြင်းဖြစ်နိုင်သည်။ သို့နှင့်တိုင် ဤသို့သောစိတ်ကို ပြောင်းလဲစေသည့်အရာများမှာ တဒင်္ဂ သက်သာမှုကိုသာ ရနိုင်ပါသည်။ ရေရှည်ခိုင်မာသော တည်ငြိမ်မှုကို ရရှိစေသည်မှာ ကမ္မဋ္ဌာန်းအလုပ်ပင်ဖြစ်သည်။

သမထဘာဝနာ၏ အဓိကတာဝန်မှာ ပျံ့လွင့်နေသောစိတ်ကို ဆွဲစုယူသည့်ကျင့်စဉ်ဖြစ်သည်။ ဖယောင်းတိုင် မီး၊ ရေ၊ အရောင် စက်ဝိုင်းစသော ရုပ်ဝတ္ထုတစ်ခုခု၊ သို့မဟုတ် ထွက်သက် ဝင်သက်၊ သို့မဟုတ် စိတ်ထဲမှ တီထွင်ထားသော သင်္ကေတတစ်ခုခုပေါ်သို့ စိတ်ကို တင်းထားနိုင်ရန် လေ့ကျင့်ခြင်းဖြစ်သည်။ ဤသို့ဖြင့် အလေ့အကျင့်များလာလျှင် စိတ်ဖိစီးမှုအားလုံးခွာသွားပြီး၊ မိမိအာရုံပြုရာ တစ်ခုခုပေါ်တွင်သာ စိတ်ကိုစုစည်းလာနိုင်၍ တည်ငြိမ်မှု သမာဓိရလာနိုင်ပါသည်။ ဤသဘောကို အောက်ပါပုံဖြင့်သရုပ်ဖော်နိုင်သည်။

(၂) ဝိပဿနာ ဘာဝနာ

ဝိပဿနာ ဆိုသည်မှာ ဘဝ(ရုပ်နှင့်နာမ်) တို့၏ အစစ်အမှန်တရားကို မြင်အောင်ကြည့်ရခြင်းဖြစ်သည်။ ပို၍ တိတိကျကျ ဆိုရလျှင် ရုပ်၊ နာမ်၊ တို့၌ရှိသော အနိစ္စ၊ ဒုက္ခ၊ အနတ္တသဘောတို့ကို ရှု သိသောဉာဏ်ကို ဝိပဿနာဟုဆိုခြင်းဖြစ်သည်။ အဆိုပါ ဝိပဿနာ ဉာဏ်ရရှိစေရေးအတွက် အားထုတ်ကျင့်ကြံခြင်းသည်ပင် ဝိပဿနာ ဘာဝနာဖြစ်ပါသည်။ လက်တွေ့ကျင့်ကြံအားထုတ်ရာတွင် ဝိပဿနာနှစ်မျိုးရှိနိုင်သည်။ သမထနှင့် သမာဓိထူထောင်ပြီးမှ ဝိပဿနာသို့ ကူးလျှင် သမထရှေ့သွားရှိသော ဝိပဿနာ(သမထပုဗ္ဗင်္ဂမဝိပဿနာ)ဟုခေါ်သည်။ စတင်အားထုတ်စဉ် ကတည်းက ဝိပဿနာဆိုလျှင် (သုဒ္ဓဝိပဿနာ) ဟုခေါ်သည်။

ဝိပဿနာကို ရှုသည်ဆိုသည်မှာ မိမိ၏ခန္ဓာ(ရုပ်နှင့်နာမ်)ကို အရှိအတိုင်းမြင်အောင် သတိကပ်၍ ရှုမှတ်ခြင်းပင်ဖြစ်သည်။ ထိုင်လျက်သော်လည်းကောင်း၊ လမ်းလျှောက်ရင်းသော်လည်းကောင်း၊ လျောင်းစက်၍သော်လည်းကောင်း မည်သည့်ပုံသဏ္ဍာန်နှင့်မဆို ရှုမှတ်နိုင်ပါသည်။ဗုဒ္ဓဘာသာဝင်များအသုံးများသည့် ရှုမှတ်နည်းမှာ ထွက်သက်ဝင်သက်ကိုရှုမှတ်ခြင်းပင်ဖြစ်သည်။ စိတ်ကိုနှာသီးဖျား၊ သို့မဟုတ် ဝမ်းဗိုက်အရေပြားပေါ်တွင်တင်ပြီး ထွက်လေဝင်လေမှတ်လေ့ရှိကြသည်။ ဤသို့အကြိမ်ကြိမ်ရှုမှတ်ရင်းနှင့်ပင် စိတ်မှာစင်ကြယ်လာပြီး (စိတ္တဝိသုဒ္ဓိ)၊တဖြည်းဖြည်းတည်ငြိမ်မှု သမာဓိရလာသည်။ ထို့နောက်တွင်ကား ရုပ်နှင့်နာမ်ကို ခွဲခြားသိသည့်ဉာဏ် (နာမရူပပရိစ္ဆေဒဉာဏ်)၊ အကြောင်းနှင့်အကျိုးကို ဆက်စပ်နိုင်သည့်ဉာဏ် (ပစ္စယပရိဂ္ဂဟဉာဏ်)၊ လက္ခဏာရေးသုံးပါးကို ဆင်ခြင်နိုင်သည့်ဉာဏ် (သမ္မသနဉာဏ်)စသည်ဖြင့် ဉာဏ်စဉ်အဆင့်ဆင့်တက်လာပါသည်။ နောက်ဆုံး သစ္စာလေးပါးကို အမှန်အတိုင်း ထိုးထွင်းသိမြင်နိုင်ပြီး နိဗ္ဗာန်ကိုမျက်မှောက်ပြုလာနိုင်သည်ဟု အဆိုရှိသည်။

စင်စစ် ကမ္မဋ္ဌာန်းထိုင်နည်းမှာ တစ်ခုမက အမျိုးမျိုးရှိသည်သာ ဖြစ်သည်။ အဆိုပါကမ္မဋ္ဌာန်းအမျိုးမျိုးနှင့် အဓိကအကျိုးသက်ရောက်ပုံများကို ဗုဒ္ဓ၏ သူ၏သားတော် ရာဟုလာသို့ ဟောကြားသောတရားတွင် ဤသို့တွေ့ရသည်။

- ရာဟုလာ မေတ္တာ ကမ္မဋ္ဌာန်းစီးဖြန်းပါ။ အမုန်းတို့ ကွယ်ပျောက်လိမ့်မည်။
- ရာဟုလာ ကရုဏာ ကမ္မဋ္ဌာန်းစီးဖြန်းပါ။ ရက်စက်ကြမ်းကြုတ်သောစိတ်တို့ ကွယ်ပျောက်လိမ့်မည်။
- ရာဟုလာ မုဒိတာ ကမ္မဋ္ဌာန်းစီးဖြန်းပါ။ မနာလိုဝန်တိုစိတ်ကို ကွယ်ပျောက်လိမ့်မည်။
- ရာဟုလာ ဥပေက္ခာ ကမ္မဋ္ဌာန်းစီးဖြန်းပါ။ ပူပင်သောကတို့ ကွယ်ပျောက်လိမ့်မည်။
- ရာဟုလာ အသုဘ ကမ္မဋ္ဌာန်းစီးဖြန်းပါ။ တဏှာရမ္မက်တို့ ကွယ်ပျောက်လိမ့်မည်။
- ရာဟုလာ အနိစ္စ ကမ္မဋ္ဌာန်းစီးဖြန်းပါ။ အတ္တသဘော ကွယ်ပျောက်လိမ့်မည်။

ဤသည်ကို ကြည့ှ်လျှင်ပင် ဗုဒ္ဓ၏ ဓမ္မမှာ သံသရာမှ လွတ်မြောက်ရေးအတွက်သာမက၊ ဘဝရှင်သန်ရေးအတွက်ပါ အကျိုးများစေကြောင်းထင်ရှားပါသည်။

တရားအနှစ်

ယခုထိဖော်ပြခဲ့ပြီးသည်တို့မှာ ဗုဒ္ဓဓမ္မ၏ အခြေခံတရားကိုယ်ဟု ဆိုနိုင်သော အမှန်မွန်လေးပါးကို အကျဉ်းမျှ မိတ်ဆက်ပေးခြင်းဖြစ်ပါသည်။ နိဂုံးချုပ်အနေနှင့် ဤသည်တို့ကို ပြန်၍အနှစ်ချုပ်ဖော်ပြပါမည်။

ပထမအမှန်မွန် -    မည်သည့်သတ္တဝါမှ ရှောင်လွဲ၍ မရသော ဒုက္ခသစ္စာဖြစ်ပါသည်။ သိမှတ်လက်ခံ၍ မြင်သာအောင် ကြည့်ဖို့လိုပါသည်။
ဒုတိယအမှန်မွန် -    ဒုက္ခ၏ ဖြစ်ရာဖြစ်ကြောင်း၊ အဝိဇ္ဖာနှင့်တဏှာ(သမုဒယသစ္စာ)ဖြစ်ပါသည်။ တတ်နိုင်မျှပယ်သတ်ရမည် ဖြစ်ပါသည်။
တတိယအမှန်မွန် -   ဒုက္ခ၏ ကင်းရာကုန်ရာ နိဗ္ဗာန် (နိရောဓသစ္စာ)ဖြစ်ပါသည်။ အဆုံးစွန် ရည်မှန်းချက် ပန်းတိုင်ဖြစ်ပါသည်။
စတုတ္ထအမှန်မွန် -    နိရောဓသို့သွားရာလမ်း (မဂ္ဂသစ္စာ)ဖြစ်ပါသည်။ သီလကို လုံခြုံစေ၍၊ သမာဓိတို့ကို ထူထောင်ကာ ပညာကို ပွားစီးစေရေးဖြစ်ပါသည်။

ဗုဒ္ဓ၏အလိုအရ အမြင့်ဆုံးပညာဆိုသည်မှာ  သစ္စာလေးပါးကို ကိုယ်တိုင် ထိုးထွင်းသိမြင်နိုင်စွမ်းဖြစ်ပါသတည်း။    ။

                                                 
  ကျော်ဝင်း
သမထ ဘာဝနာမှာ သမာဓိကိုဖြစ်စေ၍၊ ဉာဏ်အလင်းရရေးအတွက် အထောက်အကူဖြစ်စေသည်မှာ မှန်သည်။ သို့သော် သမထမှရသော သမာဓိကို အခြေခံ၍ ဝိပဿနာအဆင့်သို့ ကူးနိုင်မှသာလျှင် အမှန်တကယ်လွတ်မြောက်ရာလမ်းသို့ ဦးတည်နိုင်မည်ဖြစ်ပါသည်။





Saturday, October 27, 2012

သစ္စာရှာဖို့ မြင်းစီးသူ အပိုင်း(၁၁)

အခန်း(၁၁)
သမာဓိလမ်း

“သူက တို့ကိုချစ်သလို
သခင့်ကို ချစ်တဲ့ငါ ... ရေးတာ
ဒီမှာပဲ ဆုံးပြီ ...။
နည်းနည်းပဲ သိသမို့၊ နည်းနည်းပဲပြောခဲ့ရဲ့ ....။
ဆရာမြတ်ရဲ့ ငြိမ်းမှုလမ်းအကြောင်း ...”။


စတုတ္တအမှန်မွန်(လွတ်မြောက်ရာလမ်း)၏ တတိယလမ်းမကြီးမှာ သမာဓိလမ်းဖြစ်သည်။ နိရုတ္တိသဘောအရပြောရလျှင် သမာဓိဆိုသည်မှာ “မိမိ၏စိတ်အတွေးကို မှန်ကန်သည့်နေရာတွင် ထိန်းသိမ်းထားခြင်း” (keeping one's thought in the right place)ဖြစ်ပါသည်။ အဆိုပါသမာဓိလမ်းမကြီးကိုပင် နောက်ထပ်လမ်းသွယ်သုံးခု ထပ်မံခွဲခြားထားသည်။ ဤသည်တို့မှာကောင်းစွာ အားထုတ်ကြိုးပမ်းခြင်း (သမ္မာဝါယာမ)ကောင်းစွာ သတိကပ်ရှုမှတ်ခြင်း (သမ္မာသတိ)နှင့် ကောင်းစွာတည်ငြိမ်ရင့်ကျက်ခြင်း (သမ္မာသမာဓိ)တို့ဖြစ်သည်။

ကောင်းစွာအားထုတ်ကြိုးပမ်းခြင်း
လူ့သမိုင်းရှိ ကြီးကျယ်မြင့်မြတ်မှုအားလုံးမှာ ကြိုးပမ်းအားထုတ်မှု၊ ပိုင်းဖြတ်မှုနှင့် ဇွဲလုံ့လဝီရိယတို့၏ အကျိုးဆက်ဖြစ်ပါသည်။ ဤသဘောကိုခေတ်ပြိုင်ကမ္ဘာ(အထူးသဖြင့် အနောက်တိုင်း လူ့အဖွဲ့အစည်းများ)အနေနှင့် လက်ခံယုံကြည်ပြီးဖြစ်ရာ အသစ်အဆန်းဟုမဆိုနိုင်ပါ။ သို့နှင့်တိုင် ဗုဒ္ဓဓမ္မက ညွှန်းသော ကောင်းစွာကြိုးပမ်းအားထုတ်မှုမှာ သံသရာမှလွတ်မြောက်ရေးဖြစ်ရာ၊ ဗုဒ္ဓလိုလားသော အမြင့်ဆုံးကြိုးပမ်းအားထုတ်မှုမှာလည်း ဤရည်မှန်းချက်ကို ဦးတည်ထားခြင်းဖြစ်သည်။

ဤသို့ဆိုသည်နှင့် “ကောင်းစွာကြိုးပမ်းအားထုတ်မှု” ဆိုသော လမ်းသွယ်မှာ လောကီနှင့်မဆိုင်၊ လောကုတ္တရာလမ်းသက်သက်ဟု ယူဆနိုင်သည်တော့ မဟုတ်ပြန်ပေ။ လူတို့၏  ပါရမီအနုအရင့်အလိုက် အားထုတ်ကြိုးပမ်းဖွယ်ရာများကို အဆင့်သုံးဆင့်ခွဲခြားသတ်မှတ်ပါသည်။ ပထမဆုံး အခြေခံလမ်းမှာ “လူကောင်း”ဖြစ်ရေး ကြိုးပမ်းအားထုတ်မှု (to be good person)ဖြစ်သည်။ ဤအတွက် သီလကို ထိန်းသိမ်းရမည်ဖြစ်ပါသည်။ ဒုတိယအဆင့်မှာ “လူမှန်ဖြစ်ရေး ကြိုးပမ်းအားထုတ်မှု”(to be right person)ဖြစ်သည်။ ဤအတွက် စိတ်ကို တည်ကြည်အောင်လေ့ကျင့်ယူရန်ဖြစ်ပါသည်။ “သမထကမ္ပဋ္ဌာန်း” (Tranquality meditation)ဖြစ်သည်။ တတိယနှင့် အမြင့်ဆုံးမှာ အမှန်မွန်လေးပါးကို အရှိအတိုင်း အဖြစ်အတိုင်းထိုးထွင်းသိမြင်ရန် ဖြစ်ပါသည်။ “လွတ်မြောက်သူ သို့မဟုတ် မြင့်မြတ်သူ ဖြစ်ရေးလမ်းကြောင်း (to be nobel person) ဖြစ်ပါသည်။ ဤအတွက် “ဝိပဿနာကမ္မဋ္ဌာန်း ” (Insight meditation) နည်းဖြင့် ကျင့်ကြံအားထုတ်ရမည်ဖြစ်သည်။
အနှစ်ချုပ်ဖော်ပြရမည်ဆိုလျှင် ဗုဒ္ဓညွှန်ပြသော ကောင်းစွာကြိုးပမ်းအားထုတ်မှုဆိုသည်မှာ “မိမိစိတ်ကို အောင်နိုင်ရေး”( to conquer one's mind)ဟု ဆိုနိုင်ပါလိမ့်မည်။ ဤအတွက် လက်တွေ့ကျင့်ကြံနိုင်သည့် နည်းလမ်းကို “အင်္ဂုတ္တရ နိကာယ” တွင် အချက်လေးချက်ခွဲ၍ ဖော်ပြထားသည်။
ကောင်းစွာသတိကပ်ရှုမှတ်ခြင်း

ဗုဒ္ဓဓမ္မတွင် အတွေ့ရများသော “သတိ”ဆိုသည့် ဝေါဟာရကို mindfulness သို့မဟုတ် attentiveness ဆိုသော အင်္ဂလိပ်စကားလုံးများနှင့် ဘာသာပြန်လေ့ရှိပါသည်။ အနီးစပ်ဆုံးမြန်မာမှုပြုရလျှင် မိမိ၏ လှုပ်ရှားမှု၊ ခံစားမှုအစုစုကို သတိကပ်ရှုမှတ်ခြင်းဟု ဆိုနိုင်ပါလိမ့်မည်။ ဗုဒ္ဓညွှန်းသော “ကောင်းစွာသတိကပ် ရှုမှတ်ခြင်း” (သမ္မာသတိ)မှာ ပထမဆုံးလမ်းသွယ် “ကောင်းစွာသိမြင်နားလည်ခြင်း” (သမ္မာဒိဋ္ဌိ)နှင့် ဆက်စပ်နေသည်။ မိမိကောင်းစွာသိမြင်နားလည်ထားသည်တို့ကို မမေ့မလျော့စေရန် အမြဲသတိကပ်ရှုမှတ်နေဖို့ဖြစ်သည်။ ပြောရလျှင် အနိစ္စ၊ ဒုက္ခ၊ အနတ္တဆိုသော လက္ခဏာရေးသုံးပါးဖြင့် မိမိကိုယ်ကို မပြတ် သတိပေးနေဖို့ဖြစ်ပါသည်။

ဤသို့ သတိကပ်ရှုမှတ်နိုင်ရန် ဗုဒ္ဓက ကမ္မဋ္ဌာန်းအလုပ်ကို ညွှန်းပါသည်။ ကမ္မဋ္ဌာန်းနှင့် သတိတို့၏ အဆက်အစပ်ကို လှေနှင့်ဆိပ်ကမ်းဖြင့် ဥပမာပြသည်။ ကမ္မဌာန်းမှာ လှေနှင့်တူသည်။ နည်းလမ်းဖြစ်ည်။ သတိမှာဆိပ်ကမ်းဖြစ်သည်။ ရည်ရွယ်ချက်ဖြစ်ပါသည်။ ဤသဘောကို ပြဆိုသည့် ဗုဒ္ဓ၏နာမည်ကျော် ကျမ်းတစ်စောင်မှာ “မဟာသတိပဋ္ဌာန်သုတ်တော်” (Satipatthana Sutta)ဖြစ်သည်။ ဤသည်ပင်ကျင့်ကြံအားထုတ်မှုအပိုင်းအတွက် လက်စွဲကျမ်းလည်းဖြစ်ပါသည်။

အဆိုပါကျမ်း၏ အဖွင့်စာမျက်နှာမှာပင် ဗုဒ္ဓက ဤသို့ဟောကြားခဲ့သည်။ “ရဟန်းတို့ သတ္တဝါတို့၏ စိတ်ကို စင်ကြယ်စေရန်၊ ဒုက္ခနှင့် ပရိဝေဒများမှ လွတ်မြောက်ရန်၊ ကိုယ်စိတ်ဆင်းရဲခြင်းကို ချုပ်ငြိမ်းရန်၊ နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်ရန် တစ်ခုတည်းသောနည်းလမ်းမှာ၊ သတိပဋ္ဌာန်လေးပါးပင်ဖြစ်သည်။ “သတိပဋ္ဌာန်လေးပါးဆိုသည်မှာ ရုပ်ကိုရှုမှတ်ခြင်း (ကာယာနုပဿနာ)၊ ဝေဒနာကိုရှုမှတ်ခြင်း(ဝေဒနာနုပဿနာ) စိတ်ကိုရှုမှတ်ခြင်း (စိတ္တာနုပဿနာ)၊ ဓမ္မကိုရှုမှတ်ဆင်ခြင်ခြင်း (ဓမ္မာနုပဿနာ) တို့ဖြစ်သည်။

ဤကျမ်းမှာပင် ဗုဒ္ဓက သတိကပ်ရှုမှတ်နည်းများကို အဆင့်သုံးဆင့်ခွဲခြား၍ဖော်ပြခဲ့သည်။ ဤသည်တို့မှာ -
(၁) မည်သည့်အချိန်တွင်မဆို မိမိပြုသမျှကို သတိကပ်ရှုမှတ်ရန်။
(၂) ဘဝ၏ အစစ်အမှန်တရား (အထူးသဖြင့် ဖြစ်တည်မှု၏ ယာယီသဘော၊ ခဏပန်းသဘော)ကို သတိကပ်ရှုမှတ်ရန်။
(၃) အဇ္ဈတ္တစေ့ဆော်မှု (inner impulses)များကို ရှုမှတ်ရန် တို့ဖြစ်သည်။

(၁) မိမိပြုသမျှ သတိကပ်ရှုမှတ်

“ငါသာလျှင် ငါ့ဘဝ၏ အရှင်သခင်စိတ်ဓာတ်”ကို မွေးမြူပွားစီးပြီးသူသည် မိမိလုပ်သမျှ အပြုအမူတိုင်းကို မပြတ်သတိကပ်ရှုမှတ်နိုင်စွမ်းရှိသည်။ လူတော်တော်များများအတွက်မူ ဤသို့သတိကပ်ရှုမှတ်နိုင်ရန် လွယ်ချင်မှလွယ်ပါလိမ့်မည်။ ဤသို့ဖြစ်ရသည်မှာ သူတို့အနေနှင့်မိမိတို့၏ အာရုံနှင့်စိတ်ကို လိုအပ်သလောက်ညှိနှိုင်းမဆောင်ရွက်နိုင်သောကြောင့် ဖြစ်ပါသည်။ဥပမာ-ကျောင်းသားတစ်ယောက်စာဖတ်နေသည်ဆိုပါစို့။ သူ့မျက်စိ(အမြင်အာရုံ)က စာရွက်ပေါ်တွင် ရှိနေသော်လည်း သူ့စိတ်က ဘောလုံးပွဲရောက်ချင် ရောက်နေတတ်သလိုမျိုး ဖြစ်သည်။

စင်စစ်ဤသို့ သတိကပ်ရှုမှတ်နိုင်သည့်အကျင့်မှာ များသောအားဖြင့် မွေးရာပါမဟုတ်သည်က များပါသည်။ စနစ်တကျမွေးမြူလေ့ကျင့်ရသော အကျင့်ကောင်းဖြစ်သည်။ ဤအတွက် ဗုဒ္ဓညွှန်ပြသောနည်းမှာ ထိရောက်လွယ်ကူ၍ အကျိုးလည်းများစေပါသည်။  လူတစ်ယောက်အနေနှင့် တစ်နေ့တွင် အချိန်အနည်းငယ်ပေးပြီး မိမိအပြုအမူများကို သတိကပ် ရှုမှတ်စေခြင်းဖြစ်ပါသည်။ လေ့ကျင့်ခါစတွင် သတိပြတ်မသွားစေရန် အပြုအမူကိုလိုက်ပြီး စိတ်ထဲမှရွတ်ဆိုပေးနိုင်သည်။

ဥပမာ-လမ်းလျှောက်နေလျှင် “ငါအခု လမ်းလျှောက်နေတယ်”၊ ထိုင်နေလျှင် “ငါအခု ထိုင်နေတယ်”၊ စာဖတ်နေလျှင် “ငါအခုစာဖတ်နေတယ်”စသဖြင့် စိတ်ထဲမှရွတ်ဆိုကြည့်စေခြင်းဖြစ်သည်။  ဤစိတ်လေ့ကျင့်ခန်းကိုသာ တဖြည်းဖြည်းအချိန်တိုး၍ လုပ်သွားလျှင် ၂၄ နာရီပတ်လုံး သတိမြဲသူ ဖြစ်နိုင်စရာရှိပါသည်။

ဗုဒ္ဓညွှန်းသော အခြားနည်းလမ်းတစ်ခုမှာ ပို၍ပင် ထိရောက်သေးသည်။ “ထွက်သက်ဝင်သက်ကို သတိကပ်ရှုမှတ်ခြင်းနည်း” (Exercise of in-and-out breathing)ဖြစ်သည်။ (ဤသည်ကို နောက်ပိုင်းမှဆက်၍ရှင်းပါမည်)

(၂) ဘဝ၏အစစ်အမှန်တရားကို သတိကပ်ရှုမှတ်

ဤနေရာတွင် ဘဝ၏အစစ်အမှန်တရားဆိုသည်မှာ အနိစ္စ၊ ဒုက္ခ၊ အနတ္တဆိုသော လက္ခဏာရေးသုံးပါးကို ဆိုလိုရင်းဖြစ်သည်။ သာမန်ပုထုဇဉ်များအနေနှင့် ဘဝ၏အစစ်အမှန်တရားကို မြင်နိုင်ကြသည် မဟုတ်ပါ။ ပိုင်ဆိုင်မှု၊ အဆင့်နေရာ စသည်တို့နှင့် ၄င်းတို့အပေါ် အခြေပြုဖြစ်ပေါ်လာသော ပျော်ရွှင်မှုတို့ကိုသာ ဘဝဟုနားလည်ကြသည်ကများသည်။

စင်စစ် ဤအရာအားလုံးသည် ဘဝ၏ အပေါ်ယံ အခြင်းအရာများသာဖြစ်ပါသည်။ လက္ခဏာရေးသုံးပါးပေါ်တင်ကြည့်လိုက်သည်နှင့် မမြဲခြင်း၊ ဆင်းရဲခြင်း၊ အစိုးမရခြင်းတို့နှင့် မကင်းသည်ကို တွေ့ရပါလိမ့်မည်။ ဤသည်ပင် ကောင်းစွာသိမြင်နားလည်ခြင်းဖြစ်ပါသည်။ ဤသို့ကောင်းစွာသိမြင်နားလည်ပြီးသောအရာကို သတိကပ်ရှုမှတ်ခြင်းဖြင့် မပြတ်နှလုံးသွင်းကြရမည်ဖြစ်သည်။

ဤအတွက် ဗုဒ္ဓညွှန်ပြသော ထိရောက်သော နည်းလမ်းတစ်ခုမှာ “အသုဘကမ္မဋ္ဌာန်း”(Cemetery meditation)ဖြစ်သည်။ နှစ်သက်ဖွယ်၊ တပ်မက်ဖွယ်၊ စွဲလမ်းဖွယ်ဟု ထင်မှတ်မှားနေကြသော ရုပ်ခန္ဓာကြီး၏ သေလွန်ပြီးနောက်ပိုင်း စက်ဆုပ်ရွံ့ရှာဖွယ် အနှစ်မရှိသည့်သဘောကို ကိုယ်တွေ့ဆင်ခြင်နိုင်ရန်ဖြစ်သည်။ ဤသို့တစ်စစ ပုတ်သိုးယိုယွင်းလာသော ခန္ဓာကိုကြည့်ပြီး မိမိခန္ဓာကို လက္ခဏာရေးသုံးပါးပေါ်တွင် တင်ကြည့်နိုင်ရန်ဖြစ်ပါသည်။ ပထမအဆင့် (သတိကပ်ရှုမှတ်သည့်အဆင့်)တွင် အရှိကို အရှိအတိုင်းမှတ်ရန်သာဖြစ်ပြီး၊ ယခုအဆင့်တွင် ဘဝ၏အစစ်အမှန်တရားကို ထိုးထွင်းသိမြင်ဖို့ လိုလာသည်။ သမထသဘောကို ကျော်၍ ဝိပဿနာသဘော ထိရောက်လာသည်ဟု ဆိုနိုင်ပါလိမ့်မည်။

(၃) အဇ္ဈတ္တစေ့ဆော်မှုကို သတိကပ်ရှုမှတ်

ပို၍ အဆင့်မြင့်လာသော ရှုမှတ်နည်းဖြစ်ပါသည်။ ထိုးထွင်း သိမြင်ရုံမျှမက၊ စိစစ်ဝေဖန်သည့်သဘောများပါလာသည်။ ဤအတွက်နည်းလမ်းမှာ အထူးအထွေမဟုတ်။ “မိမိစိတ်ကို အသိနှင့်ယှဉ်၍ပြန်ဖတ်ခြင်း” (Contemplation of the mind)ပင်ဖြစ်သည်။ ဤသဘောကို “မဟာသတိပဋ္ဌာနသုတ်”တွင် စိတ္တာနုပဿန” အဖြစ် ဤသို့ရှင်းပြသည်။

“ရဟန်းတို့စိတ်ကို မည်သို့အကြိမ်ကြိမ်ရှုမှတ်ကြမည်နည်း၊ ရာဂနှင့်ယှဉ်သောစိတ်ကို ရာဂနှင့်ယှဉ်သောစိတ်၊ ရာဂကင်းသောစိတ်ကို ရာဂကင်းသောစိတ်၊ ဒေါသနှင့်ယှဉ်သောစိတ်ကိုဒေါသနှင့် ယှဉ်သောစိတ်၊ ဒေါသကင်းသောစိတ်ကို ဒေါသကင်းသောစိတ်၊ မောဟနှင့်ယှဉ်သောစိတ်ကို မောဟနှင့်ယှဉ်သောစိတ်၊ မောဟကင်းသောစိတ်ကို မောဟကင်းသောစိတ် စသဖြင့် စိတ်ကို အရှိအတိုင်း ဆင်ခြင်ကြည့်ကြရမည်ဖြစ်သည် ....

