Monday, June 11, 2012

သောတာပန် တို့ ၏ အချစ်းမျိုးနှင့်


သားသမီးတွေဟာ ငယ်ရွယ်စဉ်အခါကာလက မိဘတွေရဲ့ သားသမီးတွေပါပဲ
 ချစ်စရာလည်း အလွန်ကောင်းခဲ့ပါတယ်။ ဒါပေမယ့် (ငယ်သောက သား၊ ကြီးတော့ ကျား) ဆိုတဲ့ အတိုင်းပါပဲ ကြီးပြင်းလာတဲ့အခါမှာ မိဘနှစ်ပါးအတွက်အန္တရာယ်ကြီးသလို
ကြောက်စရာလည်းကောင်းလာတတ်ပါတယ်။စာရှု့သူများသိကြသည့်အတိုင်းအဇာတသတ်ဇာတ်ကိုပဲ လေ့လာကြည့်မည်ဆိုလျှင် ဗိမ္မိသာရဘုရင်ကြီးရဲ့ မိဖုရားခေါင်ကြီးဟာ သားတော်လေးတစ်ပါး၏ ကိုယ်ဝန်ကိုလွယ်ထားရပါတော့တယ်။ တစ်နေ့သ၌ မိဖုရားခေါင်ကြီးဟာ ကိုယ်ဝန်ဆောင်မိခင်တို့ရဲ့သဘာဝအတိုင်း (ချဉ်ခြင်းတပ်မက်တဲ့)အာသာဆန္ဒတွေ ဖြစ်လာပါတယ်။ သာမန်လူတွေကတော့ အချဉ်စားချင်တာ၊ အစပ်စားချင်တာ၊ အစိမ့်စားချင်တာ၊
 ဆေးလိပ်ပြာလျက်ချင်တာ စသဖြင့် ချဉ်ခြင်းတပ်မက်ခြင်းတွေ ဖြစ်တတ်ကြပါတယ်။
ဗိမ္မိသာရဘုရင်ကြီးရဲ့မိဖုရားခေါင်ကြီးကတော့ထိုကဲ့သို့မဟုတ်ပါဘဲလင်ယောက်ျားဖြစ်တဲ့ဗိမ္မိသာရဘုရင်ကြီ
းရဲ့ညာဘက်လက်မောင်းသွေးကိုဖောက်၍ သောက်ချင်ပါတယ်။ အဲ့ဒီအာသီသ ချဉ်ခြင်းတပ်မက်ခြင်းကို ဘုရင်မင်းမြတ်ကြီးကလည်း လိုက်လျောစွာဖောက်တိုက်ခဲ့ပါတော့တယ်။
အဲ့ဒီဖြစ်စဉ်ဟာ ဖြစ်ရိုးဖြစ်စဉ် မဟုတ်တဲ့ ဒီဖြစ်ရပ်ကိုနန်တော်အတွင်း ပညာရှိအမတ်တွေ၊ ပုရောဟိတ်တွေ သိသွား ကြလေတော့ ယခုမိဖုရားခေါင်ကြီးလွယ်ထားသော သန္ဓေသားမှာ အဖကိုသတ်မယ့်သား ဧကန်မုချ ဖြစ်လိမ့်မည်ဟူ၍ သူတို့တတ်အပ်တဲ့ အတတ်ပညာနဲ့ တွက်ချက်ဟောကိန်းထုတ်ခဲ့ကြတယ်။ဒီဟောချက်နဲ့လျှောက်တင်ချက်ကို မိဖုရားခေါင်ကြီးလည်းကြားရော ရင်တစ်ခုလုံး တုန်လှုပ်ချောက်ချားသွား ခဲ့ရပါတော့တယ်။ (မမြင်ရသေးတဲ့ သားဟာ အဖကိုသတ်မယ့်သား)တဲ့ခြောက်ခြားစရာကောင်းတဲ့အဲဒီအကျိုးဆက်တရားကြီးကိုဘယ်လိုပုံစံမျိုးနဲ့ တားဆီးရပါလဲဟု သောကဖြည့်ဆည်းမှု တွေနဲ့ မိဖုရားခေါင်ကြီးမှာ စားမ၀င် အိပ်မပျော် ဖြစ်ခဲ့ရပါတော့တယ်။ မိဖုရားကြီးမှာ တစ်ဖက်ကရင်သွေး၊ တစ်ဖက်သူလေးစားချင်ခင်ရတဲ့ သူတော်ကောင်းလင်ယောက်ျားဖြစ်တယ်။
