Wednesday, September 19, 2012

သစ္စာရှာဖို့ မြင်းစီးသူ အပိုင်း(၂)

အခန်း (၂)

အမှန်မွန်လေးပါးနှင့် အလယ်လမ်း

“အမှားကအမှန်
ကာမစစ်ပွဲက ထာဝရ
ငြိမ်းမှုဆီပျံ၊ ဒီမှာ ငြိမ်ဆိတ်နေသတဲ့”

ဗုဒ္ဓ၏ဓမ္မကို နားလည်ဖို့ ကြိုးစားရမည်ဆိုလျှင် “အမှန်မွန်လေးပါး” (သစ္စာလေးပါး) တရားတော်မှာ စိတ်အချရဆုံးနှင့် အကောင်းဆုံး တရားအနှစ်ဖြစ်ပါသည်။ ဤတရားမှာ ဗုဒ္ဓမြတ်စွာ ပထမဆုံးဟောကြားတော်မူသော ဒေသနာတော်လည်း ဖြစ်သည်။ ဗုဒ္ဓဟောကြားခဲ့သမျှ ဓမ္မက္ခန္ဓာ အစုစုတို့၏ အနှစ်ချုပ်ဖြစ်သည်ဟူ၍လည်း သုတေသီ အားလုံးတို့က တညီတညွတ်တည်း လက်ခံထားကြသည်။ ဤမျှအခြေခံကျ၍ ဤမျှအရေးပါသော တရားတော်ကို လေ့လာရာတွင် ဗုဒ္ဓ၏မူရင်း ဟောကြားချက်မှစတင်သည်က သဘာဝကျပါလိမ့်မည်။ ဝိနည်း ပိဋကတော်တွင် ဤသို့ ပါရှိသည်။

၁။     ရဟန်းတို့ ..... ၊ သံသရာမှ လွတ်မြောက်လိုသူသည် အစွန်းနှစ်ပါးကို ရှောင်အပ်၏။ ပထမအစွန်းမှာ တဏှာဖြင့် ရစ်ပတ်ဆက်စပ်နေသော အပျော်လမ်းဖြစ်သည်။ ဤလမ်းမှာ စွဲလမ်းနှစ်သက်ဖွယ်ဖြစ်သည့်တိုင် ယုတ်ညံ့၏။ ယဉ်ကျေးမှု ရေချိန်နိမ့်သူများ၊ အသိအလိမ္မာ ကင်းသူများ၊ အညံ့စား လူသားများ၏ အကျင့်စရိုက် ဖြစ်ချေ၏။ လွတ်မြောက်ရေးလမ်းကို မတွေ့နိုင်။ အကျိုးမရှိ။
(ကာမသုခလိဒကာနုယောဂ)
     
        ဒုတိယအစွန်းမှာ မိမိကိုယ်ကို အလွန်အမင်း အပင်အပန်း အဆင်းရဲခံသော အကြမ်းလမ်းဖြစ်သည်။ နာကျင်ပင်ပန်းမှုနှင့် အရင်းတည်ရသည့်တိုင် ပညာဉာဏ်ကင်းမဲ့ရာ ရောက်၏။ ဤနည်းသည်လည်း လွတ်မြောက်ရေးလမ်းကို မတွေ့နိုင်။ အကျိုးမရှိ။
(အတ္တကိလ မထာနုယောဂ)

ဤအစွန်းနှစ်ပါးမှကင်းသော အလယ်လမ်းသည်သာ ထိုးထွင်းသိမြင်နိုင်စွမ်းသော၊ အစစ်အမှန်ပညာနှင့် အစစ်အမှန်တည်ငြိမ်မှုကိုပေးနိုင်သော ဉာဏ်အလင်း လမ်းကြောင်းမှန် ဖြစ်ပေ၏။

၂။    ရဟန်းတို့ ....၊ ဒုက္ခသည် ပထမအမှန်မွန်ဖြစ်သည်။ စင်စစ်မွေးဖွားခြင်း (သံသရာ၌ကျင်လည်ရခြင်း) သည်ပင် ဒုက္ခဖြစ်၏။ အိုမင်းရခြင်း၊ ဖျားနာရခြင်း၊ သေဆုံးရခြင်း၊ မနှစ်မမြို့ဖွယ်ရာများနှင့် ခွဲခွာကွေးကွင်းရခြင်းတို့သည်လည်း ဒုက္ခသာ ဖြစ်၏။ အချုပ်ဆိုရလျှင် ခဏတာယာယီအိမ်မျှဖြစ်သော ခန္ဓာငါးပါးကြီးသည်ပင် ဒုက္ခတို့၏ အစုအဝေး ဖြစ်ပေ၏။ (ဒုက္ခသစ္စာ)

