မြတ်စွာဘုရားရှင် ပရိနိဗ္ဗာန် စံဝင်ပြီးနောက် သာသနာနှစ် ၂၃၅ခုနှစ်မှာ သာသနာတော်အတွင်း တိတ္ထိတက္ကတွန်းများ ၀င်ရောက်မှုကြောင့် တတိယသင်္ဂါယနာ တင်ခဲ့ရပါတယ်။ တတိယ သင်္ဂါယနာတင် ဒါယကာ သီရိဓမ္မာသောကမင်းကြီးသည် နိဂြောဓ သာမဏေငယ်ကို ဖူးမြင်ခဲ့ရတဲ့ အချိန်မှစပြီး သာသနာ တော်ကို ထောက်ပံ့ခဲ့တဲ့ သာသနာ့ ဒါယကာ တစ်ဦးဖြစ်ခဲ့ရတာပါ။ သီရိဓမ္မာသောက မင်းကြီးက တတိယ သင်္ဂါယနာတော်ကို ဦးဆောင်ခဲ့တဲ့ အရှင်မဟာ မောဂ္ဂလိပုတ္တတိဿ မထေရ်မြတ်နှင့် တိုင်ပင်ကာ ဆရာ၊ ဒကာ ညီညွတ်စွာနဲ့ ဗုဒ္ဓသာသနာ ထွန်းကားပျံ့ပွားရေး အတွက် ကိုးတိုင်းကိုးဌာနကို သာသနာပြုများ စေလွှတ်ခဲ့ပါတယ်။ ထိုကိုးဌာနမှာ မြန်မာနိုင်ငံက သထုံမြို့ကို အရှင်သောဏနှင့် အရှင်ဥတ္တရ အမှူးပြုသော မထေရ်ငါးပါးတို့ သာသနာပြုဖို့ ရောက်ရှိလာခဲ့ပါတယ်။ ထိုမထေရ်တို့၏ ကျေးဇူးတော်ကြောင့် ယနေ့တိုင် မြန်မာနိုင်ငံမှာ သာသနာတော် ထွန်းကားလျက် ရှိနေခြင်းဖြစ်ပါတယ်။ ထို့ကြောင့် သာသနာ ပြန့်ပွားလာရခြင်း အကြောင်းရင်းမှာ နိဂြောဓ သာမဏေငယ်က စတင်ခဲ့တယ်လို့ ဆိုရင် မှားမည်မထင်ပါ။
ယနေ့ အချိန်အခါမှာ သာသနာတော်၏ ရင်ငွေ့ကို ခိုလှုံနေကြသော သာမဏေငယ်လေးများကို ဒါယိကာ၊ ဒါယကာမပေါင်းနှင့် ဗုဒ္ဓဘာသာဝင်တို့က ထောက်ပံ့မှသာလျှင် အနာဂတ်သာသနာအတွက် အကျိုးသက် ရောက်ရာမှု ရှိပါလိမ့်မယ်။ သာသနာတော်မှာ ကိုရင်(သာမဏေ)ရှိမှသာ ဦးဇင်း၊ ဘုန်းကြီး၊ ဆရာတော်ဖြစ်လာပါမယ်။ ယနေ့ ပရိယတ္တိစာပေတွင် ဂုဏ်ထူးဘွဲ့တံဆိပ်တော်များ ဆက်ကပ်လှူ ဒါန်းခြင်း ခံနေရသော ဆရာတော်ကြီးများသည် တချိန်တခါက သာမဏေငယ်ကလေး များသာဖြစ်ပါတယ်။ လူအများ စုက နာမည်ကြီးသော၊ ဂဏန်းပေးသော ဆရာထံသွားပြီး မိမိတို့ လောကီ အကျိုးစီးပွား မျှော်ကိုးကာ လှူဒါန်းမှုတွေ လုပ်ကြပါတယ်။ နာမည်ကြီးသော ဘုရားကို ရွှေအထပ်ထပ်ချ ချင်ကြပါတယ်။ သို့သော် ပရိယတ္တိ စာသင် တိုက်က စာသင်နေတဲ့ ရဟန်းတပါးကို