Saturday, August 4, 2012

တောင်မြို့ဆရာတော်ဘုရားကြီး၏ နံနက်ခင်းသြ၀ါဒများ

  "ကိုယ့်ကိုယ်ကို စိစစ်"
ပြင်ရမယ် ဆိုတာ တွေက တခြားမဟုတ်ဘူး။ အစားအသောက်ကစပြီး ပြင်ရမှာ။အနေအထိုင်၊အသွားအလာ၊အပြောအဆို၊ အမူအကျင့်၊စိတ်နေစိတ်ထား အားလုံး ပြင်ကြရမယ်၊စာမေးပွဲ နောက်ချန်ထား၊သီလစင်ကြယ်အောင်နေ၊ သဒ္ဓါတရားနဲ့ သီလကို ထမ်းပိုးညီအောင်ထား၊
သင်္ကန်းဝတ်တာကိုပင် ဘာကျေးဇူးရှိလဲလို့ ကိုယ့်ကိုယ်ကို ပြန်မေးစိစစ်။

                                      "သာသနာ့ အမွေခံ"
သာသနာ့ ၀န်ထမ်းဆိုတာ နေရာတိုင်းမှာ သိက္ခာသုံးပါးပါမှ ကောင်းတာ၊ အခုတော့ တော်တော် များများ မဟုတ်ကြတော့ဘူး၊ စာလာပေလာ လုပ်ဆောင်ချက်နဲ့ မကိုက်ဘူး၊ သက်သက် ညာဖြန်းနေကြတာတော့ မကောင်းဘူး၊ သဒ္ဓါတရားရှိတဲ့ ကလေးတွေကို ကိုရင် ၀တ်ပေး၊စာသင်လွှတ်၊ စာပေထိုက်သလောက် တတ်မြောက်တော့ ရဟန်းခံ ၊၀ိနည်း နဲ့နေပါစေ။ ဒါမှ သာသနာ့ အမွေခံ ကျန်ရစ်မယ်။ ခုတော့ မဟုတ်ကြတော့ဘူး၊ စာမေးပွဲ ၀င်စား၊ ဓမ္မကထိက လုပ်စား၊ဆေးကုစား၊
တချို့က ဗေဒင်ဟော၊ယတြာချေ ၊ဓာတ်ရိုက်ဓာတ်ဆင်၊နတ်ဝင်နတ်ပူး လုပ်စားနေကြတယ်၊အနှစ်မပါဘဲ သာသနာမှာ မဟုတ်တရုတ်တွေချည်း လျှောက်လုပ်နေကြတယ်၊ မကောင်းပါဘူး၊ အတုမယူကြပါနဲ့၊ အထင်မကြီးကြပါနဲ့၊

                           " ဂါဟတ် ကိုက်တတ်တယ်"
စာသင်တယ် ဆိုတာ ကိုယ်ကျင့်တတ်ကြံတတ်အောင်ရယ်၊ ပိဋကတ်တော်တွေ မပျောက်အောင်ရယ် ဒီလိုရည်ရွယ်ချက်ထားနိုင်မှ ကောင်းတာ၊ ဂုဏ်ရှိအောင် ၊ကျော်ကြားအောင် ၊လာဘ်လာဘ ပေါများအောင်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ သင်ရင်တော့ ဦးတည်ချက်မမှန်သေးဘူး။မမှန်ရုံတင်မကဘူး။စာတွေတတ်လာတဲ့ အခါ အဲဒီစာတွေက လူကိုပြန်ပြီး ဒုက္ခ ပေးတတ်တယ်။
စာတွေက ဒုက္ခပေးတာတော့ မဟုတ်ဘူးပေါ့၊ရည်ရွယ်ချက်မမှန်တဲ့ အတွက် မာန်မာနတွေ ၀င်လာပြီး အဲဒီမာနတွေက ဒုက္ခပေးတာ ။ဒါကို ရှေးဆရာတော် ကြီးတွေက 'ကိုယ့်မှာမတတ်၊ စာမှာတတ်၊ဂါဟတ်ကိုက်တတ်သည်' လို့ သြဝါဒပေးကြတယ်။ဂါဟတ်ဆိုတာ မာနကို ပြောတာ။

