Showing posts with label ဆင်ခြင်သုံးသပ်ရေး. Show all posts
Showing posts with label ဆင်ခြင်သုံးသပ်ရေး. Show all posts

Saturday, August 4, 2012

တောင်မြို့ဆရာတော်ဘုရားကြီး၏ နံနက်ခင်းသြ၀ါဒများ

  "ကိုယ့်ကိုယ်ကို စိစစ်"
ပြင်ရမယ် ဆိုတာ တွေက တခြားမဟုတ်ဘူး။ အစားအသောက်ကစပြီး ပြင်ရမှာ။အနေအထိုင်၊အသွားအလာ၊အပြောအဆို၊ အမူအကျင့်၊စိတ်နေစိတ်ထား အားလုံး ပြင်ကြရမယ်၊စာမေးပွဲ နောက်ချန်ထား၊သီလစင်ကြယ်အောင်နေ၊ သဒ္ဓါတရားနဲ့ သီလကို ထမ်းပိုးညီအောင်ထား၊
သင်္ကန်းဝတ်တာကိုပင် ဘာကျေးဇူးရှိလဲလို့ ကိုယ့်ကိုယ်ကို ပြန်မေးစိစစ်။

                                      "သာသနာ့ အမွေခံ"
သာသနာ့ ၀န်ထမ်းဆိုတာ နေရာတိုင်းမှာ သိက္ခာသုံးပါးပါမှ ကောင်းတာ၊ အခုတော့ တော်တော် များများ မဟုတ်ကြတော့ဘူး၊ စာလာပေလာ လုပ်ဆောင်ချက်နဲ့ မကိုက်ဘူး၊ သက်သက် ညာဖြန်းနေကြတာတော့ မကောင်းဘူး၊ သဒ္ဓါတရားရှိတဲ့ ကလေးတွေကို ကိုရင် ၀တ်ပေး၊စာသင်လွှတ်၊ စာပေထိုက်သလောက် တတ်မြောက်တော့ ရဟန်းခံ ၊၀ိနည်း နဲ့နေပါစေ။ ဒါမှ သာသနာ့ အမွေခံ ကျန်ရစ်မယ်။ ခုတော့ မဟုတ်ကြတော့ဘူး၊ စာမေးပွဲ ၀င်စား၊ ဓမ္မကထိက လုပ်စား၊ဆေးကုစား၊
တချို့က ဗေဒင်ဟော၊ယတြာချေ ၊ဓာတ်ရိုက်ဓာတ်ဆင်၊နတ်ဝင်နတ်ပူး လုပ်စားနေကြတယ်၊အနှစ်မပါဘဲ သာသနာမှာ မဟုတ်တရုတ်တွေချည်း လျှောက်လုပ်နေကြတယ်၊ မကောင်းပါဘူး၊ အတုမယူကြပါနဲ့၊ အထင်မကြီးကြပါနဲ့၊

                           " ဂါဟတ် ကိုက်တတ်တယ်"
စာသင်တယ် ဆိုတာ ကိုယ်ကျင့်တတ်ကြံတတ်အောင်ရယ်၊ ပိဋကတ်တော်တွေ မပျောက်အောင်ရယ် ဒီလိုရည်ရွယ်ချက်ထားနိုင်မှ ကောင်းတာ၊ ဂုဏ်ရှိအောင် ၊ကျော်ကြားအောင် ၊လာဘ်လာဘ ပေါများအောင်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ သင်ရင်တော့ ဦးတည်ချက်မမှန်သေးဘူး။မမှန်ရုံတင်မကဘူး။စာတွေတတ်လာတဲ့ အခါ အဲဒီစာတွေက လူကိုပြန်ပြီး ဒုက္ခ ပေးတတ်တယ်။
စာတွေက ဒုက္ခပေးတာတော့ မဟုတ်ဘူးပေါ့၊ရည်ရွယ်ချက်မမှန်တဲ့ အတွက် မာန်မာနတွေ ၀င်လာပြီး အဲဒီမာနတွေက ဒုက္ခပေးတာ ။ဒါကို ရှေးဆရာတော် ကြီးတွေက 'ကိုယ့်မှာမတတ်၊ စာမှာတတ်၊ဂါဟတ်ကိုက်တတ်သည်' လို့ သြဝါဒပေးကြတယ်။ဂါဟတ်ဆိုတာ မာနကို ပြောတာ။

                              " ကိုယ်သာ အသိဆုံး"
ဆရာသမားရဲ့ မျက်မှောက်မှာရော မျက်ကွယ်မှာရော ကိုယ့်သီလကို စောင့်ရှောက်တဲ့သူမှ လူတော်လို့ ခေါ်နိုင်ပါတယ်။
ကွယ်ရာမှာ လုပ်ချင်ရာလုပ်ပြီးတော့ လူရှေ့သူရှေ့ကျမှ သူတော်ကောင်းဟန်ဆောင်တာမျိုးက မကောင်းဘူး။ အဲ့ဒါမျိုးဟာ လှည့်စားမှု၊ကောက်ကျစ်မှု တွေနဲ့ဖုံးလွှမ်းထားတာမို့ သူယုတ်မာခေါ်တယ်။ စာထဲမှာတော့ သူခိုးအကြီးစားလို့တောင် ဆိုသေးတယ်။ပတ်ဝန်းကျင်အများ ကြည်ညိုဖို့ထက် ကိုယ့်ကိုယ်ကို ကြည်ညိုဖို့က ပိုအရေးကြီးတယ်။ ကိုယ့်အကြောင်း ကိုယ်အသိဆုံး၊ ကိုယ့်ကိုယ်ကို ကြည်ညိုနေနိုင်အောင် ကြိုးစားပါ၊

                         "ဘုန်းကြီးကောင်း ဆိုတာ"
ကျောင်းတိုက်တွေ ခွဲတည်ကြမယ်ဆိုရင် ကျောင်းကောင်းဖို့ မလိုဘူးနော်။ ပုဂ္ဂိုလ်ကောင်းဖို့  လိုတယ်၊ ပုဂ္ဂိုလ်ကောင်းဖို့ ဆိုတာက ကျောင်းထိုင်ဘုန်းကြီးရော၊ကျောင်းနေကိုယ်တော်တွေရောကို ဆိုလိုတာ ။ စိတ်ထား ဖြူစင် ဖြောင့်မတ်ဖို့ လိုတယ်၊ ကိုယ်ကျင့် သီလလဲ လုံဖို့ လိုတယ်၊ဘုန်းကြီးကောင်းဆိုတာ စိတ်ထား ကောင်းတာ၊ ကိုယ်ကျင့်သီလ ကောင်းတာကို ရွေးရမှာ၊အများထင်နေကြတာက ဘုန်းကြီးကောင်းဆိုတာ စာတတ်တာလို့ ထင်နေကြတယ်။ စာတတ်တိုင်း ဘုန်းကြီးကောင်းမဟုတ်ဘူး။ စာလဲတတ်၊စိတ်ထားလဲ ကောင်းဆိုရင်တော့ ပြောစရာ မလိုဘူးပေါ့၊

                                  "တာဝန်ကျေပါစေ"
ဒကာ၊ဒကာမတွေက ကြည်ညိုလွန်းလို့ သူတို့ လုပ်စာတွေထဲက ရှားရှားပါးပါး ခွဲဝေပြီး လာလှုကြတာ၊ဆွမ်းတွေ လာကျွေးကြ၊ ကျောင်းတွေ လာဆောက်ကြနဲ့၊  ကိုယ့်ဘက်က မဟန်ရင်တော့ ခံကြရမယ်နော်၊ ဘုန်းကြီးလုပ်သူတွေဟာ သူများလုပ်စာတွေ စားနေပြီး ကိုယ့်ဘက်က တာဝန်မကျေရင်တော့ ခံကြရမှာပဲ၊ ဒီအခွင့်အရေးကို အလွဲသုံးစား မလုပ်လိုက်ကြပါနဲ့၊ကိုယ့်ဘက်က ဓူရနှစ်ပါးအနက် တစ်ပါးပါးကို အမြဲ ကြိုးစားနေကြရမှာ၊စာပေကျမ်းဂန်တွေကို သင်အံလေ့ကျက်နေရတဲ့ ဂန္ထဓူရ၊ ဒါမှမဟုတ် ရုပ်နာမ်အပေါ် လက်တွေ့ရှုနေတဲ့ ဝိပဿနာ။ ဒီဓူရနှစ်ပါးမှာ တစ်ပါးပါးကို ရွက်ဆောင်နေမှ တာဝန်ကျေတယ်။

                   " ကိုယ့်ဘာသာ  စဉ်းစာ"
သာသနာမှာ အတွင်း ပုဂ္ဂိုလ်တွေ မဖျက်သေးသမျှ တည်တံ့နေမှာ အမှန်ပဲ၊' နောင်တစ်ချိန်မှာ လဇ္ဖီတွေသာ သာသနာတော်ကို စောင့်ရှောက်ရစ်လိမ့်မယ်' လို့ အဆိုရှိတယ်။ ပြောင်းပြန်အားဖြင့် အလဇ္ဇီ  တွေက ပျက်အောင် ဖျက်လိမ့်မယ်လို့ ဆိုရာရောက်တယ်။အဲ့ဒီ အလဇ္ဇီတွေဟာ ကင်ဆာ ရောဂါလို အတင်းဝင်ဖျက်မယ့် သူတွေပဲ။
အရပ်ထဲမှာ ဂုဏ်သရေရှိ လူကြီးလူကောင်းများရဲ့ သားသမီးတွေတောင် ကိုယ့်သိက္ခာ ကိုယ်ထိန်းပြီး အိနြေ္ဒရရ နေနိုင်ကြသေးတာ။ကိုယ်တော်တို့က ယဉ်ကျေးပါတယ် ဆိုတဲ့ ဘုရားသာသနာထဲ ဝင်နေတဲ့ သူဖြစ်ရဲ့နဲ့ ဘာဖြစ်လို့ မထိန်းနိုင်ရမှာလဲ၊ ဘာဖြစ်လို့ မယဉ်ကျေးနိုင်ရမှာလဲ၊ လူ့ဘဝတုန်းကတောင် မမိုက်ပါဘဲနဲ့ ဘုန်းကြီးဝတ်ကာမှ  မိုက်ရတယ် ဆိုရင် ဘာဖြစ်ကုန်ပြီလဲလို့ ကိုယ့်ဘာသာကိုယ် စဉ်းစားသာကြည့်ကြပေတော့၊

