Monday, July 30, 2012

တန်ဖိုးရှိလောကနိတီများ



ပျင်းရိခြင်း၏အကျိုးဆက်
ပျင်းသောသူအား အတတ်ပညာ အဘယ်မှာ တတ်အံ့နည်း။
အတတ်ပညာမရှိသောသူအား ဥစ္စာအဘယ်မှာ ရအံနည်း။
ဥစ္စာမရှိသောသူအား ချမ်းသာအဘယ်မှာ ရအံနည်း။
ချမ်းသာမရှိသောသူအား ကောင်းမှုအဘယ်မှာ ရအံ့နည်း။
ကောင်းမှုမရှိသောသူအား နိဗ္ဗာန် အဘယ်မှာ ရနိုင်ပါအံ့နည်း။


ပညာသည်သာ အရေးကြီး

အတတ်ပညာနှင့် တူသော ဥစ္စာသည် မရှိ။
အတတ်ပညာကို ခိုးသူတို့ မယူနိုင်ကုန်။
ဤလောက၌ အတတ်ပညာကား အဆွေခင်ပွန်း ဖြစ်၏။
တမလွန်ဘဝ၌ ချမ်းသာကို ဆောင်တတ်၏။


နေရာတိုင်းမှာ သုခမိန်မရှိ
တောင်တောင်ဟူသမျှ၌ ပတ္တမြားမရှိ။
ဆင်ဆင်ဟူသမျှ၌ အမြုတေမရှိ။
တောတောဟူသမျှ၌ စန္ဒကူးမရှိ။
အရပ်တိုင်းအရပ်တိုင်း၌ ပညာရှိ သုခမိန်မရှိ။


ဖြည်းဖြည်းပြုရမည့် အရာများ
အတတ်ပညာကို ဖြည်းဖြည်း သင်ရာ၏။
ဥစ္စာကို ဖြည်းဖြည်း ရှာရာ၏။
တောင်ကို တက်သောသူသည် ဖြည်းဖြည်း တက်ရာ၏။
ကာမဂုဏ်ကို ဖြည်းဖြည်းလိုရာ၏။
အမျက်ကို ဖြည်းဖြည်းထွက်ရာ၏။
ဤငါးပါးတို့ကို ဖြည်းဖြည်းအလိုရှိရာ၏။


မိမိဥစ္စာမဟုတ်
လောက၌ ပေတို့၌ရှိသော အတတ်ပညာသည်လည်းကောင်း
သူတစ်ပါး၏ လက်တို့၌ရှိသော ဥစ္စာသည်လည်းကောင်း
ပြုဖွယ်ကိစ္စသည် ဖြစ်လတ်သော် ထိုပေ၌ရှိသော အတတ်သည်လည်း အတတ်မမည်။
သူတစ်ပါးတို့၏ လက်၌ရှိသော ဥစ္စာသည်လည်း ဥစ္စာမမည်။


ကြည့်လျှင်သိနိုင်သည်
လောက၌ ရေတိမ်ရေနက်ကိုကား ကုမုဒ္ဒရာကြာကို မြင်သဖြင့် သိအပ်၏။
အမျိုးယုတ်မြတ်ကိုကား ကိုယ်အမူအရာ , နှုတ်အမူအရာအားဖြင့် သိအပ်၏။
ပညာရှိ မရှိကိုကား ဆိုအပ်သော စကားဖြင့် သိအပ်၏။
မြေကောင်းမကောင်းကိုကား မြက်ညှိုးမညှိုးကိုမြင့်သဖြင့် သိအပ်၏။


ရသင့်ရာရမှ လူဖြစ်ကျိုးနပ်မည်
လောက၌ ပထမအရွယ်၌ကား အတတ်မရတုံအံ့။
ဒုတိယအရွယ်၌ကာ ဥစ္စာမရတုံအံ့။
တတိယအရွယ်၌ကား တရားမရတုံအံ့။
စတုတ္ထအရွယ်တိုင်မှာကား အဘယ်မူစအံ့နည်း။


ပညာတတ်သူကို အများလေးစား

ချစ်သားတို့ … အတတ်ပညာကို သင်ကုန်လော့။
အဘယ်ကြောင့် ပျင်းရိသနည်း။ ချစ်သားတို့… နေ့တိုင်းနေတိုင်း အတတ်ပညာကို သင်ကုန်လော့။ အတတ်ပညာမရှိသောသူသည် သူ၏ ဝန်ထမ်းဖြစ်တတ်၏။ အတတ်ပညာရှိသူကို သူတစ်ပါးတို့ ပူဇော်အပ်၏။


ရန်ဖြစ်သော မိဘများ
အကြင်အမိသည် သားငယ်ကို အတတ်ပညာ သင်မပေး။ အတတ်ပညာသင်၍ မပေးသော အမိသည် ရန်သူမည်၏။ အကြင်အဖသည် အတတ်ပညာသင်၍ မပေး။ အတတ်ပညာသင်၍ မပေးသော အဖသည် ရန်သူမည်၏။ ထိုအတတ်ပညာမရှိသော သူသည် ဟင်္သာတို့အလယ်၌ ဗျိုင်းကဲ့သို့ သဘင်အလယ်တွင် မတင့်တယ်။