စင်စစ် ဤသို့ စိစစ်ဝေဖန်နိုင်ရန်မှာ သာမန်ပုထုဇဉ်များအတွက် လွယ်လှသည်တော့မဟုတ်ပါ။ ဤသည်မှာ စိတ်၏ လှည့်စားတတ်သော သဘာဝကြောင့်ဖြစ်နိုင်ပါသည်။ သဘာဝအရဆိုလျှင် စိတ်လှုပ်ရှားမှုသည် အစစ်အမှန်အရှိတရားကို ဖုံးကွယ်ထားလေ့ရှိပါသည်။ ဤသို့သော ဖုံးကွယ်ထားမှုများကို ဖယ်ခွာကြည့်နိုင်မှသာ ဆင်ခြင်တုံတရားတို့ နေရယူနိုင်မည် ဖြစ်ပါသည်။

ဤသည်တို့မှာ ကောင်းစွာသတိကပ် ရှုမှတ်နိုင်ရန် အဆင့်ဆင့်ခွဲခြားသတ်မှတ်ထားခြင်းဖြစ်ပါသည်။ ကမ္မဋ္ဌာန်းနည်းဖြင့် အကြိမ်ကြိမ်လေ့ကျင့်ခြင်းအားဖြင့် အမှန်တကယ် ရနိုင်သည့်စိတ်အကျင့်များဟု ဆိုနိုင်ပါသည်။ ဤစိတ်လေ့ကျင့်ခန်းကိုပင် ဗုဒ္ဓက သူ၏လွတ်မြောက်ရေးလမ်းအတွက် အထူးအလေးထားခဲ့ဟန်ရှိသည်။ ဗုဒ္ဓပရိနိဗ္ဗာန်မစံမီ၊ နောင်ဆုံးပြောခဲ့သော “မမေ့မလျော့သော သတိဖြင့် မပြတ်နှလုံးသွင်းနိုင်စေ....” (အပ္ပမာဒေန  သမ္ပာဒေထ) ဆိုသည်မှာ ဤသဘောပင်ဖြစ်ပါသည်။

(၁)   မကောင်းမှုကို ဖြစ်ပွားစေသော စိတ်အတွေးဟူသမျှ မိမိစတ်ထဲသို့ ဝင်မလာစေရန် တားဆီးရမည်။
(၂)   အကယ်၍ ဤသို့ ဝင်မလာစေရန် မတားဆီးနိုင်လျှင် ဝင်ရောက်လာသော အဆိုပါစိတ်အတွေးများကို တတ်နိုင်သမျှ ဖယ်ရှားရမည်။
(၃)   တစ်ပြိုင်နက်တည်းမှာပင် ဖယ်ရှားပြီးသော မကောင်းသည့်စိတ်အတွေးများနေရာတွင် ကောင်းသည့်စိတ်အတွေးများဖြင့် အစားထိုးပွားစီးစေရမည်။
(၄)   အဆိုပါကောင်းသည့် စိတ်အတွေးများကို အတတ်နိုင်ဆုံးထာဝရ တည်တံ့နေစေရန် ထိန်းသိမ်းရင်း ဆက်လက်ဖွံ့ဖြိုးစေရမည်။

အလားတူပင် “မဇ္ဈိမနိကာယ”တွင်လည်း အချက်သုံးချက်ဖြင့် အနှစ်ချုပ်ဖော်ပြထားသည်ကို ဤသို့တွေ့ရသည်။

(၁) အကယ်၍ အာရုံရုပ်တစ်ခုသည် မကောင်းသောစိတ်အကြံကို ဖြစ်ပေါ်စေလျှင် ကောင်းသောစိတ်အကြံကိုဖြစ်ပေါ်စေသည့် အခြားအာရုံရုပ်တစ်ခုနှင့် အစားထိုးကြည့်ပါ။
(၂) မကောင်းသောစိတ်အကြံကိုပေးသည့် အာရုံရုပ်က စိတ်သန္တာန်မှ မထွက်ဘဲ တောင့်ခံနေလျှင် ၄င်းကပေးနိုင်သည့်မကောင်းသောအကျိုးဆက်များကို မြင်အောင်ကြည့်၍ ဖယ်ရှားပစ်ပါ။
(၃) ဤသို့မှ မအောင်မြင်လျှင် သင်၏ပတ်ဝန်းကျင်တစ်ခုလုံးကို ပြောင်းလဲပစ်လိုက်ပါ။

ဤသည်တို့မှာ ဗုဒ္ဓညွှန်ပြခဲ့သော အလွန်လက်တွေ့ကျသည့် နည်းနာများထဲမှ အချို့ဖြစ်ပါသည်။
သစ္စာရှာဖို့ မြင်းစီးသူကျော်ဝင်း၏စာာအုပ် ဆက်လက်ရေးသားဖော်ပြပါမည် ။



Thursday, October 25, 2012

သစ္စာရှာဖို့ မြင်းစီးသူ အပိုင်း(၁၀)အဆက်

သမ္မာအာဇီဝအခြေခံမူများ
သမ္မာနှင့် မိစ္တာ၊ အကောင်းနှင့်အဆိုးဆိုသော သတ်မှတ်ချက်ကို ဗုဒ္ဓက လူ့အဖွဲ့အစည်းအခြေခံပေါ်တင်၍ ဆုံးဖြတ်လေ့ရှိပါသည်။ အခြားသူများနှင့် လူ့အဖွဲ့အစည်းအပေါ် ထိခိုက်နစ်နာစေလျှင်၊ အဆိုးဟု သတ်မှတ်ပြီး ထိခိုက်နစ်နာမှုမရှိလျှင် အကောင်းဟု ယေဘုယျယူဆသည်။ဤသည်မှာ ဗုဒ္ဓ၏အခြေခံသတ်မှတ်ချက်ဖြစ်သည်။ ဤအခြေခံအယူအဆကို ဗုဒ္ဓခေတ် လူ့အဖွဲ့အစည်းပေါ် တင်ကြည့်လိုက်ရာ၊ မလုပ်သင့် မလုပ်ထိုက်သော အသက်မွေးဝမ်းကျောင်းလုပ်ငန်းငါးမျိုးထွက်လာပါသည်။

ဤသည်တို့မှာ ...

(၁) လက်နက်အရောင်းအဝယ် (Weapon trading)
(၂) အဆိပ်အရောင်းအဝယ် (Poison trading)
(၃) မူးယစ်ဆေးအရောင်းအဝယ် (Intoxicating trading)
(၄) လူအရောင်းအဝယ် (Human trading) နှင့်
(၅) သားသတ်လုပ်ငန်း (Slaughter of aminals)တို့ဖြစ်သည်။

ဤငါးမျိုးကိုသာ မမှန်သော၊ မကောင်းသော အသက်မွေးဝမ်းကျောင်း (မိစ္ဆာအာဇီဝ)ဟု သတ်မှတ်ထားရာ၊ ကျန်လုပ်ငန်းအားလုံးမှာ သမ္မာအာဇီဝ ဟု ယူဆနိုင်စရာရှိပါသည်။ အဆိုပါ သတ်မှတ်ချက် ငါးမျိုးမှာလည်း ထိုခေတ်လူ့အဖွဲ့အစည်းနှင့်ယှဉ်၍ ရွေးထုတ်ထားခြင်းဖြစ်ရာ၊ ခေတ်အလိုက်အပြောင်းအလဲရှိနိုင်ပါသည်။ အခြေခံအရ မပြောင်းလဲသည်မှာ မည်သည့်ခေတ် မည်သည့်ကာလမဆို မိမိအလုပ်ကြောင့် အခြားသူများနှင့် လူ့အဖွဲ့အစည်းကို မထိခိုက်စေရေးဖြစ်ပါသည်။ ဤသည်ပင် ဗုဒ္ဓဓမ္မကပြဋ္ဌာန်းထားသော စီးပွားရေးဆိုင်ရာ ကျင့်ဝတ်ဟု ယူဆနိုင်ပါလိမ့်မည်။

ခေတ်သစ်စီးပွားရေးဘဝတွင် အသက်မွေးဝမ်းကျောင်း အလုပ်အကိုင်အများစု၏ အဓိကရည်မှန်းချက်မှာ ဝင်ငွေရဖို့ဖြစ်သည်။ စားသုံးသူဆန္ဒကို ဖြည့်ဆည်းနိုင်ရေးဆိုသည်မှာ အဆိုပါ မဟာဗျူဟာရည်မှန်းချက်မျှသာဖြစ်သည်။ သို့ဖြင့် လူ့အဖွဲ့အစည်းအတွက်၊ သူတစ်ပါးအတွက် အကျိုးပြုရေးဆိုသည်မှာ အဓိကနေရာတွင်မရှိနိုင်သော ကျွဲကူးရေပါသဘောသာ ရှိနေတော့သည်။  ဗုဒ္ဓ၏ သမ္မာအာဇီဝကမူ ဤသည်နှင့်ပြောင်းပြန်ဟုဆိုနိုင်သည်။ သူတစ်ပါးအတွက် အဖွဲ့အစည်းအတွက်ဆိုသော စေတနာနှင့်အစပြုသည်။ စေတနာကို အရင်းခံသည်။ ဝင်ငွေမှာ ရင်းနှီးလိုက်သော စေတနာ၏ တုံ့ပြန်မှုသာ ဖြစ်သည်။

မိစ္ဆာအာဖီဝနှင့် သမ္မာအာဇီဝတို့၏ သဘောကို ဗုဒ္ဓက ဥပမာနှစ်ရပ်နှင့်ပြသည်။ မိစ္ဆာအာဇီဝက “ခြင်”နှင့်တူသည်။ ခြင်က သွေးစုပ်သည်။ သွေးစုပ်ခံရသော လူအတွက် ဘာအကျိုးမှမပေး။ နာကျင်မှုနှင့်ရောဂါဘယသာ ယူဆောင်လာသည်။ သမ္မာအာဇီဝက “ပျား”နှင့်တူသည်။ ပျားကဝတ်ရည်စုပ်သည်။ (ပျားရည်စုဆောင်းပေးသည်)။ ဝတ်ရည်စုပ်ခံရသော ပန်းတို့အတွက်လည်း ဝတ်မှုန်ကူးပေးသည်။ (ပန်းတို့မျိုးပွားစေရန် ဖူးစာဖက်ပေးသည်) ယခုခေတ် ဂိမ်းသီအိုရီအရပြောရလျှင် မိစ္ဆာအာဇီဝမှာ အရှုံးအနိုင်ကိုဦးတည်သော “အကြွင်း သုညဂိမ်း”(Zero-Sum Game) ဖြစ်သည်။ သမ္မာအာဇီဝမှာ အပြန်အလှန်အကျိုးရှိရေးကို ရှေးရှုသော “သုည မဟုတ်ဂိမ်း”(Non-Zero-Sum-Game)ဖြစ်သည်။

ယေဘုယျသဘောဆိုရလျှင် သမ္မာအာဇီဝ၏ နောက်ကွယ်မှ အခြေခံကျင့်ဝတ်တန်ဖိုးမှာ “မည်သူ့ကိုမှ မထိခိုက်မနစ်နာစေသော အသက်မွေးဝမ်းကျောင်းမှု” (earning without disserving) ဟု ဆိုနိုင်ပါလိမ့်မည်။

ဗုဒ္ဓအလိုကျ ဘောဂဗေဒ
သမားရိုးကျအမြင်နှင့်ပြောရလျှင် ဘာသာရေးနှင့် ဘောဂဗေဒမှာ ဘာမှမပတ်သက်ဟု ဆိုချင်စရာ ဖြစ်ပါသည်။ ကျမ်းစာနှင့်ပိုက်ဆံအိတ် အတူယှဉ်တွဲမတည်ရှိနိုင်ဟူ၍ ယူဆထားကြသူများ ရှိသည်။ ဘောဂဗေဒသမိုင်းကြောင်းကို ပြန်ကြည့်လိုက်လျှင်လည်း စိန့်သောမတ်အက်ကွီနပ်(စ)လောက်အထိ ပညာရှင်အားလုံးလိုလိုက “ကုန်သွယ်ရေး”ကို တူးတူးခါးခါးဆန့်ကျင်ခဲ့ကြသည်က များသည်။ သို့နှင့်တိုင် လွန်ခဲ့သော နှစ်ပေါင်း ၂၅ဝဝ ကျော်က ဗုဒ္ဓ၏ အမြင်တွင်မူ ကုန်သွယ်မှုကို သမ္မာအာဇီဝအဖြစ်အလေးထား ဖော်ပြခဲ့သည်။ ထိုခေတ် အိန္ဒိယလူ့အဖွဲ့အစည်းတွင် လူဦးရေအများဆုံးဖြစ်သော၊ လယ်သမားများ၊ ကုန်သည်များကို ဗုဒ္ဓကျမ်းစာများတွင် “ကုန်သည် လယ်လုပ်”(ဝဿ)ဟု အလေးပေးဖော်ပြခဲ့သည်များရှိသည်။ သူတို့၏ သမ္မာအာဇီဝလုပ်ငန်းများကိုလည်း လွတ်မြောက်ရေးလမ်းသွယ်တစ်ခု အဖြစ်နေရာပေးဖော်ပြခဲ့သည်။ ဤအခြင်းအရာများမှာ ဗုဒ္ဓဓမ္မ၏ ထူးခြားမှုဖြစ်ရုံမျှမက အံ့သြဖွယ်ရာ ရှေ့တန်းရောက်မှုဟုလည်း ဆိုရပါလိမ့်မည်။

ဤအချက်ကို  စတင်အသိအမှတ်ပြုဖော်ထုတ်ခဲ့သော ခေတ်သစ်ဘောဂဗေဒ ပညာရှင်မှာ အီးအက်(ဖ)ရွှန်းအာချာ ဖြစ်ပါသည်။ သူ၏ “ငယ်သော်လှ၏” (Small is Beautiful)စာအုပ်တွင် ရွှန်းအာချာက သမ္မာအာဇီဝလမ်းသွယ်ကို အခြေခံပြီး “ဗုဒ္ဓအလိုကျ ဘောဂဗေဒ”(Buddhist Ecomomics)အခြေခံကို ဖော်ထုတ်ခဲ့သည်။ နောက်ပိုင်းပညာရှင် အဆက်ဆက်က ရွှန်းအာချာ၏ အခြေခံပေါ်တွင် ဆက်လျှောက်ရင်း၊ ခေတ်သစ်ဘောဂဗေဒပညာအတွက် ဗုဒ္ဓ၏အကျိုးပြုချက်များကို ဖော်ထုတ်ခဲ့ကြသည်။ အထူးသဖြင့် ဈေးကွက်စီးပွားရေးစနစ်(အရင်းရှင်စနစ်)၏မွေးရာပါ ချို့ယွင်းချက်ဟုဆိုနိုင်သော “ကျင့်ဝတ်ပိုင်း”အားနည်းချက်ကို ဗုဒ္ဓအလိုကျဘောဂဗေဒနည်းဖြင့် ဖြည့်ဆည်းနိုင်ဖို့ ကြိုးပမ်းလာကြသည်။

ခေတ်ပြိုင်၊ သက်ရှိထင်ရှားဘောဂဗေဒပညာရှင်တစ်ဦးဖြစ်သူ မက်ဆာချူဆက်နည်းပညာတက္ကသိုလ်(MIT)မှ ပါမောက္ခ လက်စတာသာရိုးမှာ အဆိုပါပညာရှင်များထဲမှ ထင်ရှားသူတစ်ဦး ဖြစ်သည်။ သူ၏ “ဥစ္စာဓနတည်ဆောက်ရေး”(Building Wealth)ကျမ်းတွင် ပါမောက္ခသာရိုးက ဗုဒ္ဓ၏ “ဒီဃဇာဏုသုတ်”လာ၊ “ဖွံ့ဖြိုးရေးပိရမစ်” (wealth pyramid)တစ်ခုကို ဖော်ထုတ်ခဲ့သည်။ စင်စစ် ဗုဒ္ဓဟောကြားခဲ့သော “ကြီးပွားချမ်းသာကြောင်းတရားလေးပါး”မှာ သမ္မာအာဇီဝကို လက်တွေ့စီမံခန့်ခွဲပုံဖြစ်သည်။ ဤသည်ကို ပါမောက္ခသာရိုးက ခေတ်သစ်အဓိပ္ပာယ်များဖြင့်
ပြန်ဖွင့်ပြသည်။

(၁)   ဥဋ္ဌာနသမ္ပဒါဒ- (ကျွမ်းကျင်သော၊ ပညာဉာဏ်၊ စူးစမ်းမြော်မြင်မှုနှင့် တက်ကြွလုံ့လဖြင့် ဆောင်ရွက်ခြင်း)ဤသည်ကို ပါမောက္ခသာရိုးက “စွန့်ဦးတီထွင်လုပ်ဟန်” (enterperneur-ship)ဟု အဓိပ္ပာယ်ဖွင့်သည်။ ပညာနှင့်စွန့်စားလုပ်ကိုင်သော ခေတ်သစ်စီးပွားရေးလုပ်ဟန်ဖြစ်ပါသည်။

(၂)   အာရက္ခသမ္ပဒါ (မိမိပိုင် စည်းစိမ်ဥစ္စာကို ရန်သူမျိုးငါးပါးမဖျက်ဆီးရအောင် လုံခြုံစွာစောင့်ရှောက်ထိန်းသိမ်းနိုင်ခြင်း) ဤသည်ကို “ပုဂ္ဂလိကပိုင်ပစ္စည်းပိုင်ဆိုင်ခွင့်” (property right)အဖြစ် အဓိပ္ပာယ် ဖွင့်သည်။

(၃)   ကလျာဏမိတ္တာ (သဒ္ဓါ၊ သီလ၊ စာဂ၊ ပညာ ပြည့်စုံသော မိတ်ဆွေကောင်းများရှိခြင်း။) ဤအချက်ကို “ယုံကြည်စိတ်ချနိုင်သော လူမှုပတ်ဝန်းကျင်” (trustworthy social institution) ဟု အဓိပ္ပာယ်ဖွင့်သည်။

(၄)   သမဇီဝိတာ (ဝင်ငွေထွက်ငွေကို မျှတစွာ စီမံနိုင်ခြင်း)ဤသည်ကို ပါမောက္ခသာရိုးက ဘတ်ဂျက်ဆိုင်ရာ စီမံခန့်ခွဲမှု (budget management)ဟု အဓိပ္ပာယ်ဖွင့်သည်။

ွှဤလေးချက်ကို ဆင့်ထပ်နိုင်သော လူ့အဖွဲ့အစည်းတွင်သာ ဖွံ့ဖြိုးတိုးတက်မှု အမှန်တကယ်ရနိုင်လိမ့်မည်ဟုဆိုသည်။ ဤသည်ပင် ပါမောက္ခသာရိုး သရုပ်ဖော်လိုက်သော ဖွံ့ဖြိုးရေးပိရမစ် ဖြစ်ပါသည်။
သစ္စာရှာဖို့ မြင်းစီးသူ ကျော်ဝင်း၏ စာအုပ်ဆက်လက်ရေးသားဖော်ပြပါမည် ။

Monday, October 22, 2012

သစ္စာရှာဖို့ မြင်းစီးသူအပိုင်း(၁၀)

အခန်း (၁ဝ)
သီလလမ်း
“ ...... ပြုသမျှ အမှုတိုင်းဟာ
အမှားကိုတိုက်၊ ကောင်းမှုကိုတိုးပွားနိုင်စေ
ပယင်းပုတီးလုံးတို့ကြား၊ ငွေခြည်မြင်ရသလို
ကောင်းမှုကြား မေတ္တာပြစေ ....။”


စတုတ္ထအမှန်မွန် (လွတ်မြောက်ရာလမ်း) ၏ ဒုတိယလမ်းမကြီးမှာ “သီလလမ်း”ဖြစ်သည်။ သီလဆိုသည်မှာ ကောင်းမှုကို ထိန်းသိမ်းခြင်း (တစ်နည်း)မကောင်းမှုကို ရှောင်ကြဉ်ခြင်းဖြစ်သည်။ ဗုဒ္ဓဓမ္မလာ အဘိဓမ္မာ သဘောအရ ဝိရတီ စေတသိက်ဟု ဆိုနိုင်သည်။ မည်သည့်အရာများကိုရှောင်ရမည်နည်းဆိုလျှင် “ကိုယ်ဖြင့် ကျူးလွန်သော လုပ်မှားကိုင်မှား” (ကာယဒုစရိုက်)နှင့် “နှုတ်ဖြင့်ကျူးလွန်သော ပြောမှားဆိုမှား (ဝစီဒုစရိုက်)တို့ကို ရှောင်ကြဉ်ခြင်းဖြစ်သည်။

ဤသို့သဘာဝရှိသည့် သီလလမ်းတွင် လမ်းသွယ်သုံးခုပါဝင်သည်။ “ကောင်းစွာပြောဆိုခြင်း”(သမ္မာဝါစာ)၊ “ကောင်းစွာပြုမူ ဆောင်ရွက်ခြင်း” (သမ္မာကမ္မန္တ)နှင့် “ကောင်းစွာအသက်မွေးဝမ်းကျောင်းပြုခြင်း” (သမ္မာအာဇီဝ) တို့ဖြစ်သည်။ တစ်နည်းဆိုသော် ဝစီဒုစရိုက်တစ်ပါးနှင့် ကာယဒုစရိုက်နှစ်ပါးတို့ကို ရှောင်ကြဉ်ခြင်းဖြစ်သည်။ ပြောရလျှင် ဗုဒ္ဓဓမ္မ၏ “ကျင့်စိတ်ပိုင်းဆိုင်ရာ တန်ဖိုးများ” (ethical value)ဖြစ်ပါသည်။

ဤနေရာတွင် ဗုဒ္ဓဓမ္မ၏ ထူးခြားချက်မှာ ကျင့်ဝတ်တို့၏ လာရာနှင့် လားရာဟုဆိုနိုင်ပါလိမ့်မည်။ ဖန်ဆင်းရှင် အယူအဆကို လက်ခံသော ဘာသာရေးများတွင် ကျင့်ဝတ်သီလမှာ လူ့အဖွဲ့အစည်းပြင်ပမှ တန်ခိုးတော်ရှင်တစ်ဦးဦး (ဥပမာ-ဂေါ့ဒ်)၏ သတ်မှတ်ပြဋ္ဌာန်းချက်ဖြစ်သည်။

အဆိုပါ တန်ခိုးရှင်၏ ကောင်းချီးမင်္ဂလာ ရရေးသည်သာ အဓိကရည်မှန်းချက်ဖြစ်၍ တန်ဖိုးနှင့် ယှဉ်သည်ဟု ပြောဖို့ခက်သည်။ ဗုဒ္ဓဓမ္မလာ ကျင့်ဝတ်သီလမှာ ဤသို့မဟုတ်။ ဘဝထဲမှာ အခြေခံသည်။ သံသရာခရီးမှလာသည်။ လွတ်မြောက်ရေးလမ်းသို့ ဦးတည်နိုင်စေရန် လိုအပ်ချက်များဖြစ်သည်။ တန်ဖိုးတစ်ခုသို့ ရည်ရွယ်ချက်ထားသော သတ်မှတ်ချက်များဟုဆိုနိုင်သည်။
ဤသဘောကို သီလ၏ကြောင်းကျိုးဆက်တရားတွင် ခြေရာခံနိုင်ပါသည်။

- သီလလုံလျှင် လိပ်ပြာသန့်သည်။ စိတ်ကြည်လင်သည်။ (အဝိပ္ပဋိသာရ)
- စိတ်ကြည်လင်လျှင် ဝမ်းမြောက်သည်။ (ပါမောဇ္ဖ)
- ဝမ်းမြောက်လျှင် နှစ်သက်အားရသည်။ (ပီတိ)
- နှစ်သက်အားရလျှင် ကိုယ်စိတ်ငြိမ်းအေးသည်။ (ပဿဒ္ဓိ)
- ကိုယ်စိတ်ငြိမ်းအေးလျှင် ကိုယ်စိတ်ချမ်းသာသည်။ (သုခ)
- ကိုယ်စိတ်ချမ်းသာလျှင် စိတ်တည်ငြိမ်သည်။ (သမာဓိ)
- စိတ်တည်ငြိမ်လျှင် လွတ်မြောက်ရာလမ်းသို့ ဦးတည်သော ဉာဏ်ပညာကိုရသည်။ (ယထာဘူတ ဉာဏဒဿန)

ပြောရလျှင် သီလ၏အကျိုးဆက်မှာ နိဗ္ဗာန်မျက်မှောက်ပြုရေးအထိဟု ဆိုနိုင်ပါသည်။ သို့အတွက် သီလကို “ကျင့်ဝတ်တန်ဖိုး”ဟု ဆိုနိုင်သလို “ကိုယ်ကျင့် အဘိဓမ္မာ” ဟူ၍လည်း မှတ်ယူနိုင်ခြင်း ဖြစ်ပါသည်။

ကောင်းစွာပြောဆိုခြင်း
များသောအားဖြင့် လူသည် မိမိစိတ်ထဲတွင် တွေးထင်ယူဆထားသည့်အတိုင်း ပြောဆိုကြသည်က များသည်။ သို့အတွက် ကောင်းစွာကြံစည်တွေးခေါ်ခြင်း၏ နောက်တွင် ကောင်းစွာပြောဆိုခြင်းက ကပ်လိုက်တက်ပါသည်။ ဗုဒ္ဓ၏ အလိုအရ ကောင်းစွာပြောဆိုခြင်း (သမ္မာဝါစာ)ဆိုသည်မှာ “မကောင်းသော အပြောအဆို” (ဝစီဒုစရိုက်) လေးမျိုးကိုရှောင်ကြဉ်ခြင်းပင် ဖြစ်သည်။ ဤသည်တို့မှာ
   (၁) မမှန်သောစကားကို ပြောဆိုခြင်း (မုသာဝါဒ) (falsehood)
   (၂) ကုန်းချော ရန်တိုက်စကားကို ပြောဆိုခြင်း (ဝိသုဏဝါစာ) (slander)
   (၃) ကြမ်းတမ်းရိုင်းစိုင်းသော စကားကိုပြောဆိုခြင်း (ဖရုသဝါစာ) (harsh words)
   (၄) အကျိုးမရှိ အနှစ်မပါသော စကားကိုပြောဆိုခြင်း (သမ္ဖပ္ပလာပ) (gossip) တို့ဖြစ်သည်။