                      " အန်ဖတ်မစားကြနဲ့"
တို့ဘုန်းကြီးတွေမှာ လူတွေရဲ့ အစားအသောက်အဝတ်အစားထဲက ပိုလျှံမှ စားကြရတယ် ၊ ဝတ်ကြရတယ်။ နေကြရတယ်၊ ဒါကို တို့က လောဘ၊ဒေါသ တွေနဲ့ မြိန်ရေ ရှက်ရေ စားလို့ သောက်လို့ ဖြစ်ပါ့မလား၊ မဖြစ်ပါဘူး၊ တစ်ပါးနဲ့ တစ်ပါး ကျောင်းလုနေလို့ကော သင့်တော်ပါ့မလား၊ တို့များမှာ လူတွေ လှုတဲ့ ပစ္စည်းလေးပါးကို မြိန်ရေရှက်ရေ သုံးဆောင်နေလို့ မသင့်ဘူး၊ ဒီလိုသာ သုံးဆောင်နေရင် အန်ဖတ်တွေစားပြီး အပါယ်လေးပါး သွားကြရမှာ၊ အလွန်ဝမ်းနည်းစရာ ကောင်းတယ်၊ ဒါကြောင့်အန်ဖတ်တွေ စားပြီး သာယာ မနေကြနဲ့။
ဝမ်းသာ မနေကြနဲ့၊ လောဘ ဒေါသတွေ ဖြစ်မနေကြနဲ့။ဘာဝနာ မပါဘဲ လူတွေရဲ့ ထွေးအန်ဖတ်တွေကို နေ့စဉ်စားသုံးပြီး သွားမယ်ဆိုရင် သံသရာအတွက် မတွေးဝံ့အောင်ပဲ ၊ အလွန်ကြောက်စရာ ကောင်းတယ်။

                        " သာသနာ အလုပ် လုပ်နိုင်မှ"
လူတွေကိုသာ ပြောပြောနေတာ၊ တို့ဘုန်းကြီး တွေက ကော လာဘ်လာဘ ပေါများချင်ကြတယ်၊ ဘုန်းကြီးချင်ကြတယ်။ ဒကာ ဒကာမ တွေ ပေါများချင်ကြတယ်၊ ဒါတွေ ပေါများနေရင် သာယာမှု တဏှာက ပါလာပြီ " ငါမှ ငါ" ဆိုတဲ့ မာနက ပါလာပြီ၊ သံသရာကို ချဲ့ထွင်တဲ့ တရားတွေ နောက်ကလိုက်လာပြီ၊ ဘုန်းနောက်လိုက်ရင် သွားရမယ် နိဗ္ဗာန်၊ ဝေးပါသေးတယ်၊ နိဗ္ဗာန်သွားတဲ့ အကျင့်နဲ့ လာဘ်လာဘပေါများအောင် ကျင့်တဲ့ အကျင့်ဟာတခြားစီပဲ။
ဒါကြောင့် ဘုန်းကြီးအောင် မလုပ်ကြနဲ့၊ စာမေးပွဲ အောင်ပြီး ဆောင့်ကြွားကြွား မလုပ်ကြနဲ့၊ စာမေးပွဲတွေ အောင်ပြီးရင် သာသနာအလုပ် လုပ်နိုင်မှ ကောင်းတယ်။

                               "ပြုပြင်ပြီး နေပါ"
စိတ်ကောင်းမရှိဘဲနဲ့ ဂုဏ်ရှိနေလို့ကတော့ မကောင်းပါဘူး ၊ အပြောအဆိုလဲ ပြင်ပြီးတော့ နေကြပါ၊ လူတွေနဲ့ စကားပြောရင် ခင်ဗျား၊ ကျွန်တော် မပြောပါနဲ့၊ ကိုယ်က အထက်တန်းရောက်နေတာ၊ အထက်တန်းစား စကားပြောပေါ့၊ ကိုယ်ရေးကိုယ်တာ မကြည့်နဲ့၊ တစ်ဘဝတည်းကြည့်ရင် ကျဉ်းမြောင်းတယ်၊ ကောင်းကောင်းနေကြပါ၊ စိတ်က ယုတ်မာရင် နောက်ဘဝ သိပ်ကျသွားမယ်၊ ခုဘဝ နာမည်ကောင်းလေးနဲ့ အားရမနေနဲ့ ၊ နောက်ဘဝ နိမ့်ကျသွားမယ် ၊ ကိုယ့်သီလသိက္ခာကို ထိန်းပေးကြပါ၊ ဘုန်းကြီးတွေ သာသနာ ပြုရင် နိုင်ငံပါ တိုးတက်ပြီး ကောင်းသွားမှာပါ၊ သာသနာ ပြုနည်းတွေ အများကြီး ရှိပါတယ်၊ဗုဒ္ဓဘာသာ တည်တံ့ရေး၊ နောက်မဆုတ်ရေး ဒီအရေးတွေကို တို့ဘုန်းကြီးတွေက ထမ်းဆောင်ပါ၊ သာသနာရေးမှာ ဘုန်းကြီးတွေသာ အရင်းခံပါ။


"ဘယ်လိုရဟန်းလဲ"
ရဟန်းဆိုတာ (၁) သဒ္ဓါတရားနဲ့ ရဟန်းပြုလာသူ၊
(၂) ဘေးရန်ကြောက်
၍ ရဟန်းပြုလာသူ၊ (၃) ပညာဥာဏ် ရချင်လို့ ရဟန်းပြုလာသူ၊
(၄)ယောင် ခြောက်ဆယ်ဘ၀မှ ရဟန်းပြုလာသူ- လို့ လေးမျိုးလေးစား ရှိတယ်။
ဘယ်ထဲမှ ပါတယ် ဆိုတာစိစစ်ကြည့်ပေတော့။

"ကြာဖူးကြာပွင့် ဝေပါစေ"
                               စာထဲမှာ ဥပမာပေးထားတာ ရှိတယ်။ ပရိယတ္တိ လုပ်ငန်းဟာ ကန်ပေါင်ကြီး ဆည်ဖို့တာနဲ့ တူတယ်တဲ့။ကန်ပေါင်ကြီး ရှိမှ ပဋိပတ္တိဆိုတဲ့ ကျင့်ဝတ်ရေတွေ တည်နိုင်မယ်တဲ့။ ရေတွေရှိမှလဲ ပဋိဝေဓ ဆိုတဲ့ ကြာဖူးကြာပွင့်တွေ ဝေမယ်တဲ့။ ဒါကြောင့် ကန်ပေါင်ဆည်ပြီးရင် ကြာဖူးကြာပွင့်တွေ ဝေအောင်လဲ လုပ်ကြရလိမ့်အုံးမယ်။မေ့မနေကြနဲ့....

                            " အထင်သေး မခံနဲ့"
ဘုန်းကြီးဆိုလဲ ဘုန်းကြီး ပီသအောင်နေ၊ သီလ သမာဓိ သိက္ခာ မလျော့စေနဲ့။ သာသနာကို မြတ်နိုးကြပါ၊ သာသနာ့ ၀န်ထမ်းဘ၀နဲ့ နေတုန်းမှာ ကိုယ့်ဘက်ကလဲ အထင်သေးစရာ မဖြစ်အောင် နေကြပါ၊

                                    "သာသနာ့ အသက် ၀ိနည်း"
ဝိနည်းကို လေးစားကြပါ၊ သီလ စင်ကြယ်အောင် နေကြပါ၊ သာသနာတော်ကြီးရဲ့ တာဝန်ကို ထမ်းဖို့ လိုအပ်တယ်၊သာသနာတော်ကြီး သက်တမ်းရှည်ဖို့ လိုအပ်တယ်။ သာသနာတော်ကြီးရဲ့ အသက်ဟာ ၀ိနည်းပဲ။
ဝိနည်းတည်မှ ကျင့်သုံးလိုက်နာသောအားဖြင့် သာသနာ့ ၀န်ထမ်းတွေရဲ့ သန္တာန်မှာတည်မှ သာသနာတော်ကြီးတည်တယ်လို့ ဆိုရတယ်။
အနာဂါတ်သာသနာတော်ကို လဇ္ဖီများ စောင့်ရှောက်ကြလိမ့်မယ်တဲ့။ ဒါကြောင့် လဇ္ဖီပုဂ္ဂိုလ်များ ဖြစ်အောင် ကြိုးစားကြပါ။

                             " ထိပ်တန်း သာသနာဖြစ်ဖို့"
ရဟန်းသာမဏေများဘက်ကလဲ သဒ္ဓါတရား အပြည့်ရှိကြတယ်။ သဒ္ဓါတရား မပါဘဲ စသင်စာချ လုပ်မနေကြပါနဲ့။
သာသနာထဲ အချောင်ဝင်ပြီး မခိုကြပါနဲ့။ စာတတ်တာနဲ့ သာသနာထဲမှာ အလုပ်လုပ်တတ်တာက တခြားစီပါ။ သိက္ခာသုံးပါးရှိမှ အနှစ်ပြည့်တဲ့ ဥယျာဉ်ကြီးဖြစ်လာမယ်။