နွားနှင့်တူသောသူ
လောက၌ အစာစားခြင်းသည်လည်းကောင်း၊ မေထုန်မှီဝဲခြင်းသည်လည်းကောင်း၊ အိပ်ခြင်းသည်လည်း ကောင်း နွား၌လည်းကောင်း၊ ယောက်ျား၌လည်းကောင်း ရှိ၏။ အတတ်ပညာ ဟူသည်ကား ယောက်ျား၏ အထူးပေတည်း။ အတတ်ပညာမှ ယုတ်ခဲ့မူကား နွားနှင့်တူသည် ဖြစ်၏။

အတူမရှိနိုင်သော အရာများ
လောက၌ အတတ်ပညာနှင့်တူသော အဆွေခင်ပွန်းသည် မရှိ။
အနာနှင့်တူသော ရန်သူသည် မရှိ။
ကိုယ်နှင့်တူသော ချစ်သောသူမည်သည် မရှိ။
ကံနှင့်တူသော အားသည်မရှိ။


ယောက်မနှင့်တူသူ

သူမိုက်သည် အသက်ထက်ဆုံးလည်း ပညာရှိကို အကယ်၍ ဆည်းကပ်ငြားအံ့။ ထိုသူမိုက်သည် တရားကို မသိ၊ အဘယ်ကဲ့သို့နည်းဟူမူယောက်မသည် ဟင်း၏ အရသာကို မသိသကဲ့သို့တည်း။


လျှာနှင့်တူသူ
ပညာရှိသည် ခဏမျှလည်း ပညာရှိကို အကယ်၍ ဆည်းကပ်ငြားအံ့။ တရားကို သိ၏။ အဘယ်ကဲ့သို့နည်း ဟူမူကား လျှာသည် ဟင်း၏ အရသာကို သိသကဲ့သို့တည်း။

အရူးနှင့်တူသောသူများ
ဥစ္စာမရှိဘဲလျက် အရသာစားကြူးသောသူ၊
ခွန်အားမရှိဘဲလျက် အသတ်အပုတ်ကြိုက်သောသူ၊
ပညာမရှိဘဲလျက် စကားလိုလားသောသူ ဤသူတို့ကား သူရူးနှင့် တူကုန်၏။


သူယုတ်လက္ခဏာ
သူမခေါ်ဘဲ သူ့အိမ်သို့ သွားဖန်များသောသူ၊
သူမမေးဘဲ စကားများများ ပြောတက်သူ၊
မိမိဂုဏ်ကျေးဇူးကို ပလွှားတတ်သောသူ၊ ဤသုံးပါးသည် သူယုတ်၏ လက္ခဏာတည်း။


အတတ်ပညာမရှိလျှင် မတင့်တယ်
အဆင်းအရွယ်နှင့် ပြည့်စုံခြင်းမူလည်း ၊ ပြန့်ပြောကြွယ်ဝသော အမျိုး၌ ဖြစ်လျှင်မူလည်း အတတ်ပညာမှ ယုတ်ခဲ့မူကား မတင့်တယ်ကုန်။ ပေါက်ပန်းတို့သည် အနံ့ကင်းကုန်သကဲ့သို့တည်း။

မထီမဲ့မြင် မပြုသင့်
လောက၌ အမျိုးယုတ်သောသူ၏ သားဖြစ်လျက် မင်း၏ အမတ်ဖြစ်တတ်၏။ လူမိုက်၏ သားဖြစ်လျက် ပညာရှိ ဖြစ်တတ်၏။ ဥစ္စာမရှိသောသူ၏ သားဖြစ်လျက် ဥစ္စာများတတ်၏ ထို့ကြောင့် ယောက်ျားတို့အား မထီမဲ့မြင် မပြုကုန်ရာ။

ဆရာ၏စေတနာ
အိုးထိန်းသည်သည် အိုးကို ကွဲစိမ့်သောငှာ မခတ်၊ တင့်တယ်စိမ့်သောငှာ ခတ်၏။
ဆရာသည် တပည့်တို့အား အပါယ်ဆင်းရဲသို့ ကျစေခြင်းငှာ မပုတ်ခတ်၊ အတတ်ပညာ အစီးအပွားဟူ သော အကြောင်းကြောင့် ပုတ်ခတ်၏။


ပညာရှိတို့နှင့်သာ ပေါင်းသင်းဆက်ဆံသင့်
တောင်ဇလပ်ပန်းကိုလျှင် ပေါက်ဖက်နှင့်ထုတ်၏။ ထိုသူ၏ တောင်ဇလပ်ပန်းသည်သာလျှင် ကောင်းသောအ နံ့ကို လှိုင်စေသည်ကား မဟုတ်။ ပေါက်ဖတ်တို့သည်လည်း ကောင်းသောအနံ့ကို လှိုင်စေကုန်၏။ ထို့အတူ ပညာရှိသူနှင့် ပေါင်းဖက်လှီဝဲရသော သူကို မှတ်အပ်၏။

