Tuesday, May 15, 2012

အရှင်မန္တာဏိပုတ္တပုဏ္ဏမထေရ်

ဧတဒဂ္ဂံ ဘိက္ခဝေ မမ သာဝကာနံ ဘိက္ခူနံ ဓမ္မကထိကာနံ ယဒိဒံ ပုဏ္ဏော မန္တဏိပုတ္တော။ (အံ-၁၊ ၂၄)


မထေရ်အလောင်း ရှေးဆုတောင်း
အရှင်ပုဏ္ဏအလောင်းတော်သည် ပဒုမုတ္တရဘုရားရှင် ပွင့်တော်မမူခင်ကပင် ဟံသာဝတီမြို့ဝယ် ဂေါတမအမည်ဖြင့် ပုဏ္ဏားသူဌေးမျိုး၌ ဖြစ်ပြီးလျှင် ဗေဒင်သုံးပုံ၌ လိမ္မာကျွမ်းကျင်သော်လည်း
ထိုဗေဒင်များ၌ သံသရာဝဋ်မှ လွတ်မြောက်ကြောင်း တရားကို မတွေ့မမြင်ရကား ဤဗေဒင်သုံးပုံဖြင့် ငါ့အဖို့ရာ အကျိုးမရှိ-ဟု ကြံစည်ပြီးနောက် တပည့်များနှင့်အတူ တခုသောတောင်ခြေသို့ သွားရောက်လျက်  ရသေ့ရဟန်းပြုလေသည်။ လောကီအဘိညာဉ် ၅-ပါး၊ လောကီသမာပတ် ၈-ပါး တို့ကို ရရှိလေသည်။


ဂေါတမရသေ့ အသက်အရွယ်  အိုမင်းရင့်ရော်သောအခါ၌ ပဒုမုတ္တရဘုရား ပွင့်ထွန်းတော်မူလာခဲ့လေသည်။ ဘုရားရှင်သည် ဂေါတမရသေ့၏ သင်္ခမ်းကျောင်းသို့ ကြွရောက်လာကာ ခုနစ်ရက်ပတ်လုံး နိရောဓသမာပတ်ဝင်စား ပြီးလျှင် နိရောဓသမာပတ်မှ ထတော်မူ၏။ ဂေါတမရသေ့သည် တပည့်ရသေ့များနှင့်အတူတကွ ဘုရားအမှူးရှိသော သံဃာတော် တို့အား သစ်သီးဆွမ်း, ပန်းနေရာအခင်းများ, ပန်းထီးများကို လှူဒါန်းလေသည်။


ဘုရားရှင်သည် တရားဟောကောင်းသော အရာဝယ် ဧတဒဂ်ဘွဲ့ထူးရ တပည့်ရဟန်းကို ပန်းနေရာအနုမောဒနာတရား ဟောစေပြီးလျှင် မိမိကိုယ်တော်တိုင်လည်း တရားဟောတော်မူလေသည်။ ဒေသနာနိဂုံး အဆုံးဝယ် ဂေါတမရသေ့မှတပါး တစ်သောင်းရှစ်ထောင်သော တပည့်ရသေ့တို့သည် အရဟတ္တဖိုလ်သို့ ဆိုက်ရောက်ကြလေသည်။


ဂေါတမရသေ့သည် ဘုရားရှင်အား ရှေးဦးစွာ တရားဟောသောရဟန်း၏ အကြောင်းကို မေးမြန်းလျှောက်ထားသောအခါ ဘုရားရှင်က ဓမ္မကထိကရဟန်းတို့တွင် အမြတ်ဆုံး ဧတဒဂ်ဘွဲ့ထူးရပုဂ္ဂိုလ် ဖြစ်၏-ဟု မိန့်တော်မူလေ၏။ အရှင်ရသေ့က ဤခုနစ်ရက်တိုင်တိုင် ပြုလုပ်အပ်သော ကောင်းမှုတို့ကြောင့် ထိုရဟန်းကဲ့သို့ “ဓမ္မကထိက ရဟန်းတို့တွင် အမြတ်ဆုံး ဧတဒဂ် ဘွဲ့ထူးရပုဂ္ဂိုလ် ဖြစ်ရပါလို၏”ဟု ဆုတောင်းခဲ့လေသည်။


ရဟန်းပြုရ ဆုံးဘဝ ဓမ္မကထိက
အရှင်မြတ် အလောင်းတော်သည် နောက်ဆုံးဘဝ ငါတို့၏ဘုရားလက်ထက်တော်ဝယ် ကပိလဝတ္ထုမြို့တော်၏ မနီးမဝေးသော ဒေါဏဝတ္ထုမည်သော ပုဏ္ဏားရွာ, ပုဏ္ဏားသူကြွယ်မျိုး၌ ဖြစ်၍ အညာသိကောဏ္ဍညထေရ်၏ တူအရင်း ဖြစ်လေသည်။ ဦးရီးတော်၏ အစီအမံဖြင့် ရှုရဟန်းအဖြစ်ရ၍ မကြာမီကာလအတွင်းမှာပင် အရဟတ္တဖိုလ်သို့ ရောက်တော်မူလေသည်။


အရှင်သည် အမည်အားဖြင့် “ပုဏ္ဏ”ဖြစ်၍ မန္တာဏိပုဏ္ဏေးမ၏သားဖြစ်၍ “မန္တာဏိပုတ္တ” ဖြစ်သည်။ အရှင်မြတ်သည် ဆုတောင်းသည့်အတိုင်းပင် ဓမ္မကထိကအရာ၌ ဧတဒဂ်ရာထူး ရတော်မူလေသည်။(အံ-ဋ္ဌ၊ ၁-၁၅၆၊ ၁၆၀)

ကထာဝတ္တု ၁၀ ပါး

ကထာဝတ္ထု ၁၀-ပါး ဟူသည်မှာ---
၁။ အပ္ပိစ္ဆကထာ=အလိုနည်းမှုနှင့်စပ်သော တရားစကား။
၂။ သန္တုဋ္ဌိကထာ=ရောင့်ရဲလွယ်မှုနှင့်စပ်သော တရားစကား။
၃။ ပဝိဝေကကထာ=ဝိဝေကသုံးပါးနှင့်စပ်သော တရားစကား။
၎။ အသံသဂ္ဂကထာ=သံသဂ္ဂ ၅-မျိုးမှ ကင်းခြင်းနှင့်စပ်သော တရားစကား။
၅။ ဝီရိယာရမ္ဘကထာ=ကြိုးစားအားထုတ်မှု ဝီရိယနှင့်စပ်သော တရားစကား။
၆။ သီလကထာ=သီလနှင့်စပ်သော တရားစကား။
၇။ သမာဓိကထာ=သမာဓိနှင့်စပ်သော တရားစကား။
၈။ ပညာကထာ=ပညာနှင့်စပ်သော တရားစကား။
၉။ ဝိမုတ္တိကထာ=အရဟတ္တဖိုလ်နှင့်စပ်သော တရားစကား။
၁၀။ ဝိမုတ္တိဉာဏဒဿနကထာ=ပစ္စဝေက္ခဏာဉာဏ်နှင့်စပ်သော တရားစကား။
အရှင်မန္တာဏိပုတ္တပုဏ္ဏသည် ဤကထာဝတ္ထု ၁၀-ပါးအတိုင်း လိုက်နာကျင့်သုံး၍ တပည့်တို့ကိုလည်း ထိုကထာဝတ္ထု ၁၀-ပါး တို့ဖြင့် ဆုံးမတော်မူလေသည်။

No comments:

Post a Comment