                             "ဦးစားပေးရမှာက"
လက်တွေ့ ဦးစားပေးရမှာက ဒီသာသနာမှာ သိက္ခာသုံးပါးပဲ၊ အခု ဦးစားပေးနေကြတာကလာဘ်လာဘတွေ၊
ဂုဏ်ပကာသနတွေ၊ အသိုင်းအ၀န်းတွေ ၊ မဟုတ်လိုက်ကြတာကမှ တက်တက်စင်လွဲတယ်။လောကကြီးကို အထင်ကြီးဖို့ထက် ဘုရားရဲ့ တရားတော်တွေကို အထင်ကြီးဖို့က ပို အရေးကြီးပါတယ်။ဘုန်းကြီးတွေမှာ ကျောင်းတွေပေါ၊ ဆွမ်းတွေပေါ၊ပစ္စည်းလာဘ်လာဘတွေပေါပြီး လေဘစိတ်နဲ့များ သေသွားကြရင် ကောင်းရာသုဂတိ ရောက်မယ်များ ထင်နေကြသလား၊မထင်လိုက်ကြနဲ့၊ ကြောက်စရာကြီး။
သင်္ကန်းဝတ်နဲ့ နေကြရပေမဲ့ စိတ်ချမ်းသာနိုင်မှ ကောင်းတာ၊ သင်္ကန်းဝတ်နဲ့ နေမှ ပိုဆိုးရင် ကိုယ်ကျိုးနည်း ရတော့မယ်၊သတိရှိကြပါ၊သာသနာတော်ကြီးကို တန်ဖိုးထားကြစမ်းပါ။
အများက ဂုဏ်တွေ လာဘ်လာဘတွေ ပေါပြီး နာမည်ကြီးမှ လူရာဝင်မယ် ထင်နေကြတယ် ။ မဟုတ်ဘူးနော်။

                             "လူလို မနေကြနဲ့"
စာတတ်အောင် သင်ပြီးလို့ရှိရင်  အသိဥာဏ်က ကျယ်ပြန်ပေးရတယ် ၊ဥာဏ်တဆုံး ကြည့်တတ်တဲ့ အလေ့ လုပ်ပေးရတယ်။ အများအားဖြင့် စာတတ်အောင် သင်ပြီးတော့ စာလို မနေကြဘူး ၊ လူလို နေနေကြတယ်။

Monday, July 30, 2012

တန်ဖိုးရှိလောကနိတီများ



ပျင်းရိခြင်း၏အကျိုးဆက်
ပျင်းသောသူအား အတတ်ပညာ အဘယ်မှာ တတ်အံ့နည်း။
အတတ်ပညာမရှိသောသူအား ဥစ္စာအဘယ်မှာ ရအံနည်း။
ဥစ္စာမရှိသောသူအား ချမ်းသာအဘယ်မှာ ရအံနည်း။
ချမ်းသာမရှိသောသူအား ကောင်းမှုအဘယ်မှာ ရအံ့နည်း။
ကောင်းမှုမရှိသောသူအား နိဗ္ဗာန် အဘယ်မှာ ရနိုင်ပါအံ့နည်း။


ပညာသည်သာ အရေးကြီး

အတတ်ပညာနှင့် တူသော ဥစ္စာသည် မရှိ။
အတတ်ပညာကို ခိုးသူတို့ မယူနိုင်ကုန်။
ဤလောက၌ အတတ်ပညာကား အဆွေခင်ပွန်း ဖြစ်၏။
တမလွန်ဘဝ၌ ချမ်းသာကို ဆောင်တတ်၏။


နေရာတိုင်းမှာ သုခမိန်မရှိ
တောင်တောင်ဟူသမျှ၌ ပတ္တမြားမရှိ။
ဆင်ဆင်ဟူသမျှ၌ အမြုတေမရှိ။
တောတောဟူသမျှ၌ စန္ဒကူးမရှိ။
အရပ်တိုင်းအရပ်တိုင်း၌ ပညာရှိ သုခမိန်မရှိ။


ဖြည်းဖြည်းပြုရမည့် အရာများ
အတတ်ပညာကို ဖြည်းဖြည်း သင်ရာ၏။
ဥစ္စာကို ဖြည်းဖြည်း ရှာရာ၏။
တောင်ကို တက်သောသူသည် ဖြည်းဖြည်း တက်ရာ၏။
ကာမဂုဏ်ကို ဖြည်းဖြည်းလိုရာ၏။
အမျက်ကို ဖြည်းဖြည်းထွက်ရာ၏။
ဤငါးပါးတို့ကို ဖြည်းဖြည်းအလိုရှိရာ၏။


မိမိဥစ္စာမဟုတ်
လောက၌ ပေတို့၌ရှိသော အတတ်ပညာသည်လည်းကောင်း
သူတစ်ပါး၏ လက်တို့၌ရှိသော ဥစ္စာသည်လည်းကောင်း
ပြုဖွယ်ကိစ္စသည် ဖြစ်လတ်သော် ထိုပေ၌ရှိသော အတတ်သည်လည်း အတတ်မမည်။
သူတစ်ပါးတို့၏ လက်၌ရှိသော ဥစ္စာသည်လည်း ဥစ္စာမမည်။


ကြည့်လျှင်သိနိုင်သည်
လောက၌ ရေတိမ်ရေနက်ကိုကား ကုမုဒ္ဒရာကြာကို မြင်သဖြင့် သိအပ်၏။
အမျိုးယုတ်မြတ်ကိုကား ကိုယ်အမူအရာ , နှုတ်အမူအရာအားဖြင့် သိအပ်၏။
ပညာရှိ မရှိကိုကား ဆိုအပ်သော စကားဖြင့် သိအပ်၏။
မြေကောင်းမကောင်းကိုကား မြက်ညှိုးမညှိုးကိုမြင့်သဖြင့် သိအပ်၏။


ရသင့်ရာရမှ လူဖြစ်ကျိုးနပ်မည်
လောက၌ ပထမအရွယ်၌ကား အတတ်မရတုံအံ့။
ဒုတိယအရွယ်၌ကာ ဥစ္စာမရတုံအံ့။
တတိယအရွယ်၌ကား တရားမရတုံအံ့။
စတုတ္ထအရွယ်တိုင်မှာကား အဘယ်မူစအံ့နည်း။


ပညာတတ်သူကို အများလေးစား

ချစ်သားတို့ … အတတ်ပညာကို သင်ကုန်လော့။
အဘယ်ကြောင့် ပျင်းရိသနည်း။ ချစ်သားတို့… နေ့တိုင်းနေတိုင်း အတတ်ပညာကို သင်ကုန်လော့။ အတတ်ပညာမရှိသောသူသည် သူ၏ ဝန်ထမ်းဖြစ်တတ်၏။ အတတ်ပညာရှိသူကို သူတစ်ပါးတို့ ပူဇော်အပ်၏။


ရန်ဖြစ်သော မိဘများ
အကြင်အမိသည် သားငယ်ကို အတတ်ပညာ သင်မပေး။ အတတ်ပညာသင်၍ မပေးသော အမိသည် ရန်သူမည်၏။ အကြင်အဖသည် အတတ်ပညာသင်၍ မပေး။ အတတ်ပညာသင်၍ မပေးသော အဖသည် ရန်သူမည်၏။ ထိုအတတ်ပညာမရှိသော သူသည် ဟင်္သာတို့အလယ်၌ ဗျိုင်းကဲ့သို့ သဘင်အလယ်တွင် မတင့်တယ်။

နွားနှင့်တူသောသူ
လောက၌ အစာစားခြင်းသည်လည်းကောင်း၊ မေထုန်မှီဝဲခြင်းသည်လည်းကောင်း၊ အိပ်ခြင်းသည်လည်း ကောင်း နွား၌လည်းကောင်း၊ ယောက်ျား၌လည်းကောင်း ရှိ၏။ အတတ်ပညာ ဟူသည်ကား ယောက်ျား၏ အထူးပေတည်း။ အတတ်ပညာမှ ယုတ်ခဲ့မူကား နွားနှင့်တူသည် ဖြစ်၏။

အတူမရှိနိုင်သော အရာများ
လောက၌ အတတ်ပညာနှင့်တူသော အဆွေခင်ပွန်းသည် မရှိ။
အနာနှင့်တူသော ရန်သူသည် မရှိ။
ကိုယ်နှင့်တူသော ချစ်သောသူမည်သည် မရှိ။
ကံနှင့်တူသော အားသည်မရှိ။


ယောက်မနှင့်တူသူ

သူမိုက်သည် အသက်ထက်ဆုံးလည်း ပညာရှိကို အကယ်၍ ဆည်းကပ်ငြားအံ့။ ထိုသူမိုက်သည် တရားကို မသိ၊ အဘယ်ကဲ့သို့နည်းဟူမူယောက်မသည် ဟင်း၏ အရသာကို မသိသကဲ့သို့တည်း။


လျှာနှင့်တူသူ
ပညာရှိသည် ခဏမျှလည်း ပညာရှိကို အကယ်၍ ဆည်းကပ်ငြားအံ့။ တရားကို သိ၏။ အဘယ်ကဲ့သို့နည်း ဟူမူကား လျှာသည် ဟင်း၏ အရသာကို သိသကဲ့သို့တည်း။

အရူးနှင့်တူသောသူများ
ဥစ္စာမရှိဘဲလျက် အရသာစားကြူးသောသူ၊
ခွန်အားမရှိဘဲလျက် အသတ်အပုတ်ကြိုက်သောသူ၊
ပညာမရှိဘဲလျက် စကားလိုလားသောသူ ဤသူတို့ကား သူရူးနှင့် တူကုန်၏။