ဗိမ္မိသာရဘုရင်ကြီးဟာ မဟာသောတာပန်ကြီးဖြစ်တာနဲ့အညီ တိုင်းပြည်အုပ်ချုပ်မင်းလုပ်ရာမှာလည်း မင်းကျင့်တရား (၁၀)ပါးနဲ့အညီ ကျောသား ရင်သား မခွဲခြားဘဲ အုပ်ချုပ်ခဲ့သည့်အတွက်ကြောင့် တစ်တိုင်းပြည်လုံးက လေးစားကြည်ညိုကြတဲ့ သူတော်ကောင်း မင်းမြတ်ကြီးလည်းဖြစ်တယ်။ ဒီလိုကောင်းမွန် မြင့်မြတ်တဲ့ကျေးဇူးရှင်ဖခင်ကို သူ့ရင်သွေးက သတ်မည်ဆိုတော့ အကြီးလေးဆုံးသောအပြစ် (ပဉ္စာနန္တရိယကံ)ကို သူ့ရင်သွေးက ကျူးလွန်မိခဲ့ရင် အဆိုးဝါးဆုံး ငရဲကျတဲ့ဒဏ်ကို ရင်သွေးငယ်က ခံစားရမှာဖြစ်တဲ့အတွက်ကြောင့် ဉာဏ်ပညာကြီးမားတဲ့ မိဖုရားပီပီ လင်ယောက်ျားသူတော်ကောင်းကြီးသည်လည်း မထိခိုက်ရအောင် ရင်သွေးငယ်သည်လည်း ငရဲမကျရအောင် အကုသိုလ်တရားကို ဓါးခုတ်ရာ လက်ဝင်လျှိုဆိုသလို သူပဲခံလိုက်မယ်ဆိုပြီး မိမိရင်သွေးကို လောကထဲရောက်မလာအောင် ဖျက်ချဖို့ နည်းအမျိုးမျိုးဖြင့် ရင်နာနာနဲ့အားထုတ် ကြံစည်တော့တာပါပဲ။ သို့သော်လည်း ဖြစ်ထိုက်တဲ့ အကုသိုလ်ကံအကြောင်းက ဖန်လာတော့ ဒီဝဋ်ကောင်လောင်း ရင်သွေးဟာ ဘယ်လိုပင်ဖျက်ချ ဖျက်ချ ပျက်မကျခဲ့ပါဘူး။ ကျောက်ပြင်တွေနဲ့ ဗိုက်ကိုအတင်းဖိ၊ တောင်စောင်းတွေပေါ်က လိမ့်ချ၊ အကြံဉာဏ်ရှိသလောက် ခွန်အားရှိသလောက် လုံ့လစိုက်ထုတ်ကြိုးပမ်းခဲ့ပေမယ့် ဘယ်လိုမှ မအောင်မြင်ခဲ့ပါဘူး။
မိဖုရားခေါင်ကြီး ကိုယ်ဝန်ပျက်ကျအောင် အားထုတ်ကြံစည်မှုကို ဗိမ္မိသာရဘုရင်ကြီးသိရှိသွားတဲ့အတွက်ကြောင့် မိဖုရားကြီးကိုခေါ်ယူကာ မလုပ်ကောင်း မလုပ်ထိုက်တဲ့အကြောင်း မလုပ်အောင် ဖြောင်းဖျနားချပြီး မိမိရင်သွေးကို အန္တရာယ်ကင်းစွာ မွေးဖွားစေဖို့ အမိန့်ပေးခဲ့ရပါတယ်။ ပဒေသရာဇ်ဘုရင်တို့ရဲ့ အမိန့်စကားဟာ တစ်သွေး တစ်သံ တစ်မိန့်ပါဘဲ။ ဒီအမိန့်ကို မည်သူတစ်ဦးတစ်ယောက်မျှ ဖယ်ရှား၍ မရနိုင်ဘူး။ ဒီလိုနဲ့ လူ့လောကကို အဇာတသတ်လေး မွေးဖွားခဲ့ရပြီးဆိုပါတော့ ထီးညွှန့်နန်းလျာ ဆက်ခံရမဲ့သားမို့လို့ (ဥစ္စာ-သြဇာ) နှစ်ဖက်စလုံး ပြည့်စုံမှုတွေနဲ့ အားလုံးကို အလိုလိုက်အကြိုက်ဆောင်ရတဲ့ အခြေအနေနဲ့ ဖြတ်သန်းလာခဲ့ရတော့ ဘ၀ကို နားမလည်ခဲ့ပါဘူး။ ဒါကြောင့် လောက