                              " ကိုယ်သာ အသိဆုံး"
ဆရာသမားရဲ့ မျက်မှောက်မှာရော မျက်ကွယ်မှာရော ကိုယ့်သီလကို စောင့်ရှောက်တဲ့သူမှ လူတော်လို့ ခေါ်နိုင်ပါတယ်။
ကွယ်ရာမှာ လုပ်ချင်ရာလုပ်ပြီးတော့ လူရှေ့သူရှေ့ကျမှ သူတော်ကောင်းဟန်ဆောင်တာမျိုးက မကောင်းဘူး။ အဲ့ဒါမျိုးဟာ လှည့်စားမှု၊ကောက်ကျစ်မှု တွေနဲ့ဖုံးလွှမ်းထားတာမို့ သူယုတ်မာခေါ်တယ်။ စာထဲမှာတော့ သူခိုးအကြီးစားလို့တောင် ဆိုသေးတယ်။ပတ်ဝန်းကျင်အများ ကြည်ညိုဖို့ထက် ကိုယ့်ကိုယ်ကို ကြည်ညိုဖို့က ပိုအရေးကြီးတယ်။ ကိုယ့်အကြောင်း ကိုယ်အသိဆုံး၊ ကိုယ့်ကိုယ်ကို ကြည်ညိုနေနိုင်အောင် ကြိုးစားပါ၊

                         "ဘုန်းကြီးကောင်း ဆိုတာ"
ကျောင်းတိုက်တွေ ခွဲတည်ကြမယ်ဆိုရင် ကျောင်းကောင်းဖို့ မလိုဘူးနော်။ ပုဂ္ဂိုလ်ကောင်းဖို့  လိုတယ်၊ ပုဂ္ဂိုလ်ကောင်းဖို့ ဆိုတာက ကျောင်းထိုင်ဘုန်းကြီးရော၊ကျောင်းနေကိုယ်တော်တွေရောကို ဆိုလိုတာ ။ စိတ်ထား ဖြူစင် ဖြောင့်မတ်ဖို့ လိုတယ်၊ ကိုယ်ကျင့် သီလလဲ လုံဖို့ လိုတယ်၊ဘုန်းကြီးကောင်းဆိုတာ စိတ်ထား ကောင်းတာ၊ ကိုယ်ကျင့်သီလ ကောင်းတာကို ရွေးရမှာ၊အများထင်နေကြတာက ဘုန်းကြီးကောင်းဆိုတာ စာတတ်တာလို့ ထင်နေကြတယ်။ စာတတ်တိုင်း ဘုန်းကြီးကောင်းမဟုတ်ဘူး။ စာလဲတတ်၊စိတ်ထားလဲ ကောင်းဆိုရင်တော့ ပြောစရာ မလိုဘူးပေါ့၊

                                  "တာဝန်ကျေပါစေ"
ဒကာ၊ဒကာမတွေက ကြည်ညိုလွန်းလို့ သူတို့ လုပ်စာတွေထဲက ရှားရှားပါးပါး ခွဲဝေပြီး လာလှုကြတာ၊ဆွမ်းတွေ လာကျွေးကြ၊ ကျောင်းတွေ လာဆောက်ကြနဲ့၊  ကိုယ့်ဘက်က မဟန်ရင်တော့ ခံကြရမယ်နော်၊ ဘုန်းကြီးလုပ်သူတွေဟာ သူများလုပ်စာတွေ စားနေပြီး ကိုယ့်ဘက်က တာဝန်မကျေရင်တော့ ခံကြရမှာပဲ၊ ဒီအခွင့်အရေးကို အလွဲသုံးစား မလုပ်လိုက်ကြပါနဲ့၊ကိုယ့်ဘက်က ဓူရနှစ်ပါးအနက် တစ်ပါးပါးကို အမြဲ ကြိုးစားနေကြရမှာ၊စာပေကျမ်းဂန်တွေကို သင်အံလေ့ကျက်နေရတဲ့ ဂန္ထဓူရ၊ ဒါမှမဟုတ် ရုပ်နာမ်အပေါ် လက်တွေ့ရှုနေတဲ့ ဝိပဿနာ။ ဒီဓူရနှစ်ပါးမှာ တစ်ပါးပါးကို ရွက်ဆောင်နေမှ တာဝန်ကျေတယ်။