သူယုတ်လက္ခဏာ
သူမခေါ်ဘဲ သူ့အိမ်သို့ သွားဖန်များသောသူ၊
သူမမေးဘဲ စကားများများ ပြောတက်သူ၊
မိမိဂုဏ်ကျေးဇူးကို ပလွှားတတ်သောသူ၊ ဤသုံးပါးသည် သူယုတ်၏ လက္ခဏာတည်း။


အတတ်ပညာမရှိလျှင် မတင့်တယ်
အဆင်းအရွယ်နှင့် ပြည့်စုံခြင်းမူလည်း ၊ ပြန့်ပြောကြွယ်ဝသော အမျိုး၌ ဖြစ်လျှင်မူလည်း အတတ်ပညာမှ ယုတ်ခဲ့မူကား မတင့်တယ်ကုန်။ ပေါက်ပန်းတို့သည် အနံ့ကင်းကုန်သကဲ့သို့တည်း။

မထီမဲ့မြင် မပြုသင့်
လောက၌ အမျိုးယုတ်သောသူ၏ သားဖြစ်လျက် မင်း၏ အမတ်ဖြစ်တတ်၏။ လူမိုက်၏ သားဖြစ်လျက် ပညာရှိ ဖြစ်တတ်၏။ ဥစ္စာမရှိသောသူ၏ သားဖြစ်လျက် ဥစ္စာများတတ်၏ ထို့ကြောင့် ယောက်ျားတို့အား မထီမဲ့မြင် မပြုကုန်ရာ။

ဆရာ၏စေတနာ
အိုးထိန်းသည်သည် အိုးကို ကွဲစိမ့်သောငှာ မခတ်၊ တင့်တယ်စိမ့်သောငှာ ခတ်၏။
ဆရာသည် တပည့်တို့အား အပါယ်ဆင်းရဲသို့ ကျစေခြင်းငှာ မပုတ်ခတ်၊ အတတ်ပညာ အစီးအပွားဟူ သော အကြောင်းကြောင့် ပုတ်ခတ်၏။


ပညာရှိတို့နှင့်သာ ပေါင်းသင်းဆက်ဆံသင့်
တောင်ဇလပ်ပန်းကိုလျှင် ပေါက်ဖက်နှင့်ထုတ်၏။ ထိုသူ၏ တောင်ဇလပ်ပန်းသည်သာလျှင် ကောင်းသောအ နံ့ကို လှိုင်စေသည်ကား မဟုတ်။ ပေါက်ဖတ်တို့သည်လည်း ကောင်းသောအနံ့ကို လှိုင်စေကုန်၏။ ထို့အတူ ပညာရှိသူနှင့် ပေါင်းဖက်လှီဝဲရသော သူကို မှတ်အပ်၏။

လမ်းမှန်ကိုသာ လျောက်ပါ
လောက၌ စန္ဓကူးပင်သည် ခြောက်သွေ့သော်လည်း အနံ့ကိုမစွန့်။ ဆင်ပြောင်သည် စစ်မြေပြင်သို့ရောက် သော်လည်း လူတို့၏ မျာက်မှောက်၌တင့်တယ်ခြင်းကို မစွန့်။ ပညာရှိသူတော်ကောင်းသည် ဆင်းရဲခြင်း သို့ ရောက်သော်လည်း သူတော်ကောင်းတရားကို မစွန့်သည်သာတည်း။

လူမိုက်သား ရမ်းကား
အမိယုတ်သောသူကား မကောင်းသောစကားရှိသည် ဖြစ်၏။
အဖယုတ်သောသူကား မကောင်းသော အမူအကျင့်ရှိသည် ဖြစ်၏။
မိဘနှစ်ပါးစုံယုတ်မူကား မကောင်းသောစကားရှိသည်လည်းဖြစ်၏။
မကောင်းသော အမူအကျင့်ရှိသည်လည်းဖြစ်၏။


သံဃာ့ပစ္စည်းအဆိပ်သီး
လောက၌ အဆိပ်ကို အဆိပ်ဟူ၍ မဆိုကုန်။ သံဃာ၏ ဥစ္စာကို အဆိပ်ဟူ၍ ဆိုအပ်၏။ အဆိပ်သည် တစ်ကြိမ်သာလျှင် သတ်တတ်၏။ သံဃာ၏ ဥစ္စာသည်ကား အကြိမ်ကြိမ်အဖန်ဖန် သတ်တတ်၏။

အများအကျိုးသယ်ပိုးသင့်
ရေကို မြစ်တို့သည် မသောက်ကုန်။ သစ်ပင်တို့သည် အသီးကို မစားကုန်။ မိုးသည် အချို့သော အရပ်တို့ ၌ မရွာကုန်။ သူတော်ကောင်းတို့၏ ဥစ္စာသည်လည်း သူတစ်ပါးတို့မှာ အကျိုးသာတည်း။

အားလုံးနှင့်အဆင်ပြေရန်
လိုချင်တပ်မက်ခြင်းရှိသောသူကို တန်းစိုးလက်ဆောင် ပေးခြင်းဖြင့် ယူရာ၏။ မာနခက်ထန်သော သူကို လက်အုပ်ချီသဖြင့် ယူရာ၏။ သူမိုက်ကိုကား အလိုသို့လိုက်သဖြင့် ယူရာ၏။ ပညာရှိ အဟုတ်အမှန်ဆိုသ ဖြင့် ယူရာ၏။

ပေးကမ်းခြင်းဖြင့် အောင်နိုင်ရာ၏
လောက၌ ပေးကမ်းခြင်းသည် မယဉ်ကျေးသောသူကို ယဉ်ကျေးစေတတ်၏။ ပေးကမ်းခြင်းသည် ခပ်သိမ်း သောအကျိုးကို ပြီးစေတတ်၏။ ပေးကမ်းခြင်းကြောင့် လည်းကောင်း၊ ချစ်ဖွယ်သော စကားကို ဆိုခြင်း ကြောင့်လည်းကောင်း၊ မိမိကလည်း သူ့အပေါ် မိုမောက်နိုင်ကုန်၏။ မိမိသို့လည်း ရိုညွှတ်ကုန်၏။

ပညာရှိတို့သဘော
ပညာရှိတို့သဘောကား မရောက်သေးသော ဘေးကို မြင်သည်ရှိသော် အဝေးကလျှင် ကြဉ်ရာ၏။ ရောက်ပြီး ရောက်ဆဲသော ဘေးကို မြင်မူကား ကြောက်ရွံ့တတ်သော သဘောမရှိသည် ဖြစ်၏။

တန်ဖိုးရှိသောစကားများ
လောက၌ ကျောက်ထီးသည် လေး၏။ ထိုထက် နတ်တို့၏ ပြောကြားခြင်းသည် လေး၏။ ထိုထက် ဆရာမိ ဘတို့၏ အဆုံးအမသည် လေး၏။ ထိုထက် ဗုဒ္ဓမြတ်စွာ၏ စကားသည် လေး၏။

မနေသင့်သောအရပ်
အကြင်အရပ်၌ မြတ်နိုးခြင်းမရှိ၊ ချစ်ခြင်းလည်းမရှိ၊ အဆွေခင်ပွန်းလည်း မရှိ၊ တစ်စုံတစ်ယောက်သော အတတ်ပညာသင်စိမ့်သော သူလည်း မရှိ ၊ ထိုအရပ်၌ နေခြင်းကို မပြုရာ။

Monday, July 2, 2012

မချစ်နိုင်မှန်းသိရင် မုန်းလိုက်ပါ

မာ ပိယေဟိ သမာဂဉ္ဆိ၊အပ္ပိယေဟိ ကုဒါစနံ။
ပိယာနံ အဒဿနံ ဒုက္ခံ၊ အပ္ပိယာနဉ္စ ဒဿနံ။

ချစ်သောသူတို့နှင့်လည်း မပေါင်းဖော်လင့်၊ မုန်းသောသူတို့နှင့်လည်း တစ်ခါတစ်ရံမျှ မပေါင်းဖော်ပါလင့်၊ ချစ်သောသူတို့ကိုလည်း မမြင်ရခြင်းသည် ဆင်းရဲ၏၊ မုန်းသောသူတို့ကို မြင်ရခြင်းသည်လည်း ဆင်းရဲ၏။ (ဓမ္မပဒ၊ ပိယဝဂ်)