ရဟန်းတို့ ....၊ ဒုက္ခ၏တည်ရာဖြစ်ကြောင်း၊ ဒုက္ခ၏အရင်းအမြစ်သည် ဒုတိယအမှန်မွန်ဖြစ်သည်။ ကာမဂုဏ် အာရုံတို့တွင် ငြိတွယ်ခြင်း (ကာမတဏှာ)၊ ဘဝကို တပ်မက်စွဲလမ်းခြင်း (ဘဝတဏှာ)၊ ဘဝပြတ်ပြီဆိုသော အယူတွင် ကျေနပ်သာယာနေခြင်း (ဝိဘဝတဏှာ) ဆိုသေယသံသရာ ဒုက္ခလမ်းကို ရှည်စေတတ်သည့် အခုအခံ အစွဲအလမ်းများ ဖြစ်ပေ၏။ (သမုဒယ သစ္စာ)

ရဟန်းတို့ ...၊ ဒုက္ခတို့ ချုပ်ငြိမ်းရာ၊ ဒုက္ခ၏အကြောင်းတရားတို့ကင်းရာ ကုန်ရာသည် တတိယအမှန်မွန်ဖြစ်သည်။ အဆုံးစွန်လွတ်မြောက်ခြင်း မည်ပေ၏။ (နိရောဓသစ္စာ)

ရဟန်းတို့ .....၊ အဆုံးစွန်လွတ်မြောက်ခြင်းသို့ သွားရာလမ်းသည် စတုတ္ထအမှန်မွန်ဖြစ်သည်။ ဤလမ်းကြောင်းတွင် လမ်းသွယ်ရှစ်ခု ရှိပေ၏။ ဤသည်တို့မှာ ကောင်းစွာနားလည်ခြင်း (သမ္မာဒိဋ္ဌိ)၊ ကောင်းစွာနှလုံးသွင်းခြင်း (သမ္မာ သင်္ကပ)၊ ကောင်းစွာပြောဆိုခြင်း (သမ္မာဝါစာ)၊ ကောင်းစွာပြုလုပ်ဆောင်ရွက်ခြင်း (သမ္မာကမ္မန္တ)၊ ကောင်းစွာအသက်မွေးဝမ်းကြောင်းပြုခြင်း (သမ္မာအာဇီဝ)၊ ကောင်းစွာ အားထုတ်ကြိုးပမ်းခြင်း (သမ္မာဝါယာမ)၊ ကောင်းစွာနိုးကြားခြင်း (သမ္မာသတိ)နှင့် ကောင်းစွာ တည်ငြိမ်ရင့်ကျက်ခြင်း (သမ္မာသတိ) တို့ ဖြစ်သည်။ (မဂ္ဂသစ္စာ)

၃။   ရဟန်းတို့ .... ၊ ဤအမှန်မွန်လေးပါးကို အပြည့်အစုံ ထိုးထွင်းသိမြင်ပြီးသည်နှင့် ၊ ငါသည် အမြင့်မားဆုံးဉာဏ်အလင်းကို ရရှိလိုက်ပေပြီ။ ငါ၏စိတ်အစဉ်သည် အပြီးတိုင် လွတ်မြောက်ခဲ့ပေပြီ။ ဒုက္ခပြွမ်းသော ဖြစ်တည်မှုတို့ ဆုံးခန်းတိုင်ခဲ့ပြီ။ နောင်သံသရာရှည်စေမည့် နောက်ထပ်ဖြစ်တည်မှုတို့ကို ငါအလိုမရှိပြီ။