                   " ကိုယ့်ဘာသာ  စဉ်းစာ"
သာသနာမှာ အတွင်း ပုဂ္ဂိုလ်တွေ မဖျက်သေးသမျှ တည်တံ့နေမှာ အမှန်ပဲ၊' နောင်တစ်ချိန်မှာ လဇ္ဖီတွေသာ သာသနာတော်ကို စောင့်ရှောက်ရစ်လိမ့်မယ်' လို့ အဆိုရှိတယ်။ ပြောင်းပြန်အားဖြင့် အလဇ္ဇီ  တွေက ပျက်အောင် ဖျက်လိမ့်မယ်လို့ ဆိုရာရောက်တယ်။အဲ့ဒီ အလဇ္ဇီတွေဟာ ကင်ဆာ ရောဂါလို အတင်းဝင်ဖျက်မယ့် သူတွေပဲ။
အရပ်ထဲမှာ ဂုဏ်သရေရှိ လူကြီးလူကောင်းများရဲ့ သားသမီးတွေတောင် ကိုယ့်သိက္ခာ ကိုယ်ထိန်းပြီး အိနြေ္ဒရရ နေနိုင်ကြသေးတာ။ကိုယ်တော်တို့က ယဉ်ကျေးပါတယ် ဆိုတဲ့ ဘုရားသာသနာထဲ ဝင်နေတဲ့ သူဖြစ်ရဲ့နဲ့ ဘာဖြစ်လို့ မထိန်းနိုင်ရမှာလဲ၊ ဘာဖြစ်လို့ မယဉ်ကျေးနိုင်ရမှာလဲ၊ လူ့ဘဝတုန်းကတောင် မမိုက်ပါဘဲနဲ့ ဘုန်းကြီးဝတ်ကာမှ  မိုက်ရတယ် ဆိုရင် ဘာဖြစ်ကုန်ပြီလဲလို့ ကိုယ့်ဘာသာကိုယ် စဉ်းစားသာကြည့်ကြပေတော့၊

                      " အန်ဖတ်မစားကြနဲ့"
တို့ဘုန်းကြီးတွေမှာ လူတွေရဲ့ အစားအသောက်အဝတ်အစားထဲက ပိုလျှံမှ စားကြရတယ် ၊ ဝတ်ကြရတယ်။ နေကြရတယ်၊ ဒါကို တို့က လောဘ၊ဒေါသ တွေနဲ့ မြိန်ရေ ရှက်ရေ စားလို့ သောက်လို့ ဖြစ်ပါ့မလား၊ မဖြစ်ပါဘူး၊ တစ်ပါးနဲ့ တစ်ပါး ကျောင်းလုနေလို့ကော သင့်တော်ပါ့မလား၊ တို့များမှာ လူတွေ လှုတဲ့ ပစ္စည်းလေးပါးကို မြိန်ရေရှက်ရေ သုံးဆောင်နေလို့ မသင့်ဘူး၊ ဒီလိုသာ သုံးဆောင်နေရင် အန်ဖတ်တွေစားပြီး အပါယ်လေးပါး သွားကြရမှာ၊ အလွန်ဝမ်းနည်းစရာ ကောင်းတယ်၊ ဒါကြောင့်အန်ဖတ်တွေ စားပြီး သာယာ မနေကြနဲ့။
ဝမ်းသာ မနေကြနဲ့၊ လောဘ ဒေါသတွေ ဖြစ်မနေကြနဲ့။ဘာဝနာ မပါဘဲ လူတွေရဲ့ ထွေးအန်ဖတ်တွေကို နေ့စဉ်စားသုံးပြီး သွားမယ်ဆိုရင် သံသရာအတွက် မတွေးဝံ့အောင်ပဲ ၊ အလွန်ကြောက်စရာ ကောင်းတယ်။

                        " သာသနာ အလုပ် လုပ်နိုင်မှ"
လူတွေကိုသာ ပြောပြောနေတာ၊ တို့ဘုန်းကြီး တွေက ကော လာဘ်လာဘ ပေါများချင်ကြတယ်၊ ဘုန်းကြီးချင်ကြတယ်။ ဒကာ ဒကာမ တွေ ပေါများချင်ကြတယ်၊ ဒါတွေ ပေါများနေရင် သာယာမှု တဏှာက ပါလာပြီ " ငါမှ ငါ" ဆိုတဲ့ မာနက ပါလာပြီ၊ သံသရာကို ချဲ့ထွင်တဲ့ တရားတွေ နောက်ကလိုက်လာပြီ၊ ဘုန်းနောက်လိုက်ရင် သွားရမယ် နိဗ္ဗာန်၊ ဝေးပါသေးတယ်၊ နိဗ္ဗာန်သွားတဲ့ အကျင့်နဲ့ လာဘ်လာဘပေါများအောင် ကျင့်တဲ့ အကျင့်ဟာတခြားစီပဲ။
ဒါကြောင့် ဘုန်းကြီးအောင် မလုပ်ကြနဲ့၊ စာမေးပွဲ အောင်ပြီး ဆောင့်ကြွားကြွား မလုပ်ကြနဲ့၊ စာမေးပွဲတွေ အောင်ပြီးရင် သာသနာအလုပ် လုပ်နိုင်မှ ကောင်းတယ်။