ငါချစ်ခဲ့တာမှန်သမျှ ပိုင်ဆိုင်ခြင်းတွေပဲလို့ ထင်ရပေမယ့် အပြစ်မရှိတဲ့ လူသားတစ်ယောက်အဖို့ အမုန်းတစ်ခုကြောင့် ကိုယ့်ဘ၀ရဲ့  ဘ၀၀ဋ်ကြွေးတစ်ခု ဖြစ်မလာပါစေနဲ့။ တကယ်တော့ သူကမှ ကိုယ့်ကို မချစ်နိုင်ဘူးဆိုရင် သူ့အတွက် ငါက ဘာကြောင့်မို့ ခံစားပေးရဦးမှာလဲ။
          လောကမှာ လူသားတွေဟာ မချစ်ဖူး၊ မမုန်းဖူးတဲ့သူ မရှိသလို ၊ အချစ်နဲ့ အမုန်း ကင်းကွာလို့မရတာလည်း ဒီလောကရဲ့  ဓမ္မတာတစ်ခုပါ။ သံသရာလမ်းခရီး မဆုံးသေးသမျှ လျှောက်လှမ်းရတဲ့ဘ၀၊ နှလုံးသားရှိတဲ့ လူသားတွေမှာ အချစ်နဲ့ အမုန်းဆိုတာ တည်ရှိနေဆဲပါ။
          ဒါပေမဲ့ အချစ်နဲ့အမုန်း ကင်းကွာလို့ မရဘူးဆိုပြီး နှလုံးသားဆန္ဒတစ်စုံကို ဦးစားပေးနေဖို့ ပြောတာမဟုတ်ပါဘူး။ ဒီလောကကြီးထဲမှာ အချစ်နဲ့အမုန်းကို ခွဲခြားပြီး ချစ်တတ်၊ မုန်းတတ်ဖို့ ပြောတာပါ။ လောကမှာ မချစ်တတ်၊ မမုန်းတတ်ရင် သံသရာဒုက္ခနွံအိုင်ထဲကနေ ဘယ်တော့မှ ရုန်းထွက်လို့ရနိုင်မှာ မဟုတ်ပါဘူး။ လောကမှာ အချစ်ရှိရင် အမုန်းရှိသလို အချစ်နဲ့ဒုက္ခ၊ ဒုက္ခနဲ့ ဘ၀သံသရာဟာ ဒွန်တွဲနေတာကြောင့် နှလုံးသားရှိသူတိုင်းအတွက် မချစ်မိ၊ မမုန်းမိကြဖို့ အရေးကြီးပါတယ်။
          ဒီနေရာမှ မချစ်နိုင်မှန်းသိရင် တကယ်မုန်းလိုက်ပါဆိုတဲ့ စကားလုံးကို အပြစ်မရှိတဲ့သူတွေကို တမင်တကာ မုန်းနေဖို့ ပြောတာမဟုတ်ပါဘူး။ ကိုယ့်အပေါ်မှာ ဘယ်လိုကောင်းခဲ့ကောင်းခဲ့၊ ဘယ်လိုပဲ ဆိုးခဲ့ဆိုးခဲ့ မချစ်မိကြဖို့၊ မမုန်းမိကြဖို့ ပြောတာပါ။
          မချစ်သင့် မချစ်အပ်တာ၊ မမုန်းသင့် မမုန်းအပ်တာတွေကို အတင်းဓမ္မချစ်မုန်းလိုက်ကြရင် ဘာမဟုတ်တဲ့ စိတ်ဆင်းရဲမှု ဝေဒနာတွေကို ကိုယ့်စိတ်ထဲမှာ အလိုလိုခံစားနေရပါလိမ့်မယ်။
          ဒီလို စိတ်ဆင်းရဲစေတတ်တဲ့ ဒေါမနဿဝေဒနာ၊ ဒုက္ခဝေဒနာတွေနဲ့ သေသွားရင် အပါယ်ဘုံရောက်နိုင်ပါတယ်။ အချို့ ဆိုရင် ပစ္စည်းဥစ္စာ၊ သားသမီးတွေကို ချစ်တဲ့ စွဲလမ်းမှုကြောင့် အိမ်ထဲမှာ ပြိတ္တာဖြစ်ပြီး မကျွတ်မလွတ်ဘဲ ဖြစ်တတ်ပါတယ်။ ဒီလိုဖြစ်ရခြင်းက မချစ်တတ်၊ မမုန်းတတ်တဲ့ အကြောင်းကြောင့်ပဲဖြစ်ပါတယ်။
          လူငယ်တွေစကားအရပြောရမယ်ဆိုရင် ကိုယ်ကချစ်ပြီး ကိုယ့်ကိုမချစ်နိုင်တဲ့ ကောင်မလေးကို မရရင် သူ့ကိုမုန်းနေဖို့ ပြောတာလည်း မဟုတ်ပါဘူး။ အချစ်ဆိုတာ လူသားတွေရဲ့  နှလုံးသားမှာ ခံစားတတ်တဲ့ အရာဆိုပေမဲ့ အမုန်းတစ်ခုကြောင့်လည်း တန်ဖိုးရှိတဲ့ နှလုံးသားတွေ ပြာကျသွားနိုင်ပါတယ်။
          သူကမှ ကိုယ့်ကို မချစ်နိုင်ဘူးဆိုရင် သူ့အတွက် ကိုယ့်နှလုံးသားကို ဘာကြောင့် အပင်ပန်း၊ စိတ်ဆင်းရဲခံပြီး ခံစားပေးရမှာလဲ။ ကိုယ့်ဘ၀ကို ကိုယ်တည်ထောင်ရုံပဲ ရှိတော့တာမဟုတ်လား။ လူ့လောကချင်း တူတာတောင် မတူညီတဲ့ လူသားတွေ ရှိသေးတာမို့ ထိုအထဲမှ ကြိုက်နှစ်သက်မှုတွေလည်း ရှိကြတာပဲ။ ကြိုက်နှစ်သက်မှုတွေ မတူညီတော့ ခံစားချက်ရှိရှိခံစားတတ်တဲ့သူတွေ ကွဲပြားကြမှာပါပဲ မဟုတ်လား။
          အဲဒါကြောင့် မတူညီတဲ့ ဘ၀နှစ်ခုကို မပေါင်းစပ်ဘဲ တူညီတဲ့ ဘ၀နှစ်ခုကို ပေါင်းစပ်ပြီး အဓိပ္ပာယ်ရှိရှိ လျှောက်လှမ်းကြရင် လူ့လောကဟာ ဘယ်လောက် ပျော်စရာကောင်းလာပါလိမ့်မလဲ။ ဒီနေရာ မတူညီတဲ့ ဘ၀နှစ်ခုဆိုတာကို သိတဲ့သူတွေ ရှိသလို၊ နားမလည်တဲ့ သူတွေလည်း ရှိမှာပါပဲ။
          ဥပမာ --- ဘာသာမတူ၊ အယူဝါဒမတူ၊ ရည်ရွယ်ချက် မတူညီတဲ့ ဘ၀တွေကို ပြောတာပါ။ သင်ချစ်တဲ့သူဆိုတာ ဘာလဲ၊ သင်ဘာကြောင့် သူ့ကို ချစ်ရသလဲ၊ သင်ချစ်တဲ့အချစ်က ဘာလဲ၊ သင်သူ့ကိုချစ်တယ်ဆိုတာ ဘာမျှော်လင့်ချက်နဲ့ ချစ်တာလဲ၊ သင် သူ့ကို ပိုင်ဆိုင်ချင်ရင် ဘာလုပ်ပေးရမလဲ၊ အိမ်ထောင်ရေးတစ်ခုကို အကောင်း ဆုံးဖြစ်အောင် ဘယ်လိုလုပ်မလဲ စသည်ဖြင့် မိမိကိုယ့်ကိုမေးပါ။
          သူက ကိုယ့်ကို မချစ်နိုင်မှန်းသိရင် သူ့အချစ်ကို မရနိုင်မှန်းသိရင် သူ့အပေါ် အပြစ်မမြင်ပါနဲ့။ တကယ်တမ်း အပြစ်မြင်နေခဲ့မယ်ဆိုရင် သူ့အပေါ် အပြစ်မမြင်တဲ့စိတ်ကို ထားပါ။ ကိုယ့်စိတ်ထဲမှာ တွယ်ကပ်ငြိတွယ်နေတဲ့ စိတ်တွေကို ပယ်ဖျောက်ပြီး ဘ၀ကို ကြည်ဖြူကောင်းမွန်စွာ တည်ဆောက်နေထိုင် သွားပါ။
          အချစ်ဟူသည် လွယ်လွယ်နှင့် ဖြစ်ပေါ်လာသော အရာမဟုတ်သော်လည်း မချစ်နိုင်မှန်းသိလျက် နောက်ဆုတ်မရခြင်းသည်ပင် ပို၍မိုက်မဲရာရောက်၏။ ကိုယ့်ဘ၀ကို တကယ်တန်ဖိုးထားလေးစားပြီး မချစ်တတ်တဲ့ စိတ်ကို မုန်းလိုက်ဖို့ပြောတာ။ ကိုယ်သိပ်ချစ်ခဲ့တဲ့ ကောင်မလေးတစ်ယောက်ကို မရရင် သူ့အပေါ်မှာ စွဲမြဲစွာချစ်နေတဲ့စိတ်၊ မုန်းနေတဲ့စိတ်၊ ပူဆွေးနေတဲ့စိတ်၊ စွဲလမ်းနေတဲ့စိတ်တွေကို စွန့်ပယ်လိုက်ပါ။