နံပါတ် (၁) ဝစီဒုစရိုက် (မမှန်သောစကားကိုပြောဆိုခြင်း)မှာ အရေးအကြီးနှင့် အခြေခံအကျဆုံးဖြစ်သည်။ ဤသဘောကို ဗုဒ္ဓက သူ၏သားတော် ရာဟုလာ ကိုရင်အား ဆုံးမရာတွင် ဤသို့ပြောခဲ့သည်။ “ ရာဟုလာ.....၊ မုသားပြောဖို့ မရှက်သောသူသည် ရေအိုးထဲမှ ရေကိုတစ်စက်မကျန် သွန်ပစ်လိုက်သလို၊ မည်သည့်ကိုယ်ကျင့်သီလမှ မရှိတော့ချေ။ မည်သို့သောမကောင်းမှုကိုမျှ ပြုလုပ်ရန် ဝန်မလေးတော့ပေ ...” သို့အတွက် မမှန်သောစကားကို မပြောဆိုမိစေရန် “ရိုးသားမှု” (honesty)ဆိုသော ကျင့်ဝတ်နှင့် ထိန်းရမည်ဟု ဆိုပါသည်။

နံပါတ်(၂) ဝစီဒုစရိုက် (ပိသုဏဝါစာ) ကို အကျယ်အဓိပ္ပာယ် ဖွင့်လျှင် “ညီညွတ်ချစ်ခင်မှုကို ပြိုကွဲစေခြင်း” (breaking fellowship) ဟု ဆိုနိုင်ပါသည်။ ဤသဘောကို ဗုဒ္ဓကျမ်းဂန်များတွင် ဓားသွားနှင့် ဥပမာပြုကြသည်။ စည်းရုံးညီညွတ်မှု၊ ချစ်ခင်ကြင်နာမှုတို့ကို ထိရှစေသော အကျင့်ဆိုးဖြစ်ပါသည်။ ဤအကျင့်ဆိုးကို ရှောင်ကြဉ်နိုင်ရန် “ချစ်ခင်ညီညွတ်မှုကို အထောက်အကူပြုရမည်”(must be harmonious)ဟုဆိုပါသည်။

နံပါတ်(၃) ဝစီဒုစရိုက်မှာ အကျိုးသက်ရောက်မှုနှင့်ယှဉ်၍ မကောင်းမှုဟု သတ်မှတ်ခြင်းဖြစ်သည်။ မှန်သောစကားပင်ဖြစ်စေ၊ ကြမ်းတမ်းရိုင်းစိုင်းလျှင်၊ နားထောင်ရသူဘက်မှ နှစ်လိုဖွယ်ရာ မရှိတတ်ပေ။ သို့နှင့်အမျှ ပြောသူရော နားထောင်သူအတွက်ပါ အကျိုးများနိုင်စရာ မရှိ ဖြစ်တတ်သည်။ ဤသဘောကို “ခါးလျှင် နားမဝင်၊ ချိုမှ နားဝင်လွယ်သည်” ဟု လောကနီတိတွင် ဆုံးမထားသည်။ သို့အတွက် ဖရုသဝါစာကို ရှောင်နိုင်ရန် “ယဉ်ကျေးသိမ်မွေ့မှု” (politeness)ကို ဆောင်ရမည်ဟု ဆိုပါသည်။

နံပါတ်(၄) ဝစီဒုစရိုက် (သမ္ဖပ္ပလာပ)ကို အင်္ဂလိပ်ဝေါဟာရ gossip နှင့် ဖလှယ်ထားသော်လည်း မပြည့်စုံပါ။ အတင်းအဖျင်း အပါအဝင် အကျိုးမဲ့အနှစ်မဲ့ စကားအားလု့း အကျုံးဝင်ပါသည်။  ဤသို့ ပြိန်ဖျင်းသော စကားမှာ ပြောသူရော နာသူအတွက်ပါ အကျိုးမဲ့စေ၍ မကောင်းမှုဟုသတ်မှတ် ထားခြင်းဖြစ်ပါသည်။ ဤသဘောကို “အနှစ်မဲ့၊ အကျိုးမဲ့ စကားအခွန်းတစ်ထောင်ဘက် အနှစ်ရှိ၊ အကျိုးရှိသော စကားတစ်ခွန်းက ပိုမြတ်၏”ဟု ဓမ္မပဒတွင် ဖွင့်ဆိုထားပါသည်။ သို့အတွက် မိမိပြောစကားတစ်ခွန်းမှာ မိမိအတွက်ရော၊ နားထောင်သူအတွက်ပါ အကျိုးများစေရမည်။ (must be beneficial)ဟု ကျင့်ဝတ်သတ်မှတ်ချက်ထားခြင်းဖြစ်ပါသည်။

အနှစ်ချုပ်ဖော်ပြရလျှင် ကောင်းစွာ ပြောဆိုခြင်းဆိုသည်မှာ...
(၁) ရိုးဖြောင့်ရမည် (မှန်တာပြောရမည်)
(၂) ချစ်ခင်ညီညွတ်မှုကို အထောက်အကူပြုစေရမည်
(၃) ယဉ်ကျေးသိမ်မွေ့ရမည်
(၄) အကျိုးရှိစေရမည် -
ဆိုသော ဂုဏ်အင်လေးရပ်နှင့် ပြည့်စုံသည့် စကားဖြစ်ပါသည်။

ဤနေရာတွင် ဗုဒ္ဓ၏ “သမ္မာဝါစာ”မှာ “မိတ္တဗလဋီကာ”သက်သက် မဟုတ်သည်ကို သတိချပ်ဖို့လိုပါလိမ့်မည်။ စင်စစ် ဗုဒ္ဓအနေနှင့် “မှန်-မမှန်”၊ “နှစ်လိုဖွယ် ဖြစ်-မဖြစ်”၊ “အကျိုးရှိ-မရှိ”ဆိုသော နှုန်းစံသုံးရပ်နှင့် ချင့်တွက်ပြီးမှ ပြောသင့်ပြောထိုက်သော စကားကို ရွေးချယ်ခြင်းဖြစ်သည်။

ဤစံသုံးခုနှင့် ဖြန့်တွက်လိုက်လျှင် စကားခြောက်ခွန်းမျှ အပြန့်ကျယ်လာနိုင်ပါသည်။
(၁)   မှန်သည်၊ နှစ်လိုဖွယ်ဖြစ်သည်၊ အကျိုးရှိသည်။
(၂)   မှန်သည်၊ နှစ်လိုဖွယ်ဖြစ်သည်၊ အကျိုးမရှိ။
(၃)   မှန်သည်၊ နှစ်လိုဖွယ်မဖြစ်၊ အကျိုးရှိသည်။
(၄)   မှန်သည်၊ နှစ်လိုဖွယ်မဖြစ်၊ အကျိုးမရှိ။
(၅)   မှားသည်၊ နှစ်လိုဖွယ်ဖြစ်သည်၊ အကျိုးမရှိ။
(၆)   မှားသည်၊ နှစ်လိုဖွယ်မဖြစ်၊ အကျိုးမရှိ။

ဗုဒ္ဓက နံပါတ်(၁) နှင့် နံပါတ်(၃) ကိုသာ ပြောသင့်ပြောထိုက်သောစကားဟု ယူဆသည်။ မှန်လည်းမှန်သည်။ အကျိုးလည်းရှိမည်ဆိုလျှင် နှစ်လိုဖွယ်မဖြစ်လည်း၊ ပြောသင့်ပြောထိုက်သည်ဟု ယူဆခြင်းမှာ ချစ်ခြင်း၊ မုန်းခြင်း၊ ချီးမွမ်းခြင်း၊ ကဲ့ရဲ့ခြင်း တို့ကို မတုန်လှုပ်သော ရိုးဖြောင့်ခိုင်မာသည့် စိတ်အခံကို ဖော်ပြရာ ရောက်ပါသည်။
သစ္စာရှာဖို့ မြင်းစီးသူ (ကျော်ဝင်)၏စာအုပ် ဆက်လက်ရေးသားဖော်ပြပါမည် ။

Saturday, October 20, 2012

သစ္စာရှာဖို့ မြင်းစီးသူအပိုင်း(၉)အဆက်

အတ္တ၏ နောက်အဓိပ္ပာယ်တစ်မျိုးမှာ ပုဂ္ဂလိကဝါဒသဘော(individuality)ဖြစ်ပါသည်။ အနတ္တ၏ အဓိပ္ပာယ်တွင် ဤအချက်ကိုမူ ဆန့်ကျင်ဘက်မယူပါ။ ဗုဒ္ဓကိုယ်တိုင်က ပုဂ္ဂလိကအခန်းကဏ္ဍကို သမုတိသဘောနှင့်လက်ခံထားပါသည်။ ကမ္မဥပဒေသလာ “မိမိပြုသည့်ကံ(အလုပ်)ကိုမိမိကိုယ်တိုင်တာဝန်ယူရမည်” ဆိုသည်မှာ ဤသဘောပင်ဖြစ်သည်။ ဓမ္မပဒတွင်ပါသော“အတ္တာဟိ အတ္တနော နာထော” (မိမိကိုယ်သာကိုးကွယ်ရာ) ဆိုသည်မှာလည်း ဤသဘောဖြစ်ပါသည်။ ဗုဒ္ဓက “အတ္တ”ကို ငြင်းပယ်သည်ဆိုရာတွင် အတ္တ၏ self အဓိပ္ပာယ်နှင့် permanent အဓိပ္ပာယ်တို့ကိုသာဖြစ်သည်။ individual သဘောမဟုတ်ဟု နားလည်ရပါသည်။

အတ္တတွင် နောက်ထပ်အဓိပ္ပာယ်တစ်မျိုးရှိပါသေးသည်။ ရှေးဟောင်းအိန္ဒိယဒဿနက် ဤအဓိပ္ပာယ်ကို အခြေခံသည်။ “ထာဝရတည်မြဲသည့် ဝိညာဉ်”(eternal spirit)ဟူ၍ ဖြစ်ပါသည်။ ဤအဓိပ္ပာယ်ကိုမူ ဗုဒ္ဓကပြတ်ပြတ်သားသားငြင်းပယ်ပါသည်။ သို့အတွက် ဤသည်ကို ဆန့်ကျင်ဘက်ပြုလိုက်လျှင်မူ အနတ္တ၏ နောက်ထပ် အဓိပ္ပာယ်တစ်ခု ရနိုင်ပါသည်။ အနတ္တအမြင်က “ထာဝရတည်မြဲသည့် ဝိညာဉ်” ဆိုသည်ကို လက်မခံပါ။

္ကဤနေရာတွင် ရှေးဟောင်း အိန္ဒိယ ဒဿနတစ်ခုဖြစ်သော သဿတဒိဠိ အယူအဆကို ပြညွှန်းဖို့လိုပါလိမ့်မည်။  ဤအယူက “မည်သည့်အခါမှ ပျောက်ပြယ် သေဆုံးခြင်းမရှိသော ဝိညာဉ်” (immortal soul)ကိုဟောသည်။ သေတတ်သည့် ခန္ဓာတွင် မသေသည့်ဝိညာဉ်ကိန်းနေသည်ဟုယူသည်။ ဤဝိညာဉ်ကိုပင် အတ္တဟုခေါ်ပါသည်။ အနတ္တမှာ ဤသို့သော အတ္တနှင့် ဆန့်ကျင်ဘက်ဖြစ်သည်။ လူသေသည်နှင့် ရုပ်ရောနာမ်ရောချုပ်သွားသည်ဖြစ်ရာ အမြုတေအတ္တ မကျန်ရစ်ဟုဟောပါသည်။ ဤသည်မှာ အနတ္တ၏ ဒုတိယအဓိပ္ပာယ်ဖြစ်သည်။ မမြဲသည့်သဘော၊အနှစ်မရှိသည့်သဘောဖြစ်ပါသည်။ အင်္ဂလိပ်ဘာသာဖြင့် “Not permanent” သို့မဟုတ် “ No sole”ဟု အနီးစပ်ဆုံး ဘာသာပြန်နိုင်ပါလိမ့်မည်။

စင်စစ် ဗုဒ္ဓ၏ ဘဝနှင့်ပတ်သက်သော ဖွင့်ဆိုချက်ဖြစ်သည့် လက္ခဏာရေးသုံးပါးမှာ တစ်ခုနှင့်တစ်ခု ဆက်စပ်နေသည်သာ ဖြစ်ပါသည်။ ဘဝသည် မမြဲ (အနိစ္စ)၊ ဤသို့မမြဲသည့်အတွက် လိုအင်မပြည့် (ဒုက္ခ)၊ သို့အတွက် အစိုးမရနိုင်(အနတ္တ)ဟု ချုပ်ယူနိုင်ပါလိမ့်မည်။

အနတ္တလက္ခဏသုတ်
အနတ္တလက္ခဏသုတ်မှာ ဓမ္မစကြာတရားအပြီး ဟောကြားသော ဗုဒ္ဓ၏ ဒုတိယတရားတော်ဖြစ်သည်။ တရားနာပရိသတ်မှာမူ ဓမ္မစကြာဟောစဉ်ကအတိုင်း အရှင်ကောဏ္ဍည အမှူးပြုသော တပသီဟောင်းငါးဦးပင်ဖြစ်သည်။ ယခင်နှင့်မတူတော့သည်မှာ အနတ္တလက္ခသုတ်ကို နာယူစဉ်တပသီဟောင်းများမှာ ပထမအဆင့် ဉာဏ်အလင်း (သောတာပန်)ရပြီးသူများဖြစ်နေခြင်းပင်။ တစ်နည်းပြောရလျှင် ရင့်ကျက်သော ပညာအခံရှိနှင့်ပြီဟု ဆိုနိုင်ပါလိမ့်မည်။ အနတ္တ လက္ခဏသုတ် ဟောကြားပြီးသော အခါမှ တပသီဟောင်းငါးဦးလုံး အမြင့်ဆုံးဉာဏ်အလင်း(အရဟတ္တ) ရသွားကြသည်ဟု အမှတ်အသားရှိသည်။

အနတ္တလက္ခဏသုတ်မှာ ဓမ္မစကြာနှင့်အပြိုင်၊ အထူးအရေးကြီးသော တရားတော်ဖြစ်ရာ၊ ဗုဒ္ဓ၏မူလဟောကြားချက်များကို အရင်အတိုင်းလေ့လာဖို့လိုပါလိမ့်မည်။ ယခုစာစုတွင်မူ အဆိုပါသုတ်မှ အရေးအကြီးဆုံးဟု ယူဆရသည့် အပိုဒ် ၄ ပိုဒ် ကို ထုတ်နုတ်ဖော်ပြသွားပါမည်။

   (၁)   ရဟန်းတို့-ရုပ်ခန္ဓာသည် မိမိကိုယ်ပိုင်မဟုတ်ပေ။ အကယ်၍ ရုပ်ခန္ဓာမှာမိမိကိုယ်ပိုင် ဖြစ်ရိုးမှန်လျှင် ဒုက္ခဝေဒနာတို့၏ ရေခံမြေခံ မဖြစ်သင့်ပါ။ “ဒီလိုဖြစ်စမ်း၊ ဒီလိုမဖြစ်နဲ့” စသဖြင့်လည်း အမိန့်ပေးစေခိုင်း၍ ရဖို့ကောင်းပါသည်။ သို့သော် ရုပ်ခန္ဓာမှာမိမိအလိုသို့မလိုက်၊ ဒုက္ခဝေဒနာတို့၏ ကိန်းရာတည်ရာသာဖြစ်သည်။ မိမိဆန္ဒနှင့်အစိုးမရ။ သူ့သဘော သူဆောင်သည်သာ ဖြစ်သည်။ သို့အတွက် ရုပ်ခန္ဓာသည် အတ္တမဟုတ်၊ အနတ္တဟု ဆိုခြင်းဖြစ်သည်။
      (ရုပ်ခန္ဓာကဲ့သို့ပင် ဝေဒနာ၊ ပညာ၊ သင်္ခါရ၊ ဝိညာဏ တို့ကို လည်းဤအတိုင်းပင် ဆက်ရှင်းသည်)
   (၂)   ရဟန်းတို့-ရုပ်ခန္ဓာသည် မြဲသလော၊ မမြဲသလော ...။ မမြဲပါဘုရား (အနိစ္စ)၊ ဤသို့မမြဲသည့်အတွက် နှစ်သက်ဖွယ်ဟုဆိုမည်လော၊ မနှစ်သက်ဖွယ်ဟု ယူမည်လော ..။မနှစ်သက်ဖွယ်ပါဘုရား(ဒုက္ခ)၊ အစိုးလည်းမရ။ မြဲလည်းမမြဲ။ နှစ်သက်ဖွယ်ရာလည်း မဟုတ်ပါဘဲနှင့် ဤရုပ်ခန္ဓာကိုပင် ငါ့ဟာ၊ သူ့ဟာ၊ ငါပဲ၊ သူပဲ .. စသဖြင့် ထင်မှတ်မှားနေကြသည်မှာ ဖြစ်သင့်ပါသလော ..။ မဖြစ်သင့်ပါ ဘုရား။
      (ရုပ်ခန္ဓာကဲ့သို့ပင် နာမ်ခန္ဓာလေးပါးကိုလည်း ဤအတိုင်း ဆက်ရှင်းသည်။)
`   (၃)   ရဟန်းတို့-အတိတ်ကဖြစ်ခဲ့သည် ရှိစေ၊ ပစ္စုပ္ပန်တွင် ရှိနေဆဲဖြစ်စေ၊ အနာဂတ်တွင်ရှိလိမ့်မည်ဖြစ်စေ၊ လူဖြစ်စေ၊ သတ္တဝါဖြစ်စေ၊ ကြမ်းသည်ဖြစ်စေ၊ နုသည်ဖြစ်စေ၊ အဆင့်နိမ့်သည်ဖြစ်စေ၊ အဆင့်မြင့်သည်ဖြစ်စေ၊ အနီးမှာရှိသည်ဖြစ်စေ၊ အဝေးမှာရှိသည်ဖြစ်စေ၊ ရုပ်ခန္ဓာမှန်လျှင် လက္ခဏာရေးသုံးပါး (အနိစ္စ၊ ဒုက္ခ၊ အနတ္တ)နှင့် မကင်း၊ ဤသဘောအမှန်ကို ထိုးထွင်းသိမြင်လျှင် ငါ၊ သူ၊ ငါ့ဟာ၊ သူ့ဟာ စသဖြင့် အစွဲရှိတော့ မည်မဟုတ်။
      (နာမ် ခန္ဓာလေးပါးကိုလည်း ဤအတိုင်းပင် ဆက်ရှင်းသည်)။
   (၄)   ဤသို့ အမှန်အတိုင်း ထိုးထွင်းသိမြင်ပြီးဖြစ်သော ရဟန်းသည် ရုပ်ခန္ဓာကို မစွဲတော့။ ဝေဒနာ၊ သညာ၊ သင်္ခါရ၊ ဝိညာဏ စသော ရုပ်ခန္ဓာများကိုလည်း မစွဲလမ်းတော့။       

ဤသို့မစွဲလမ်းတော့သည်နှင့် ရုပ်နာမ်တို့၏ အစုဝေးခန္ဓာငါးပါးအပေါ်တပ်မက်သော တဏှာမှ ဖယ်ခွာနိုင်ခဲ့ပြီဖြစ်သည်။ ဤသို့ဖယ်ခွာနိုင်သည်နှင့် ထိုရဟန်းအတွက် လွတ်မြောက်ရေးလမ်းစ ပွင့်ပေပြီ။ နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်တော့မည် ဖြစ်ပေသည်။

“တရားရှာ ခန္ဓာမှာတွေ့” ဆိုသည့် စကားအတိုင်း ဗုဒ္ဓ၏ ဝိပဿနာလမ်းကြောင်းမှာ ခန္ဓာငါးပါးကို ဉာဏ်နှင့် ဆင်ခြင်ရှုမှတ်ခြင်း ဖြစ်လေသည်။ အထက်ပါ စာပိုဒ်ငါးပိုဒ်မှာ အဆိုပါဝိပဿနာ လမ်းကြောင်းကို အနှစ်ချုပ်ပြထားသည်ဟု ဆိုနိုင်ပါသည်။

ပထမစာပိုဒ်မှာ အနတ္တလက္ခဏာသုတ်တွင် ပါရှိသော “ရူပ” ဘိက္ခဝေ အနတ္တာ” အစချီသော စုဏိယပါဠိ (ပါဠိစကားပြေ)ကိုအနီးစပ်ဆုံး ဘာသာပြန်ထားခြင်းဖြစ်ပါသည်။ ခန္ဓာငါးပါးလုံး အနတ္တဖြစ်သည် ဆိုခြင်းကို ရှင်းပြပါသည်။

ဒုတိယစာပိုဒ်မှာ “တံကိံမညထ ဘိက္ခဝေ၊ ရူပံ နိစ္စံ ဝါ အနိစ္စံ ဝါတိ  ” အစချီသော စုဏိယပါဠိ (ပါဠိစကားပြေ)ဖြစ်ပါသည်။ ခန္ဓာငါးပါးပေါ်တွင် လက္ခဏာရေးသုံးပါးကို တင်ကြည့်ခြင်းဖြစ်သည်။

တတိယစာပိုဒ်မှာ “တသ္မာတိဟဘိက္ခဝေ ယံ ကိဥ္စိ ရူပံ အတီတာနာဂတ ပစ္စုပ္ပန္နံ ...” အစချီသော စုဏိပါဠိ(ပါဠိစကားပြေ)ဖြစ်ပါသည်။ ခန္ဓာငါးပါးအပေါ် တဏှာနှင့်မကြည့်ဘဲ ပညာနှင့်ကြည့်မြင်ရန် အသိပေးခြင်းဖြစ်သည်။

စတုတ္ထစာပိုဒ်မှာ “နိဗ္ဗိန္ဒံ ဝိရဇ္ဖတိ” အစချီသော စုဏိယပါဠိ (ပါဠိစကားပြေ)ဖြစ်ပါသည်။ ဝိပဿနာ ဉာဏ်စဉ်များကို အနှစ်ချုပ်ဖော်ပြထားခြင်းဖြစ်ပါသည်။ ပြောရလျှင် ဤစာပုဒ်လေးပုဒ်မှာ အနတ္တလက္ခဏသုတ်၏ အနှစ်ချုပ်ဖြစ်သလို၊ ပထမလမ်းသွယ်“ကောင်းစွာသိမြင်နားလည်ခြင်း”(သမ္မာဒိဋ္ဌိ)ကိုဖော်ပြရာလည်းရောက်ပါသည်။ ဗုဒ္ဓ ဓမ္မအလိုအရ အရာရာကို လက္ခဏာရေးသုံးပါးဖြင့် ပိုင်းခြား သိမြင်ခြင်းသည်ပင် ကောင်းမွန်မှန်ကန်စွာ သိမြင်နားလည်ခြင်းဖြစ်ပါသည်။ ပြောရလျှင် ဘဝနှင့်သံသရာကို ပညာဖြင့်ဆင်ခြင်သိနားလည်ခြင်းဟု ဆိုနိုင်ကောင်းမည် ထင်ပါသည်။

(၂) ကောင်းစွာ ကြံစည်တွေးခေါ်ခြင်း

ပညာလမ်း၏ ဒုတိယလမ်းသွယ်မှာ “ကောင်းစွာကြံစည်တွေးခေါ်ခြင်း” (သမ္မာသင်္ကပ္ပ)ဖြစ်ပါသည်။ ပထမလမ်းသွယ် (သမ္မာ ဒိဋ္ဌိ)နှင့် သမ္မာသင်္ကပ္ပမှာ မတူပါ။ သမ္မာဒိဋ္ဌိက မရှိကိုအရှိအတိုင်း သိမြင်နားလည်ခြင်းဖြစ်သည်။ သမ္မာသင်္ကပ္ပမှာ အတွင်းစိတ်၏ မျှော်မှန်းတမ်းတခြင်းသဘောဖြစ်ပါသည်။ သို့သော်ဤနှစ်ခုမှာ ဆက်စပ်နေရပါလိမ့်မည်။ စိတ်သည် လွတ်ထွက်တတ်သည့် သဘာဝရှိရာ ဤသို့လွတ်မသွားစေရန် သမ္မာဒိဋ္ဌိကို နှလုံးသွင်းစေနိုင်ဖို့လိုပါသည်။ တစ်နည်းဆိုလျှင် သမ္မာသင်္ကပ္ပကို သမ္မာဒိဋ္ဌိပေါ်တွင် တင်ထားဖို့ဖြစ်သည်။ ဤသဘောကို ရည်ရွယ်၍ ဗုဒ္ဓကျမ်းဂန်များတွင် သမ္မာသင်္ကပ္ပကို “အာရုံဆီသို့မှန်စွာ ရှေ့ရှုစေရန်တင်ပေးခြင်း”ဟု အဓိပ္ပာယ်ဖွင့်ပါသည်။
   ဗုဒ္ဓညွှန်ပြသော ကောင်းစွာကြံစည်တွေးခေါ်ခြင်းမှာ -
   (၁)   ကိုယ်ကျိုးစွန့်လွှတ်စိတ် ( အ- လောဘ)
   (၂)   သတ္တဝါအားလုံးအပေါ် ဖြန့်ကြက်ထားသော မေတ္တာစိတ် ( အ-ဒေါသ )နှင့်
   (၃)   သူတစ်ပါးအပေါ် ကြမ်းကြုတ်ရက်စက်သည့် သဘောမပါသောစိတ် (ဂရုဏာစိတ်)

ဤ စိတ်သုံးမျိုးကို အမြဲမပြတ် ကြံစည်နှလုံးသွင်းနိုင်ဖို့ ဖြစ်ပါသည်။
         
ပထမစိတ်၊ ကိုယ်ကျိုးစွန့်လွှတ်စိတ်ဆိုရာတွင် ရုပ်ဝတ္ထုဆိုင်ရာ အကျိုးစီးပွားများသာမက စိတ်ပိုင်းဆိုင်ရာ အစွဲအလမ်းများကိုပါ စွန့်လွှတ်ဖို့ရည်ရွယ်သည်။ ဗုဒ္ဓ၏ သံဃာ့အဖွဲ့အစည်းတွင် သတ်မှတ်ထားသော ဦးပြည်းခေါင်းထုံး၊ ဖန်ရည်ဆိုး၊ သင်္ကန်း၊ ဆွမ်းတစ်နပ် စသည်တို့မှာ ကိုယ်ကျိုးစွန့်လွှတ်စိတ်ကို လက်တွေ့ကျင့်သုံးစေခြင်းဖြစ်သည်။ သို့နှင့်တိုင် ဤစိတ်မှာရဟန်းသံဃာတော်များအတွက်သာ သတ်မှတ်ထားသည်မဟုတ်ပါ။ လူပုဂ္ဂိုလ်များနှင့်လည်း သက်ဆိုင်ပါသည်။ ဤသဘောကို -ဓမ္မပဒတွင် ဤသို့ဖွင့်ဆိုထားသည်။

   မကောင်းမှုကို ရှောင်ကြဉ်သူသည် “ဗြဟ္မာ”(မြင့်မြတ်သူ)မည်၏။ နည်းသောအမှုကိစ္စဖြင့် အေးချမ်းစွာနေသူသည် “သာမဏ”(ဧကစာကျင့်သူ)မည်၏။
   ကိလေသာကို ပယ်ခွာထားသူသည် “ပဗ္ဗဇိတ”(သန့်စင်သူ)မည်၏။
       
ဒုတိယစိတ် -  မေတ္တာစိတ်မှာ လူမှုဆက်ဆံရေးတွင် ကြုံတွေ့နိုင်စရာရှိသော ပဋိပက္ခများကို ရှောင်ရှားနိုင်ရန် ရည်ရွယ်သည်။ ဒေါသနှင့်ဆူဝေနေလျှင် အမှန်ကိုနှလုံးသွင်းနိုင်စရာ မရှိသောကြောင့်ဖြစ်ပါသည်။ တတိယစိတ် ကရုဏာစိတ်မှာလည်း ဤသဘောပင် ဖြစ်ပါသည်။ ဤစိတ်အခံသုံးမျိုးဖြင့် ကြံစည်နေမှသာ ပထမလမ်းသွယ်လာ အမြင်မှန်ကို မျက်ခြည်မပြတ် နှလုံးသွင်းနိုင်ပါလိမ့်မည်။ ဤစိတ်အခံသုံးမျိုးကို အပြည့်အဝမဟုတ်လျှင်သော်မှ၊ မထိုက်အသင့် နှလုံးသွင်းနိုင်လျှင်ပင် အဆင်ပြေချောမွေ့သော လူမှုဆက်ဆံရေးဘဝ ရရှိနိုင်စရာရှိပါသည်။ သို့အတွက် ကောင်းစွာကြံစည်တွေးခေါ်ခြင်းကို “အပေါင်းလက္ခဏာ စဉ်းစားနည်း” (positive thinking)ဟု ဆိုနိုင်လိမ့်မည် ထင်ပါသည်။
သစ္စာရှာဖို့ မြင်းစီးသူ (ကျော်ဝင်း၏)စာအုပ် ဆက်လက်ရေးသားဖော်ပြပါမည် ။

Tuesday, October 16, 2012

သစ္စာရှာဖို့ မြင်းစီးသူအပိုင်း(၉)

အခန်း(၉)
လွတ်မြောက်ရာလမ်း - စတုတ္ထအမှန်မွန်
ပညာလမ်း

“ငြိမ်းမှုဝေးတဲ့ ရှစ်ရပ်လမ်း
 လမ်းနိမ့်၊ လမ်းမြင့်တို့နဲ့ ပေါက်ရောက်နိုင်တယ်၊
 စိတ်ခိုင်သူ-မြန်၊ ချည့်နဲ့သူ-နှေး၊
နှင်းခတောင်ထိပ်ရောက်မယ် ..”