အဆိုးအကောင်း အကျိုးအကြောင်း သိနားလည်မှု အလွန်နည်းပါးခဲ့ပါတယ်။ ဒါကြောင့်လည်း အဇာတသတ်ဟာ ဒေ၀ဒတ်ရဲ့ (သမထ) တန်ခိုးနဲ့စည်းရုံး သိမ်းသွင်းခြင်းခံလိုက်ရပြီး လွဲမှားတဲ့ဆရာအသင်မှားမှုကြောင့် ဒေ၀ဒတ်ဟာ အဇာတသတ်ကို လမ်းညွှန်ပေးခဲ့တယ်။ (ငါကတော့ ဘုရားသတ်ပြီး ဘုရားလုပ်မယ်။ မင်းကတော့ အဖေသတ်ပြီး ဘုရင်လုပ်ပါ။ တို့ဆရာတပည့်နှစ်ယောက်ဟာ အဲဒီလိုသာ လုပ်နိုင်ခဲ့မယ်ဆိုလျှင် တို့ဆရာတပည့်နှစ်ယောက်ဟာ လောကမှာ အတုမရှိ ကြီးကျယ်မြင့်မြတ်သွားပါလိမ့်မယ်)လို့ဆိုပြီး မလုပ်ဝံ့မလုပ်ထိုက် မလုပ်အပ်တဲ့ ပဉ္စနန္တရိယကံကြီးကို ကျူးလွန်ကြဖို့ သွေးဆောင်စည်းရုံးခဲ့တဲ့အတွက်ကြောင့် အဇာတသတ်ဟာ သူတော်ကောင်းဖခင်ကြီးကို ထီးနန်းလွှဲအပ်စေဖို့ တောင်းဆိုခဲ့တယ်။
ဗိမ္မိသာရဘုရင်ကြီးဟာ တိုင်းရေးပြည်ရေး ရှုပ်ထွေးမှုတွေကို မလွဲသာလို့သာလျှင် ကိုင်တွယ်အုပ်ချုပ်နေခဲ့ရတဲ့အတွက်ကြောင့် မိမိသားတော်က တိုင်းပြည်ကို လွှဲအပ်ပေးဖို့ တောင်းဆိုလာတော့ မိဘမေတ္တာနှင့် လွယ်လွယ်ကူကူ လိုက်လျောပြီး လွှဲအပ်ပေးလိုက်ပါတယ်။ အဲ့ဒီလိုလွှဲအပ်ခြင်း၏ ရည်ရွယ်ချက်ဟာလည်း မိမိသားဖြစ်၍နေတာကတစ်ကြောင်း တရားကို လွတ်လွတ်လပ်လပ် ကျင့်ကြံအားထုတ်လိုသည့်အတွက်ကြောင့်သာလျှင် ထီးနန်းလွှဲအပ်လိုက်ခြင်းဖြစ်ပါတယ်။
အဇာတသတ်ဟာ သူလိုချင်တဲ့ ထီးနန်းစည်းစိမ်ချမ်းသာကို လွယ်လွယ်နဲ့ ရရှိသွားတော့ ၀မ်းသာအားရ ဆရာလုပ်သူထံ သွားရောက်တင်ပြလိုက်တော့ ယုတ်မာမိုက်မဲလွန်းလှတဲ့ ဆရာဒေ၀ဒတ်ဟာ ဆက်လက်ပြီးတော့ အမိန့်ရှိပြန်တယ်။ မိမိအနေနဲ့ ဖခင်ဘုရင်ကြီးက ထီးနန်းလွယ်လွယ်လေး လွှဲအပ်လိုက်တာပဲဆိုပြီး ၀မ်းသာမနေနဲ့ဦး တကယ်တော့ တစ်တိုင်းပြည်လုံးက အရှင်မင်းသားရဲ့ ဖခင်ကိုလေးစားကြ ချစ်ခင်ကြလွန်းတော့ မင်းသားရဲ့ နောင်ရေးဟာ စိတ်အေးစရာ စိတ်ချစရာ မရှိသေးပါဘူး။ ဒါကြောင့် အရှင်မင်းသားရဲ့ဖခင် မရှိတော့မှဘဲ လုံးလုံးစိတ်ချရမှာမို့ (အများအမြင်မှာလည်း အရှင်မင်းသား သတ်တယ်လို့ မဖြစ်ရအောင် တဖြည်းဖြည်းညှဉ်းပြီး မသေမချင်းသတ်ပစ်ရမယ်လို့ ရက်ရက်စက်စက် ယုတ်မာလှတဲ့ တိုက်တွန်းအကြံပြုမှုတွေနဲ့ ထပ်ပြီး စေခိုင်းခဲ့ပြန်ပါတယ်။)