          သူ့ကြောင့်နဲ့ ကိုယ့်ဘ၀ကို အချိန်ကုန်ပင်ပန်းမခံပါနဲ့။ ချစ်တယ်ဆိုတာ အမှန်တော့ သူ့အပေါ်ချစ်လိုက်ရတဲ့ ခံစားချက်စိတ်တွေကို သင်ခန်းစာယူပြီး နောင်ဒီလိုဖြစ်မလာအောင် ဆင်ခြင်နေဖို့ပါ။ တန်ဖိုးရှိတဲ့ဘ၀ကို ချစ်လိုက်ပါ။
          ကိုယ့်ဘ၀ကိုယ် တန်ဖိုးထား မချစ်နိုင်မှန်းသိရင် ငါဟာ လူတစ်ယောက်ဖြစ်ပြီး ငါ့ဘ၀ကို ငါဘာကြောင့် တန်ဖိုးထားမချစ်နိုင်ရတာလဲ။ ငါဟာ လူတစ်ယောက်ဖြစ်ပြီး ကိုယ့်ဘ၀ကို ကိုယ်တန်ဖိုးထားမချစ်နိုင်ရင် ငါဟာ အဓိပ္ပါယ်မရှိတဲ့လူ၊ တန်ဖိုးမရှိတဲ့လူ ဖြစ်နေပြီလို့ မှတ်လိုက်ပါ။ ကိုယ့်ဘ၀ကို တန်ဖိုးထားမချစ်နိုင်တဲ့စိတ်ကို အပြစ်မြင်ပြီး အဲဒီစိတ်ကို မုန်းလိုက်ပါ။ ဒီနေရာမှာ အပြစ်မြင်တယ်ဆိုတာလည်း လူ့အသိုင်းအ၀ိုင်း ပတ်ဝန်းကျင်ကို အပြစ်မြင်နေဖို့ မဟုတ်ပါဘူး။
          ရုပ်နာမ်ဓမ္မ သင်္ခါရတရားတွေကို အပြစ်မြင်ပြီး တရားယူတတ်ဖို့၊ တရားရှုပွားများတတ်ဖို့ ပြောတာပါ။ လောကမှာ လူတစ်ယောက်က ကိုယ့်ဘ၀ကို ကိုယ်တန်ဖိုးထားပြီး ချစ်နိုင်မှ ကိုယ့်ဘ၀လည်း တန်ဖိုးရှိတာပါ။ အဲဒီလို ကိုယ့်ဘ၀ကို တန်ဖိုးမထားနိုင်ဘူးဆိုရင် အဲဒီတန်ဖိုးမထားနိုင်တဲ့ကို မုန်းလိုက်ပါ။ စွန့်လွှတ်လိုက်ပါ။
          ဥပမာ---ကိုယ်မနှစ်သက်တဲ့ ပစ္စည်းတစ်ခုကို စွန့်ပစ်လိုက်သလို စွန့်ပစ်လိုက်ပါ။ လောကမှာ တွယ်တာစရာ၊ တပ်မက်စရာတွေကပဲ ဘ၀ကို ပိုပြီး ဒုက္ခဖြစ်စေတတ်ပါတယ်။ လူတစ်ယောက်ဟာ မိမိကို တန်ဖိုးထား မလေးစားနိုင်တဲ့စိတ်၊ စည်းကမ်းမဲ့နေချင်တဲ့စိတ်၊ တစ်စုံတစ်ခုကို စွဲမက်နေတဲ့စိတ်၊ မနာလို ၀န်တိုတတ်တဲ့စိတ်၊ မှန်တာကောင်းတာကို တန်ဖိုးထားပြီး မလုပ်နိုင်တဲ့စိတ်၊ အချစ်ကြီး အမုန်းကြီးတဲ့စိတ်၊ မဆင်မခြင် ဒေါသဖြစ်တတ်တဲ့စိတ်၊ ဒီစိတ်တွေ မိမိသန္တာန်မှာ ဆိုးဝါးနေရင် ဒီလူဟာ ဘ၀တစ်ခုကို တန်ဖိုးရှိရှိ နေနိုင်ဖို့ဆိုတာ မလွယ်တဲ့ကိစ္စဖြစ်ပါတယ်။
          သင်တစ်ခု စဉ်းစားပါ။ လောကမှာ အချစ်မီး၊ အမုန်းမီး လောင်ကျွမ်းခံနေရတဲ့သူဟာ ကမ္ဘာမီးလောင် ခံနေရတာထက် ဆိုးတယ်ဆိုတာပါပဲ။ ကိုယ့်ဘ၀ကို တန်ဖိုးထားမချစ်နိုင်တဲ့စိတ်ကို မုန်းလိုက်ပါ။ ဒါပေမဲ့ ကိုယ့်ဘ၀ကို မချစ်နိုင်မှန်းသိလျက် အဲဒီစိတ်ကို မစွန့်လွှတ်နိုင်တာက ပိုခက်တတ်ပါတယ်။
          သူ့အချစ်ကို မရမှန်းသိရင် ဒီအချိန်၊ ဒီကာလ၊ ဒီအရွယ်ထိ တမ်းတနေတုန်းပဲဆိုတာမျိုး မဖြစ်စေချင်ဘူး။ အဲဒီဖြစ်ရပ်တွေကို တမ်းတနေမယ်၊ လွမ်းနေမယ်ဆိုရင် အကယ်၍ ဒီစိတ်တွေနဲ့ သေသွားရင် ဒီလူဟာ ဘယ်တော့မှ ကောင်းရာသုဂတိ ဘုံဘ၀ကို မရောက်နိုင်ပါဘူး။
          အချို့ ဆိုရင် သားသမီးကို ချစ်တဲ့စိတ်၊ စွဲလမ်းတဲ့စိတ်၊ ကောင်မလေးတွေကို ချစ်တဲ့စိတ်၊ စွဲလမ်းတဲ့ စိတ်ကြောင့် အရူးတစ်ပိုင်းတစ်စနဲ့ ဘ၀တွေ အဓိပ္ပါယ်မဲ့နေတာရှိပါတယ်။ ဖြစ်ခဲ့ရင် ဖြစ်ပြီးတာကို အတိတ်မှာထားခဲ့ပါ။ အနာဂတ်ကို ဆွဲယူမလာပါနဲ့။ ဒီအကြောင်းအရာတွေက အချစ်ကြီး အစွဲအလမ်းကြီးတာကြောင့် ရူးတဲ့ဘ၀ကိုရောက်ရတာ၊ ကိုယ့်ကိုယ်ကို သတ်သေတဲ့ ဘ၀ကို ရောက်ရတာဖြစ်ပါတယ်။ ဒါကြောင့် မိမိကိုယ်ကို တန်ဖိုးထားလေးစားနိုင်တဲ့စိတ်၊ စည်းနဲ့ကမ်းနဲ့ နေချင်တဲ့စိတ်၊ ကူညီစာနာတတ်တဲ့စိတ်၊ မှန်တာကောင်းတာကို ကြိုးစားလုပ်ကိုင်လိုတဲ့စိတ်၊ အချစ်အမုန်းကို အတိုင်းအတာတစ်ခုဖြင့် ထားနိုင်တဲ့စိတ်၊ ဆင်ခြင်ဥာဏ်နှင့် မေတ္တာရှိတဲ့စိတ် စသည်ဖြင့် ဒီစိတ်တွေကို ဆောင်ပြီး မိမိကိုယ်ကို တန်ဖိုးထား မလေးစားနိုင်တဲ့ စိတ်တွေကို မုန်းရပါမည်။
          ဥပမာ … သံကိုသံဖျက် သံချေးတက်ဆိုတာမျိုး ဒီစကားပုံကိုတော့ လူတိုင်းကြားနေကျ၊ ဖတ်နေကျပါ။ ဒါပေမဲ့ အသိဥာဏ်ရှိတဲ့ နားလည်တတ်တဲ့စိတ်က နည်းပါတယ်။ သံချေးတက်နေတဲ့ သံတုံး၊ သံချေးတွေကို သုတ်သင်ရှင်းလင်းမထားရင် ပိုပြီး သံချေးတတ် ပျက်စီးသွားသကဲ့သို့ အတိုင်းအတာမရှိ စွဲမက်စွဲလမ်း တွယ်တာနေတဲ့စိတ်တွေကို စွန့်လွှတ်မထားခဲ့ဘူးဆိုရင် သံချေးတက်သလို မိမိဘ၀ကို ပိုပြီး ပျက်စီးတာထက် ပျက်စီး၊ မှောင်တာထက် မှောင်သွားပါလိမ့်မယ်။ မိမိရဲ့  ဘ၀လမ်းခရီးတွေ ပျောက်ကွယ်သွားပါလိမ့်မယ်။ အချစ်ဆိုတာ ဘာမှန်းမသိဘဲ ချစ်ကြတဲ့သူတွေ၊ အမုန်းဆိုတာ ဘာမှန်းမသိဘဲ မုန်းကြတဲ့သူတွေ၊ အဆိပ်ဆိုတာ ဘာမှန်းမသိဘဲ သောက်လိုက်တာထက် ဆိုးပါတယ်။
          သြော်… ငါတို့တွေဟာ သံသရာဆက်ဆက် ချစ်ခဲ့ကြ၊ မုန်းခဲ့ကြတာ၊ အချစ်ကြောင့် ကြွေရတဲ့ မျက်ရည်လည်း မနည်းတော့ပြီ။ အမုန်းကြောင့် ငိုကြွေးရတဲ့ဘ၀တွေလည်း မနည်းတော့ပြီ။ ဒီဘ၀ ဒီမျှနဲ့တော့ အချစ် ၀ဋ်ကြွေးတွေ၊ အမုန်းဝဋ်ကြွေးတွေတော့ ကျေပါစေတော့။
  