တရားအနှစ်

အထက်တွင် ဖော်ပြခဲ့သော စာပိုဒ်သုံးပိုဒ်မှာ ဗုဒ္ဓဓမ္မ၏ အနှစ်ချုပ်ဟု ဆိုသည့်တိုင် ဤစာပိုဒ် သုံးပိုဒ်ကို ဖတ်လိုက်ရုံနှင့် ဗုဒ္ဓဓမ္မတစ်ခုလုံး အပြည့်အစုံ နားလည် သွားလိမ့်မည်ဟု မမျှော်မှန်းအပ်ပါ။ နားလည်ဖို့ မဆိုနှင့်၊ ဆက်စပ်တွေးခေါ်မှု ကွင်းဆက်ကိုပင် ခြေရာခံနိုင်ဖို့ လွယ်မည်မဟုတ်ပါချေ။ ဤသို့ဖြစ်ရသည်မှာ အကြောင်းကြောင်းကြောင့် ဟုဆိုနိုင်ပါသည်။ ပထမဆုံးမှာ ဘာသာစကားအတားအဆီး ဖြစ်သည်။ ရှေးအကျဆုံး ဗုဒ္ဓကျမ်းစာများမှာ ပါဠိ (သို့မဟုတ်) သင်္သကရိုက်ဘာသာနှင့် မှတ်တမ်းတင်ထားခြင်း ဖြစ်သည်။ ဤသည်တို့ကို ခေတ်သုံး အင်္ဂလိပ်စာနှင့် ပြန်ရေးထားရခြင်း ဖြစ်သည်။ (ယခုစာစုမှာ အဆိုပါ အင်္ဂလိပ်ဘာသာမှ မြန်မာဘာသာ ပြန်ထားရခြင်းဖြစ်သည်) ဤသို့ဘာသာစကား အကူးအပြောင်းတွင် မူလအသိပညာအားလုံး အတိအကျ ပါကောင်းမှ ပါနိုင်ပါလိမ့်မည်။

နောက်ထပ် ဖြစ်နိုင်စရာရှိသော အကြောင်းအရာများမှာ ဗုဒ္ဓဓမ္မကိုယ်တိုင်၏ နက်နဲသိမ်မွေ့မှုနှင့် ဆိုင်သလို၊ စာဖတ်သူဘက်မှ ဘာသာရပ်နှင့်မနီးစပ်မှုကြောင့်လည်း ဖြစ်နိုင်ပါသည်။ မိရိုးဖလာ ဗုဒ္ဓဘာသာဝင်များသည်ပင် မူလပါဠိဘာသာနှင့် နှုတ်တိုက်အာဂုံဆောင်နိုင်သည့်တိုင် အဓိပ္ပာယ်အပြည့်အဝ နားလည်ချင်မှ နားလည်ပါလိမ့်မည်။ ထို့ထက် ပိုအရေးကြီးသည်မှာ ဗုဒ္ဓဓမ္မသည် လွန်ခဲ့သော နှစ်ပေါင်း ၂၅၀၀ ကျော်က ဟောကြားချက်များဖြစ်သည်ကို နှလုံးသွင်းကြဖို့ ဖြစ်ပါသည်။ သို့အတွက် အပြည့်အဝနားမလည်သော်မှ ယေဘုယျသဘောပေါက်နိုင်စေရန် ခေတ်အမြင် ခေတ်အတွေးနှင့် ချဉ်းကပ်လေ့လာဖို့ လိုပါလိမ့်မည်။

ပထမစာပိုဒ်မှာ ဗုဒ္ဓ၏ “အခြေခံတွေးခေါ်စဉ်းစားပုံ” basic way of thinking ဖြစ်ပါသည်။ အစွန်းများကို ရှောင်ဖို့လိုသော အလယ်လမ်း (မဇ္ဈိမပဋိပဒါ)ဟု ဟောပါသည်။ မဖြူလျှင် မည်းရမည်။ မမှန်လျှင်မှားရမည် ဟူသော ‘တစ် မဟုတ်နှစ်လောဂျစ်’ (either-or logic) ကိုပယ်လိုက်ရမည့် သဘောဟု နားလည်ရသည်။ ဗုဒ္ဓ၏ ဒေသနာတော် တစ်ခုဖြစ်သော ‘ဆက်စပ်မှုကြီး နှစ်ဆယ့်လေးမျိုး’(နှစ်ဆယ့်လေးပစ္စည်း)တွင် ဤသဘောများကို တွေ့ရပါသည်။ ဥပမာ - ကုသိုလ်အကြောင်းကြောင့် ကုသိုလ်အကျိုး ဖြစ်ရမည်ဟု တရားသေ မဟော။ ကုသိုလ်ကြောင့် အကုသိုလ် ဖြစ်နိုင်သလို၊ အကုသိုလ်ကြောင့်လည်း ကုသိုလ်ဖြစ်တန်ရာ အခြေအနေများကိုပါ ဟောသည်။ (ပဋ္ဌာန်းတရားတော်၊ ဥပနိဿယပစ္စယော)