အဇာတသတ်ဟာ ဆင်ခြင်တုံတရားမရှိ ဉာဏ်ပညာကင်းမဲ့စွာဖြင့် မိုက်လုံးကြီးလှတဲ့သားဆိုး သားမိုက်ပမာ ဖခင်ဘုရင်ကြီးကို တစ်ဆင့်ပြီး တစ်ဆင့် ဆင်းရဲပင်ပန်းအောင်နှိပ်စက်မှု မျိုးစုံသုံး၍ ထောင်တွင်းအကျဉ်းချလျက် ထားလိုက်ပါတော့တယ်။ ထိုသို့ အကျဉ်းသားထားစဉ် အစာရေစာ ဖြတ်ထားသည့်အတွက်ကြောင့် မိခင်ကြီးက ခိုးကျွေးလို့ဆိုပြီး ဖခင်ဘုရင်ကြီးနဲ့ မိခင်ကြီးကို တွေ့ခွင့်မပေးတော့ဘဲ အစာရေစာပါ ဖြတ်လိုက်ပါတော့တယ်။ ဖခင်ဘုရင်ကြီးမှာ သူတော်ကောင်းတရားသမားကြီးပီပီ ခန္တီပါရမီရှေ့ထားပြီး တရားကိုသာ အားစိုက်ကျင့်ကြံလျက် စင်္ကြန်လျှောက်ရင်း မှတ်ပြန်ပါတော့တယ်။ စင်္ကြန်လျှောက်ပြီး တရားမှတ်နေတာကို မြင်ကြရတော့ ဘယ်လိုမှလမ်းမလျှောက်နိုင်အောင်ဆိုပြီး ခြေဖ၀ါးဓါးခွဲ ဆားပက်လျက် ကမ်းကုန်အောင် မိုက်မိုက်မဲမဲ ညှဉ်းဆဲပြုလုပ်ခဲ့ပါတယ်။ အဇာတသတ်ဟာ အကုသိုလ်တရား ကြီးမားစွာ မထောက်မညှာ ညှဉ်းပန်းနှိပ်စက်မှုတွေ ပြုလုပ်နေရခြင်းဟာ ဆရာမှားခဲ့တဲ့အတွက်ကြောင့် အစွမ်းကုန်မိုက်ခဲခဲ့ရခြင်းဖြစ်ပါတယ်။
ဒီအချိန်မှာပဲ တိုက်တိုက်ဆိုင်ဆိုင် အဇာတသတ်ရဲ့ မိဖုရားမှာ သားယောက်ျားကလေး တစ်ယောက် ဖွားမြင်ကြောင်း မင်းချင်းတွေက လာရောက်သတင်းကြား လျှောက်တင်ကြပါတော့တယ်။ ထိုစကားကိုကြားသည်နှင့် မွေးဖွားဆောင်သို့ အဇာတသတ် လိုက်သွားခဲ့ပါတယ်။ သူ့သားလေးကို သူ့လက်ထဲလာထည့်ကြတော့ သားငယ်လေးရဲ့ မျက်နှာမြင်လိုက်ရတာနဲ့ တစ်ပြိုင်ထဲ မိုက်ရိုင်းဆိုးသွမ်း ယုတ်မာတဲ့ စိတ်ရိုင်းတွေဟာ အလိုလိုပျောက်ကွယ်သွားပြီး အင်အားကြီး ပြင်းထန်လေးနက်လှတဲ့ မိဘစိတ် မိဘမေတ္တာ မိဘသံယောဇဉ်တွေ သူ့ရင်ထဲ တိုးဆောင့်ဝင်ရောက်လာခဲ့ပါတော့တယ်။ နူးညံ့သိမ်မွေ့တဲ့ မိဘစိတ်ဟာ သီတာရေစဉ်အလား ရင်ထဲကို ရိုက်ခတ် စီးမျှောလာတော့ သူ့သားလေးရဲ့မျက်နှာကို ကြည့်ရှု့မ၀အောင်ဖြစ်ခဲ့ရပြီး နူးညံ့သိမ်မွေ့တဲ့ သားငယ်လေးကို ထိခိုက်နာကျင်သွားမှာ အရမ်းကို စိုးရိမ်ပူပန်နေမိတယ်။