အမှန်မွန်လေးပါးတွင် သက်ဆိုင်ရာလုပ်ငန်းတာဝန်များ အသီးသီးရှိကြပါသည်။ ပထမအမှန်မွန် (ဒုက္ခသစ္စာ)မှာ နက်ရှိုင်းစွာ သိမြင်ဖို့ဖြစ်သည်။ ဒုတိယအမှန်မွန် (သမုဒယသစ္စာ)မှာ စွန့်လွှတ်ငြင်းပယ်ရမည့်အပိုင်းဖြစ်သည်။ တတိယအမှန်မွန် (နိရောဓသစ္စာ)မှာဆိုက်ရောက်မည့် လွတ်မြောက်ရေးပန်းတိုင်ဖြစ်သည်။ ယခုဆက်လက်ဖော်ပြမည့် စတုတ္တအမှန်မွန် (မဂ္ဂသစ္စာ)မှာ ကျင့်ကြံပွားများအားထုတ်ရမည့် လွတ်မြောက်ရာလမ်းဖြစ်ပါသည်။ (သိ-ပယ်-ဆိုက်-ပွား-ဟု အတိုချုပ်မှတ်နိုင်ပါသည်။)

ဆိုခဲ့ပြီးသည့်အတိုင်း စတုတ္ထအမှန်မွန်မှာ ကျင့်ကြံပွားများ အားထုတ်ရမည့် လွတ်မြောက်ရာလမ်းဖြစ်ရာ၊ ဗုဒ္ဓဘာသာဝင်များအတွက် ဗုဒ္ဓမြတ်စွာကိုယ်တော်တိုင်ချမှတ်ပေးခဲ့သော မဟာဗျူဟာအခင်းအကျင်းဟု ဆိုနိုင်ပါသည်။ ဤအချက်ကိုကိုင်၍ ဘာသာခြား သုတေသီများက စတုတ္ထအမှန်မွန်ကို အရေးအကြီးဆုံးဟု သတ်မှတ်ကြသည်များရှိသည်။ ရှေ့ကအမှန်မွန်သုံးခုမှာ စတုတ္ထအမှန်မွန်ကိုသာ တစ်ခုတည်းသော လွတ်မြောက်ရာလမ်းအဖြစ် ထင်ရှားသိသာစေသည့် အထောက်အကူရှင်းပြဖွင့်ဆိုချက်များဟု ယူဆကြပါသည်။

ဗုဒ္ဓညွှန်ပြခဲ့သော လွတ်မြောက်ရာလမ်းတွင် လမ်းရှစ်သွယ်ရှိသည်။ သဘောသဘာဝချင်းတူညီရာတို့ကို စုစည်းလိုက်လျှင် လမ်းမကြီးသုံးခုအဖြစ်လည်း ချုပ်ယူနိုင်ပါသည်။

ပညာလမ်း
(၁) သမ္မာဒိဌိ(ကောင်းစွာသိမြင်နားလည်ခြင်း)

ဘဝ၏ မမြဲသည့်သဘော၊ ဆင်းရဲသည့်သဘော၊ အစိုးမရသည့် သဘောကို မှန်မှန်ကန်ကန် သိမြင်နားလည်ခြင်းဖြစ်သည်။

(၂) သမ္မာသင်္ကပ္ပ (ကောင်းစွာကြံစည်တွေးခေါ်ခြင်း)

ကောင်းမြတ်သော စိတ်ဆန္ဒနှင့်အစွဲအလမ်းအခုအခံများမပါဘဲ သင့်မြတ်လျော်ကန်စွာ တွေးတောကြံစည်ခြင်းဖြစ်သည်။

သီလလမ်း
(၃) သမ္မာဝါစာ (ကောင်းစွာပြောဆိုခြင်း)

ကြမ်းတမ်းသောစကား၊ သိမ်ဖျင်းသောစကား၊ မမှန်သောစကား၊ အကျိုးမဲ့သောစကားကို မဆိုဘဲ၊ မှန်ကန်စွာပြောဆိုခြင်းဖြစ်သည်။

(၄) သမ္မာ ကမ္မန္တ (ကောင်းစွာပြုမူဆောင်ရွက်ခြင်း)

သူ့ဥစ္စာခိုးခြင်း၊ သူ့အသက်သက်ခြင်း၊ သူများသားမယားကျူးလွန်စော်ကားခြင်းစသော မကောင်းမှုမများကိုရှောင်ကြဉ်၍ မှန်ကန်စွာ ပြုမူဆောင်ရွက်ခြင်း ဖြစ်သည်။

(၅) သမ္မာအာဇီဝ (ကောင်းစွာအသက်မွေးဝမ်းကျောင်းပြုခြင်း)

သူတစ်ပါးကို မထိခိုက်စေသော အသက်မွေးဝမ်းကျောင်းမှုကို ပြုခြင်းဖြစ်သည်။

သမာဓိလမ်း
(၆) သမ္မာဝါယာမ (ကောင်းစွာအားထုတ်ကြိုးပမ်းခြင်း)

အကျင့်ဆိုး၊ အကြံဆိုးများ ပယ်ဖျောက်၍ အခုအခံ အစွဲအလမ်းကင်းစွာ၊ မေတ္တာနှင့်ယှဉ်ပြီး အားထုတ်ကြိုးပမ်းခြင်း ဖြစ်သည်။

(၇) သမ္မာသတိ (ကောင်းစွာသတိကပ်ရှုမှတ်ခြင်း)

ဘဝ၏မမြဲသည့် သဘောကို နှလုံးသွင်း၍ မိမိခန္ဓာ၏ ဖြစ်ပျက်အားလုံးကို နိုးကြားစွာ အာရုံစိုက် ရှုမှတ်ခြင်းဖြစ်သည်။

(၈) သမ္မာသမာဓိ (ကောင်းစွာ တည်ငြိမ်ရင့်ကျက်ခြင်း)

ထိုးထွင်း သိမြင်သော စိတ်အခံနှင့် အဖြစ်တရား၊ အရှိတရားတို့အပေါ်တွင် စိတ်ကိုတင်းထားနိုင်သည့် စူးစိုက်တည်ငြိမ်မှုဖြစ်ပါသည်။

ပညာလမ်း
(၁)ကောင်းစွာသိမြင်နားလည်ခြင်း
   ဤသို့လမ်းသွယ် ရှစ်ခုရှိသည့်အနက် ပထမလမ်းသွယ်(ကောင်းစွာသိမြင်နားလည်ခြင်း)မှာ အရေးကြီးဆုံးဖြစ်သလို သိမြင်နားလည်ဖို့ အခက်ခဲဆုံးလည်းဖြစ်ပါသည်။

လက္ခဏာရေးသုံးပါး
ဗုဒ္ဓဓမ္မ၏ အဆုံးပန်းတိုင်မှာ သံသရာမှလွတ်မြောက်ရေးဖြစ်ရာ ဗုဒ္ဓ၏ရည်မှန်းချက်မှာ အဓိကအားဖြင့် ဘဝထဲတွင်မရှိပါ။ ဘဝထက်ကျော်လွန်သည်ဟု ဆိုရပါလိမ့်မည်။  အကယ်၍ ဗုဒ္ဓတွင် ဘဝနှင့်ပတ်သက်သော ရည်မှန်းချက်တစ်စုံတစ်ရာရှိသည်ဟု ယူဆလျှင် ၄င်းတစ်စုံတစ်ရာမှာဘဝကို အမှန်အတိုင်းသိမြင်နားလည်နိုင်ရေးသာဖြစ်ပါလိမ့်မည်။ (စင်စစ် ဤသည်မှာလည်း ဘဝလွတ်မြောက်ရေးကို ဦးတည်နိုင်ဖို့သာ ဖြစ်သည်။ ဤသို့ အရင်းအတိုင်း အမှန်အတိုင်း သိမြင်နားလည်စေရန် ဗုဒ္ဓက စကားလုံးသုံးလုံးနှင့်အမြဲမပြတ်ဆုံးမလေ့ရှိသည်။ ဤသည်တို့မှာ ဗုဒ္ဓဘာသာဝင်တိုင်း မပြတ်နှလုံးသွင်းကြရသည့် သဘောသဘာဝများကို ဖော်ပြသော စကားလုံးများလည်းဖြစ်သည်။ အနိစ္စ၊ ဒုက္ခ၊ အနတ္တဆိုသော “လက္ခဏာရေးသုံးပါး”(The Basic characteristic of life)ဖြစ်ပါသည်။

ပါဠိဘာသာတွင် “အ” ဆိုသည်မှာ အငြင်းအဓိပ္ပာယ်ထွက်သော ရှေ့ဆက်စကားဖြစ်သည်။ အင်္ဂလိပ်ဝေါဟာရ “no” သို့မဟုတ် “non” ဆိုသည့် သဘောဖြစ်သည်။ နိစ္စမှာ “မြဲခြင်း” (permanent) ဟု အဓိပ္ပာယ်ရရာ “အနိစ္စ”ကို မမြဲခြင်းဟု တိုက်ရိုက်ဘာသာပြန်နိုင်ပါသည်။ ဤသဘောကို ဗုဒ္ဓဘာသာဝင်မဟုတ်သူများပင် အလွယ်နှင့်နားလည်နိုင်စရာရှိပါသည်။ “မွေးဖွားရှင်သန်၊ သေဆုံး” ဆိုသော ဘဝ မာတိကာ ကို လူတိုင်းရှောင်မရသည်ဖြစ်ရာ စောဒကတက်စရာမရှိလောက်ပါ။ အင်္ဂလိပ်ကဗျာဆရာကြီး “တန်နီဆင်”ကပင် ဘဝ၏ အနိစ္စသဘောကို ကဗျာဖွဲ့ဖူးပါသည်။

“လူတွေ မွေးလာကြ၊ သေသွားကြ
 စမ်းချောင်းလေးက စီးမြဲပ ... ” စသဖြင့် ....။

သို့နှင့်တိုင် ဗုဒ္ဓဓမ္မလာ အနိစ္စမှာ ဤသဘောမျှမကပါ။ ဗုဒ္ဓ၏အလိုအရ၊ လူ့ဘဝသာမက စမ်းချောင်းလေးလည်း မတည်မြဲပါ။ ကမ္ဘာကြီးသည် လည်းကောင်း၊ စကြဝဠာကြီးသည်လည်းကောင်း၊ ပြောရလျှင် အဖြစ်တရားအားလုံး မတည်မြဲပါ။

ထို့ထက်ပို၍ အရေးကြီးသည်မှာ ဘဝတဏှာနှင့်ယှဉ်သော ပျော်ရွှင်မှုဆိုသည်၏ တဒင်္ဂသဘောဆောင်မှုဖြစ်ပါသည်။ fleeting nature of the pleasure ဖြစ်ပါသည်။ လူသည် ပျော်ရွှင်မှုကို တပ်မက်သည်။ ပျော်ရွှင်မှုကို အဆုံးစွန်ထိတည်တန့်လိုသည်။ ဤသည်မှာဘဝတဏှာမပြတ်နိုင်သော လူသားအားလုံး၏ ဆန္ဒပင်ဖြစ်သည်။ သို့သော် ဘဝမှာမမြဲသလို “အပျော်”ဆိုသည်ကလည်း မမြဲပါ။ ဗုဒ္ဓရည်ရွယ်သော အနိစ္စက ဤသဘောထိရောက်ပါသည်။

အနိစ္စကိုနားလည်သဘောပေါက်သွားလျှင် ဒုက္ခကို နားမလည်နိုင်စရာမရှိတော့ပါ။ စိတ်ဆန္ဒအလိုနှင့် လက်တွေ့အရှိတို့ တစ်ထပ်တည်းမဖြစ်သည်နှင့် လူမှာ “စိတ်ဝေဒနာခံစားမှု”(suffering)ကို ရှောင်မရနိုင်တော့ပါ။ ဤသည်ပင် ဒုက္ခ၏ သဘောဖြစ်ပါသည်။

နားလည်ဖို့ အခက်ခဲဆုံးမှာ တတိယစကားလုံး “အနတ္တ”ပင် ဖြစ်သည်။ ရှေးဟောင်း အိန္ဒိယဒဿနတွင် မရှိခဲ့သော ဗုဒ္ဓကိုယ်တော်တိုင် စတင်ခဲ့သည့်ဝေါဟာရဖြစ်ပါသည် အယူအဆသစ် ဖြစ်ပါသည်။ ထို့ထက် ဗုဒ္ဓဓမ္မ၏ အရေးကြီးသည်နှင့်အမျှ သိမ်မွေ့နက်ရှိုင်းသော အကောက်အယူလည်း ဖြစ်ပါသည်။ ပြောရလျှင် ဗုဒ္ဓဓမ္မကို အနှစ်ချုပ်လိုက်ပါက အနတ္တဝါဒ ဟူ၍ ပင် ဆိုနိုင်ကောင်းမည် ထင်ပါသည်။

အနတ္တကို ဖွင့်ဆိုခြင်း
“အနတ္တ”မှာ အဓိပ္ပာယ်တစ်မျိုးမက ပေါင်းစပ်ပါဝင်နေသော ဝေါဟာရဖြစ်သည်။ နိရုတ္တိသဘောအရပြောရလျှင် အနတ္တမှာ အတ္တ၏ ဆန့်ကျင်ဘက်ဟု ယေဘုယျဆိုနိုင်သည်။ ခက်နေသည်မှာ အတ္တဆိုသော စကားလုံးကိုယ်တိုင်သည်ပင် အဓိပ္ပာယ်ထွေပြားနေခြင်းဖြစ်သည်။ ရပ်သုံးရွာသုံးရှိသလို ဒဿန (ရှေးဟောင်း အိန္ဒိယဒဿန)အကောက်အယူများလည်း ပါဝင်နေတတ်သည်။ သို့အတွက် အတ္တ၏ အဓိပ္ပာယ်အားလုံးကို ဆန့်ကျင်ဘက်ပြုရုံနှင့် ဗုဒ္ဓဓမ္မလာ အနတ္တသဘောကို အပြည့်အဝ နားလည်နိုင်လိမ့်မည် မဟုတ်ပါ။

“အတ္တ”တွင် အနည်းဆုံး အနက်ပွားသုံးခု ရှိနိုင်ပါသည်။ ပထမ အဓိပ္ပာယ်မှာ ခွဲဝေမှုသဘောပါသည့် “ပြန်ညွှန်းနာမ်းစား” (reflexive pronoun)နှင့် နီးစပ်သည်။ အင်္ဂလိပ်ဝေါဟာရ 'one' 'oneself' 'each one' ဆိုသည်တို့နှင့် အဓိပ္ပာယ်တူနိုင်သည်။ ဤသည်ကို နာမဝိသေသနသဘာသုံးလိုက်လျှင် ပိုင်ဆိုင်မှုအနက်ပါ ထင်လာသည်။ “ငါ့ဟာ၊ သူ့ဟာ” စသော အဓိပ္ပာယ်ရပါသည်။ “of one's own"ဟုဆိုရပါလိမ့်မည်။ ဤအဓိပ္ပာယ်ကို ဆန့်ကျင်ဘက်ပြုလိုက်လျှင် “ငါ့ဟာ မဟုတ်၊ သူ့ဟာမဟုတ်” ' not of one's own" ဟုရပါလိမ့်မည်။ ဗုဒ္ဓဓမ္မလာ “အနတ္တ”၏ ပထမအဓိပ္ပာယ်မှာ ဤသည်ပင် ဖြစ်သည်။

ဗုဒ္ဓအလိုအရ ပုဂ္ဂိုလ်၊ သတ္တဝါ၊ ငါ၊ သူတစ်ပါး၊ ယောက်ျား မိန်းဟူ၍ မရှိပါ။ အားလုံးသည် ရုပ်နာမ်တို့၏ အစုအဝေးမျှသာဖြစ်သည်။ သို့အတွက် ငါ့ဟာ၊ သူ့ဟာ၊ ယောက်ျား၊ မိန်းမ၊ အလှ၊ အကျည်းတန် စသည်တို့မှာ အမှန်မရှိသည်ကို အရှိဟုထင်နေတာ “ဟုတ်ယောင်မှု"မျှသာဖြစ်သည်။ တစ်နည်းဆိုလျှင် “အတ္တအထင်”သာဖြစ်သည်။ ဤအထင်ကို ဗုဒ္ဓကပယ်ပါသည်။ ဗုဒ္ဓ၏ အနတ္တအမြင်က ငါ့ဟာမဟုတ်။ ငါ့အလိုမလိုက်ဟု ဟောသည်။ အစိုးမရသည့်သဘောဖြစ်ပါသည်။ သို့အတွက် အနတ္တ၏  ပထမအဓိပ္ပါယ်မှာ ကိုယ်ပိုင်မဟုတ်သည့်သဘော၊ အစိုးမရသည့်သဘောဖြစ်ပါသည်။ အင်္ဂလိပ်ဝေါဟာရနှင့် “not of one's own"သို့မဟုတ် "no self"အနီးစပ် ဆုံး ပြန်ဆိုနိုင်ပါလိမ့်မည်။

သစ္စာရှာဖို့ မြင်းစီးသူ(ကျော်ဝင်း)၏စာအုပ် ဆက်လက်ရေးသားဖော်ပြပါမည် ။

Saturday, October 13, 2012

သစ္စာရှာဖို့ မြင်းစီးသူအပိုင်း(၈)အဆက်

သံသရာမှ နိဗ္ဗာန်သို့

သံသရာစက်ဝိုင်းကို ဖောက်ထွက်၍ နိဗ္ဗာန်သို့ကူးရသည်မှာ အလိုလိုဖြစ်ပေါ်လာသော ဖြစ်စဉ်မဟုတ်ပေ။ ကျိုးကြောင်းဆင်ခြင်မှု ဆိုသော ဒဿနနည်းဖြင့် ချဉ်းကပ်၍ရသည်လည်းမဟုတ်ပေ။ ဘဝ၏ အစစ်အမှန်တရားကို နက်ရှိုင်းစွာ ထိုးထွင်းသိမြင်ရန် ကြိုးပမ်းရသော ဝိပဿနာလမ်းကြောင်းဖြစ်ပါသည်။ ဤသည်မှာလည်း နေ့ချင်းညချင်းနှင့် ရုတ်တရက်ရနိုင်သော အကျိုးရလဒ်ဟု ယူဆ၍ မရနိုင်ပါချေ။ (ပါရမီ ရင့်သန်ပြီးသူအချို့သာ ခြွင်းချက်အဖြစ်ရှိနိုင်သည်။) တစ်ဆင့်ပြီးတစ်ဆင့် ကျင့်ကြံပွားများ အားထုတ်ရသည်က များပါသည်။
 
ဤသို့ဖြစ်ရသည်မှာ သံသရာတွင် ကျင်လည်နေရသော လူ(သတ္တဝါ)တို့မှာ ကြိုးဆယ်ချောင်းဖြင့် နှောင်ကြိုးတည်းခံထားရသောကြောင့် ဖြစ်သည်။ ဤကြိုးဆယ်ချောင်းကို ဗုဒ္ဓကျမ်းဂန်များက “ကိလေသာဆယ်ပါး”(Ten cords of bondage)ဟု ရေတွက်ပြပါသည်။ ဤသည်တို့မှာ-
   (၁)   လိုချင်တက်မက် ငြိတွယ်ခြင်း (လောဘ)
   (၂)   စိတ်ဆိုး၊ အမျက်ထွက်ပူလောင်ခြင်း (ဒေါသ)
   (၃)   အမှန်အတိုင်း မသိမမြင်နိုင်ဘဲ တွေဝေခြင်း (မောဟ)
   (၄)   မိမိကိုယ်ကိုယ် အရှိထက်ပို၍ ထင်မှတ်မှားခြင်း (မာန)
   (၅)   အစွဲအလမ်းအခုအခံများဖြင့် အသိမှားအယူမှားခြင်း (ဒိဌိ)
   (၆)   အမှန်တရားအပေါ် ယုံမှားသံသယဖြစ်ခြင်း (ဝိစိကိစ္ဆာ)
   (၇)   လေးလံထိုင်းမှိုင်းသောစိတ် (ထိနမိဒ္ဓ)
   (၈)   ပျံ့လွင့်သောစိတ် (ဥဒ္ဓစ္စ)
   (၉)   မကောင်းမှုလုပ်ရသည်ကို မရှက်တတ်ခြင်း (အဟိရိက)
နှင့်
   (၁ဝ)   မကောင်းမှုလုပ်ရသည်ကို မကြောက်လန့်ခြင်း (အနောတ္တပ္ပ)
တို့ဖြစ်သည်။ ဤကြိုးဆယ်ချောင်းကို တပြိုင်တည်းဖြတ်၍ ရသည်မဟုတ်။ သူ့အကန့်နှင့်သူ ဖြတ်ရသည်မျိုးဖြစ်သည်။

ဤသို့ ကြိုးဆယ်ချောင်းကို  ဖြတ်ရသည့်အတွက် လူသည် အဖြစ်တရားတို့၏ အစုအဝေး(သံသရာ)ဆိုသော  တဖက်ကမ်းမှ “စိတ်၏ ဖြူစင်သန့်ရှင်းမှု စိတ်အလျဉ်ခရီး” (Stream of mind purification)ကို ဖြတ်သန်းပြီးမှသာလျှင် အရှိတရားတို့၏နေရာ (နိဗ္ဗာန်) ဆိုသည့် အခြားတစ်ဖက်ကမ်းသို့ဆိုက်ရောက်နိုင်ပါသည်။ ဤစိတ်အလျဉ်ခရီးတွင် အဆင့်လေးဆင့်ရှိသည်။ ပထမအဆင့် ကို “သောတာပတ္တိ”ဟုခေါ်သည်။ ဤအဆင့်တွင် ကြိုးဆယ်ချောင်းထဲမှ ဒိဌိနှင့် ဝိစိကိစ္ဆာ ဆိုသော ကြိုးနှစ်ချောင်းကိုသာ အပြီးဖြတ်နိုင်ပါသေးသည်။ သို့အတွက် အပါယ်သို့မလားနိုင်တော့သည့်တိုင် သံသရာထဲမှ အပြီးတိုင်ထွက်နိုင်သေးသည် မဟုတ်ပါ။

ဒုတိယအဆင့်ကို “သကဒါဂါမိ” ဟုသတ်မှတ်သည်။ ကျန်ကြိုး ရှစ်ချောင်းထဲမှ ကြိုးနှစ်ချောင်းဖြစ်သော ဒေါသနှင့် လောဘတစ်ပိုင်း (ကာမရာဂ)ကို အားနည်းအောင် လျှော့ချနိုင်သည်။ သို့သော် အပြီးတိုင်မဖြတ်နိုင်ပေ။ သံသရာခရီးသို့ တစ်ကြိမ်ပြန်လည်နိုင်သေးသည်။ တတိယအဆင့်မှာ “အနာဂါမိ” ဖြစ်ပါသည်။ ဒေါသနှင့် ကာမရာဂကို အပြီးတိုင် ဖြတ်နိုင်သည့်တိုင် ကြိုးခြောက်ချောင်း ကျန်ပါသေးသည်။ လောဘဆိုသောကြိုးမှာပင် ကာမရာဂဆိုသော အကြမ်းစားတဏှာကိုသာ ပယ်နိုင်သော်လည်း ရူပရာဂ၊ အရူပရာဂ ဆိုသည့် အနုစား တဏှာအချို့ကားကျန်သေးသည်။ သံသရာသို့ ပြန်လည်ထွက်ဖို့မူ အခွင့်အလမ်းနည်းသွားပြီဟု ဆိုနိုင်ပါသည်။

စတုတ္တနှင့် နောက်ဆုံးဆင့်မှာ  “အရဟတ္တ”ဖြစ်ပါသည်။ ကြိုးအားလုံးကို အပြီးတိုင်ဖြတ်တောက်ပြီးဖြစ်၍ တစ်ဖက်ကမ်းသို့ ခြေချနိုင်ပြီဖြစ်သည်။ သံသရာခရီးသို့ ပြန်လည်ထွက်ရန် အကြောင်းမရှိတော့ပါ။ နိဗ္ဗာန်ကို မျက်မှောက်ပြုပြီဟု ဆိုနိုင်ပါသည်။ တစ်နည်းဆိုရလျှင် အဖြစ်တရားနယ်ပယ်မှ အရှိတရားနယ်ပယ်သို့ဝင်ရောက်နိုင်ပြီဖြစ်သည်။ ဤသည်ကို ဗုဒ္ဓဓမ္မ၏ အမြင့်ဆုံးရည်မှန်းချက်ပန်းတိုင်ဖြစ်တော့သည်။ ဖော်ပြပါပုံနှင့် ဆက်စပ်လေ့လာကြည့်ဖို့ဖြစ်ပါသည်။

နိဗ္ဗာန်နှင့်ဘဝအရည်အသွေး
ဗုဒ္ဓဓမ္မ၏ အဆုံးစွန်ပန်းတိုင်မှာ သံသရာမှလွတ်မြောက်ရာ နိဗ္ဗာန်ဖြစ်ရာလောကုတ္တရာ ရည်မှန်းချက်အဓိကဟု ဆိုနိုင်ပါသည်။ ဤသို့ဆိုသည့်အတွက် လောကီကိုပစ်ပယ်သည်ဟု ယူဆ၍မရပါ။  အဆုံးစွန် လွတ်မြောက်ရေးမဟုတ်သည့်တိုင် လောကတွင် နေတတ်ထိုင်တတ်၊ ပြုမူလုပ်ဆောင်တတ်၊ နှလုံးသွင်းတတ်အောင်လည်း ဗုဒ္ဓ၏ဓမ္မမှဆွဲယူ အသုံးပြုနိုင်သည်များ မနည်းမနောရှိပါသည်။ ပြောရလျှင် ဗုဒ္ဓဓမ္မနှင့်ယဉ်ပါးစေခြင်းသည် ဘဝအရည်အသွေးကို မြှင့်တင်ပေးရာရောက်သည်ဟု ဆိုနိုင်စရာရှိပါသည်။