ဒုတိယစာပိုဒ်တွင် ပါရှိသော ‘အမှန်မွန် လေးပါး’မှာ ဗုဒ္ဓဓမ္မ၏ တရားအနှစ်ဖြစ်ပါသည်။ ‘အဘိဓမ္မာကိုယ်ထည်’ Pholosophical frame work ဟု ယူဆနိုင်မည် ထင်ပါသည်။ ဒဿနပညာတွင် ခိုင်မာသော ကျိုးကြောင်းဆက်နွယ်မှုများ ရှိဖို့လိုပါသည်။ ဗုဒ္ဓ၏ ဓမ္မကို ဒဿနရှုထောင့်မှ ချဉ်းကပ်ကြည့်လိုက်ရာ၊ အကွက်စေ့လှသော အဆက်အစပ်တို့ကို အထင်အရှားတွေ့ရသည်။ ဗုဒ္ဓက လောကကို ဒုက္ခဟုမြင်သည်။ (what ဆိုသော မေးခွန်း၏ အဖြေ) ဒုက္ခ၏အရင်းခံမှာ သမုဒယဟု ဟောသည်။ (why ဆိုသော မေးခွန်း၏ အဖြေ) သမုဒယကို မဂ္ဂနှင့်ဖြတ်ရမည်ဟု လမ်းညွှန်သည်။ (what is to be done ဆိုသည်၏ အဖြေ) မဂ္ဂလမ်း၏အဆုံးပန်းတိုင်မှာ နိရောဓဟု နိဂုံးချုပ်ပြသည်။ (what happen အတွက် အဖြေ) ..... ဗုဒ္ဓ၏ ဒဿနမှာ လောကကို ဖွင့်ဆိုရုံမျှသာ တန့်ရပ်မနေပဲ၊ လောကကို ပြောင်းလဲစေရေးအထိ ဦးတည်ချက်ထားသော ‘ရှင်သန်နေသည့် ဒဿန’Live pholosophy ဟု နားလည်ရပါသည်။

တတိယစာပိုဒ်မှာ ဗုဒ္ဓဓမ္မ၏ အခြားသောဘာသာရေးများနှင့် မတူသောလမ်းခွဲထွက်ပုံ ဖြစ်သည်။ ဘာသာတရား အများစုမှာ ‘ယုံကြည်သက်ဝင်ရန်’(to believe) ‘ဆည်းကပ်ကိုကွယ်ရန်’ (to worship) နှင့် ‘ဆုတောင်းရန်’ (to pray) ဖြစ်သည်။ ဗုဒ္ဓက အမှန်မွန်လေးချက်ကို ထိုးထွင်းသိမြင်နိုင်လျှင် လွတ်မြောက်မှုဉာဏ်အလင်းကို ရလိမ့်မည်ဟု ဟောသည်။ သို့အတွက် ‘လေ့လာရန်’ (to learn) ‘ကျင့်ကြံအားထုတ်ရန်’ (to practice) နှင့် ‘ထိုးထွင်းသိမြင်ရန်’(to penetrate) တို့ကို ဦးတည်ချက်ထားသည်ဟု နားလည်ရပါသည်။ (ပရိယတ္တိ၊ ပဋိပတ္တိ၊ ပဋိဝေဓ တို့ကို ဆိုလိုဟန် ရှိပါသည်)
ဤမျှဆိုလျှင် ဗုဒ္ဓဓမ္မ၏တရားအနှစ်ကို အထိုက်အသင့် ဆဝါး နိုင်လိမ့်မည်ထင်ပါသည်။
 (သစ္စာရှာဖို့ မြင်းစီးသူ ကျော်ဝင်း၏စာအုပ်) ဆက်လက်ရေးသား ဖော်ပြပါမည်။

No comments:

Post a Comment