                               "ပြုပြင်ပြီး နေပါ"
စိတ်ကောင်းမရှိဘဲနဲ့ ဂုဏ်ရှိနေလို့ကတော့ မကောင်းပါဘူး ၊ အပြောအဆိုလဲ ပြင်ပြီးတော့ နေကြပါ၊ လူတွေနဲ့ စကားပြောရင် ခင်ဗျား၊ ကျွန်တော် မပြောပါနဲ့၊ ကိုယ်က အထက်တန်းရောက်နေတာ၊ အထက်တန်းစား စကားပြောပေါ့၊ ကိုယ်ရေးကိုယ်တာ မကြည့်နဲ့၊ တစ်ဘဝတည်းကြည့်ရင် ကျဉ်းမြောင်းတယ်၊ ကောင်းကောင်းနေကြပါ၊ စိတ်က ယုတ်မာရင် နောက်ဘဝ သိပ်ကျသွားမယ်၊ ခုဘဝ နာမည်ကောင်းလေးနဲ့ အားရမနေနဲ့ ၊ နောက်ဘဝ နိမ့်ကျသွားမယ် ၊ ကိုယ့်သီလသိက္ခာကို ထိန်းပေးကြပါ၊ ဘုန်းကြီးတွေ သာသနာ ပြုရင် နိုင်ငံပါ တိုးတက်ပြီး ကောင်းသွားမှာပါ၊ သာသနာ ပြုနည်းတွေ အများကြီး ရှိပါတယ်၊ဗုဒ္ဓဘာသာ တည်တံ့ရေး၊ နောက်မဆုတ်ရေး ဒီအရေးတွေကို တို့ဘုန်းကြီးတွေက ထမ်းဆောင်ပါ၊ သာသနာရေးမှာ ဘုန်းကြီးတွေသာ အရင်းခံပါ။


"ဘယ်လိုရဟန်းလဲ"
ရဟန်းဆိုတာ (၁) သဒ္ဓါတရားနဲ့ ရဟန်းပြုလာသူ၊
(၂) ဘေးရန်ကြောက်
၍ ရဟန်းပြုလာသူ၊ (၃) ပညာဥာဏ် ရချင်လို့ ရဟန်းပြုလာသူ၊
(၄)ယောင် ခြောက်ဆယ်ဘ၀မှ ရဟန်းပြုလာသူ- လို့ လေးမျိုးလေးစား ရှိတယ်။
ဘယ်ထဲမှ ပါတယ် ဆိုတာစိစစ်ကြည့်ပေတော့။

"ကြာဖူးကြာပွင့် ဝေပါစေ"
                               စာထဲမှာ ဥပမာပေးထားတာ ရှိတယ်။ ပရိယတ္တိ လုပ်ငန်းဟာ ကန်ပေါင်ကြီး ဆည်ဖို့တာနဲ့ တူတယ်တဲ့။ကန်ပေါင်ကြီး ရှိမှ ပဋိပတ္တိဆိုတဲ့ ကျင့်ဝတ်ရေတွေ တည်နိုင်မယ်တဲ့။ ရေတွေရှိမှလဲ ပဋိဝေဓ ဆိုတဲ့ ကြာဖူးကြာပွင့်တွေ ဝေမယ်တဲ့။ ဒါကြောင့် ကန်ပေါင်ဆည်ပြီးရင် ကြာဖူးကြာပွင့်တွေ ဝေအောင်လဲ လုပ်ကြရလိမ့်အုံးမယ်။မေ့မနေကြနဲ့....