ဗုဒ္ဓဓမ္မလာ ပထမအမှန်မွန်အရ ဘဝ၏ အစစ်အမှန်တရားမှာ ဒုက္ခသာဖြစ်သည်။ ဘဝခရီးဆိုသည်မှာ လောဘမီး၊ ဒေါသမီး၊ မောဟမီးတို့ဖြင့် လောင်မြိုက်နေသည်သာဖြစ်သည်။ ဤသည်၏ အဆုံးစွန်လွတ်မြောက်ရာမှာ ဒုက္ခချုပ်ငြိမ်းရာ နိဗ္ဗာန်ဖြစ်သော်လည်း ပါရမီ မရင့်သန်သူများအတွက် ကြားအဆင့် လျော့ပါးသက်သာဖွယ်ရာများလည်းရှိပါသည်။ မီးကိုရေနှင့် ငြိမ်းသတ်ရသလိုပင် လောဘမီး၊ ဒေါသမီး၊ မောဟမီးတို့ကိုလည်း အလောဘ၊ အဒေါသ (မေတ္တာ)၊ အမောဟ (ပညာ)ဆိုသော ရေနှင့်ငြိမ်းသတ်နိုင်ပါသည်။ အပြီးတိုင် မငြိမ်းလျှင်သော်မှ အထိုက်အသင့်အေးငြိမ်းရာဖြစ်နိုင်ပါသည်။ ဤသို့ငြိမ်းသတ်နိုင်ရန် အသုံးပြုရသည့်နည်းမှာ“မြင့်မြတ်စွာနေထိုင်နည်း” (ဗြဟ္မစိုရ်တရား) ဖြစ်ပါသည်။

   ဗြဟ္မစိုရ် တရားလေးပါးရှိသည်။
(၁)   သူတစ်ပါးအပေါ် အကျိုးစီးပွားနှင့်ယှဉ်သော ချစ်ခင်စိတ်(မေတ္တာ)
(၂)   မိမိထက် နိမ့်ကျသူများအပေါ် စာနာထောက်ထားစိတ်(ကရုဏာ)
(၃)   မိမိထက် သာလွန်သူများအပေါ် ဝမ်းမြောက်ဝမ်းသာဖြစ်မှု (မုဒိတာ)
(၄)   အချစ် အမုန်းတို့မှ ကင်းသော နှလုံးသွင်းနိုင်မှု (ဥပေက္ခာ)

တို့ဖြစ်ပါသည်။ ဤတရားလေးပါးကိုသာ လက်တွေ့ကျင့်ကြံပွားများအားထုတ်နိုင်လျှင် ကိလေသာမီးများ (အားထုတ်ခံယူနိုင်မှု အတိုင်းအတာအရ) လျော့ပါးငြိမ်းအေးသွားစရာရှိပါသည်။ ဤသည်ပင် ဗုဒ္ဓအလိုကျ မြတ်သောနေနည်းဖြစ်သည်။ ကျင့်ဝတ်နှင့်ယှဉ်သော ဘဝအရည်အသွေးလည်းဖြစ်ပါသည်။

ဤသဘောကို “ဓမ္မဗေဒ” တွင် လင်္ကာတစ်ပုဒ်နှင့် ဤသို့ဖော်ပြထားသည်ကိုတွေ့ရသည်။

(၁)
- မုန်းသူများကြားတွင် အမုန်းကင်းစွာနေပါ။
- ဝေဒနာခံစားနေရသူများကြားတွင် ဝေဒနာကင်းစွာနေပါ။
- သောကမကင်းသူများကြားတွင် သောကကင်းစွာနေပါ။
- ပျော်ရွှင်မှုဆိုသည်မှာ သင့်အတွက်သာဖြစ်ပါလိမ့်မည်။

(၂)
- ရုပ်ပိုင်းဆိုင်ရာ အနိုင်အရှုံးသည် အမုန်းကိုသာ မွေးဖွားစေသည်။
- အနိုင်နှင့်အရှုံးကြားတွင် စိတ်၏ငြိမ်းချမ်းမှု ရနိုင်ဖွယ်မရှိပါ။
- အနိုင်ယူလိုစိတ်သည် မီးနှယ်ပူ၏။
- အရှုံးကိုခံစားရခြင်းသည်လည်း မီးနှယ်ပူသည်သာ ဖြစ်၏။

(၃)
- လောဘသည် ဆင်းရဲတွင်းမှ မတတ်နိုင်သောအရာ ဖြစ်သည်။
- ဒေါသသည် မီးပုံထဲမှ မထွက်နိုင်သောအရာဖြစ်သည်။
- မောဟသည် ဘယ်တော့မှ မနိုးသော မအိပ်ကြီးသူဖြစ်သည်။
 ဤလို လူမျိုးအတွက် ချမ်းသာသုခ လာလိမ့်မည်မဟုတ်။

(၄)
- ကျန်းမာခြင်းသည် အကြီးဆုံးဆုလာဘ်။
- ရောင့်ရဲခြင်းသည် အကြွယ်ဝဆုံး စည်းစိမ်။
- ယုံကြည်စိတ်ချရသော လူသည် အကောင်းဆုံးဆွေမျိုး။
- နိဗ္ဗာန် ကို မျက်မှောက်ပြုရခြင်းသည်ကား အရာအားလုံးထက်သာသော ချမ်းသာသုခ ဖြစ်ပေ၏။
သစ္စာရှာဖို့ မြင်းစီးသူ(ကျော်ဝင်း)၏စာအုပ် ဆက်လက်ရေးသားဖော်ပြပါမည် ။

Thursday, October 11, 2012

သစ္စာရှာဖို့ မြင်းစီးသူ အပိုင်း(၈)

အခန်း(၈)
ဒုက္ခတို့ချုပ်ငြိမ်းရာ၊ တတိယအမှန်မွန်

“ဒုက္ခရဲ့အဆုံး၊ ဘဝရဲ့သေခြင်းပဲ
ဆီခန်းရင် ဆီမီး ဘယ်လိုလင်းလက်မလဲ
ဆွေးဖွယ် စာရင်းဟောင်း ရှင်းပြီ
အသစ်စင်ကြယ်ရဲ့...။”


ဗုဒ္ဓ၏ ဓမ္မကို “အဆိုးမြင်”ဟုဝေဖန်ကြသူများရှိပါသည်။ ဤသို့ဝေဖန်ကြသူများမှာ ဗုဒ္ဓဓမ္မ၏အဆုံးပန်းတိုင် (ယခုဖော်ပြမည့် “တတိယအမှန်မွန်”) ကို သဘောမပေါက်သောကြောင့်ဖြစ်နိုင်သည်။ ပထမနှင့်ဒုတိယအမှန်မွန် (ဒုက္ခသစ္စာနှင့် သမုဒယသစ္စာ)တို့ကိုသာ ကန့်သတ်၍ သိထားလျှင် ဗုဒ္ဓဟောကြားသော တရားတော်များမှာ အဆိုးမြင်ကဲသည်ဟု ထင်မှတ်မှားနိုင်စရာရှိပါသည်။ စင်စစ် ဗုဒ္ဓဓမ္မမှာ ဒုက္ခကို ဖွင့်ဆိုရှင်းပြရုံမျှနှင့် တန့်ရပ်သွားသည်မဟုတ်။ ဒုက္ခ၏ အကြောင်းရင်း ဇစ်မြစ်ကိုတူးဖော်ပြရုံမျှမက ဒုက္ခတို့ချုပ်ငြိမ်းရာကိုလည်း လမ်းညွှန်ပြသည်။ ဤသို့သော ဒုက္ခတို့ကို ချုပ်ငြိမ်းရာသည်ပင် ဗုဒ္ဓဘာသာဝင်များ၏ အမြင့်ဆုံးရည်မှန်းချက်ဖြစ်သည်။ ဗုဒ္ဓဘာသာဝင်အများစုက “နိဗ္ဗာန်” ဟု မှတ်သားထားကြသော တရားဖြစ်ပါသည်။

နိဗ္ဗာန်

ဝိနည်းပိဋိက၊ မဟာဝဂ်တွင် ဗုဒ္ဓမြတ်စွာက တတိယအမှန်မွန်ကို ဤသို့ဖွင့်ဆိုခဲ့သည်။

“ရဟန်းတို့၊ တတိယအမှန်မွန်မှာ ဒုက္ခ၏ ကင်းရာကုန်ရာဖြစ်ပေသည်။ ဖြစ်ခြင်းပျက်ခြင်းဆိုသော ဝဋ်ဆင်းရဲတို့၏ အပြီးသတ်ချုပ်ငြိမ်းရာဖြစ်သည် (နိရောဓ)၊ အဝိဇ္ဖာနှင့် တဏှာကိုပယ်ခြင်း (စာဂ)ဖြစ်သလို၊ အပြီးအပိုင်စွန့်လွတ်ခြင်း(ပဋိနိဿဂ္ဂ)လည်းဖြစ်သည်။ နှောင်ဖွဲ့ချုပ်ငင်တတ်သော ကိလေသာအစွဲအလမ်းတို့မှ လွတ်မြောက်ခြင်းဖြစ်သည်(မုတ္တိ)။ ဤသို့သော ကိလေသာ အစွဲအလမ်းများကို တောင့်တခြင်း ကင်းသည့် သဘောတရားလည်းရှိသည်။ (အနာယူဟ)။”

ဗုဒ္ဓဘာသာဝင်အများစု နားစွဲထားကြသော “နိဗ္ဗာန်”ဆိုသည့် ဝေါဟာရမပါသည်ကို သတိပြုမိကြပါလိမ့်မည်။ နိဗ္ဗာန်ဆိုသည်၏ မူလပါဠိ နိဗ္ဗာနကို ပုဒ်ခွဲကြည့်လျှင် (နိ+ဝါန)ဟူ၍ရသည်။  “ဝါန”မှာ ချုပ်တတ်စပ်တတ်သော တရား(တဏှာ)ဖြစ်၍ “နိ”မှာလွတ်မြောက်ခြင်းဟု အဓိပ္ပာယ်ရရာ တဏှာမှလွတ်မြောက်ခြင်းဟု ယူနိုင်ပါလိမ့်မည်။ စင်စစ်အထက်တွင် ဖော်ပြခဲ့သည့် ဒေသနာတော်တွင်ပါသော နိရောဓစသည့် ဝေါဟာရခြောက်မျိုးလုံးသည်ပင်  ယေဘုယျအားဖြင့် နိဗ္ဗာန်နှင့်အနက်တူသည်ဟု ဆိုနိုင်ပါသည်။ ပြောရလျှင် ဤသို့အနက်တူ ဝေါဟာရပေါင်း၊ ရှေးဟောင်းအိန္ဒိယဒဿနတွင် ၇ဝကျော်မျှရှိသော်လည်း ဗုဒ္ဓ၏ နိဗ္ဗာန်အယူအဆမှာ ကိုယ်ပိုင်ထူးခြားသော အနက်ရှိသည်သာဖြစ်သည်။ သုတေသီများ၏ အလိုအရဆိုလျှင်မူ ဗုဒ္ဓကိုယ်တိုင်က နိဗ္ဗာန်ဆိုသော ဝေါဟာရထက် သန္တိ(ငြိမ်းအေးခြင်း) ဆိုသော စကားလုံးကိုသာ အကြိမ်အရေအတွက် ပိုသုံးစွဲခဲ့သည်ဟု ဆိုပါသည်။

နိဗ္ဗာန်ဆိုသော ဝေါဟာရတွင်လည်း “သံသရာ”ကဲ့သို့ပင်“ရပ်သိရွာသိ” (vulgarized sense)နှင့် “အရိယာသိ” (authentic sense)ဟူ၍ နှစ်မျိုးရှိသည်သာဖြစ်သည်။

သာမန်ရပ်သိရွာသိအရပြောရလျှင် နိဗ္ဗာန်ဆိုသည်မှာ တမလွန်ဘဝတွင်သာရှိနိုင်သော ဆင်းရဲကင်းရာ၊ သာယာဖွယ်အတိပြီးသည့် ဘုံဗိမာန်ကြီးတစ်ခုလိုဖြစ်နေတတ်သည်။ အခြားသော ဘာသာများရှိ “ကောင်းကင်နိုင်ငံ”နှင့် ရောထွေးစရာဖြစ်နေသည်။ အရိယာသိအရဆိုလျှင်မူ ဤသို့မဟုတ်ပါ။ နက်ရှိုင်းသိမ်မွေ့သည်နှင့်အမျှ လူသာမန်တို့နားလည်ရန် ခက်ခဲနိုင်ပါသည်။

ပြောရလျှင် တတိယအမှန်မွန် (နိဗ္ဗာန်)၏ သဘောကို ပထမနှင့် ဒုတိယအမှန်မွန်များမှ ကင်း၍ အဓိပ္ပာယ်ဖွင့်ဆိုနိုင်ဖွယ် မရှိပါ။ အဓိပ္ပာယ်ချင်း ဆက်စပ်နေသည်ဟု ဆိုရပါလိမ့်မည်။ သမုဒယကို အပြီးတိုင်ပယ်သတ်နိုင်၍ ဒုက္ခချုပ်ငြိမ်းသွားသည့် အခြေအနေကို နိဗ္ဗာန်ဟု ဆိုလိုရင်းဖြစ်သည်။ သို့အတွက် နိဗ္ဗာန်မှာ တမလွန်သက်သက်မျှနှင့်သာ ဆိုင်သောတရားမဟုတ်။ ယခုဘဝမှာပင် ထင်ရှားရှိနိုင်ပါသည်။ သို့အတွက် ဗုဒ္ဓကျမ်းဂန်များက နိဗ္ဗာန်ကိုနှစ်မျိုးခွဲ၍ ရှင်းပြကြသည်။ သဥပါဒိသေသနိဗ္ဗာန်နှင့် အနုပါဒိသေသ နိဗ္ဗာန်တို့ဖြစ်သည်။

ဥပမာ - ရဟန္တာပုဂ္ဂိုလ်များတွင် သမုဒယကို အပြီးတိုင်ပယ်သတ်ပြီးဖြစ်ရာ ဒုက္ခလည်း အပြီးတိုင်ချုပ်ပြီဟု ဆိုနိုင်ပါသည်။ အဆိုပါ အရိယာပုဂ္ဂိုလ်များသည် နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်ပြီဟု ဆိုရပါလိမ့်မည်။ ဤသည်ကို သဥပါဒိသေန နိဗ္ဗာန် ဟုဆိုခြင်းဖြစ်သည်။ သို့နှင့်တိုင်ရုပ်နာမ်ခန္ဓာရှိနေသေး၍ ခန္ဓာဝန်ကိုမူ ထမ်းနေရဆဲဖြစ်သည်။ ရုပ်နာမ် ခန္ဓာအကြွင်းအကျန်ရှိသေးသော နိဗ္ဗာန်ဖြစ်ပါသည်။ အဆိုပါ ရဟန္တာ ပုဂ္ဂိုလ်များ ပရိနိဗ္ဗာန်စံပြီးသောအခါတွင်မူ ရုပ်နာမ်ခန္ဓာ အကြွင်းအကျန်မရှိတော့ဘဲ၊ အငြိမ်းဓာတ်၊ သန္တိသုခသာ ကျန်ရစ်တော့သည်။ ဤသည်ကို အနုပါဒိသေသနိဗ္ဗာန်ဟု ဆိုခြင်းဖြစ်သည်။ ရုပ်နာမ်ခန္ဓာအကြွင်းမရှိတော့သော  နိဗ္ဗာန်ဖြစ်ပါသည်။

ဗုဒ္ဓမြတ်စွာ၏ ဒေဿနာတော်တစ်ခုဖြစ်သော “ရောဟိတဿသုတ်”တွင် သဥပါဒိသေသနနိဗ္ဗာန် (ရုပ်နာမ်ခန္ဓာ အကြွင်းအကျန်ရှိသေးသော နိဗ္ဗာန်) ၏ သဘောကို ဤသို့တွေ့နိုင်ပါသည်။

“ရဟန်းတို့၊ စိတ်၊ စေတသိတ်တို့ဖြင့်ပြီးသော တစ်လံမျှသာရှိသည့် ဤရုပ်ခန္ဓာထဲမှာပင် လောက(ဒုက္ခ)သည်ရှိ၏။ လောက၏ဖြစ်ရာဖြစ်ကြောင်း (သမုဒယ၊ တဏှာ)လည်းရှိ၏။ လောကမှလွတ်မြောက်ရာ (နိဗ္ဗာန်)လည်းရှိ၏။ လွတ်မြောက်ရေးကျင့်စဉ် (မဂ္ဂ)လည်းရှိသည်သာဖြစ်၏”

ဤတရားကို အနှစ်ချုပ်လိုက်လျှင် “တရားရှိခန္ဓာတွင်တွေ့”ဟု ဆိုနိုင်ကောင်းမည်ထင်သည်။ ဗုဒ္ဓ၏ အလိုအရ လွတ်မြောက်ရေးလမ်းကြောင်းကို ခန္ဓာကိုယ် ပြင်ပမှာထက်၊ ခန္ဓာကိုယ်တွင်းမှာသာ ရှာဖွေရမည်ဟုဆိုလိုဟန်ရှိပါသည်။ သို့နှင့်တိုင် ဤတရားကိုယ်တိုင်သည်ပင် မုချဒေသနာတော်သဘောထက်၊ ဥပစာဒေသနာတော်သဘော ဖြစ်ဖို့များပါသည်။ ဤအချက်ကို ထင်ရှားစေရန် ဗုဒ္ဓ၏ နိဗ္ဗာန်သဘောသဘာဝ (အထူးသဖြင့်အနုပါဒိသေသနိဗ္ဗာန်) ကို ဆက်လက်ဆန်းစစ်ဖို့လိုပါလိမ့်မည်။

အဖြစ်တရားနှင့် အရှိတရား

ဗုဒ္ဓ၏ နိဗ္ဗာန်မှာ သမုဒယတဏှာတို့ အပြီးချုပ်ရာ ဒုက္ခဝေဒနာတို့ အပြီးငြိမ်းရာ “ထာဝရအငြိမ်းဓာတ်” ကြီးဖြစ်ပါသည်။ ဤအငြိမ်းဓာတ်တွင် “တည်ရာဌာနမရှိ” (အပတိဌ)သလို၊ “အချိန်ကာလနှင့်လည်း တုပ်နှောင်မရပါ” (ကာလ ဝိမုတ္တိ)၊ ကာလနှင့် အာကာသတို့မှ ကင်းလွတ်နေသောတရား (beyond time and space)ဖြစ်ပါသည်။ အနုပါဒိသေသ နိဗ္ဗာန်ဆိုလျှင် ရုပ်နာမ်ခန္ဓာအကြွင်းပင် မရှိတော့၍ ခံစားမှုပင်ရှိတော့မည် မဟုတ်ပါ။ စင်စစ် သန္တိသုခဆိုသည်မှာ ခံစားမှုနှင့်ယှဉ်သော ချမ်းသာမဟုတ်။ ငြိမ်းအေးခြင်းသဘာဝ အရှိတရားသာဖြစ်သည်။

ဤသဘောကို ဗုဒ္ဓက “ပဋိသမ္ဘိဒါမဂ်”တွင် ရှင်းလင်းဟောကြားခဲ့သည်များရှိသည်။

“ရဟန်းတို့ ငါ၏ဓမ္မကို၊ “အဖြစ်တရား” (သင်္ခတ)နှင့် “အရှိတရား” (အသင်္ခတ) ဟူ၍ နှစ်မျိုးခွဲ၍ နားလည်အပ်သည်။ ရုပ် နာမ် သင်္ခါရ တို့သည် အဖြစ်တရားတွင် အကျုံးဝင်၏။ နိဗ္ဗာန်ကား အရှိတရားပေတည်း။”

ဤနေရာတွင် အဖြစ်တရားနှင့် အရှိတရားတို့၏ သဘောကို အကျဉ်းမှုဖော်ပြဖို့လိုမည်ဟု ယူဆရပါသည်။ အဖြစ်တရား (သင်္ခတတရား)ဆိုသည်မှာ အကြောင်းတို့စုပေါင်းပြုလုပ်ပေးရာမှ ဖြစ်ပေါ်လာခြင်းဖြစ်သည်။ ရုပ်နာမ်တို့၏ပြောင်းလဲမှုဖြစ်စဉ်ဖြစ်သည်။ အချိန်၊နေရာ စသောဒိုင်မင်းရှင်းများဖြင့် ဖော်ပြနိုင်စရာရှိသည်။ ကမ္မနိယာမ၏ နယ်ပယ်ဖြစ်ပါသည်။

အရှိတရား(အသင်္ခတတရား)ဆိုသည်မှာ မူလသဘာဝအတိုင်း ရှိနေခြင်း (reality)ဖြစ်သည်။ ရုပ်-နာမ်သဘာဝများပင် မရှိတော့သော “ထာဝရငြိမ်းအေးမှု”(သန္တိသုခ)သဘာဝဖြစ်ပါသည်။  အချိန်၊နေရာ စသော ဒိုင်မင်းရှင်းများနှင့် ကင်းလွတ်နေသော တရားလည်းဖြစ်သည်။ ကမ္မဥပဒေသထက်ကျော်လွန်သွားသော “ဓမ္မနိယာမ”(law of Dhama)နယ်ပယ်ဖြစ်ပါသည်။

ပြောရလျှင် သံသရာသည် အဖြစ်တရားဖြစ်၍ နိဗ္ဗာန်မှာ အရှိတရားဖြစ်ပါသည်။ နိဗ္ဗာန်မှာအရှိတရားဖြစ်သည်နှင့်အညီ ရပ်သိ ရွာသိမျှဖြင့်မချဉ်းကပ်နိုင်။ မဂ္ဂင်ရှစ်ပါးနှင့်သာ ချဉ်းကပ်သိရှိနိုင်သော အရိယာသိဖြစ်သည်။ အောက်ပါသရုပ်ဖော်ပုံနှင့် ဆက်စပ်စဉ်းစားကြဖို့ဖြစ်ပါသည်။



သစ္စာရှာဖို့ မြင်းစီးသူ(ကျော်ဝင်း)၏စာအုပ် ဆက်လက်ရေးသားဖော်ပြပါမည် ။

Tuesday, October 9, 2012

သစ္စာရှာဖို့ မြင်းစီးသူအပိုင်း(၇)အဆက်


ပြန်လည်မွေးဖွားခြင်း

သံသရာ၏ ရုပ်ပိုင်းအသိ၊ ရုပ်ပိုင်းအဓိပ္ပာယ်ကို အလေးကဲသောရှေးဟောင်း အိန္ဒိယဒဿနတွင် “ပြန်လည်မွေးဖွားခြင်း” ဆိုသော ဝေါဟာရမှာ အထူးပင်အရေးကြီးလှသည်။ အရေးကြီးသည်နှင့်အမျှ ရှုပ်ထွေးခြင်းများလည်းရှိသည်။ “ခဲတံ”၊ “ဖောင်တန်”၊ “စာအုပ်”စသော ဝေါဟာရများမှာ ရှင်းသည်။ အခြားမည်သည့်အရာနှင့်မှ ဆက်စပ်ရှင်းပြနေစရာမလိုပဲ သူ့ဟာနှင့်သူ အဓိပ္ပာယ်ပေါ်လွင်ပြီးဖြစ်သည်။ “ပြန်လည်မွေးဖွားခြင်း”ဆိုသော ဝေါဟာရကမူ ဤသို့မဟုတ်၊ “ဟုတ်,မဟုတ်” (Yes, No)စသော အဖြေစကားလုံးများနှင့် ခပ်ဆင်ဆင်တူသည်။ အခြားဆက်စပ် ရှင်းပြချက်များနှင့်အားဖြည့်မှ အဓိပ္ပာယ်ငုံမိနိုင်စရာရှိသည်။ ဤနေရာတွင် “အဖြေစကားလုံး”ဟု ဆိုရသည့်တိုင် မေးခွန်းတစ်ခုတည်း၏ အဖြေမဟုတ်။ မေးခွန်းပေါင်း မြောက်မြားစွာအတွက် အဖြေဖြစ်သည်။ ပမာပြရလျှင် တံခါးများစွာကို ဖွင့်နိုင်သော “သူခိုးသော့”(master key)သဘောမျိုးဟု ဆိုနိုင်ပါလိမ့်မည်။ ရှေးဟောင်းအိန္ဒိယဒဿနနှင့် ဗုဒ္ဓဝါဒ၏ အဆက်အစပ်ကို နားလည်စေရန် ဘဝဖြစ်တည်မှုဆိုင်ရာ မေးခွန်းတချို့ကို စဉ်းစားကြည့်ပါမည်။ ရှေးဟောင်း အိန္ဒိယ ဒဿနက ပေးသော အဖြေနှင့် ဗုဒ္ဓဓမ္မကပေးသော အဖြေများကို တိုက်ဆိုင် စစ်ဆေးကြည့်ဖို့ဖြစ်သည်။
၁။ လူ့ဖြစ်တည်မှုသို့ မည်သို့မည်ပုံ ရောက်ရှိလာသနည်း။

အိန္ဒိယဒဿနက ပေးသောအဖြေမှာ ဘဝအမျိုးမျိုး ပြောင်းခဲ့ရသော်လည်း ပြောင်းလဲပျက်ပြားခြင်းမရှိသည့် “အတ္တ”ကောင်လေး၏ အသစ်တစ်ဖန်ပြန်လည်မွေးဖွားခြင်း ဟူ၍ဖြစ်သည်။ ဤမေးခွန်းအတွက်ဗုဒ္ဓပေးသောအဖြေမှာ “ကြောင်းကျိုးဆက်ဖြစ်ပေါ်မှု အယူအဆ”(ပဋိစ္စသမုပ္ပါဒ)ပင်ဖြစ်သည်။ (အခန်း ၆ တွင် ဖော်ပြခဲ့ပြီးဖြစ်ပါသည် ) ဗုဒ္ဓ၏အလိုအရ ဘဝတစ်ခုမှတစ်ခုသို့ ကူးရာတွင် မျဉ်းတန်းသဘော (linear)ဆောင်သော၊ အတ္တကောင်လေး၏သွားရာလမ်းကြောင်း မရှိပါ။ ဗုဒ္ဓက “အတ္တ”ဆိုသည်ကိုလည်း လက်မခံပါ။ ဗုဒ္ဓ၏ ဓမ္မမှာ “အနတ္တ”ဝါဒ ဖြစ်ပါသည်။ ဗုဒ္ဓဓမ္မက ရှေ့တရားတို့နှင့် နောက်တရားတို့၏ အဆက်အစပ်(ဘဝတစ်ခုမှ နောက်တစ်ခုသို့ကူးပုံ)ကို “မိလိန္ဒပဥှာ”ကျမ်းတွင် ဤသို့ဖွင့်ဆိုထားသည်။
မိလိန္ဒမင်းကြီးမေး။   ။ အရှင်နာဂသေနဘုရား .... တစ်စုံတစ်ယောက်သောသူသည် ပဋိသန္ဓေတည်နေလာ၏။ ထိုသူသည် ရှေးဘဝက သူပင်ဖြစ်သလော။ သို့မဟုတ် အခြားသူပင် ဖြစ်သလော ....။

အရှင်နာဂသိန်ဖြေ။   ။ မဟာရာဇာ ..... ရှေးဘဝက သူလည်းမဟုတ်။ အခြားသူလည်းမဟုတ်ပေ။

ဆက်လက်၍ နို့ရည်နှင့် နို့ဝမ်းဥပမာ၊ ဖယောင်းတိုင်နှင့် မီးတောက်ဥပမာတို့ဖြင့် ရှင်းပြပါသည်။ ဘဝတစ်ခုမှ ရုပ်နာမ်ချုပ်လျှင် ထိုဘဝတွင် ပြုခဲ့သော ကုသိုလ်-အကုသိုလ်တို့၏ ခြေရာအဖြစ် “သတ္တိဓာတ်”မှလွဲ၍ ဘာမှမကျန်တော့ပါ။ အဆိုပါ သတ္တိဓာတ်ကို အကြောင်းပြု၍ ဘဝသစ်ဖြစ်သည်ဟု သဘောယူပါသည်။

၂။ လူ့ဖြစ်တည်မှုတွင်ရှိသော ဇာတ်၊ ဥစ္စာ၊ ရုပ်အဆင်းစသည်တို့ ကွဲပြားခြားနားရသည်မှာ အဘယ်ကြောင့်နည်း