လိုအပ်တဲ့ စာအုပ်ဝယ်ပေးဖို့တော့ မေ့နေတတ်ကြပါတယ်။ ထိုစာသင်သား သံဃာတော်ကို ချီးမြှင့်တာမှ သာသနာကို ချီးမြှင့်ရာရောက်ပါတယ်။ ဘုရားတည်တာသည် သာသနာပြု ခြင်း မဟုတ်ပါ။ ဒါပေမယ့် အမျာစုကလည်း ဘုရားတည်တာကိုမှ သာသနာပြုတယ် ထင်နေကြတယ်။ စာသင်သား သံဃာ တပါးကို ထောက်ပံ့ပေးနေခြင်းကို သာသနာပြုနေတယ်လို့ မမြင်ကြပါဘူး။ ဒါတွေသည် သိသင့်တဲ့ အကြောင်းအရာတွေပါ။ (ဒီအချက်တွေကိုလည်း လူတိုင်းသိစေချင်ပါတယ်)။
ရဟန်းတော်များနှင့် ပြောဆိုဆက်ဆံရာမှာလည်း မိတ်ဆွေတွေ ပြောသလို ပြောလို့ မသင့်တော်ပါဘူး။ စကားလုံး သုံးနှုန်းတတ်စေချင်ပါတယ်။ မိမိတို့ သာသနာကို ဦးဆောင်နေတဲ့ သံဃာတော်တွေကို မိမိတို့က နည်းလမ်းမှန်စွာနဲ့ မချည်းကပ်၊ မပြောဆိုတတ်ရင်၊ လေးစားမှု မရှိရင် ဘယ်သူကမှ အလေးအမြတ် ပြုမည် မဟုတ်ပါ။ ကိုရင်ငယ်လေးပဲ ဆိုပြီး မလေးမစား ဆက်ဆံမှုတွေ မလုပ်အပ်ပါ။ အသက်အရွယ်ကိုသာ မကြည့်ပဲ သီလတရားကို ကြည်ညိုပြီး ကိုးကွယ်ရမှာပါ။ ကိုရင်ငယ်တပါးသည် ၁၀ပါး သီလရှိပါတယ်။ မိမိက ငါးပါးသီလ တောင် လုံခြုံမှု ရှိလားဆိုတာ စမ်းစစ်သင့်ပါတယ်။
အနာဂတ်မြန်မာနိုင်ငံ၏ သာသနာတော်သည် ယနေ့ သာမဏေ(ကိုရင်)ငယ်တို့၏ လက်တွင်ရှိ နေသည်ကို အထူးဂရုပြုကြစေချင်ပါတယ်။ အနာဂတ်သာသနာတော် တည်တံ့ခိုင်မြဲရေးတွင် သာသနာ့တာဝန် ကို ထမ်းဆောင်ကြမည့် ကိုရင်သာမဏေငယ်များ၏ အခန်းကဏ္ဍသည် အဓိက ဖြစ်ကြောင်း သတိရစေချင်ပါတယ်။ သာသနာတော်သုံးရပ်တွင် ပရိယတ္တိသာသနာသည် အခြေခံမူလဖြစ်ပါတယ်။ ထိုပရိယတ္တိစာပေကို ခေတ်အဆက်ဆက် လက်ဆင့်ကမ်း သယ်ဆောင်လာကြသော မျိုးဆက်သစ် သံဃာတော်များသည် အရေးကြီးပါတယ်။ ဒါယကာ၊ ဒါယိကာမများ အနေဖြင့် ထိုမျိုးဆက်သစ် သာမဏေငယ်တို့ကို အားပေး ချီးမြှောက်သင့်ပါတယ်။
အခွင့်အခါသင့်တိုင်း သာသနာအတွက် အရေးပါသည့် နေရာများမှာ မွန်မြတ်တဲ့ ကောင်းမှုတွေ ပြုလုပ်နိုင်ကြသဖြင့် ကောင်းကျိုးလိုရာ ဆန္ဒများ ပြည့်ဝနိုင်ကြပါစေ။