                            " အထင်သေး မခံနဲ့"
ဘုန်းကြီးဆိုလဲ ဘုန်းကြီး ပီသအောင်နေ၊ သီလ သမာဓိ သိက္ခာ မလျော့စေနဲ့။ သာသနာကို မြတ်နိုးကြပါ၊ သာသနာ့ ၀န်ထမ်းဘ၀နဲ့ နေတုန်းမှာ ကိုယ့်ဘက်ကလဲ အထင်သေးစရာ မဖြစ်အောင် နေကြပါ၊

                                    "သာသနာ့ အသက် ၀ိနည်း"
ဝိနည်းကို လေးစားကြပါ၊ သီလ စင်ကြယ်အောင် နေကြပါ၊ သာသနာတော်ကြီးရဲ့ တာဝန်ကို ထမ်းဖို့ လိုအပ်တယ်၊သာသနာတော်ကြီး သက်တမ်းရှည်ဖို့ လိုအပ်တယ်။ သာသနာတော်ကြီးရဲ့ အသက်ဟာ ၀ိနည်းပဲ။
ဝိနည်းတည်မှ ကျင့်သုံးလိုက်နာသောအားဖြင့် သာသနာ့ ၀န်ထမ်းတွေရဲ့ သန္တာန်မှာတည်မှ သာသနာတော်ကြီးတည်တယ်လို့ ဆိုရတယ်။
အနာဂါတ်သာသနာတော်ကို လဇ္ဖီများ စောင့်ရှောက်ကြလိမ့်မယ်တဲ့။ ဒါကြောင့် လဇ္ဖီပုဂ္ဂိုလ်များ ဖြစ်အောင် ကြိုးစားကြပါ။

                             " ထိပ်တန်း သာသနာဖြစ်ဖို့"
ရဟန်းသာမဏေများဘက်ကလဲ သဒ္ဓါတရား အပြည့်ရှိကြတယ်။ သဒ္ဓါတရား မပါဘဲ စသင်စာချ လုပ်မနေကြပါနဲ့။
သာသနာထဲ အချောင်ဝင်ပြီး မခိုကြပါနဲ့။ စာတတ်တာနဲ့ သာသနာထဲမှာ အလုပ်လုပ်တတ်တာက တခြားစီပါ။ သိက္ခာသုံးပါးရှိမှ အနှစ်ပြည့်တဲ့ ဥယျာဉ်ကြီးဖြစ်လာမယ်။

                             "ဦးစားပေးရမှာက"
လက်တွေ့ ဦးစားပေးရမှာက ဒီသာသနာမှာ သိက္ခာသုံးပါးပဲ၊ အခု ဦးစားပေးနေကြတာကလာဘ်လာဘတွေ၊
ဂုဏ်ပကာသနတွေ၊ အသိုင်းအ၀န်းတွေ ၊ မဟုတ်လိုက်ကြတာကမှ တက်တက်စင်လွဲတယ်။လောကကြီးကို အထင်ကြီးဖို့ထက် ဘုရားရဲ့ တရားတော်တွေကို အထင်ကြီးဖို့က ပို အရေးကြီးပါတယ်။ဘုန်းကြီးတွေမှာ ကျောင်းတွေပေါ၊ ဆွမ်းတွေပေါ၊ပစ္စည်းလာဘ်လာဘတွေပေါပြီး လေဘစိတ်နဲ့များ သေသွားကြရင် ကောင်းရာသုဂတိ ရောက်မယ်များ ထင်နေကြသလား၊မထင်လိုက်ကြနဲ့၊ ကြောက်စရာကြီး။
သင်္ကန်းဝတ်နဲ့ နေကြရပေမဲ့ စိတ်ချမ်းသာနိုင်မှ ကောင်းတာ၊ သင်္ကန်းဝတ်နဲ့ နေမှ ပိုဆိုးရင် ကိုယ်ကျိုးနည်း ရတော့မယ်၊သတိရှိကြပါ၊သာသနာတော်ကြီးကို တန်ဖိုးထားကြစမ်းပါ။
အများက ဂုဏ်တွေ လာဘ်လာဘတွေ ပေါပြီး နာမည်ကြီးမှ လူရာဝင်မယ် ထင်နေကြတယ် ။ မဟုတ်ဘူးနော်။

                             "လူလို မနေကြနဲ့"
စာတတ်အောင် သင်ပြီးလို့ရှိရင်  အသိဥာဏ်က ကျယ်ပြန်ပေးရတယ် ၊ဥာဏ်တဆုံး ကြည့်တတ်တဲ့ အလေ့ လုပ်ပေးရတယ်။ အများအားဖြင့် စာတတ်အောင် သင်ပြီးတော့ စာလို မနေကြဘူး ၊ လူလို နေနေကြတယ်။

No comments:

Post a Comment