အိန္ဒိယဒဿနကပေးသော အဖြေမှာ ပြန်လည်မမွေးဖွားခင် အတိတ်ဘဝဖြစ်တည်မှု (preexistence)ဖြစ်ပါသည်။ ထိုအတိတ်ဘဝတွင်ပြုခဲ့သော ကုသိုလ်၊ အကုသိုလ်ကြောင့် ယခုဘဝတွင် ကွဲပြားခြားနားရသည်ဟုဆိုသည်။ ဤနေရာတွင် ဗုဒ္ဓက “ကမ္မဥပဒေသ”ကို ဆက်လက်သယ်ဆောင်သော်လည်း လက်ရှိပစ္စုပ္ပန်ဘဝကိုပို၍ အလေးပေးပါသည်။ ဘက်ရှိဘဝမှာပင် ဖြစ်ပြီးသော အကုသိုလ်များကို ပယ်ရန်(သို့မဟုတ်)အားနည်းသွားစေရန် အားထုတ်နိုင်သည်။ မဖြစ်သေးသော အကုသိုလ်များကို မဖြစ်ပေါ်စေရန်တားဆီးနိုင်သည်။ ဖြစ်ပြီးသောကုသိုလ်တို့ကို အဆင့်ဆင့် ပွားစီးစေနိုင်သည်ဟုဆိုပါသည်။ ထို့ထက် ဗုဒ္ဓသည် ဇာတ်ခွဲခြားမှု၊ ဓနဥစ္စာ နှင့် ရုပ်အဆင်းတို့ကိုလည်း ဘဝ၏ အပေါ်ယံအခြာင်းအရာအဖြစ်သာ သတ်မှတ်ပါသည်။ ဗုဒ္ဓအလေးကဲသည်မှာ ပစ္စုပ္ပန်ဘဝ၏ ကျင့်ဝတ်သီလနှင့် ပိုမိုကောင်းမွန်သောဘဝကို တက်လှမ်းနိုင်ရေးဖြစ်သည်။

ဤသဘောကို မာရ်နတ်နှင့် ရဟန်းတော်များ၏ အပြန်အလှန်စကားပြောပုံဖြင့် သရုပ်ထင်ပြသော ဇာတ်လမ်းတစ်ခုရှိသည်။
မာရ်နတ်။      ။ရဟန်းတို့.... သင်တို့ကား ငယ်ရွယ်နုပျိုကြသေးသည်။ ဘဝ၏အမြိုက်အရသာကို ခံစားဖို့အရွယ်ကောင်းများဖြစ်ပေသည်။ မရေရာသော တမလွန်ချမ်းသာအတွက် သေချာသော ယခုလက်ရှိ ချမ်းသာကို အဘယ်ကြောင့်စွန့်လွှတ်ကြပါသနည်း။
ရဟန်းများ။   ။အို...ပုဏ္ဏားကြီး (မာရ်နတ်မှာ ပုဏ္ဏားယောင်ဆောင်ထားသည်။) ငါတို့သည် လက်ရှိဘဝကို စွန့်လွတ်ပစ်ပယ်ကြသည် မဟုတ်။ နောင်တမလွန်အတွက် စိုးရိမ်ပူပန်နေကြသည်လည်းမဟုတ်။ ယခုပစ္စုပ္ပန်ဘဝမှာပင်ပို၍ ကောင်းသော ချမ်းသာအစစ်ကို ရှာဖွေနေကြခြင်းဖြစ်သည်။

၃။ ဘဝဖြစ်တည်မှု၏ အဆုံးစွန်ပန်းတိုင်သည် မည်သည့်အရာဖြစ်မည်နည်း။
 
ဤအတွက် အိန္ဒိယဒဿနက ပေးသောအဖြေမှာ မူလဖန်ဆင်းရှင် ဗြဟ္မာကြီး၏ အစိတ်အပိုင်းဖြစ်သော အတ္တကောင်လေးသည် ဘဝအမျိုးမျိုးပြောင်းလဲပြီးသကာလ၊ မူလဗြဟ္မကြီးထံသို့ ရောက်ချိန်တွင် “အလုံးစုံပြီးပြည့်စုံခြင်း”(absolute perfection)သို့ ဆိုက်လိမ့်မည်ဟူ၍ ဖြစ်ပါသည်။ ဗုဒ္ဓဓမ္မအလိုရမူ၊ နောက်ဆုံးပန်းတိုင်မှာ သံသရာမှ ဖောက်ထွက်နိုင်သော “လွတ်မြောက်ရေး” (liberation)ဖြစ်သည်။ အဝိဇ္ဖာနှင့် တဏှာကို ပယ်သတ်နိုင်လျှင် လုံးဝလွတ်မြောက်ရေးရလိမ့်မည်ဟု ဟောပါသည်။
ဤသဘောကို ဘုရားအဖြစ်သို့ ရောက်လျှင်ရောက်ချင်း ကျူးရင့်သောဥဒါန်းတွင် ဤသို့တွေ့နိုင်သည်။
 
“အို...တဏှာလက်သမား၊ သင့်ကိုမမြင်၍ သံသရာရှည်ခဲ့ရသည်။ ယခု သင့်ကိုငါမြင်ပြီ၊ သံသရာလည်စေမည့် ခန္ဓာအိမ်အသစ်ကို ဆောင်ခွင့်မပြုတော့။ ငါ့အတွက် သံသရာတံခါး ပိတ်ချေပြီ ”

ပခုံးပေါ်ရပ်ကြည့်ခြင်း

ရှေးဟောင်း အိန္ဒိယဒဿနနှင့် ဗုဒ္ဓဓမ္မတို့၏ မတူခြားနားပုံကို အောက်ပါဇယားနှင့် အနှစ်ချုပ်ဖော်ပြနိုင်ပါသည်။


စင်စစ် ဗုဒ္ဓမှာ ဘာသာရေးခေါင်းဆောင်တစ်ဦးမျှသာ မဟုတ်။ ပညာဖြန့်ဖြူးသူ (educator)တစ်ဦးလည်းဖြစ်ပါသည်။ ကျွမ်းကျင်သော ဖြန့်ဖြူးစည်းရုံးသူပီပီ၊ ရှိနှင့်ပြီးသားအစဉ်အလာ ဒဿနဟောင်း၏ ပခုံးထက်သို့ကျကျနန တက်ရပ်ပြီး ပို၍အဆင့်မြင့်သောဒဿနကို ထူထောင်ခဲ့သူဖြစ်သည်။ သို့အတွင် အိန္ဒိယတိုက်ငယ်၏ မီးရှူးတန်ဆောင် (အာရှတိုက်၏ အလင်းရောင်)သာမက၊ လောကလူသားအားလုံးကို ဉာဏ်အလင်းပြသူဟု ဆိုနိုင်ကောင်းမည် ထင်ပါသည်။
သစ္စာရှာဖို့ မြင်းစီးသူ(ကျော်ဝင်း၏)စာအုပ် ဆက်လက်ရေးသားဖော်ပြပါမည် ။

Saturday, October 6, 2012

သစ္စာရှာဖို့ မြင်းစီးသူအပိုင်း(၇)

အခန်း (၇)
ပြန်လည်ပေးဆပ်ခြင်း နှင့် ပြန်လည်မွေးဖွားခြင်း

“ ကမ္မ ” နှင့် “ သံသရာ ”
“ စိုက်တာကို ရိတ်တာပဲ
  ဟို-လယ်တွေကိုကြည့် ....။
  နှမ်းဟာနှမ်း၊ စပါးဟာစပါး
  ဆိတ်ငြိမ်မှုနဲ့ အမှောင်ထုတို့-သိရဲ့...။”


“ဒုတိယအမှန်မွန်” ကို နားလည်နိုင်ရန် နောက်ထပ် သိစရာနှစ်ခုရှိသေးသည်။ “ကမ္မ” နှင့် “သံသရာ”တို့ ဖြစ်ပါသည်။ စင်စစ် ဤဝေါဟာရနှစ်ရပ်လုံးမှာ ဗုဒ္ဓမပွင့်မီ၊ ရှေးအတိတေကတည်းက အိန္ဒိယလူ့အဖွဲ့အစည်းတွင် အမြစ်တွယ်ပြီးသား အကောက်အယူများ ဖြစ်ပါသည်။ ဗုဒ္ဓ၏ ဓမ္မတွင် ဤဝေါဟာရများကို ယူသုံးသောအခါ အဓိပ္ပာယ်တမျိုးတည်းနှင့် အသေတုပ်နှောင်မထားဘဲ ဆက်စပ်အခြေအနေများကို မူတည်ပြီး အဓိပ္ပာယ်ကွဲများရှိသည်ကို သတိပြုမိသည။် ယေဘုယျသဘောပြောရလျှင် “သာမန်အသိ”(popular sense)နှင့် “အစစ်အမှန်အသိ”(authentic sense)ဟု ခွဲနိုင်လိမ့်မည် ထင်သည်။ အင်္ဂလိပ်၊ မြန်မာ စကားလုံးများနှင့် ဖလှယ်ကြည့်ရာ ဖြစ်နိုင်ခြေရှိသောဝေါဟာရများစွာ ရှိနေ၍ မူလပါဠိဘာသာအတိုင်းထားသည်က ပို၍ အဆင်ပြေလိမ့်မည်ဟု ယူဆရပါသည်။ သို့အတွက် “ကမ္မ နှင့်  သံသရာ ” ဟူ၍ သုံးစွဲလိုက်ရခြင်း ဖြစ်ပါသည်။

“ကမ္မ”
“ကမ္မ”ကို ဖွင့်ဆိုရာတွင် အနည်းဆုံး အဓိပ္ပာယ်ကွဲသုံးခုမျှ တွေ့ရသည်။ သို့နှင့်တိုင် တစ်ခုနှင့်တစ်ခု လုံးဝဆန့်ကျင်နေသော ဖွင့်ဆိုချက်များတော့လည်းမဟုတ်ပါ။ ဆက်စပ်အခြေအနေများအလိုက် အဓိပ္ပာယ် အကျဉ်းအကျယ် ကွာသွားခြင်းမျှသာ ဖြစ်ပါသည်။

(၁)   နိရုတ္တိသဘောအရ တိုက်ရိုက်ဘာသာပြန်ရလျှင် “အလုပ်” (action)ဟုရပါသည်။ စားခြင်း၊ သောက်ခြင်း၊ လမ်းလျှောက်ခြင်း၊ အိပ်စပ်ခြင်းစသော ပြုမူလုပ်ဆောင်ပုံအားလုံးကို ရည်ညွန်းသည်။ ဤသည်ကို ဗုဒ္ဓကျမ်းဂန်များတွင် သုံးစွဲလိုက်သောအခါ သာမန် “လုပ်ဆောင်မှု”မျှ မကတော့ဘဲ “ကျင့်ဝတ်ဆိုင်ရာ တန်ဖိုးများ” (moral value)နှင့် တွဲစပ်နေသော အဓိပ္ပာယ်ရလာသည်။ ကောင်းသောအလုပ် (သို့မဟုတ်) ဆိုးသော အလုပ် (good or bad action)ဆိုသော အနက်တွဲများ ပါဝင်လာသည်။ ပါဠိဘာသာနှင့် ဆိုလျှင် “ကုသလကမ္မ”နှင့်
“အကုသလကမ္မ” တို့ဖြစ်သည်။

      ဤတွင် မည်သို့သောအလုပ်ကို “အကောင်း”၊ မည်သည်ကို “အဆိုး” သတ်မှတ်မည်နည်းဆိုပြီး စောဒက တက်စရာရှိလာသည်။
      ချမ်းမြေ့ရိပ်သာ ဆရာတော်က မိမိနှင့် သူတစ်ပါးအတွက် ထိခိုက် နစ်နာမှုမရှိလျှင် “အကောင်း”၊ ထိခိုက် နစ်နာမှုဖြစ်စေလျှင် “အဆိုး”ဟု ခွဲခြားသတ်မှတ်ပေးသည်။ “အပြစ်ကင်းသောအလုပ်” (meritorious action) နှင့် “အပြင်မကင်းသောအလုပ်” (demeritorious action) ဟုနားလည်ရပါသည်။
      ဗုဒ္ဓကျမ်းဂန်များတွင်မူ ဒုစရိုက်ဆယ်မျိုးနှင့် သုစရိုက်ဆယ်မျိုးဟူ၍ နှစ်မျိုးခွဲပြသည်။ “ဒုစရိုက်ဆယ်မျိုး” (မကောင်းသော၊ အပြစ်မကောင်းသောအလုပ်) ဆိုရာတွင် -
    
   ကာယာဒုစရိုက် (၃)မျိုး
   (၁)   သူတစ်ပါးအသက်ကို သတ်ခြင်း (ပါဏာတိပါတ)
   (၂)   သူတစ်ပါးဥစ္စာ ခိုးခြင်း ( အဒိန္နာဒါန )
   (၃)   သူတစ်ပါးသားမယား လွန်ကျူးခြင်း (ကာမေသုမိစ္ဆာစာရ)
 
   ဝစီဒုစရိုက် (၄)မျိုး
   (၁)   လိမ်လည်ပြောဆိုခြင်း (မုသာဝါဒ)
   (၂)   ကုန်းတိုက်ခြင်း (ဝိသုဏဝါစာ) 
   (၃)   ကြမ်းကြမ်းတမ်းတမ်း ဆဲရေးတိုင်းထွာခြင်း (ဖရုသဝါစာ)
   (၄)   အကျိုးမဲ့ ပြိန်ဖျင်းသောစကားဆိုခြင်း (သမ္ဖပ္ပလာပ)

   မနောဒုစရိုက် (၃)မျိုး
   (၁)   မနာလိုခြင်း (အဘိဇ္ဈာ)
   (၂)   သူတစ်ပါးအကျိုးပျက်ပြားစေလိုခြင်း (ဗျာပါဒ)
   (၃)   အတွေးမှား၊ အယုံမှား၊ အစွဲမှားခြင်း (မိစ္ဆာဒိဋ္ဌိ)
      စုစုပေါင်း ဆယ်မျိုးဖြစ်သည်။ ဤဆယ်မျိုးနှင့် ဆန့်ကျင်ဘက်ဆယ်မျိုးမှာ “သုစရိုက်ဆယ်မျိုး”(ကောင်းသော၊ အပြစ်ကင်းသော အလုပ်)ဖြစ်ပါသည်။

(၂)   ဒုတိယအဓိပ္ပာယ်မှာ စကားလုံးသဘောမျှ မကတော့ဘဲ နိယာမသဘောထိ ရောက်သွားသည်။ ဗုဒ္ဓကျမ်းဂန်များတွင် ကမ္မနိယာမ (law of karma)ဟု ဖော်ပြလေ့ရှိသည်။ “မိမိလုပ်သော အလုပ်နှင့်တူညီသည့်အကျိုးသက်ရောက်မှုကို တစ်ချိန်မဟုတ်တစ်ချိန်တွင် မလွဲမသွေ ပြန်လည်ပေးဆပ်ရမည်”ဟု ဆိုပါသည်။ ဤသဘောကိုခြုံငုံ၍ ဘာသာခြားသုတေသီများက “ကမ္မ”ကို “ပြန်လည်ပေးဆပ်ခြင်း” (retribution) ဟု ဘာသာပြန်ကြခြင်း ဖြစ်ပါလိမ့်မည်။

      ဤသို့ ပြန်လည်ပေးဆပ်ရာတွင် ချက်ချင်းလက်ငင်းပေးဆပ်ရသည်လည်းရှိသည်။ ကာလတစ်ခုကြာမှပြန်လည်ပေးဆပ်ရသည်လည်းရှိသည်။ ယခုဘဝတွင် အကျိုးပေးချိန် မရလိုက်၍ နောက်တမလွန်ဘဝမှ ပေးဆပ်ရသည်လည်းရှိသည်။ အချိန်ကာလချင်းမတူသည့်တိုင် မိမိလုပ်ခဲ့သော အပြုအမူအတွက် မိမိကိုယ်တိုင် ပြန်လည်ပေးဆပ်ရမည်ဆိုသော တရားသဘောကိုမူ မည်သူမျှ မလွန်ဆန်နိုင်ဟု အဓိပ္ပာယ်ဖွင့်ပါသည်။ သို့အတွက် သဘာဝသိပ္ပံမှ နယူတန်နိယာမကဲ့သို့ပင် လောကလုံးသဘောဆောင်သည်ဟု ယူဆနိုင်မည် ဖြစ်ပါသည်။

(၃)   “အလုပ်” (ကမ္မ သို့မဟုတ် ကံ) တိုင်း ထိုက်သင့်သည့် ပြန်လည်ပေးဆပ်မှုရှိရမည်ဟု ဆိုသော်လည်း လှုပ်ရှားမှုတိုင်းကို “အလုပ်”ဟု ပီပီပြင်ပြင် သတ်မှတ်နိုင်သည်တော့ မဟုတ်ပါ။ အလုပ်အဖြစ် ပီပီသသ အဓိပ္ပာယ် ရောက်-မရောက် (ကံ မြောက်-မမြောက်) ကိုလည်း ထည့်သွင်း စဉ်းစားကြရပါမည်။
 
      ဗုဒ္ဓ၏ အလိုအရ “ရည်ရွယ်ချက်ရှိသော တက်ကြွထက်သန်သည့်စိတ် ဦးဆောင်ပြုလုပ်မှသာ အလုပ်(သို့မဟုတ်) ကံမြောက်သည်ဟု သတ်မှတ်သည်။
      ဤသို့ “ ရည်ရွယ်ချက်ရှိသော တက်ကြွထက်သန်သည့်စိတ်” ကို ဗုဒ္ဓကျမ်းဂန်များတွင် “စေတနာ”ဟု ဖော်ပြသည်။ အနောက်တိုင်း သုတေသီများက Motive သို့မဟုတ် Volition ဟု ဘာသာပြန်ကြသည်။ ဗုဒ္ဓကိုယ်တိုင်ကမူ စေတနာသည်ပင် အလုပ်(ကမ္မ)ဟု ဟောပါသည်။
      “ စေတနာ ဟံ၊ ဘိက္ခဝေ ကမ္မံ ဝဒေါမိ ”
      ( “ ရဟန်းတို့ - စေတနာကိုပင် ကံ-ဟု ငါဆိုသည်” )
      သို့အတွက် “ကမ္မ”ဆိုသော ဝေါဟာရတွင် “အလုပ်”၊ “ပြန်လည်ပေးဆပ်ခြင်း”၊ “စေတနာ” စသော အဓိပ္ပာယ်များ ပါဝင်နေသည်ကို သတိချပ်၍ ဆင်ခြင်ကြဖို့ ဖြစ်ပါသည်။

သစ္စာရှာဖို့ မြင်းစီးသူ(ကျော်ဝင်)၏စာအုပ် ဆက်လက်ရေးသားဖော်ပြပါမည် ။

Monday, October 1, 2012

သစ္စာရှာဖို့ မြင်းစီသူ အပိုင်း(၆)

အခန်း(၆)
ကြောင်းကျိုးဆက်ဖြစ်ပေါ်မှုအယူအဆ
(ပဋိစ္စသမုပ္ပါဒ)

မမြင်ရတဲ့ဒီစက်လည်စဉ်
မရပ်မနား၊ မငြိမ်းချမ်း
တန့်ရပ်ရာမရှိ
တက်သူကျ၊ ကျသူ တက် .....


နောက်ခံကား
ဗုဒ္ဓခေတ် အိန္ဒိယတွင် ဒဿနဂိုဏ်း အများအပြားရှိသလို ဒဿနငြင်းခုံပွဲများလည်း အတော်လေးရှိခဲ့ဟန် တူပါသည်။ ဗုဒ္ဓအနေနှင့် ဤသို့သော ငြင်းခုံပွဲများကို မိမိကအစပြုခြင်းမျိုး မလုပ်ခဲ့သော်လည်း အကျိုးရှိတန်ရာသည်ဟု ယူဆသောဆွေးနွေးမှုအချို့ကိုမူ  လက်ခံတုံ့ပြန်ခဲ့သည်။ ပြောရလျှင် အဆိုပါဒဿန ဆွေးနွေးပွဲများမှပင် ဗုဒ္ဓဓမ္မ၏ အရေးအကြီးဆုံး အကောက်အယူအချို့ ထွက်ပေါ်လာခဲ့သည်ဟု ဆိုနိုင်စရာရှိသည်။ ယခုဖော်ပြမည့် အယူအဆသည်လည်း ဤအတိုင်းပင် ဖြစ်ပါသည်။

တစ်ခါသော် ကဿပအမည်ရှိ တပသီတစ်ဦးက ဗုဒ္ဓထံချဉ်းကပ်၍ မေးခွန်းသုံးခုမေးလာသည်။ (ဗုဒ္ဓကျမ်းဂန်များတွင်မူ ဥရူဝေလကဿပ၊ နဒီကဿပ နှင့် ဂယာကဿပ ဆိုသော ရသေ့ညီနောက်သုံးဦးဟုညွန်းသည်) သူ၏ မေးခွန်းသုံးခုမှာ ဤသို့ဖြစ်သည်။

“အရှင်ဂေါတမ၊ ဒုက္ခသည် မိမိပယောဂကြောင့် ဖြစ်ပေါ်လာသောအရာလော၊ သို့မဟုတ် သူတစ်ပါး၏ ပယောဂကြောင့် ဖြစ်ပေါ်လာသော အရာလော..၊ သို့တည်းမဟုတ် အကြောင်းရင်းခံမရှိဘဲ ရှောင်တခင်ဖြစ်ပေါ်လာသောအရာလော....”

ကဿပ၏မေးခွန်းမှာ သုံးမျိုးဖြစ်သော်လည်း ဗုဒ္ဓပေးသော အဖြေမှာ မေးခွန်းအားလုံးအတွက် တစ်မျိုးတည်းသာဖြစ်သည်။

“ဤသို့မဟုတ် ကဿပ”

မေးခွန်းတိုင်းကို ”ဤသို့မဟုတ်” ချည်းဖြေနေသောအခါ ကဿပမှာ စိတ်ရှုပ်ထွေးလာသည်။ သည်တော့မှ ဗုဒ္ဓက သမုဒယကြောင့် ဒုက္ခဖြစ်ရသောဖြစ်စဉ်ကို အနုစိတ်ရှင်းပြသည်။ ဤဖြစ်စဉ်၏ မူလဆက်ထုံး ဉာဏ်ပညာကင်းမဲ့မှု (အ၀ိဇ္ဖာ)ကိုလည်း ခြေရာခံပြသည်။ သို့ဖြင့် ဘ၀ခန္ဓာ ရုပ်နာမ်တို့၏ အဆက်မပြတ်ဖြစ်ပေါ်နေမှုမှာ တစ်စုံလုံး သရုပ်ထင်လာရတော့သည်။

နှောင်းခေတ် ဗုဒ္ဓစာပေသုတေသီများက ဤတရားတော်ကို “ ကြောင်းကျိုးဆက်ဖြစ်ပေါ်မှု အယူအဆ” (Doctrine of Dependent Origination)ဟု ဖော်ပြခဲ့ကြသည်။ အချို့ကလည်း “သံကြိုးကွင်းဆက် ကြောင်းကျိုးပြနိယာမ” (Law of Chain of Caisality)ဟု ၀ိဂြိုလ်ပြုကြသည်။ ပါဠိစာပေတွင်မူ “ပဋိစ္စသမုပ္ပါဒ” ဟု ဖော်ပြပြီး၊ ဗုဒ္ဓဘာသာ မြန်မာတို့က “ပဋိစ္စသမုပ္ပာဒ်” ဟု နားစွဲထားကြသည်။

ပဋိစ္စသမုပ္ပါဒကို ပုဒ်ခွဲကြည့်လိုက်ရင် ပဋိစ္စ(စွဲမှီ၍)၊ သံ(အတူတကွ)၊ ဥပ္ပါဒ(ဖြစ်စေခြင်း)ဟုရရာ၊ Dependent Origination ဆိုသော အင်္ဂလိပ် ဘာသာပြန်ကပို၍ အနက်ထင်လိမ့်မည်ဟု ယူဆရပါသည်။

တရားကိုယ်
ပဋိစ္စသမုပ္ပာဒ် တရားကိုယ်တွင် ဆက်ထုံး ဆယ့်တစ်ခုပါသည်။ ဤဆက်ထုံးဆယ့်တစ်ခုတည်းပင် အတိတ်၊ ပစ္စုပ္ပန်၊ အနာဂတ်တို့၏ အဆက်အစပ်ဖြစ်ပြီး၊ သတ္တ၀ါတို့၏ သံသရာစက်ဝန်းလည်း ဖြစ်ပါသည်။

(၁) ဉာဏ်ပညာကင်းမဲ့မှု (အ၀ိဇ္ဖာ)ကြောင့် တုံ့ပြန်စီရင်မှု (သင်္ခါရ)တို့ဖြစ်ပေါ်လာသည်။(အ၀ိဇ္ဖာပစ္စယာ သင်္ခါရာ)

(၂) တုံ့ပြန်စီရင်မှုများကြောင့် အချစ် အမုန်းတို့နှင့် သိမ်းထုပ်ထားသော သိမြင်မှတ်သားမှု (၀ိညာဏ်)ဖြစ်ပေါ်လာသည်။
     (သင်္ခါရပစ္စယော၊ ၀ိညာဏံ)

(၃) သိမြင်မှတ်သားမှုများ၏  ထုတ်လွှင့်ပို့ပေးမှုကြောင့် နာမ်ရုပ်တို့၏ အစုအဝေး(နာမရူပ)ဖြစ်ပေါ်လာသည်။
     (၀ိညာဏပစ္စယော နာမရူပံ)

(၄) နာမ်ရုပ်တို့၏ အစုအဝေး ဆက်လက်ဖွံ့ဖြိုးလာသည်နှင့်အာရုံခံ ကိရိယာ ၆ မျိုး (သဠာယတန)ဖြစ်ပေါ်လာသည်
     (နာမရူပပစ္စယော သဠာ ယတနံ)

(၅) အာရုံခံကိရိယာ ၆ မျိုး လှုပ်ရှားလာသည်နှင့် အာရုံရုပ်များ နှင့် ထိတွေ့မှု (ဖဿ)ဖြစ်ပေါ်လာသည်။
     (သဠာယတနပစ္စယော ဖေဿာ)

(၆) ထိတွေ့မှုကြောင့် ခံစားမှု (ဝေဒနာ)ဖြစ်ပေါ်လာသည်။
     (ဖဿပစ္စယာ ဝေဒနာ)

(၇) ခံစားမှုရင့်မှည့်လာသည်နှင့် တပ်မက်မှု (တဏှာ)ဖြစ်ပေါ်လာသည်။
     (ဝေဒနာပစ္စယာ တဏှာ)

(၈) တပ်မက်မှု ရင့်မှည့်လာသည်နှင့် စွဲလမ်းမှု (ဥပါဒါန်)ဖြစ်ပေါ်လာသည်။
     (တဏှာပစ္စယာ ဥပါဒါနံ)

(၉) စွဲလမ်းမှုကို အရင်းခံ၍ပင် နောက်ထပ်ဖြစ်တည်မှု အသစ်(ဘ၀)သို့ ဦးတည်ဖြစ်ပေါ်လာ၏။
     (ဥပါဒါနပစ္စယာ ဘဝေါ)

(၁၀) ဘ၀ဆိုသော ဖြစ်တည်မှုနှင့်ကြုံလာရသည်နှင့်မွေးဖွားခြင်း(ဇာတိ) ဖြစ်ပေါ်လာ၏။
       (ဘ၀ပစ္စယော ဇာတိ)

(၁၁) မွေးဖွားခြင်းပေါ်လာသည်နှင့် အိုခြင်း၊ သေခြင်း၊ စိုးရိမ်ပူဆွေးခြင်း စသော ဒုက္ခဆင်းရဲတို့ ဖြစ်ပေါ်လာရသည်။
       (ဇာတိပစ္စယော ဇရာ၊ မရဏံ၊ သောက ပရိဒေ၀ ဒုက္ခ .... )