                                                                  ချမ်းသာကိုယ်စိတ်မြဲကြပါစေ.ရွှေဖြူးလေး
                                                    

Saturday, March 24, 2012

ဆောင်ပုဒ်က ပြောင်းလဲ ပေးနိုင်သလား

‘ဗုဒ္ဓံ၊ ဓမ္မံ၊ သံဃံ’
‘မိဘမေတ္တာအရက်ဆိုင်’
ကဲဗျာ.. ကြားကောင်းသေးရဲ့  လား။ ဒါဟာတကယ်ကိုရှိတဲ့ အကြောင်းတွေပါပဲ။
‘အမေ့မေတ္တာအရက်ဆိုင်’

Saturday, March 10, 2012

အသံဒေါသထွက်ခြင်း နဲ့ စိတ်မကောင်း ဖြစ်ရခြင်း

(၁)
”ဒေါသထွက်ခြင်းနဲ့ စိတ်မကောင်း ဖြစ်ရခြင်း”မတူပါ။
အသုံးအနှုန်း ခြားနားသလို အနှစ်သာရချင်းလည်း ခြားနားပါတယ်။ သူများတွေရဲ့ ရှုထောင့်အရ စာရေးသူပြောနေခြင်း မဟုတ်ပါ။ စာရေးသူ အတွေ့အကြုံ၊  အတွေးအခေါ်၊ စာရေးသူ လေ့လာမှုကို အကြောင်းခံပြီး တစ်နိုင်တစ်ပိုင် အသိအမြင်ကို လွတ်လပ်စွာ ဟင်းလင်းပွင့် ဖော်ပြခြင်းမျှသာ ဖြစ်ပါတယ်။ စိတ်ပါဝင်စားသူများရဲ့ အမျိုးစုံသော ဆေးရောင်စုံ တုံ့ပြန်မှုများကို မျှော်လင့်မိပါတယ်။ မီဒီယာ  SPACE မှာ စိတ်ယဉ်ကျေးမှု လေ့ကျင့်ခန်း လေးတစ်ခု အသက်သွင်း လိုက်ပါတယ်။


Thursday, March 8, 2012

ဝေဒနာက္ခန္ဓာကို လှုပ်ခတ်စေခဲ့သော ကဗျာ (သို့မဟုတ်) အကယ်၍ သင်ဒီကဗျာကို

သူငြိမ်သက်နေခဲ့၏။ နှစ်ကာလအတော် ကြာခဲ့မှန်းလည်း သူသိနေ၏။ လူငြိမ်တော့ စိတ်ငြိမ်၊ စိတ်ငြိမ်တော့ ဝေဒနာလည်းငြိမ်နေ၏။ ဝင်လေထွက်လေ ရှုမှတ်မှုကို အခြေပြုသော အကျင့်တရားသည် စိတ်ကိုငြိမ်သက်အောင် အထောက် အပံ့ပေးလေသည်။ တစ်ဖန်စိတ်ငြိမ်သက်မှု အကြောင်းတရားကလည်း ခံစားမှုဝေဒနာကို လှုပ်ခတ်မှုမဖြစ်အောင် ထိန်းသိမ်းပေးနေမှန်း သူရိပ်မိလာသည်။ အကြောင်းနှင့်အကျိုးပေပဲ။  အသွားအပြန်ပေါ့။ ဒါဆိုရင် အမှား,အမှန်ဆိုတာကကော။ အမှား,အမှန်ကို

Sunday, February 26, 2012

မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီး၏ သြဝါဒများ အပိုင်း(၅)

 ဓာတ် ဓာတ်ချင်းတိုက်တို့၏ ထန်ပြင်းသောအချက်ကို သတိတမန် ပညာဥာဏ်ဖြင့် လှန်ဖျက် မဖျက်နိုင်ခဲ့သော် ပြစ်မှားခြင်းဖြင့် အများအတွင်း အတင်းလှမ်းတတ်သော ဒေါသဝင်ဥာဉ်ကြမ်း ပရမ်းပတာ ဝင်လာပေရော့မည်။အတွင်းဓာတ် အချင်းချင်းစစ်ခင်းနေကြခြင်း များသည်လည်း ကောင်း အာရုံနှင့်စိတ်တို့အကြား အမှားမြင် ဝင်ကစားနေကြခြင်းများသည်လည်းကောင်းစိတ်ဓာတ်ရုပ်ဓာတ်တို့အကြား စရိုက်သွေးများ ဝင်ကစားနေခြင်းများ သည်လည်း ကောင်းထိုအားလုံး ဥာဉ်ကြမ်း၏ ခုတုံးများချည်းသာ။        ။

မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီး၏ သြဝါဒများ အပိုင်း(၄)

အပူထန် မာန်ထ


လူတို့အား ပြုပြင်ပေးနေကြသော ကံ- ကိုယ်နှုတ်လှုပ်ရှားမှု၊ စိတ်- အတွင်းစိတ်ကျိတ်ကြံမှု၊ ဥတု- အခိုးသွင်းတင်းမာမှု၊ အာဟာရ- အရသာဓာတ်ညံ့ဖျင်းမှု ထိုလေးခု တို့က လေလှုပ်ကြမ်း သွေးသရမ်းစေချေရာ ထိုသွေးလေကြမ်းတို့ဒဏ်ခံနေကြရသော လူသားများစွာလည်း ရာဂ ထန်မာန်ကြီး ဘာဆိုဘာမျှ စနည်းနာရကောင်းမှန်း မသိ တတ်ကြပြီ၊ဒေါသထန်မာန်ကြီး ဘာဆိုဘာမျှ စောင့်စည်းရကောင်းမှန်းလည်း မသိတတ်ကြပြီ။သို့ဖြစ်ရာ လူစီးရထား တိမ်းမှောက်ရန် တည်းတည်းမျှလိုတော့သည်။        ။
၁၃၆၅ ခု၊ သီတင်းကျွတ်လဆန်း ၇ ရက်နေ့။

Saturday, February 25, 2012

မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီး၏ သြဝါဒများ အပိုင်း(၃)


ဝေဝါးနောက် လေလားမျောက်ခုန်ခုန်

ပင်မမောဟသည် တွေဝေခြင်း၊ မိန်းမောခြင်းဖြင့် သွေးမကွဲ လေမကွဲ ပျစ်ချွဲချွဲဖြစ်တတ်စေရာ မွေးကတည်းက ဥာဏ်မပါ အဆန်ဗလာလူသား..မောဟ၏ လက်တက်ခွဲ ဝိစိကိစ္ဆာတရားလည်း ပေါက်ဖွားလာရတော့ပြီသာ။ ထိုလူသား..ဘာကြံကြံ ကုလားဖန်ထိုးရုံမျှဖြင့် လမ်းဆုံးသွားတော့သည်။ ထိုလူသား..ဘာပြောပြော မျောတစ်ချက် မှောက်တစ်ဝက်ဖြင့် တစ်လက် ရှုံးသွားပြီ။ ထိုလူသား..ဘာလုပ်လုပ် လှုပ်တစ်ချက်ကုပ်တစ်ဝက်ဖြင့် အသက်ဆုံးသွားပြီ။ ဝေဝါးမှောက်ရာမှ လေလား မျောက်ခုန်ခုန် ကစားပြခြင်းများတည်း။    ။
၁၃၆၅ ခု၊ တော်သလင်းလပြည့်ကျော် ၉ ရက်။

မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီး၏ သြဝါဒများ အပိုင်း(၂)

လူပီသ သီလအရင်းခံ


လူ့သီလသည် လူ့အသက်ပင်ဖြစ်ရာ လူ့ဗီဇပီပီသသ အစွမ်းပြလိုကြပါမူ ကိုယ်ချင်းစာ တန်းတူထား စိတ်ကို ထွက်ပြူစေသော လူကျင့်သီလကို စိတ်သွားရာ  သတိလိုက် စိတ်ကြံတိုင်း သတိခံ ဘာမဆို လူဆန်ဆန် မိမိကိုယ်မိမိ ဖန်ဆင်းပေးတတ်ကြရမည်။ သို့ဆိုသော် ထိုလူသား တစ်နေ့တခြား လူရည်လည် လူစွမ်းပြ

မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီး၏ သြဝါဒများ အပိုင်း(၁)


မယုံလျှင်မရဲ ရှေ့စိတ်ပေါက် နောက်စိတ် ချိတ်ဆွဲဆွဲ
မောဟကြောင့်သွေးမွဲကျ အာရုံတွေ့တိုင်း ထမလာတတ်သူသည် ပညတ်သိ၊သညာသိ အဝိဇ္ဇာသိများ၏ အပြောလောက်သာ သဘောပေါက်နေတော့ရာ ရတနာ့ဂုဏ် ယုံရကောင်းမှန်းမသိ၊ ယုံသော်မှ ရတနာအတိ စိတ်မရောက်၊ ဆရာ့ဂုဏ် ယုံရကောင်းမှန်းမသိ၊ ယုံသော်မှ ဆရာ့သိက္ခာ အတိစိတ်မရောက်၊ မိမိသတ္တိ ရှိမှန်းပင်မသိ၊ သိသော်မှ ပညာဥာဏ်အတိ အသိမရောက်၊ ထိုလူသား ရှေ့ကကောင်းတွေး တစ်ခုပေါက် နောက်ကနေ ဆိုးတွေးများ ရောက်ချလာတော့သည်သာ။ ရှေ့ကအမြင်တစ်ခု ဆိုက်နောက်က ပျက်တွေးများ တစုတဝေးကြီး လိုက်လာတော့သည်သာ။ လက်ကရေး ခြေကဖျက် မည်သည့်ကာလမှ ပွဲစဉ်တက်ခွင့်မရပြီ။ ။

Saturday, May 7, 2011

အနေထိုင် အပြုအမူ အပြောအဆို တွေက

အနေထိုင် အပြုအမူ အပြောအဆို တွေက ကုသိုလ် အကုသိုလ်ဖြစ်နိုင်ဖြစ်နိုင်ပါသည်။

လူရယ်လို့ဖြစ်လာရင် လူ့ပတ်ဝန်းကျင် အသိုင်းအ၀ိုင်းထဲက ရုန်းထွက်ဖို့ဆိုတာ
အင်မတန်မှ ခက်ခဲလှပါတယ်။
ဘုရားကျောင်းကန်တွေသွားမယ်၊ ဒါနကုသိုလ်တွေ ပြုမယ်၊ တရားထူးတရားမြတ်တွေ
နားကြားမယ်၊
ဝိပသနာတွေကျင့်ကြံ အားထုတ်နိုင်တဲ့ ရှေးက ကုသိုလ်ထူးတွေ ပါရမီတွေ
အလုံအလောက်ပါခဲ့ရင်တော့ ...
ဒီလူဟာ ဒီဘ၀မှာ လူဖြစ်ရကျိုးနပ်ရုံမကပါဘူး အပယ်ကလွတ်မယ်ဆိုတာလည်း
သံသယဖြစ်ဖွယ်မရှိပါဘူး။