လူဆိုတာက ကိုယ်တိုင်တွေ့ကြုံခံစားရမှ ကိုယ်ချင်းစာတတ်ကြတယ်။ ဖခင်နေရာရောက်မှ သားချစ်တဲ့စိတ် ကိုယ့်ရဲ့ဖခင်ဟာ မေတ္တာအား ဘယ်လောက်ကြီးတယ်ဆိုတာ သိရှိရပြန်တယ်။ ရန်သူမဟုတ်ဘဲ ညှဉ်းပန်းနှိပ်စက်ခံနေရတဲ့ ဖခင်မျက်နှာကိုလည်း လှမ်းအမှတ်ရလိုက်တယ်။ သူငယ်စဉ်က သူ့အပေါ်ထားရှိခဲ့တဲ့ အဖေစိတ်ရင်းမှန်ကို သိလိုစိတ်တွေ တစ်ဖွားဖွားပေါက်ဖွားလာတာနဲ့ သူ့မယ်တော်ကို အဆောင်ခေါ်ပြီး မေးမြန်းတော့တာပေါ့ “မယ်တော်ရယ် ကျွန်တော်သားလေးကို မြင်လိုက်ရတော့ ကျွန်တော့စိတ်တွေ ဘယ်လိုဖြစ်ကုန်မှန်း မသိတော့ပါဘူး။ ဒီသားလေးကို ဘယ်လိုဘယ်လောက်ချစ်ပါတယ်လို့ နှိုင်းမပြတတ်အောင် ချစ်ခဲ့သလို ကျွန်တော့်ကိုမွေးစဉ်က ကျွန်တော့်အဖေဟာ ကျွန်တော့်ကို ဒီလိုပဲ ချစ်ပါသလား” ဟု မေးလျှောက်လိုက်တော့ မယ်တော်က “ ဟယ် သားဆိုး သားမိုက် မင်းမို့လို့ ဒီမေးခွန်း မေးရက်ပလေတယ် မင်းလိုဆိုးမိုက်တဲ့ သူကတောင် ကိုယ့်သားလေးကို ချစ်တတ်နေရင် မင်းအဖေ သူတော်ကောင်းကြီးဟာ သူ့သားမင်းအပေါ်ချစ်တာ မင်းသားကို မင်းချစ်တာထက် အဆပေါင်းများစွာ သာလွန်တာပေါ့လို့” ဖြေပြီး သူကိုယ်ဝန်ဆောင်စဉ်က ချဉ်ချင်းတပ်ပုံ ပညာရှိပုဏ္ဏားတော်တွေ ဟောကြားခဲ့ပုံ ကိုယ်ဝန်ဖျက်ဖို့ ကြိုးစားခဲ့ပုံ ဖခင်သူတော်ကောင်းကြီးက တားမြစ်ခဲ့ပြီး မွေးစေခိုင်းခဲ့ပုံ ငယ်စဉ်ကအစ ထောက်ညှာသနား အလိုလိုက် အကြိုက်ပေး အချစ်ကြီးခဲ့ပုံ ပြောပြပြီး အလွန်စိတ်ဝင်စားဖွယ်ကောင်းတဲ့ ဖခင်တစ်ယောက်ရဲ့ ကြီးမားတဲ့ မေတ္တာကို ပေါ်လွင်စေမယ့်ဖြစ်ရပ်လေးတစ်ခုကို တစ်ဆက်တည်း ပြောပြလိုက်တာပါပဲ။
အဇာတသတ် ငယ်စဉ်ကလေး (လသား) အရွယ်မှာ လက်ကိုခူနာပေါက်ခဲ့သတဲ့ အနာဟာ မန်းတက်ပြည်တည်ပြီး အနာကိုက်ရှာတော့ ကလေးဟာ စူးစူးဝါးဝါး ငိုတော့တာပေါ့။ တစ်နန်းတော်လုံး ဆူညံပွက်သွားအောင် ငိုတဲ့အသံကို ဖခင်မင်းကြီးကြားတော့ ကလေးဆီ စိုးရိမ်တကြီး ထသွားတာပေါ့ ကလေးကို ချော့မော့ထိန်းကျောင်းပေးနေတဲ့ အမေနဲ့ အထိန်းတော်တွေဆီက ကလေးကို သူ့ဆီပွေ့ချီပြီး အနာကိုက်နေတဲ့ လက်နုချောင်းလေးကို သူ့အာခံတွင်းငုံပြီး (အာငွေ့)ပေးတော့တာပေါ့။ အာငွေ့ပေးလိုက်လို့ နာကျင်မှု ဝေဒနာပျောက်ကင်းသွားသည်က တစ်ကြောင်း၊ အဆက်မပြတ်ငိုနေလို့ မောနေတာကတစ်ကြောင်း၊ ကလေးဟာ အဖေ့လက်ထဲမှာပဲ ချက်ချင်းအိပ်ပျော်သွားသတဲ့။ သူ့အာငွေပေးလိုက်လို့ အနာသက်သာပြီး အိပ်ပျော်သွားတဲ့သားကို ကြည့်ပြီး ပီတီဖြစ်ဝမ်းမြောက်သွားတဲ့ အဖေဟာ ငိုထားတဲ့လက်ကို ပြန်မထုတ်ပဲ အဆက်မပြတ် အာငွေ့ပေးထားတော့တာပေါ့။ မိဘမေတ္တာဓါတ်နဲ့ အဆက်မပြတ်ပေးနေတဲ့ အာငွေ့အပူဓါတ်ကြောင့် မန်းရင်းနေတဲ့ အနာဟာ အပေါက်ပေါက်သွားပြီး ပြည်ပုပ် သွေးပုပ်တွေ ယိုစီးကျလာတော့တာပေါ့။ ဒီပြည်ပုပ် သွေးပုပ်တွေ ထွေးထုတ်ရင် ငုံထားတဲ့ လက်ကလေးပြန်ထုပ်ရမယ်။ လက်ကလေးပြန်ထုတ်လို့ သားလေးနိုးသွားရင် မချိမဆံ့ပြန်ခံစား၊ ပြန်ငိုမှာ စိုးတာနဲ့ အလွန်ညစ်ပတ်နံစော် ပုပ်အီနေတဲ့ပြည်ပုပ် သွေးပုပ်တွေကို ဖခင်ဟာ မျိုချလိုက်သတဲ့။ ကြက်သီးထစရာကောင်းအောင် ကြီးမားတဲ့ ဖခင်မေတ္တာပါပဲ။
ဒို့တစ်တွေ ဒီလိုသွေးပုပ်၊ ပြည်ပုပ်တွေမပြောနဲ့ ချွဲ၊ တံတွေး၊ နှပ်ချေးလောက်ကို ဘယ်လောက်ရွံ့တတ်ကြလည်း၊ စဉ်းစားကြည့်ပါ။ ဒါအင်မတန် အင်အားကြီးမားတဲ့ နိုင်ငံတစ်ခုရဲ့ ဘုရင်ဧကရာဇ်၊ ဘုရင်တစ်ပါးဟာ ကောင်းပေ့ညွှန့်ပေ့ဆိုတာတွေ သုံးဆောင်စားသောက်ရတဲ့ ဘုန်းတန်ခိုးရှင် မဖွယ်မရာ ညစ်ပတ်တာတွေ မြင်ဖို့ကြည့်ဖို့ မပြောနဲ့ အကြားနဲ့တောင်ဘယ်လိုလူမှ ပြောဝံ့မှာ မဟုတ်ဘူး။ မိဘတစ်ယောက်ရဲ့ ကြီးကျယ်မြင့်မားလွန်းတဲ့ မေတ္တာနဲ့ကျ ကိုယ့်သားသမီး ကျန်းမာချမ်းသာရေးအတွက် လက်ရှိဘ၀မြင့်မားမှု ကြီးကျယ်မှု ထည့်မတွက်တော့ဘဲ လုပ်သင့်တယ်ထင်ရင် လုပ်နိုင်တာထက် ပိုပြီးအနွံတာခံကြတာ မိဘတွေရဲ့ စိတ်ရင်းအမှန်ပါပဲ။
မိခင်ရဲ့ ဖြေကြားပြောဆိုနေတဲ့ စကားလုံးတွေဟာ အဇာတသတ်ရဲ့ နှလုံးသားကို သံချွန်တွေနဲ့ ထိုးဆွ မွှေနှောက်နေသလို ပြင်းပြစွာထိခိုက်နာကျင်ခံစားသွားစေပြီး သူ့ဆိုးသွမ်းမိုက်မဲမှုတွေကို အဆုံးသတ်သွားစေခဲ့တယ်။ မင်းချင်းတွေ ဆင့်ခေါ်ပြီး ချုပ်နှောင်ထားတဲ့အဖေကို အမြန်ဆုံးပြန်လွတ်ဖို့ ကြိုးစားပေမယ့် လှိုက်လှဲကြေကွဲစရာကောင်းအောင် ဖခင်ဖြစ်သူဟာ နတ်ရွာခံသွားခဲ့ရပြီး (နောင်တ)ဆိုတာ နောက်မှတသသ ပြုမူလုပ်ဆောင်နိုင်စွမ်းမဲ့စေခဲ့တဲ့ အခြေအနေဆိုးကို ခေါ်တာပါ။ မိဘအပေါ် ရက်စက်ကြမ်းကြုတ်စွာလုပ်ခဲ့မိသော အဇာတသတ်ရဲ့ လုပ်ရပ်စာ ခြွေန်လက်လွန် ဖြစ်သွားခဲ့ရပါပြီ။ ဒါ့ကြောင့် မိဘတိုင်းဟာ ကိုယ့်ရဲ့သားသမီးများအား မလွန်ကျူးသင့် မလွန်ကျူးထိုက်တဲ့ အပြစ်ဘေးတွေ မဖြစ်ပေါ်ရအောင်၊ မိဘများဟာ မိမိတို့ရဲ့ သားတွေကို ငယ်စဉ်အခါကာလမှာ ဆိုဆုံးမထားခဲ့မည်ဆိုလျှင် ကြီးပြင်းလာတဲ့အခါမှ မိဘနှစ်ပါးရဲ့ အားကိုးရာများ ဖြစ်လာကြပါလိမ့်မယ်။ သားသမီးများဟာ ဆိုဆုံးမပြုပြင်မှုနည်းပါးခဲ့လျှင် ကျားဆိုပမာ ကြောက်စရာကောင်းလှပါတယ်။ မိမိမှာသားဆိုးပါလာလျှင် ကျားဆိုးထက်ပင် ကြောက်စရာကောင်းလှပတယ်။ မိမိမှာသားဆိုးပါလာလျှင် ကျားဆိုးထက်ပင် ကြောက်စရာကောင်းလှအောင် မိဘတွေကို ဒုက္ခမျိုးစုံပေးတတ်ကြပါတယ်။ မိမိရဲ့ သားတွေကို ကျားဆိုးဘ၀မရောက်အောင် ငယ်ရွယ်စဉ်အခါကပင် ဆုံးမပြုပြင်မှုတွေပေးလို့ မကောင်းတာတွေကို တားမြစ်ကာ ကောင်းတာတွေကို သွန်သင်ညွှန်ပြလို့ ပြုပြင်ပေးကြရပါလိမ့်မယ်။ ဒါကြောင့်
ငယ်သော်ကသား ဆုံးမငြားက
ကြီးသောအခါ အားပမာ
မှန်စွာကိုးကွယ်သည်။
ငယ်သော်ကသား ဆုံးမနည်းက
ကြီးသောအခါ ကျားပမာ
မှန်စွာ ကြောက်ဖွယ်တည်း.....
ဟု ရေးစပ်မိပါသည်။
မိဘများဟာ မိမိတို့သမီးလေးတွေကို ငယ်ရွယ်စဉ်အခါကာလမှာ ဆိုဆုံးမပြုပြင်ထားခဲ့မည်ဆိုလျှင် ကြီးပြင်းလာတဲ့အခါ ထီးပမာ အေးမြတဲ့အရိပ်ကို ပေးစွမ်းနိုင်ကြပါတယ်။ မိမိရဲ့သမီးလေးတွေကို ငယ်ရွယ်စဉ်အခါကာလမှာ ဆုံးမပြုပြင်မှုမရှိဘဲ လျစ်လျူရှုထားခဲ့ပါလျှင် သမီးဆိုး သမီးမိုက်များဖြစ်ပြီးသကာလ မိလနှစ်ပါးကို ပူလောင်ဆင်းရဲမှု ဒုက္ခမျိုးစုံကို ပေးတတ်ကြပြန်ပါတယ်။ မီးဆိုတာ ပူလောင်မှုပေးနိုင်သကဲ့သို့ သမီးဆိုတာလည်း မလိမ္မာမိုက်ခဲ့လျှင် မီးထက်ကို ပူလောင်ဆင်းရဲမှု ပေးတတ်ကြပြန်ပါတယ်။
ဒါကြောင့်
ငယ်သောသမီး ဆုံးမပြီးက
ကြီးသောအခါ ထီးပမာ
ငယ်သောသမီး ဆုံးမနည်းက
ကြီးသောအခါ မီးပမာ
မှန်စွာပူဖို့တည်း...