အနောက်တိုင်းသုတေသီအချို့၏ အလိုအရ ဗုဒ္ဓ၏ဓမ္မအများစုမှာ လူအများနားလည်လွယ်အောင် ရှင်းရှင်းလင်းလင်း ဖွင့်ဆိုသည်က များသည်။ ယခု ပဋိစ္စသမုပ္ပာဒ်တရားတော်တွင်မူ အချို့သော ဆက်ထုံးများမှာနားလည်ဖို့ ခက်ခဲနိုင်သည်။ အထင်အရှား သက်သေပြဖို့လည်း မလွယ်။ သို့အတွက် ဗုဒ္ဓ၏ မူရင်းဟောကြားချက် ဟုတ်-မဟုတ် ပြန်လည်ဆန်းစစ်ကြသည်များရှိသည်။ အချိန်ကာလ၏ တိုက်စားမှုကြောင့် မူရင်းနှင့်ကွာသလောက် ကွာသွားသည်များ ရှိနိုင်-မရှိနိုင် မေးခွန်းထုတ်ကြည့်ကြသည်။

ဗုဒ္ဓဘာသာဝင် သုတေသီများကမူ အဆိုပါထောက်ကွက်ကို လက်မခံကြပါ။ ဗုဒ္ဓြုမတ်စွာအနေနှင့် တရားတော်များကို အတတ်နိုင်ဆုံး နားလည်သဘောပေါက်စေရန် ဟောကြားခဲ့သည်မှာ မှန်သော်လည်း ဗုဒ္ဓ၏ဓမ္မ(အထူးသဖြင့် အဘိဓမ္မာ)မှာ သိမ်မွေ့နက်ရှိုင်းလှသည်။ ခေတ်သစ်သိပ္ပံပညာနှင့် သက်သေမပြနိုင်သလို ဒဿနပညာနှင့်လည်း ချဉ်းကပ်၍မလွယ်ဟုဆိုသည်။ ဤသဘောကို ရည်ရွယ်၍ ပထမလယ်တီဆရာတော်က ဆက်ထုံးအမှတ် ၉ (ဥပါဒါန်ကြောင့် ဘ၀သစ်ဖြစ်သည်ဆိုသော ဆက်ထုံး)ကို ကျော်လွန်ဖို့မလွယ်လှသော မိစ္ဆာဒိဋ္ဌိဆက်ထုံးဟု ဆိုခဲ့ဖူးသည်။ စင်စစ် ဗုဒ္ဓ၏ဓမ္မကို အပြည့်အ၀နားလည်ခံယူနိုင်ရေးမှာ ၀ိပဿနာလမ်းမှလွဲ၍ အခြားမရှိဟု ဆိုပါသည်။

အထက်တွင် ဖော်ပြခဲ့သော ဆက်ထုံးဆယ့်တစ်ခုတွင် အချို့သောအခြင်းအရာများ ထပ်ကျော့ပါဝင်နေသည်ကိုလည်း ထောက်ပြကြသည်များရှိသည်။ ဤသည်ကို အနောက်တိုင်း သုတေသီအချို့က ပဋိစ္စသမုပ္ပာဒ်ဖြစ်စဉ်မှာ ဘ၀သက်တမ်းတစ်ခုတည်းကို ဖော်ပြထားသည်မဟုတ်။ သက်တမ်းသုံးခုကို ဆက်စပ်ရှင်းပြထားသည်ဟု ဖွင့်ဆိုကြသည်။ ဤအချက်ကိုလည်း ဗုဒ္ဓဘာသာဝင်သုတေသီများက လက်မခံကြပါ။ ဗုဒ္ဓမြတ်စွာအနေနှင့် သံသရာလည်ပတ်ပုံကို ထင်ရှားစေလို၍ အတိတ်၊ ပစ္စုပ္ပန် အနာဂတ် ကာလသုံးပါးလုံးကို ဆက်စပ်ပြခြင်းဖြစ်သည်ဟု ခံယူကြသည်။ ဆက်ထုံး ၁နှင့် ၂ မှာ အတိတ်ဘ၀၊ ဆက်ထုံး ၃ နှင့် ၉ အထိမှာ ပစ္စုပ္ပန်ဘ၀၊ ဆက်ထုံး ၁၀ နှင့် ၁၁ မှာ အနာဂတ်ဘ၀ဟု ခွဲခြားဖွင့်ဆိုကြသည်။

မည်သို့ပင်ဆိုစေ ပဋိစ္စသမုပ္ပာဒ်တရားတော်မှာ ဗုဒ္ဓ ဓမ္မ တစ်စုံလုံး၏ အရေးကြီးသော အခြေခံအုတ်မြစ် နှစ်ရပ်ကိုမူ ပီပီပြင်ပြင်ဖော်ပြနိုင်သည်ဟု သုတေသီအများစု အမှတ်ပေးကြပါသည်။ ပထမအခြေခံမှာ “ဒုက္ခ၏ အရင်းခံတဏှာ”ဆိုသော ဓမ္မနှင့်၊ ဒုတိယအခြေခံမှာ “တဏှာ၏ အရင်းခံအဝိဇ္ဖာ”ဆိုသော  ဓမ္မတို့ဖြစ်သည်။ စင်စစ် ဤအခြေခံနှစ်ရပ်သည်ပင် ပဋိစ္စသမုပ္ပာဒ် တရားတော်ကြီးတစ်ခုလုံး၏ အနှစ်ချုပ်တရားကိုယ်ဟု ဆိုနိုင်ပါလိမ့်မည်။ ဤသည်ကိုအောက်ပါ စက်ဝိုင်းငယ်လေးနှင့်သရုပ်ထင်နိုင်ပါလိမ့်မည်။
လူသည် ဉာဏ်ပညာကင်းမဲ့မှုကြောင့် တဏှာ၏ကျေးကျွန်ဖြစ်ရသည်။ တဏှာစေစားရာ လိုက်ပါလှုပ်ရှားရင်းမှ ဒုက္ခနွံထဲက မရုန်းနိုင်ဖြစ်ရသည်။ ဤသို့ မရုန်းနိုင်သည်နှင့်အမျှ ဉာဏ်ပညာနှင့် ဝေးရတော့သည်။ ဤသည်ပင် သတ္တဝါတို့၏ သံသရာလည်ပုံဖြစ်ပါသည်။

အဝိဇ္ဖာ မှ ဝိဇ္ဖာသို့
ပထမအမှန်မွန် (ဒုက္ခသစ္စာ)နှင့် ဒုတိယအမှန်မွန် (သမုဒယသစ္စာ)၏ အဆက်အစပ်ကို ဗုဒ္ဓက “ဒုက္ခ၏ဖြစ်ရာဖြစ်ကြောင်း သမုဒယ”ဟု ဖော်ထုတ်ခဲ့သည်။ “ဒုက္ခ၏ အရင်းခံတဏှာ”ဆိုသည်နှင့် အဓိပ္ပာယ်တူပင်ဖြစ်ပါသည်။ ဤအကြောင်းကို ဆိုခဲ့ပြီးပြီ။

သို့နှင့်တိုင် ဗုဒ္ဓ၏ ဓမ္မမှာ ဤမျှနှင့်ရပ်တန့်မနေပါ။ တဏှာ၏ အရင်းခံကို ဆက်လက်ရှာဖွေခဲ့ပါသည်။ စင်စစ် တဏှာကို နှစ်သက်မြတ်နိုးကြသည်မှာ ပုဂ္ဂိုလ်တစ်ဦးချင်းစီ၏ အပြစ်ဟု မဆိုနိုင်။ လူသားတစ်ရပ်လုံး(သတ္တဝါအားလုံး)၏ သဘာဝကဖန်တီးပေးလိုက်သော အားနည်းချက်သာဖြစ်သည်။ တဏှာမှာ တမင်ပွားစည်းယူရသည်မဟုတ်ဘဲ လူ့ဖြစ်တည်မှုက မွေးထုတ်ပေးလိုက်သည့် ရှောင်မရသော သဘာဝတစ်ရပ်သာဖြစ်သည်။ ပြဿနာ၏ အရင်းခံမှာ တဏှာ မဟုတ်။ တဏှာ၏ အစစ်အမှန်သဘောကို မသိ မမြင်နိုင်ခြင်းပင် ဖြစ်သည်။

ပဋိစ္စသမုပ္ပာဒ် တရားကိုယ်လာ တဏှာ၏ဖြစ်စဉ်ကို ကြည့်လျှင်ပင် ဤသဘောကို အခြေခံမိနိုင်စရာ ရှိပါသည်။ တဏှာကို ဆားငန်ရေလို အဆတ်မပြတ်သောက်သုံးမိရာမှ စွဲလမ်းမှုဥပါဒါန်အဖြစ်သို့ ရောက်လာသည်။ ဤဥပါဒါန်အစွဲဖြင့်ပင် အချစ်၊ အမုန်း၊ အကောင်း၊ အဆိုး စသော အပြုအမူများကို ပွားစည်းစေသည်။ ဤသို့ဖြင့် တဏှာနှင့် ဥပါဒါန်တို့၏ အစေစားခံဖြစ်နေသော လူ(သတ္တဝါ)မှာ တံလျှပ်ကို ရေထင်လာသည်။ ဘဝဖြစ်တည်မှုကို အခိုင်အမာသဘော၊ ကိုယ်ပိုင်သဘောဟု ထင်လာသည်။ ဤသည်ကို ဗုဒ္ဓက “အတ္တ”ဟု အမည်ပေးပါသည်။ စင်စစ် ဘဝဖြစ်တည်မှုမှာ အခိုင်အမာသဘော မဟုတ်။ အနှစ်မဲ့သည်။ ကိုယ်ပိုင်သဘောမဟုတ်။ အစိုးမရရှိသည်။ ဤသို့ အနှစ်မဲ့သည့်သဘော၊ အစိုးမရသည့်သဘောကို ဗုဒ္ဓက “အနတ္တ”ဟု အမည်ပေးသည်။ ဤသို့ အနတ္တကို အတ္တအဖြစ် ထင်မှတ်မှားခြင်းသည်ပင် ဉာဏ်ပညာကင်းမဲ့မှု(အဝိဇ္ဖာ)ဖြစ်ပါသည်။ တဏှာကိုမွေးထုတ်လိုက်သည့် အရင်းခံတရားခံအစစ်မှာ ထို အဝိဇ္ဖာပင်ဖြစ်သည်။

ပြောရလျှင် အနတ္တမှာ ဗုဒ္ဓဓမ္မ၏ အရေးအကြီးဆုံးအရာဖြစ်သလို နားလည်ဖို့အခက်ခဲဆုံး၊ အသိမ်မွေ့အနက်ရှိုင်းဆုံးလည်းဖြစ်ပါသည်။ အခြားမည်သည့် ဘာသာတရား၊ မည်သည့်ဒဿနတွင်မှ မတွေ့နိုင်သော ဗုဒ္ဓဓမ္မ၏ ထူးခြားချက်လည်းဖြစ်ပါသည်။ (အနတ္တသဘောကို သီးခြားအခန်းတစ်ခန်းဖွင့်၍ ရေးပါမည်)

ဗုဒ္ဓ ဓမ္မသည် နံပါတ်တစ်တရားခံ (အဝိဇ္ဖာ)ကို ဆွဲထုတ်ပြပြီးသည်နှင့် ပြီးပြည့်စုံပြီဟု မယူဆသေးပါ။ အဝိဇ္ဖာကို ပယ်သတ်နိုင်သည့် ဉာဏ်ပညာ(ဝိဇ္ဖာ)အထိ ဦးတည်ထားပါသည်။ ဗုဒ္ဓ၏ အလိုအရ အစစ်အမှန် ဉာဏ်ပညာ(ဝိဇ္ဖာ)ဆိုသည်မျာ အမှန်မွန်လေးပါးကို သိမြင်ခံယူနိုင်ခြင်းပင် ဖြစ်သည်။ ဤဝိဇ္ဖာအမြင်ကို မရသေးသရွေ့ လူ(သတ္တဝါ)သည် အဝိဇ္ဖာနယ်ပယ်တွင်သာ ဆက်လက်လှုပ်ရှားနေဦးမည်ဖြစ်ပါသည်။ တဏှာ၏ အစေစားခံသာ ဆက်လက်ဖြစ်နေပါလိမ့်မည်။ သို့နှင့်အမျှ သံသရာခရီးမှ ရုန်းမထွက်နိုင်သော ဆုံလည်နွားနှယ်သာ ကျင်လည်နေကြရပါလိမ့်မည်။

ဤအဓိပ္ပာယ်စုတို့ကို ခြုံငုံ၍ ပထမလယ်တီဆရာတော်က ဤသို့ အစချီကာ လင်္ကာဖွဲ့ခဲ့ဖူးပါသည်။

“ .... အမှန်လေးချက်၊ သဘောနက်ကို၊ ဖုံးဝှက်ကွယ်ကာ၊ အဝိဇ္ဖာဟု၊ မဟာတမ၊ မှောင်ကြီးကျ၍၊ ဘဝမြုံသိုက်၊ ရှိန်ရှိန်အိုက်သား၊ အမှိုက်မီးစာ၊ ဤခန္ဓာကို၊ တွယ်တာသမှု၊ အကြောင်းပြု၍၊ အကုသလ၊ ဓမ္မညစ်ဆိုး၊ အပြစ်မျိုးကို၊ ကြိုးကြိုးပမ်းပမ်း၊ နေ့စဉ်ထမ်းသည် .... ” စသဖြင့်။

သစ္စာရှာဖို့ မြင်းစီးသူ (ကျော်ဝင်း)၏စာအုပ် ဆက်လက်ရေးသားဖော်ပြပါမည် ။

Saturday, September 29, 2012

သစ္စာရှာဖို့ မြင်းစီးသူအပိုင်း(၅)

အခန်း(၅)
သိမှုဖြစ်စဉ်

မပြောင်းမလဲ စီးသွား၊
မြစ်တစ်စင်းလို အဆက်အစပ်နဲ့၊
လှိုင်းတစ်သုတ်နောက်၊ လှိုင်းတစ်သုတ်လိုက်
နှေးချည် .. မြန်ချည် ....။   


ယခုအခါ ဗုဒ္ဓ၏ အမှန်မွန်လေးပါးထဲမှ ရှေ့နှစ်ပါးကို ဖော်ပြပြီးခဲ့ပြီးဖြစ်ပါတယ်။ ပထမအမှန်မွန် (ဒုက္ခ၏လောကလုံးသဘော)နှင့် ဒုတိယအမှန်မွန် (ဒုက္ခ၏အကြောင်းရင်း)တို့ ဖြစ်သည်။ ဗုဒ္ဓကျမ်းဂန်လာ ဝေါဟာရနှင့်ဆိုလျှင် “ဒုက္ခသစ္စာ”နှင့် “သမုဒယသစ္စာ”တို့ ဖြစ်ပါသည်။ “သမုဒယကြောင့် ဒုက္ခဖြစ်” ဆိုသော အမှန်မွန်နှစ်ပါး၏ အဆက်အစပ်ကိုလည်း ဖော်ပြခဲ့ပြီးပါပြီ။ သို့ဖြစ်၍ တတိယအမှန်မွန် (ဒုက္ခ၏ ကင်းရာ ကုန်ရာ)ကို ဆက်ဖို့ရှိပါသည်။ သို့နှင့်တိုင် ချက်ချင်းဆက်၍ မဖြစ်သေးပါ။ တတိယအမှန်မွန် (နိရောဓသစ္စာ)ကို နားလည်သဘောပေါက်စေရန် ဗုဒ္ဓ၏သင်ကြားချက်အချို့နှင့် မိတ်ဆက်ပေးဖို့ လိုပါလိမ့်ဦးမည်။

အမြင်နှစ်မျိုး
ဗုဒ္ဓ၏ဓမ္မသည် အကြွင်းမဲ့သဘော၊ ပကတိသဘော၊ မဖောက်မပြန်အမြဲမှန်သည့်သဘောဖြစ်သည်။ ပရမတ္ထသစ္စာ (Absolute true) ဖြစ်ပါသည်။ သို့နှင့်တိုင် ယာယီသဘော၊ နှိုင်းရသဘော၊ အများ သတ်မှတ်ချက်သဘောတို့ကိုလည်း မပစ်ပယ်ပါ။ သမုတိသစ္စာ (Relative true) ဖြစ်ပါသည်။ ပြောရလျှင် သမုတိသစ္စာမှာ အများအမြင်၊ သာမန်အမြင် ဖြစ်ပြီး ပရမတ္တသစ္စာမှာ ပညာအမြင်၊ ဗုဒ္ဓအမြင်ဖြစ်သည်။ ဗုဒ္ဓ၏ဓမ္မကို လေ့လာရခြင်းမှာ သာမန်အမြင်ကိုကျော်၍ ပညာအမြင်ကို ဆိုက်အောင် အသိဉာဏ်မိုးကုတ်စက်ဝိုင်းကို ချဲ့ကြည့်ခြင်းဖြစ်ပါသည်။

သာမန်အမြင်အရ ကြည့်လိုက်လျှင် သတ္တလောကတွင် ရှိသမျှကို လူ တိရိစ္ဆာန်၊ ယောက်ျား-မိန်းမ၊ ကလေး-လူကြီး၊ သူဌေး-ဆင်းရဲသား၊ ဆရာဝန်၊ စစ်ဗိုလ်၊ ပါမောက္ခ၊ သူတောင်းစား စသည်ဖြင့် ခွဲခြားမြင်နိုင်စရာရှိသည်။ ဤသို့မြင်နေသမျှလည်း အဆင့်အတန်း၊ ဂုဏ်အင်လက္ခဏာ စသော ခွဲခြားသတ်မှတ်ချက်များနှင့် ကင်းနိုင်လိမ့်မည်မဟုတ်ပါ။ ဗုဒ္ဓ၏ပညာ အမြင်အရဆိုလျှင် လူအပါအ၀င် သတ္တ၀ါအပေါင်းတို့မှာ သဘောသဘာဝနှစ်ရပ်၏ အစုအဝေးမျှသာဖြစ်သည်။  ရုပ်သဘောနှင့်  နာမ်သဘောတို့ဖြစ်သည်။ ဤသည်ကို ဗုဒ္ဓကျမ်းဂန်များက “နာမရူပ”ဟု ညွှန်းဆိုပါသည်။

ရုပ်သဘောဆိုရာတွင် အာရုံခံကိရိယာများ (Sense organs)စုစည်းထားသော ခန္ဓာကိုယ်အစုအဝေးကြီးကို ဆိုလိုသည်။ နာမ်သဘောတွင် ခံစားခြင်း (Feeling or sensaton)၊ ခံယူခြင်း (Perception)၊ တုံ့ပြန်ခြင်း (Emotional reaction)နှင့် သိမြင်ခြင်း(Consciousness) တို့ပါဝင်သည်။ ဗုဒ္ဓကျမ်းဂန်များတွင် ဝေဒနာ၊ သညာ၊ သင်္ခါရ၊ ၀ိညာဏဟု သုံးနှုန်းပါသည်။ သို့အတွက် လူ (သတ္တ၀ါ)တို့၏ ဖြစ်တည်မှုဆိုသည်မှာ ရုပ်ခန္ဓာ(ရူပက္ခန္ဓာ)နှင့် နာမ်ခန္ဓာ (ဝေဒနာက္ခန္ဓာ၊ သညာက္ခန္ဓာ၊ သင်္ခါရက္ခန္ဓာ၊ ၀ိညာဏက္ခန္ဓာ) တို့၏ အစုအဝေးပင်ဖြစ်သည်။ ဤသည်ကိုပင် “ခန္ဓာငါးပါး”(five aggregates)ဟုခေါ်ခြင်း ဖြစ်ပါသည်။ ဤခန္ဓာငါးပါးတို့ အလုပ်လုပ်ပုံသည်ပင် “လူ၏သိမှုဖြစ်စဉ်” (the act of human cognition) ဖြစ်တော့သည်။

ခန္ဓာငါးပါးအလုပ်လုပ်ပုံ

ခန္ဓာငါးပါးအလုပ်လုပ်ပုံကို မလေ့လာမီ ၄င်းတို့၏ ဖွဲ့စည်းပုံကို အလွယ်သိမြင်စေရန် ဖော်ပြပါဇယားကို နှလုံးသွင်းထားစေလိုပါသည်။
ဤနေရာတွင် ပထမဆုံးကြိုပြောထားဖို့လိုသည်မှာ ခန္ဓာငါးပါးတို့၏ အစုအဝေးသည် သာမန်ရောစပ်ထားရုံသက်သက် (ဒြပ်နှောသဘော မဟုတ်သည့်အချက်) ဖြစ်ပါသည်။တစ်သားတည်းဖြစ်အောင် ပေါင်းစပ်ထားသော ဒြပ်ပေါင်းသဘောဖြစ်သည်။ သို့အတွက် (ရှင်းလင်းရာတွင် လွယ်ကူစေရန်၊ တစ်ကန့်စီပြောသွားမည် ဖြစ်သော်လည်း) တစ်ခုစီ ခွဲထုတ်ရလိမ့်မည် မဟုတ်ပါ။ စင်စစ် ပဋိသန္ဓေအစကပင်၊ ရုပ်နှင့်နာမ်တို့ တစ်ပြိုင်နက်ဖြစ်တည်ခဲ့သည်ဖြစ်ရာ ရုပ်က မူလ၊ နာမ်ကအဓိက စသည်ဖြင့်ခွဲခြားကြည့်စရာမလိုဟူ၍ပင် ယူဆရမည်ဖြစ်ပါသည်။

၁။ ရုပ်ခန္ဓာ (ရူပ)
ရုပ်ခန္ဓာဆိုသည်မှာ  မြေဓာတ်၊ မီးဓာတ်၊ ရေဓာတ်၊ လေဓာတ်တို့၏  အစုအဝေးသာဖြစ်သည်။ (ပထ၀ီ၊ တေဇော၊ အာပေါ၊ ၀ါယော၊ ဆိုသော ဓာတ်ကြီးလေးပါး။) ဤနေရာတွင် အဆိုပါ ဓာတ်ကြီးလေးပါးကို ခေတ်ပေါ် ဓာတုဗေဒနည်းအရကြည့်ပြီး ဒြပ်စင်မဟုတ်၊ ဒြပ်ပေါင်းများဟု စောဒက မတက်စေလိုပါ။ ပထ၀ီမှာ စုဖွဲ့ခြင်းသဘော၊ တေဇောမှာ ပူခြင်း-အေးခြင်းသဘော၊ အာပေါမှာ စီးမျောခြင်းသဘော၊ ၀ါယောမှာ တွန်းတိုက်သည့်သဘော တို့ကိုသာ ဆိုလိုရင်းဖြစ်သည်။ ဤဓာတ်ကြီးလေးပါးတို့၏ အစုအဝေး ရုပ်ခန္ဓာသည်ပင် မျက်စိ၊ နား၊ နှာခေါင်း၊ လျှာ၊ ကိုယ်နှင့်စိတ် (မနော)ဆိုသော အာရုံခံကိရိယာတို့ကို စုစည်းထားသည့် ကွန်တင်နာကြီးပင်ဖြစ်သည်။ ဤအာရုံခံကိရိယာများနှင့် အာရုံရုပ်များ (မြင်စရာ၊ ကြားစရာ၊ အနံ့ရစရာ၊ အရသာခံစရာ၊ ထိတွေ့စရာ၊ စဉ်းစားတွေးတောစရာ) ထိတွေ့သည်နှင့် အာရုံတို့ရလာသည်။ အဆိုပါအာရုံတို့နာမ်သဘောများ (နာမပိုင်း)ကို အဆင့်ဆင့်ဖြတ်သန်းခြင်းသည်ပင် သိမှုဖြစ်စဉ် ဖြစ်တော့သည်။

၂။ ခံစားခြင်း(ဝေဒနာ)
အာရုံတို့၏ ပထမဆုံးဖော်ပြချက်မှာ ခံစားမှုပင်ဖြစ်သည်။ အာရုံခံကိရိယာနှင့် အာရုံရုပ်တို့ ထိတွေ့သည်နှင့်ခံစားမှုပေါ်လာသည်။ သိမှုဖြစ်စဉ်၏ ပထမအဆင့်ဖြစ်ပါသည်။

၃။ ခံယူခြင်း(ပညာ)
ဒုတိယအဆင့်မှာ သိမှတ်ခံယူခြင်းဖြစ်သည်။ ဥပမာ-နှင်းဆီတစ်ပွင့်မြင်လျှင် နှင်းဆီဟုခံယူလိုက်သည်။ ကင်းမြီးကောက်တစ်ကောင်တွေ့လျှင် ကင်းမြီးကောက်ဟုခံယူလိုက်သည်။ သို့နှင့်တိုင် ဤအဆင့်တွင် ခံယူရုံသက်သက်မျှနှင့် တန့်မနေတတ်ပါ။ သတ်မှတ်ချက်တစ်ခုခု တွဲပါလာတတ်ပါသည်။ ဥပမာ-“နှင်းဆီ”ဟု ခံယူလိုက်သည်နှင့် “လှလိုက်တာ”ဆိုသောသတ်မှတ်ချက် တွဲပါလာတတ်သည်။ “ကင်းမြီးကောက်”ဟု ခံယူလိုက်သည်နှင့် “ရွံရှာစရာကြီး”ဆိုသော သတ်မှတ်ချက် တွဲပါလာတတ်သည်။ “သညာ”၏အလုပ်မှာ ကင်မရာလိုမှတ်တမ်းတင်ရုံ သက်သက်မျှမဟုတ်။ သတ်မှတ်ချက် (သိစိတ် တစ်စွန်းတစ်စ)ပါလာပြီ ဖြစ်ပါသည်။