အတိတ်ဘ၀က ကုသိုလ်ပါရမီ နည်းခဲ့လို့ဒီဘ၀မှာ စားဝတ်နေရေးတွေနဲ့
ရုန်းကန်ရတဲ့အခါမှာတော့
ကုသိုလ်ဘက်မှာလည်း အားနည်းမိမယ် တနေကုန်ပင်ပန်းလို့ ညဘက်မှာ သမထလေးတောင်
မလုပ်နိုင်တဲ့သူတွေလည်း ရှိမှာပါ။
သာမာန်လူတန်းစားတစ်ယောက်အနေနဲ့ ဘ၀ကို ထိန်းကျောင်းရင်း ကုသိုလ်ဖြစ်မဲ့
အလေ့အထများဖြစ်အောင်နေထိုင်ရင်
်လည်း

အလှူမလုပ်နိုင်ပေမဲ့ မြတ်သော စိတ်ထားလေးသာမွေးမြူနိုင်ရင်
ကုသိုလ်ဖြစ်နိုင်တယ်လို့ ယုံကြည်မိပါတယ်။

လူတစ်ယောက်မှာ ယောက်ျားဖြစ်ဖြစ် မိန်းမဖြစ်ဖြစ် မိမိကို မြင်တာနဲ့
လေးစားချစ်ခင်ဖွယ်ဖြစ်အောင် နေထိုင်ခြင်းကြောင့် မြင်ရသူဟာ
စိတ်ချမ်းသာမယ်ဆိုရင် ကုသိုလ်ဖြစ်နိုင်ပါတယ်။
ယောက်ျားတစ်ယောက်ဟာ သောက်စားနေမယ်၊ ခန္ဒာကိုယ်မှာ အချိုးမကျ ၀တ်စားထားမယ်၊
သွားတာ လာတာ နေတာ ထိုင်တာ ပရမ်းပတာ ဖြစ်နေရင် မြင်တာနဲ့ ကြည့်မိသူလည်း
အကုသိုလ်ဖြစ်မယ် စိတ်လည်းဆင်းရဲမယ် ဆိုရင်
မိမိအတွက်ကော ပတ်ဝန်းကျင်အတွက်ပါ အကျိုးမရှိပါဘူး။
အထူးသဖြင့် မိန်းကလေးတွေ ရဲ့ဝတ်စားဆင်ယင်မှုက ပိုပြီး အရေးပါ ပါတယ်။
ရှေးက ဒါနတွေကောင်းလို့ ဒီဘ၀မှာ လူဖြစ်လာတာတောင် ရုပ်ရည်ချောမောလှပပြီး
မြတ်သော အတိတ်ဘ၀က ကုသိုလ်ထူးတွေ ခံစားနေရတဲ့ အဖြစ်ကနေ ပုရိသတွေ အတွက်
လိင်ဆွဲဆောင်မှုမဖြစ်အောင် နေထိုင်ပါက ပိုပြီးမြင့်မြတ်ပါတယ်။
ယောက်ျားလေးအကြည့်ကို လိုချင်မက်မောကြတဲ့ မိန်းကလေးများလည်း
ရှိကောင်းရှိနိုင်ပါတယ်။
မိမိမှာ လှပတင့်တယ်မှု ရှိရင်တောင် လျှို့ဝှက်ထားသင့်တာပါ။

ကျနော်တို့က ယဉ်ကျေးမှုမြင့်မားတဲ့ အာရှတိုင်းသားပါ ။ဒီထက် ပိုတာက
မြန်မာမိန်းကလေးဆိုတော့ ပိုပြီး အရှက်အကြောက် ကြီးသင့်ပါတယ်။

အနောက်တိုင်းသူတွေက လိင်ဆွဲဆောင်နိုင်အောင် ၀တ်စားကြပေမဲ့ ...

ဘာသာမတူတာရယ် အယူအဆ ခြားနားတာရယ် သူတပါးစိတ်ကို မနောကံဖြင့်
ပြစ်မှားခြင်းမရှိအောင် နေထိုင်ရင် ကုသိုလ်ဖြစ်ပါတယ်။

သူတပါးက တဏှာရမ္မက်ဖြစ်ရင် ကိုယ်တိုင်လဲ အကုသိုလ်ကင်းမှာမဟုတ်ပါဘူး။

ဘ၀မှာ ရိုးရိုးလေးနေထိုင်ခြင်းက အန္တရာယ် လည်းမကျရောက် နိုင်သလို မြင်ရသူလည်း
စိတ်ချမ်းသာမယ်ဆိုရင် ကိုယ်တိုင်လည်း ကြည်နူးရမှာပါ။
ရက်စက်ကြမ်းတမ်းတဲ့ အပြုအမှုတွေ ကို လုပ်ရတော့မယ်ဆိုရင်တောင် သတိလေးနဲ့
မြိုသိပ်တတ်ရပါမယ်။
သတ္တ၀ါ တွေကို ညှင်းဆဲတာလူအချင်းချင်းရိုက်ပု
တ်တာ စတာတွေဟာ မိမိအတွက်ရော
တပါးသူအတွက်ပါ စိတ်မနှက်မြို့စရာပါ။
ဒါတွေကို ရှောင်ကြဉ်ခြင်းဖြင့် ကံတွေကိုလည်း
လုံအောင်ထိန်းပြီးသားလည်းဖြစ်ပါ
တယ်။
ကံကို လုံအောင်ထိန်းမှတော့ ကုသိုလ်လည်း ရနေမှာပါ။
အရေးကြီးဆုံးက အပြောအဆိုပါ ပြောမိတဲ့ အမှားကြောင့် ၀ဇီကံ ကို ကျူးလွန်မိသလို
....
တဖက်က မခံမရပ်နိုင်အောင်ဖြစ်ပြီးတုံြ့
ပန်လာရင် သူတပါးလည်းအပြစ် ဖြစ်ရတယ်။
ကိုယ်လည်း အပြစ် ဖြစ်ပါတယ်။
ကြမ်းတမ်းတဲ့စကား၊ ညစ်ညမ်းတဲ့စကား၊ ရိုင်းစိုင်းတဲ့စကားလုံးတွေကို ဘယ်တော့မှ
မပြောဖြစ်အောင် ထိန်းသိမ်းသင့်ပါတယ်။
တဖက်သားကို ပြောတဲ့အခါ ပုံမှန်စကားလုံးများနှင့်ပြော
လည်း နာတတ်သူဟာ နာပါတယ်။
မနာတတ်သူကတော့ ဘယ်လိုဘဲပြောပြော မနာပါဘူး။
ဒီလိုကြုံတဲ့အခါ ရှောင်လွဲလို့မရရင်တောင် ကြမ်းတမ်းတဲ့ စကားတွေ
မပြောမိအောင်ထိန်းသိမ်းပါလို့ တိုက်တွန်းပရစေ။

လူတိုင်း မိမိရဲ့ အပြုအမှုကြောင့် ကုသိုလ် မဖြစ်ရင်တောင် အကုသိုလ်
ကင်းဝေးကြပါစေ။ လေးစားစွာဖြင့်.........။

Sunday, May 1, 2011

စိတ်.....စိတ်...စိတ်....

မတည်တံ့သောစိတ်ရှိသော သူတော်ကောင်းတရားကို မသိသော ပေါလောပေါ်သော ယုံကြည်မှုရှိသူအား ပညာသည် မပြည့်စုံ။
 (ရာဂ)မစိုစွတ်သောစိတ်ရှိသော၊ (ဒေါသ)ထိခိုက်သောစိတ်မရှိသော ကောင်းမှုမကောင်းမှုကို ပယ်ပြီးသော နိုးကြားသောပုဂ္ဂိုလ်အား ဘေးသည်မရှိ။
ချစ်တဲ့သူ….အောင်မြင်ရင်
ပျော်ရွှင်တဲ့ စိတ်
ဒီစိတ်ကို ဆင်ခြင်
မေတ္တာနှင့်ယှဉ် ဖြူစင်တဲ့ စိတ်။

ချစ်တဲ့သူ…ဆုံးရှုံးရင်
မပျော်ရွှင်တဲ့ စိတ်
ဒီစိတ်ကို ဆင်ခြင်
မေတ္တာနှင့်ယှဉ် ဖြူစင်တဲ့ စိတ်။

မုန်းတဲ့သူ….အောင်မြင်ရင်
မနာလိုတဲ့ စိတ်
ဒီစိတ်ကို ဆင်ခြင်
ဒေါသနဲ့ယှဉ် မဖြူစင်တဲ့ စိတ်။

မုန်းတဲ့သူ…ဆုံးရှုံးရင်
ကျေနပ်တဲ့ စိတ်
ဒီစိတ်ကို ဆင်ခြင်
ဒေါသနဲ့ယှဉ် မဖြူစင်တဲ့ စိတ်။

ကိုယ့်စိတ်ကို ကိုယ်ဆင်ခြင်
ဖြူစင်အောင်ထား
ဖြူစင်လျှင် ကုသိုလ်တရား
တိုးပွါးလိမ့် အများ။            ။
                                          ၃၈။ အန၀ဋ္ဌိတစိတ္တဿ၊ သဒ္ဓမ္မံ အ၀ိဇာနတော။
                                           ပရိ ပ္လ၀ပသာဒဿ၊ ပညာ န ပရိပူရတိ။
                                          ၃၉။  အန၀ဿုတစိတ္တဿ၊ အနနွာဟတစေတသော။
                                           ပုညပါပပဟီနဿ၊ နတ္ထိ ဇာဂရတော ဘယံ။(ဓမ္မပဒ၊စိတ္တဝဂ်)