ဟု ရေးစပ်မိပါသည်။
အဇာတသတ်၏ မိဘအပေါ် ကျူးလွန်ခဲ့သော ပဉ္စနန္တရိယကံသည် သားသမီးများနှင့် မိဘများအပေါ် သင်ခန်းစာတစ်ခုအဖြစ် မမေ့နိုင်အောင် ထင်ကျန်ခဲ့ပါတော့သည်။ သားသမီးတိုင်းဟာ မိဘနဲ့ပတ်သက်လာလျှင် မဆိုင်းတတ်တဲ့ ၀ဋ်ကံကြမ္မာ တဖန်ပြန်လည်စိုက်ရောက်ခြင်းခံကြရပါတော့သည်။ ဒါကြောင့် စာရှု့သူများဟာ အဇာတသတ်ဇာတ်တော်ထုံး နှလုံးမူလျက် ထိုကဲ့သို့မဖြစ်ကြရအောင် ဆင်ခြင်ကြပါကုန်လော့၊ အဇာတသတ်သည် ထိုအပြစ်ကို ကျူးလွန်ပြီးသည်၏ အဲ့ဒီ့နောက်မှာတော့ အဇာတသတ်ရဲ့ဘ၀ထဲ အကောင်းဆုံးတွေ စီတန်းရောက်ခဲ့ပါတယ်။ မိခင်ကိုရိုသေစွာ စောင့်ရှောက်လျက် ရတနာသုံးပါးကို အသက်ထက်ဆုံး ကိုးကွယ်ခဲ့ပါတယ်။ ဒါကြောင့် မြတ်စွာဘုရားရှင်က ရတနာသုံးပါးကြည်ညိုသူ ဧတ္လင်္ဂဘွဲ့ ချီးမြှင့်ပေးခြင်းခံယူထိုက်အောင် အဇာတသတ်ဟာ သိတတ်ကောင်းမွန် လိမ္မာယဉ်ကျေးခဲ့ပါတယ်။ ခဖင်သတ်ခဲ့တဲ့ ပဉ္စနန္တရိယငြိစွန်းခဲ့မိတဲ့ အဇာတသတ်ဟာ ငရဲမကျခင် (မိဘနဲ့ပတ်သက်ရင် မဆိုင်းတတ်တဲ့ ကံကြမ္မာဟာ) သူချစ်လှပါတယ်ဆိုတဲ့ သူ့ရဲ့သားဟာ သူ့ကိုပြန်သတ်ပြီး ထီးနန်းလုယူသွားတယ် (ဖခင်ထက်ဆိုးဝါးတဲ့ ကြမ္မာအထပ်ထပ်အဆင့်ဆင့်လည်ပြီး) သူ့သားကို သူ့မြေးကသတ်၊ သူ့မြေးကို သူ့မြစ်ကသတ်၊ သူ့မြစ်ကို သူ့တီကသတ်... မင်းဆက်ပေါင်းမြှောက်များစွာ ဖအေသတ်နန်းလုပွဲတွေနဲ့ ရာဇ၀င်ကို ညစ်နွမ်းဆိုးညစ်စေခဲ့တာ တရားကျစရာ သံဝေဂရစရာပါပဲ။ သူ့အဖေသာ မသေခဲ့ရင် သူ့ဘ၀ဟာ တစ်မျိုးတစ်ဖုံဖြစ်ကောင်း ဖြစ်နိုင်ပါလိမ့်ဦးမည်။
ပထမဆုံးဖတ်ရှု့ခဲ့တဲ့ သူဌေးသားရဟန်းလေးဟာ မိစုံဖစုံကို ပြန်လည် လုပ်ကျွေးခွင့်ရရှိသွားတော့ ကောင်းခန်းလေးတွေ ပေါ်ပေါက်ခဲ့ရပါတယ်။ (တကယ်လို့) ဒီရဟန်းကလည်း အဇာတသတ်လို မိဘနှစ်ပါးလုံးဆုံးသွားလဲ့လျှင် ဒါမှမဟုတ် တစ်ဦးဦးလောကထဲမှ ထွက်ခွာသွားခဲ့လျှင် (အသာသဝေါကုန်ခန်း ရဟန္တာအဖြစ်နဲ့) ကောင်းမှုနဲ့ အဆုံးသတ်နိုင်မှာ မဟုတ်ပါဘူး။ စာရှု့သူများ စဉ်းစားကြည့်ပါ။ ပထမပိုင်းကပြောခဲ့တဲ့ ကိုထွန်းတို့သားအဖဟာလဲ ဖခင်ကိုခြေနဲ့ကန်မချခဲ့ဘူးဆိုလျှင် ဖခင်လည်းသေစရာအကြောင်းမရှိ မိမိလည်း (ဥပစ္စေဒကကံ)ဖြင့် ကားတိုက်ပြီး သေနိုင်စရာအကြောင်းမရှိတော့ပါ။ ဒါကြောင့်မိဘကို စော်ကားတဲ့ သားသမီးဆိုး/မိုက်တွေဟာ မိဘ၀ဋ် ကံကြမ္မာ နေ့မဆိုင်းညမဆိုင်း အကျိုးပေး မြန်လွန်းတဲ့အတွက်ကြောင့် သတိတရား လက်ကိုင်ထားပြီး မကျူးလွန်မိကြရအောင် ကိုယ်နုတ်စိတ်တွေ စောင့်စည်းထိန်းသိမ်းကြပါလို့ သတိပေးချင်ပါတယ်။
~~~~~~~~~~~~~~~~~~~~~

မှတ်ချက်
တောင်တွင်းအရှင်ဏ္ဍဒ္ဓိပါလ
အညတရဘိက္ခု၏စာပေကို ပြန်လည်ရေးသားသည် ။

1 comment:

  1. ကောင်းတယ်ဗျာ...လင့်ချိန်သွားပါတယ်နော်..

    ReplyDelete