၎။ တုံ့ပြန်ခြင်း (သင်္ခါရ)
သိမှုဖြစ်စဉ်၏ အရေးအကြီးဆုံးအဆင့် ဖြစ်ပါသည်။ (ယခုစာအုပ်ကို မူလအင်္ဂလိပ်ဘာသာနှင့်ရေးသူက ဤအဆင့်ကို  Emotional reactions ဟုရေးပါသည်။ အချို့ဆရာများကမူ “စိတ်ပိုင်းဆိုင်ရာဖွဲ့စည်းမှု” (mental formations)ဟု ဘာသာပြန်ကြသည်များ ရှိသည်။ emotion ဆိုသောလက်တင်ဝေါဟာရမှာ to move out (လှုပ်ရှားစေခြင်း)ဟု အဓိပ္ပာယ်ထွက်ရာ ပါဠိစာပေမှ သင်္ခါရနှင့် ပိုနီးလိမ့်မည်ထင်ပါသည်။)ဤအဆင့်တွင် ခံယူရုံ၊ သတ်မှတ်ရုံမျှနှင့် ရပ်နေတော့ပါ။ တုံ့ပြန်ချက်ပါလာပါသည်။ ဥပမာ-နှင်းဆီကိုမြင်လျှင် “ဟင်..နှင်းဆီပွင့်လေး ပါလား”(ခံယူ)၊ “လှလိုက်တာ”(သတ်မှတ်)၊ “ချစ်တယ်”/“လိုချင်တယ်”(တုံ့ပြန်)၊ အလားတူပင် ကင်းမြီးကောက်ကိုမြင်လျှင်လည်း “ ဟင် ကင်းမြီးကောက်ကြီး ” (ခံယု)၊ “ရွံစရာကြီး” (သတ်မှတ်)၊ “ ရွံတယ်/မမြင်ချင်ဘူး” (တုံ့ပြန်)၊ ပြောလိုသည်မှာ သင်္ခါရတွင် အချစ်-အမုန်း၊ ကြိုက်-မကြိုက် ဆိုသောတုံ့ပြန်မှုများပါဝင်လာပြီ ဆိုသည့်အချက်ကို ထင်ရှားစေလို၍ဖြစ်ပါသည်။ “စိတ်လှုပ်ရှားမှု”(emotion) ပါလာပြီဟု ဆိုလိုပါသည်။ နောက်ဆက်တွဲအဖြစ် နှင်းဆီဆိုလျှင် ခူးလိုက်မည်။ ကင်းမြီးကောက်ဆိုလျှင် လွှင့်ပစ်မည်ဆိုသော လက်တွေ့တုံ့ပြန်မှုများပင် လိုက်လာနိုင်သည်။
၅။ သိမြင်မှတ်သားခြင်း (၀ိညာဏ)
သိမှုဖြစ်စဉ်၏ နောက်ဆုံးအဆင့်ဟုဆိုနိုင်ပါသည်။ အာရုံခံ ကိရိယာနှင့် အာရုံရုပ်တို့၏ ထိတွေ့မှုကြောင့် ဖြစ်လာသော အာရုံသည် ခံစားခံယူ၊ တုံ့ပြန်ပြီးသကာလ၊ သိမှတ်သည့်အဆင့်သို့ ရောက်လာခြင်းဖြစ်သည်။ ဦးနှောက်၏ အနက်ရှိုင်းဆုံးနေရာထိ သိမှတ်စွဲကပ်(memorize)လိုက်ပြီ ဖြစ်ရာ၊ ဘ၀တစ်ခုမှ တစ်ခုသို့ ကူးသည်အထိပင် “အတည်စွမ်းအင်” (potential energy)အဖြစ် ပါဝင်သွားနိုင်သည်။ ဗုဒ္ဓကျမ်းဂန်များက “အထုံ”၊ “ပါရမီ” စသဖြင့် ညွှန်းလေ့ရှိကြပါသည်။ ( ဤနေရာတွင် အတ္တကောင်၊ လိပ်ပြာကောင်လေး အရာမယွင်းဘဲ ခန္ဓာအိမ်အသစ်ထဲသို့ ၀င်သွားသလို မျဉ်းတန်းသဘော (linear)နှင့် မရောထွေးစေရန် အရေးကြီးပါသည်။ ၀ိညာဉ်မှ နာမ်ရုပ်အသစ်သို့ ကူးပြောင်းသောဆက်ထုံးမှာ non-linear သဘောနှင့် နီးပါလိမ့်မည်)
“ အာရုံသိ ” မှ “ ပညာသိ ” သို့
အထက်တွင်ဖော်ပြခဲ့သည်မှာ လူ(သတ္တ၀ါ) တို့၏ သိမှုဖြစ်စဉ်ဟု ယေဘုယျဆိုနိုင်သော်လည်း လူတစ်ယောက်နှင့်တစ်ယောက် သိမြင်မှတ်သားပုံချင်း တူကြလိမ့်မည်တော့ မဟုတ်ပါ။ ဥပမာ- မိန်းမငယ်တစ်ယောက်တည်းကိုပင် တစ်ယောက်က “လှသည်”ဟုမြင်သော်လည်း ကျန်တယောက်က ”အရုပ်ဆိုးသည်”ဟု ထင်ကောင်းထင်နိုင်ပါသည်။ သို့နှင့်အမျှ “ချစ်လိုက်တာ”၊ (သို့မဟုတ်) “စာမလိတ်၊စိတ်မလာ” စသော မတူသည့် တုံ့ပြန်မှုများလည်း ရှိလာပါလိမ့်မည်။ အလားတူပင် “စွဲလမ်းမှု”၊ “မေ့လျော့မှု”စသော မတူသည့် သိမှတ်မှုများလည်း ဖြစ်ပေါ်လာပါလိမ့်မည်။ သို့အတွက် မည်သည့်သိမြင်မှုကိုမှ “အမှန်”ဟု အခိုင်အမာ မပြောသာပါချေ။ ဤသည်ပင် အာရုံမှလာသော “အာရုံသိ” (emotional knowledge)တို့၏ မသေချာမရေရာမှု ဖြစ်ပါသည်။

သို့နှင့်တိုင် လူမှန်လျှင် ခန္ဓာငါးပါးနှင့်မကင်းနိုင်ပါ။ ခန္ဓာငါးပါးသည် ပင်ဘ၀ဖြစ်ပါသည်။ ခန္ဓာငါးပါးအလုပ်လုပ်ပုံ(တစ်နည်း) အာရုံသိတို့၏ သိမှုဖြစ်စဉ်သည်ပင် ဘ၀ဖြစ်တည်မှုဟု ဆိုနိုင်ပါလိမ့်မည်။ ဤနေရာတွင် လွန်ခဲ့သော နှစ်ပေါင်း ၂၅၀၀ ကျော်က ဗုဒ္ဓ၏တွေးခေါ်ရှုမြင်ပုံမှာ၊ လွန်ခဲ့သောအနှစ် ၃၀၀ ၀န်းကျင်ကမှ ပေါ်ထွက်ခဲ့သော “ဒေးကား”နှင့် နီးစပ်တူညီနေသည်ကို တွေ့ရပါလိမ့်မည်။ “ဒေးကား”က “ငါတွေးသည်၊ ဒါကြောင့် ငါရှိသည်” ( I think , therefore I exist)ဟုဆိုခဲ့ဖူးသည်။ သို့နှင့်တိုင် ဗုဒ္ဓ၏အမြင်က ဒေးကားထက်ပိုနက်ပါသည်။ “ငါချစ်သည်၊ ငါမုန်းသည်၊ ဒါကြောင့်ငါရှိသည်”( I love, I hate, therefore I exist)ဆိုသော သဘောဖြစ်သည်။ အချစ်၊ အမုန်းစသော သမုဒယနယ်မှ မထွက်နိုင်သေးသရွေ့ ဘ၀ရှိနေဦးမည်။ သံသရာလည်နေဦးမည်ဟု နားလည်ရပါသည်။

စင်စစ် အာရုံသိမှာ ဘ၀၏အခြင်းအရာ ဖြစ်သည်။ အာရုံသိ သက်သက်မျှနှင့် ဘ၀ကိုမလွန်နိုင်ချေ။ ဖြစ်တည်မှု အကျဉ်းထောင်ကို ဖောက်ထွက်နိုင်စရာမရှိပါချေ။ ဗုဒ္ဓအာရုံသိမှ “ပညာသိ” (insightful knowledge) သို့ တိုးတက် ပွားစီးနိုင်ရန် လမ်းညွှန်ခဲ့ပါသည်။ ဗုဒ္ဓအလိုအရ ပညာသိဆိုသည်မှာ “အမှန်မွန်လေးပါး”ကို ဆုပ်ဆုပ်ကိုင်ကိုင်နားလည် သဘောပေါက်ခြင်းဖြစ်ပါသည်။
သစ္စာရှာဖို့ မြင်းစီးသူ(ကျော်ဝင်း)စာအုပ် ဆက်လက်ရေးသာဖော်ပြါမည် ။

Thursday, September 27, 2012

သစ္စာရှာဖို့ မြင်းစီးသူအပိုင်း(၄)

အခန်း(၄)
ဒုက္ခ၏ အကြောင်းရင်း
(ဒုတိယ အမှန်မွန်)

တချို့ချို၊ တချို့ခါး
ဘဝတိုက်ပွဲက လာတဲ့ ဒုစရိုက်တွေ
ဒီလိုနဲ့ .... ဘဝအာသာဟာ
သောက်လေ ... နှစ်ဆတိုး ငတ်လေ ...။


ဘဝဖြစ်တည်မှုနှင့် ဆက်စပ်နေသော ဝေဒနာအားလုံးကို ‘ဒုက္ခ’ဆိုသော ဝေါဟာရနှင့် အနှစ်ချုပ်ဖော်ပြခဲ့သလို ဒုက္ခ၏အကြောင်းရင်းကိုလည်း ‘တဏှာ’ ဟူသော ဝေါဟာရဖြင့် စုစည်းဖော်ပြနိုင်ပါသည်။ ဤဝေါဟာရမှာပင် တပ်မက်သည့်သဘော (Desire)၊ နှစ်သက်သည့်သဘော (Craving)၊ တွယ်ငြိသည့်သဘော (Voluptuous)၊ အလိုမပြည့်သည့်သဘော (Greed)တို့ အကျုံးဝင်ပြီးဖြစ်သည်။ အဆိုပါ တဏှာ၏ တပ်မက်၊ နှစ်သက်၊ တွယ်ငြိ၊ အလိုမပြည့်နိုင်သော သဘာဝ (သမုဒယ) သည်ပင်လျှင် ဗုဒ္ဓညွှန်းဆိုသော ဒုတိယအမှန်မွန် ဖြစ်ပါသည်။

ဤသဘောကို ဗုဒ္ဓက ဓမ္မစက္ကပဝတ္တနတရားတော်တွင် ဤသို့ ဟောကြားခဲ့ပါသည်။

“ရဟန်းတို့၊ ဒုက္ခ၏ ဖြစ်ရာဖြစ်ကြောင်း၊ ဒုက္ခ၏ အရင်းအမြစ်သည် ဒုတိယ အမှန်မွန် ဖြစ်သည်။ ကာမဂုဏ်အာရုံတွင် ငြိတွယ်ခြင်း (ကာမတဏှာ)၊ ဘဝဖြစ်တည်မှုကို တပ်မက်စွဲလမ်းခြင်း (ဘဝတဏှာ)၊ ဘဝဖြစ်တည်မှု ပြတ်ပြီဆိုသော အယူတွင် ကျေနပ်သာယာခြင်း (ဝိဘဝတဏှာ) တို့ဖြစ်သည်။ ဤတဏှာ သုံးမျိုးလုံးသည်ပင် ဒုက္ခကို အဖန်တလဲလဲ ဖြစ်စေတတ်သော၊ သံသရာလမ်းကို ရှည်စေတတ်သော၊ အခုအခံ အစွဲအလမ်းများ (သမုဒယ) ဖြစ်ပေသည်။
                                                     
တဏှာသုံးမျိုး

အထက်ပါ အဆိုအမိန့်အရ ဒုက္ခ၏ အရင်းအမြစ်မှာ ပုံသဏ္ဌန် သုံးမျိုးနှင့်တည်ရှိနိုင်သည်ဟု နားလည်ရပါသည်။ အာရုံခံစားမှုနှင့်ယှဉ်သော ပျော်ရွှင်မှုကို တပ်မက်သည့်စိတ်၊ ဘဝဖြစ်တည်မှုကို တွယ်ငြိသည့်စိတ်နှင့် ဘဝဖြစ်တည်မှု ပြတ်ပြီဆိုသော အယူကို ကျေနပ်သာယာသည့်စိတ်တို့ ဖြစ်ပါသည်။ ဗုဒ္ဓဓမ္မလာ ဝေါဟာရများနှင့်ဖော်ပြရလျှင် ကာမတဏှာ၊ ဘဝတဏှာ၊ ဝိဘဝတဏှာတို့ ဖြစ်သည်။

စင်စစ်ဤတဏှာသုံးမျိုးလုံးသည်ပင် သူတို့ချည်းသက်သက်ဆိုလျှင် သမုဒယဟု အပြည့်အဝဆိုနိုင်သေးသည် မဟုတ်ပါ။ အသိပညာမဲ့ခြင်း (အဝိဇ္ဇာ) နှင့် လူ့အပြုအမူ (ကံ)ဆိုသော အဖော်သဟဲ နှစ်ဦးနှင့်ပေါင်းဖက်မိမှသာ ဒုက္ခကိုဖန်တီးနိုင်သည့် သမုဒယနယ်ပယ်သို့ အပီအပြင်ရောက်ပါသည်။ အဝိဇ္ဇာကြောင့် အမြင်မှောက်မှားမှုများ ဖြစ်လာပြီး၊ အဆိုပါ အမြင်မှား အထင်မှားများက လူ့အပြုအမူ (တစ်နည်း လူ၏ကံကြမ္မာ) ကို ဖန်တီးပြဋ္ဌာန်းလိုက်ခြင်း ဖြစ်သည်။
                                                   
ကာမတဏှာ (Greed for sense pleasure)

လူသည် အာရုံခြောက်ပါးဖြင့် ဖွဲ့စည်းထားသောသတ္တဝါ ဖြစ်သည်။ လူ၏ အာရုံခံကိရိယာ ခြောက်ခု (မျက်လုံး၊ နား၊ နှာခေါင်း၊ လျှာ၊ ကိုယ်၊ စိတ်) နှင့် ပြင်ပ အာရုံများ (မြင်စရာ၊ ကြားစရာ၊ အနံ့ရရာ၊ အရသာရှိရာ၊ ထိတွေ့ရာ၊ ကြည်မွေ့ရာ) ထိတွေ့သည်နှင့် လိုချင်တပ်မက်မှုတို့ ဖြစ်ပေါ်လာသည်။ ဤလိုချင်တပ်မက်မှု သည်ပင်လျှင် ကာမ တဏှာ ဖြစ်ပါသည်။

လူ၏ အထင်ရှားဆုံးနှင့် ပြင်းအားအကြီးဆုံး ကာမတဏှာနှစ်ခုမှာ အစာအာဟာရအပေါ် တပ်မက်မှုနှင့် ဆန့်ကျင်ဘက်လိင်အပေါ် တပ်မက်မှုတို့ ဖြစ်သည်။ ဤနှစ်ခုမှာ လူ့ဘဝ ရှင်သန်ရေးနှင့် လူ့မျိုးနွယ် အဓွန့်ရှည်စေရေးအတွက် မရှိမဖြစ် လိုအပ်ချက်များလည်း ဖြစ်နေသည်။ ထို့ထက် မည်သူမှ သင်ပေးစရာမလိုသော မွေးရာပါ ဇာတိစိတ်၊ ပဋိသန္ဓေစိတ်လည်း ဖြစ်သည်။ သို့အတွက် ဤလိုအပ်ချက်နှစ်ရပ်ကိုတပ်မက်ခြင်း ကာမတဏှာသက်သက်ကို လောကီအရဆိုလျှင် အပြစ်ဟူ၍ ယူဆဖွယ်မရှိပါ။ လူသာမန်တို့ ရှောင်နိုင်ခဲသော အပြုအမူများလည်း ဖြစ်ပါသည်။ သို့နှင့်တိုင် သံသရာကိုရှည်စေသော အကြောင်းတရားများ ဖြစ်သည့်အတွက် လောကုတ္တရာအတွက်မူ အဟန့်အတား ဖြစ်ပါသည်။

အစားကျူးခြင်း၊ ကာမလွန်ကျူးခြင်း စသော အမှုတို့သည်ကား လူ့အဖွဲ့အစည်းအတွက် ဆိုးကျိုးများဖြစ်ပေါ်စေ၍ လောကီရော၊ လောကုတ္တရာအတွက်ပါ အပြစ်စစ်စစ် ဖြစ်ပါသည်။ အကြောင်းမူ လူတွင် အာရုံခြောက်ပါးက စေ့ဆော်သောလိုအပ်ချက်များ ရှိရုံမျှမက လူ့အဖွဲ့အစည်းကတောင်းဆိုသော စောင့်ထိန်းမှုများလည်း ရှိနေသည့်အတွက် ဖြစ်သည်။ သို့အတွက် အကြမ်းစားတဏှာကို ပယ်သတ်နိုင်ရန် လူမှုရေးကျင့်ဝတ်များ ရှိရပါသည်။ အနုစားတဏှာကို ပယ်သတ်ရန်အတွက်မူ ကျင့်ဝတ်သီလမျှနှင့် မရ။ အမှန်မွန်လေးပါးကို ထိုးထွင်းသိမြင်နိုင်သော ဝိဇ္ဇာဉာဏ်ကို ဦးတည်သည့် မြတ်သောအကျင့် (ဝိပဿနာအကျင့်) နှင့်သာ ရနိုင်စရာ ရှိပါသည်။
                                                   
ဘဝတဏှာ (Greed for individual extistence)

ဗုဒ္ဓ၏ မူလဟောကြားချက်များတွင် “ဖြစ်တည်မှု” (Existence) ဆိုသော ဝေါဟာရကို မသုံးပါ။ “ဘဝ”(Bhava) ဟူ၍သာ သုံးပါသည်။ အနောက်တိုင်းဒဿနနှင့် နိစ္စဓူဝ ဘဝများတွင် သုံးနေသော “ဖြစ်တည်မှု” ဆိုသည့် အဓိပ္ပာယ်နှင့် ဘဝကို အပြည့်အဝ အဓိပ္ပာယ်ဖော်နိုင်သည် မဟုတ်ပါ။ “ဖြစ်တည်မှု” ဆိုသည်မှာ ယေဘုယျ သဘောသာ ဖြစ်၍၊ ဝိသေသဂယက် အနက်မရှိပါ။ လူ၊ တိရစ္ဆာန်၊ သစ်ပင် မခွဲခြားသလို အကောင်း၊ အဆိုး၊ အမှန်၊ အမှား သတ်မှတ်ထားသည်လည်း မဟုတ်ပါ။ “ဘဝ”ဆိုရာတွင်မူ ယေဘုယျ သဘောမျှသာ မက ဝိသေသ သဘောလည်း ပါဝင်ပါသည်။ အဓိကအားဖြင့် လူ၏ ဖြစ်တည်မှုကို ရည်ညွှန်းခြင်းဖြစ်သည်။ ပို၍တိတိကျကျဆိုရလျှင် ပိုင်ဆိုင်လိုမှုနှင့်ယှဉ်သည့် လူ့ဖြစ်တည်မှုကို ဆိုလိုခြင်း ဖြစ်သည်။ (Human existence with the tendency to be possessive) ဟုဖော်ပြပါသည်။

ဤအချက်ကိုပင် ဆက်လက်ဖွင့်ဆိုလိုက်လျှင် ပိုင်ဆိုင်လိုမှု (တနည်း) တဏှာ၏ အကန့်အသတ်မဲ့သဘာဝကို တွေ့နိုင်ပါသည်။ ဗုဒ္ဓကျမ်းဂန်များတွင် တဏှာကို ဆားငန်ရေနှင့် နှိုင်းယှဉ်ဖော်ပြသည်။ “သောက်လေ-သောက်လေ- ငတ်မပြေ”ဆိုသည့် သဘောဖြစ်ပါသည်။ ဥပမာ မနေ့က သစ်သားကုလားထိုင်အကြမ်းနှင့် ထိုင်နေရသောသူသည် ယနေ့ ကူရှင်ခု၍ ထိုင်လိုပါလိမ့်မည်။ နက်ဖြန်ဆိုလျှင် ဆိုဖာနှင့်ထိုင်ဖို့ အားထုတ်လိုပါလိမ့်မည်။ ဤအဓိပ္ပာယ်အရ ဆိုလျှင် လူ့ဘဝဆိုသည်မှာ တဏှာ၏ခိုင်းစေချက်အတိုင်း အချိန်နှင့်အမျှ လှုပ်ရှားနေရသော ခရီးစဉ်ကြီးပင် ဖြစ်တော့သည်။ သို့နှင့်တိုင် လူသည် မောရ ပန်းရမှန်းမသိ။ ဘဝကို သာယာနေသည်။ ကျေနပ်နေသည်။ စွဲလမ်းနေတတ်ပါသည်။ “မောတော့ မောတာပေါ့ ... ဒါပေမယ့် မမောဘူး” ဆိုသလိုမျိုးပင်။ ဤသည်ပင် ဘဝတဏှာ ဖြစ်တော့သည်။ “လောဘနှင့်ယှဉ်သော ဖြစ်တည်မှု” (Greedful existence) သို့မဟုတ် “အာရုံများနှင့် လှုပ်ရှားနေသော ဖြစ်တည်မှု” (Emotional existence) ဟု ယူနိုင်ပါလိမ့်မည်။ ဘဝတဏှာ၏အဓိပ္ပာယ်ကို ဆုပ်ကိုင်မိစေရန် “being” ဆိုသော စကားထက် “becoming” ဆိုသော လှုပ်နေသည့်ဝေါဟာရက ပို၍ ဆီလျော်ပါလိမ့်မည်။
                                                     
ဝိဘဝတဏှာ (Greed for nonexistence)
ကာမတဏှာနှင့် ဘဝတဏှာကို လူအများနားလည်သဘောပေါက်နိုင်စရာ ရှိသော်လည်း ဝိဘဝတဏှာကိုမူ အလွယ်တကူနားလည်နိုင်မည် မဟုတ်ပါ။ ဗုဒ္ဓခေတ် အိန္ဒိယတိုက်ငယ်မှာ ဒဿနတိုက်ပွဲနောက်ခံနှင့် ဆက်စပ်နိုင်မှသာ ဝိဘဝတဏှာ၏သဘောကို မှန်းဆနိုင်လိမ့်မည်ဟု ယူဆရပါသည်။

ပြောရလျှင် ဗုဒ္ဓမြတ်စွာ သက်တော်ထင်ရှားရှိစဉ်က အိန္ဒိယတိုက်ငယ်မှာ ဒဿနဂိုဏ်းပေါင်းများစွာ အပြိုင်ဖြစ်ထွန်း ပေါ်ပေါက်လျက်ရှိသည့် ပန်းပေါင်းတစ်ရာကာလကြီး ဖြစ်ပါသည်။ အဆိုပါ ဒဿနဂိုဏ်း အသီးသီးတွင် ဗုဒ္ဓ၏ဓမ္မနှင့်အပြိုင် ဩဇာကြီးမားလှသော အယူအဆကြီး နှစ်ခုရှိသည်။ “သဿတဒိဋ္ဌိ”ဂိုဏ်းနှင့် “ဥစ္ဆေဒဒိဋ္ဌိ”ဂိုဏ်းဟူ၍ ဗုဒ္ဓကျမ်းဂန်များတွင် ဖော်ပြလေ့ရှိပါသည်။ သဿတဒိဋ္ဌိဂိုဏ်းက ထာဝရ အယူအဆကို ဟောသည်။ လူ၏ခန္ဓာကိုယ်ထဲတွင် ဖြစ်တည်မှု၏ အမြုတေအဖြစ် မည်သည့်အခါမျှ မပျက်ဆီးနိုင်သော အတ္တကောင်လေးရှိသည်။ လူ၏ ရုပ်ခန္ဓာသေလွန်သော်လည်း အဆိုပါ အတ္တက မသေ။ ခန္ဓာသစ်သို့သာ ပြောင်းသွားသည်။ သို့အတွက် “ဘဝသည် မြဲ၏” ဟု ယူဆပါသည်။ စင်စစ်ဘဝတဏှာမှာ ဤဂိုဏ်း၏ အကောက်အယူဟု ဆိုနိုင်သည်။

ဝိဘဝတဏှာမှာ အခြားဆန့်ကျင်ဘက် ဂိုဏ်းတစ်ခု ဖြစ်သော ဥစ္ဆေဒဒိဋ္ဌိဂုဏ်းနှင့် ဆက်စပ်နေသည်။ ဤဂိုဏ်းက ဘဝတွင်အစ ရှိသလို အဆုံးလည်းရှိသည်။ မွေးဖွားခြင်းမှာ အစ ဖြစ်ပြီး သေလွန်ခြင်းမှာ အဆုံးဖြစ်သည်ဟု ဟောသည်။ သေပြီးလျှင် ဘာမှ မဖြစ်။ ဘဝပြတ်ပြီဟု ယူဆခြင်း ဖြစ်သည်။ ဤအယူအဆကို သက်ဝင်ယုံကြည် စွဲလမ်းကျေနပ်နေခြင်းကိုပင် ဝိဘဝတဏှာဟု ယူဆရပါသည်။ ဘဝဖြစ်စဉ်ကို “မျဉ်းတန်းသဘော” (linear) ဟုယူဆလျှင် ဥစ္ဆေဒဒိဋ္ဌိမှာ ယုတ္တိနည်းကျ အယူအဆဟု ဆိုနိုင်စရာ ရှိပါသည်။ ဗုဒ္ဓက ဘဝဖြစ်စဉ်ကို မျဉ်းတန်းသဘောသက်သက်နှင့် ဘောင်ခတ်မထား။ non-linear သဘောဖြင့်ကြည့်မြင်ပြီး သံသရာခရီးအဖြစ် ဆွဲဆန့်သည်။ (နယူတန်ခေတ် နောက်ပိုင်းမှ စ၍ ခေတ်သစ် သိပ္ပံပညာကိုယ်တိုင်က non-linear သဘောသို့ ရွေ့လာသည်ကို သတိချပ်ရာသည်)

ဝိဘဝတဏှာနှင့် ပတ်သက်သော နောက်ထပ် ဖြစ်နိုင်ခြေတစ်ခုမှာ ဗုဒ္ဓခေတ်က ရေပန်းစားခဲ့သော “တပအကျင့်”နှင့် ဆိုင်ပါသည်။ “တပအကျင့်”က ဘဝ၏ အမြိုက်အရသာ အားလုံးကို ငြင်းပယ်သည်။ အလွန်အကျွံခြိုးခြံခြင်း၊ မိမိကိုယ်ကို နှိပ်စက်ခြင်း စသောနည်းများဖြင့် ဘဝမှ ထွက်ပြေးဖို့ ကြိုးစားသည်။ ဤသည်ကိုလည်း ဝိဘဝတဏှာ သဘောဟု ယူဆနိုင်စရာ ရှိပါသည်။ ဆိုခဲ့ပြီးသည့် အတိုင်း ဗုဒ္ဓရွေးချယ်ခဲ့သော လမ်းကြောင်းမှန်မှာ ‘အလယ်လမ်း’ ဖြစ်ပါသည်။ ကာမတဏှာနှင့် ဘဝတဏှာတို့မှာ ကာမနှင့် ဘဝကို ရှေ့တင်သော ‘အချိုလမ်း’ ဖြစ်သည်။ ဝိဘဝတဏှာမှာ ဘဝကို ငြင်းပယ်သော ‘အခါးလမ်း’ ဖြစ်သည်။ ဗုဒ္ဓ၏အလိုအရ ဤလမ်းနှစ်ခုလုံး၏ ဦးတည်ရာမှာ သံသရာကိုရှည်စေသော ဒုက္ခလမ်းသာ ဖြစ်ပါသည်။
                                                     
ဆုံလည်နွား

ပထမ အမှန်မွန် (ဒုက္ခ)သည် အကျိုးဖြစ်၍၊ ဒုတိယ အမှန်မွန် (သမုဒယ)သည် အကြောင်းဖြစ်ပါသည်။ ဤသဘောကို မသိလျှင်လူသည် အဝိဇ္ဇာနယ်ထဲမှ ထွက်နိုင်စရာ မရှိပါ။ သမုဒယကြိုးတန်းလန်းနှင့် တဏှာ၏ ကျေးကျွန်သာ ဖြစ်ပါလိမ့်မည်။ ဤသည်ကိုအောက်ဖော်ပြပါပုံနှင့် သရုပ်ထင်နိုင်ပါလိမ့်မည်။

အဝိဇ္ဇာနယ်မှ မထွက်နိုင်သေးသူ (သာမန် ပုထုဇဉ်) အတွက် ကာမတဏှာသည်လည်းကောင်း၊ ဘဝတဏှာသည်လည်းကောင်း၊ ဝိဘဝတဏှာသည် လည်းကောင်း၊ နှစ်သက် တပ်မက်ဖွယ်ရာ ဖြစ်သည်။ သို့အတွက် စိန်ပွင့်နှင့် သင်္ကေတယူထားသည်။ လူသည်အဆိုပါစိန်ပွင့်ကို ရယူပိုင်ဆိုင်နိုင်ရေးအတွက် မပြတ်အားထုတ်ရသည်ဖြစ်ရာ စိန်ပွင့်နှင့်လူ့အသိဉာဏ်ကြားတွင် သမုဒယကြိုးနှင့်တုပ်နှောင်ထားသလိုဖြစ်နေတော့သည်။ ဤသည်ကို သံကြိုးနှင့်သင်္ကေတယူထားပါသည်။

ဤသဘောကို ဗုဒ္ဓ၏ဟောကြားချက် တစ်ရပ်တွင် ဤသို့ တွေ့ရပါသည်။

“ရဟန်းတို့ ... သမုဒယကြိုးထက် ပို၍ ခိုင်သော ကြိုးဆို၍ ငါမမြင် ... ။ ဤမျှခိုင်သော ကြိုးနှင့် တုပ်နှောင်ခံထားရသော လူမှာ တဏှာ၏ ခိုင်းစေရာအတိုင်း စိုက်စိုက်ပါအောင် လိုက်ပါရင်း၊ သံသရာခရီးတွင် တဝဲလည်လည် ကျင်လည်နေရတော့သည်။ ပမာဆိုလျှင် ဆုံလည်နွားနှယ်သာ ဖြစ်ချေတော့သည်”
(သုတ္တန်ပိဋကမှ)
သစ္စာရှာဖို့ မြင်းစီးသူ(ကျော်ဝင်း)၏စာအုပ် ဆက်လက်ရေးသားဖေဖ်ာပြပါမည် ။