လမ်းမှန်ကိုသာ လျောက်ပါ
လောက၌ စန္ဓကူးပင်သည် ခြောက်သွေ့သော်လည်း အနံ့ကိုမစွန့်။ ဆင်ပြောင်သည် စစ်မြေပြင်သို့ရောက် သော်လည်း လူတို့၏ မျာက်မှောက်၌တင့်တယ်ခြင်းကို မစွန့်။ ပညာရှိသူတော်ကောင်းသည် ဆင်းရဲခြင်း သို့ ရောက်သော်လည်း သူတော်ကောင်းတရားကို မစွန့်သည်သာတည်း။

လူမိုက်သား ရမ်းကား
အမိယုတ်သောသူကား မကောင်းသောစကားရှိသည် ဖြစ်၏။
အဖယုတ်သောသူကား မကောင်းသော အမူအကျင့်ရှိသည် ဖြစ်၏။
မိဘနှစ်ပါးစုံယုတ်မူကား မကောင်းသောစကားရှိသည်လည်းဖြစ်၏။
မကောင်းသော အမူအကျင့်ရှိသည်လည်းဖြစ်၏။


သံဃာ့ပစ္စည်းအဆိပ်သီး
လောက၌ အဆိပ်ကို အဆိပ်ဟူ၍ မဆိုကုန်။ သံဃာ၏ ဥစ္စာကို အဆိပ်ဟူ၍ ဆိုအပ်၏။ အဆိပ်သည် တစ်ကြိမ်သာလျှင် သတ်တတ်၏။ သံဃာ၏ ဥစ္စာသည်ကား အကြိမ်ကြိမ်အဖန်ဖန် သတ်တတ်၏။

အများအကျိုးသယ်ပိုးသင့်
ရေကို မြစ်တို့သည် မသောက်ကုန်။ သစ်ပင်တို့သည် အသီးကို မစားကုန်။ မိုးသည် အချို့သော အရပ်တို့ ၌ မရွာကုန်။ သူတော်ကောင်းတို့၏ ဥစ္စာသည်လည်း သူတစ်ပါးတို့မှာ အကျိုးသာတည်း။

အားလုံးနှင့်အဆင်ပြေရန်
လိုချင်တပ်မက်ခြင်းရှိသောသူကို တန်းစိုးလက်ဆောင် ပေးခြင်းဖြင့် ယူရာ၏။ မာနခက်ထန်သော သူကို လက်အုပ်ချီသဖြင့် ယူရာ၏။ သူမိုက်ကိုကား အလိုသို့လိုက်သဖြင့် ယူရာ၏။ ပညာရှိ အဟုတ်အမှန်ဆိုသ ဖြင့် ယူရာ၏။

ပေးကမ်းခြင်းဖြင့် အောင်နိုင်ရာ၏
လောက၌ ပေးကမ်းခြင်းသည် မယဉ်ကျေးသောသူကို ယဉ်ကျေးစေတတ်၏။ ပေးကမ်းခြင်းသည် ခပ်သိမ်း သောအကျိုးကို ပြီးစေတတ်၏။ ပေးကမ်းခြင်းကြောင့် လည်းကောင်း၊ ချစ်ဖွယ်သော စကားကို ဆိုခြင်း ကြောင့်လည်းကောင်း၊ မိမိကလည်း သူ့အပေါ် မိုမောက်နိုင်ကုန်၏။ မိမိသို့လည်း ရိုညွှတ်ကုန်၏။

ပညာရှိတို့သဘော
ပညာရှိတို့သဘောကား မရောက်သေးသော ဘေးကို မြင်သည်ရှိသော် အဝေးကလျှင် ကြဉ်ရာ၏။ ရောက်ပြီး ရောက်ဆဲသော ဘေးကို မြင်မူကား ကြောက်ရွံ့တတ်သော သဘောမရှိသည် ဖြစ်၏။

တန်ဖိုးရှိသောစကားများ
လောက၌ ကျောက်ထီးသည် လေး၏။ ထိုထက် နတ်တို့၏ ပြောကြားခြင်းသည် လေး၏။ ထိုထက် ဆရာမိ ဘတို့၏ အဆုံးအမသည် လေး၏။ ထိုထက် ဗုဒ္ဓမြတ်စွာ၏ စကားသည် လေး၏။

မနေသင့်သောအရပ်
အကြင်အရပ်၌ မြတ်နိုးခြင်းမရှိ၊ ချစ်ခြင်းလည်းမရှိ၊ အဆွေခင်ပွန်းလည်း မရှိ၊ တစ်စုံတစ်ယောက်သော အတတ်ပညာသင်စိမ့်သော သူလည်း မရှိ ၊ ထိုအရပ်၌ နေခြင်းကို မပြုရာ။

No comments:

Post a Comment