Sunday, September 9, 2012

သဟမ္မတိဗြဟ္မာကြီးနှင့်ပဉ္စမသတ္တာဟက မြတ်ဗုဒ္ဓ

မြတ်ဗုဒ္ဓသည် သတ္တဋ္ဌာန တို့တွင် သီတင်းသုံးတော်မူပြီးနောက် ပဉ္စမသတ္တာဟ ဖြစ်တဲ့ အဇပါလညောင်ပင်ကြီးရှိရာသို့ ပြန်လည်ကြွတော်မူခဲ့၏။ ဆိတ်ငြိမ်ရာ အရပ်သို့ချဉ်းကပ်တော်မူ၏။ ထို့နောက် မြတ်ဗုဒ္ဓသည် ယခုကဲ့သို့ စိတ်အကြံဖြစ်လေသည်။ “ရာဂ/ဒေါသ/မောဟတွေ ထူပြောများပြားတဲ့ သတ္တ၀ါတွေကို တရားဟောပေမဲ့ အကျိုးရှိမှာမဟုတ်ပေဘူး၊ ငါဘုရား ပင်ပန်းရုံသာရှိမည်” ဟု အဓိပ္ပါယ်ထွက်သော စိတ်အကြံတော်..ဖြစ်လေ၏။
ဤစိတ်အကြံမှာ အံ့သြဖွယ်ပင်ဖြစ်သည်။ မြတ်ဗုဒ္ဓအလောင်းတော်သည် သုမေဓာဘ၀ကတည်းက.
  • ဗုဒ္ဓေါဗောဓေယျံ = ငါသစ္စာ (၄)ပါးသိသလို သတ္တ၀ါတို့ကိုလည်း သိစေရမည်
  • မုတ္တော မောစေယျံ = ငါကိလေသာမှ ကင်းလွတ်ပြီးလျင် သတ္တ၀ါတို့ကို ကင်းလွတ်စေရမည်
  • တိဏ္ဏော တာရေယျံ = ငါသံသရာမှာ ကူးမြောက်ပြီးလျင် သတ္တ၀ါတို့ကိုလည်း ကူးမြောက်စေရမည်..ဟူသော..
ရည်ရွယ်ချက်များကို ထားရှိခဲ့ပြီးသား ဖြစ်၏။ အခု မြတ်ဗုဒ္ဓ အဖြစ်ကိုရောက်ပြီးသကာလမှာတော့ တရားမဟောတော့မယ့် စိတ်အကြံဟာ ဖြစ်ခဲ့လေ၏။ မြတ်ဗုဒ္ဓ၏ စိတ်အကြံတော်ကို ဘေးကလူတို့က ကြည့်လျင် တကယ်ပဲ မြတ်ဗုဒ္ဓတရားမဟောတော့မည်ဟု အထင်မှားစရာဖြစ်၏။
အမှန်တော့ အခုလို စိတ်အကြံတော်ဖြစ်ခြင်းမှာ မြတ်စွာဘုရား နောင်ကို ဘယ်တော့မှာ တရား မဟောတော့ပါဘူးလို့ ဆင်ခြင်ခြင်းမဟုတ်ပါ။ လက်ရှိ အချိန် အတွက်သာ ဖြစ်ပါ၏။ လက်ရှိအချိန်မှာမှ မကျွတ်ထိုက်သော သတ္တ၀ါများအတွက်သာ ဖြစ်၏။
မြတ်ဗုဒ္ဓရရှိထား သိထားအပ်ပြီးသော တရားတို့သည် လွန်စွာ နက်နဲသိမ့်မွေ့၏။ ကျယ်ပြန့်၏။ ထင်ရာတွေ တွေးပြီး စိတ်ကူးထားတဲ့ တရားမျိုးမဟုတ်။ လောက၏ အရှိတရားနှင့် အမှန်တရားတို့ကို ပြည့်စုံစွာ သိအပ်ထားပြီးဖြစ်၏။ ထိုကဲသို့ နက်နဲ သိမ်မွေ့သော တရားတို့ကို သိအပ်မြင်နိုင်ဖို့အတွက် မြတ်ဗုဒ္ဓသည် အလောင်းတော်ဘ၀ကတည်းက လေးသင်္ချေ ကမ္ဘာ တစ်သိန်းကြာအောင် ပါရမီ/စာဂ/စရိယများကို ပြည့်စုံစွာ ဆည်းပူးခဲ့ရပါ၏။ လူသာမာန်တို့ လုပ်နိုင်ခဲတဲ့ မြတ်သောအလုပ်-ပါရမီဖြည့်ကျင့်ခြင်း ကို မြတ်ဗုဒ္ဓအလောင်းတော်က အချိန်ကြာအောင် မရပ်မနားဘဲ ဖြည့်ကျင့်ခဲ့ရသေး၏။ မြတ်ဗုဒ္ဓဖြစ်မည့် လက်ရှိဘ၀တွင်ပင် မည်သူ့ထံမှာမှ နည်းနာမခံယူဘဲ ကိုယ်တော်တိုင် ကြိုးစားကြိုးကုတ် အားထုတ်ပြီးမှ ဒုက္ခသစ္စာ၊ သမုဒယသစ္စာ၊ မဂ္ဂသစ္စာ၊ နိရောဓသစ္စာ ဟူသော သစ္စာလေးပါးတို့ကို ပိုင်းခြားထင်ထင် သိအပ်ခဲ့လေပြီ။ ထို့ကြောင့် ဆရာမကူ သယမ္ဘူ ဥာဏ်ဖြင့် သမ္မာသမ္ဗုဒ္ဓ အဖြစ်ကို ရအောင်ယူထားပြီး ဖြစ်ရာ၏။
ယခု ဘုရားဖြစ်ပြီးနောက် သတ္တ၀ါတွေဘက်ကို ရွှေဥာဏ်တော်ဖြင့် ဆင်ခြင်ကြည့်လိုက်တဲ့အခါ..
သတ္တ၀ါများသည် အ၀ိဇ္ဇာ ဖြင့် လွှမ်းမိုးနေကြ၏။ အ၀ိဇ္ဇာ၏ သတ္တိသည် ဖုံးခြင်းသဘောလည်း ရှိသည်။ ဖော်ခြင်းသဘောလည်းရှိသည်။ ဖုံးခြင်းဆိုသည် မှာ အမှန်ကို မမြင်နိုင်အောင်၊ အဓမ္မကို အဓမ္မမှန်းမသိအောင် ဖုံးကွယ်ထားခြင်းဖြစ်သည်။ ဖော်ခြင်းသဘောဆိုသည်မှာ မဟုတ်ကို အဟုတ်သဖွယ်ဖြစ်အောင် ဖော်ထုတ်ခြင်းဖြစ်၏။ [စာ-၆၆၊ ဦးရွှေအောင်၊ ဗုဒ္ဓသို့မဟုတ်အနှိုင်းမဲ့]
ထို့ကြောင့် သတ္တ၀ါတို့သည် ဘ၀ကို နိစ္စ၊ သုခ၊ အတ္တ၊ သုဘ ဟုမြင်ကြသည်။
မြတ်ဗုဒ္ဓက မည်သည့်ဘ၀ပင်ဖြစ်စေ အနိစ္စ၊ ဒုက္ခ၊ အနတ္တ၊ အသုဘ ဟု ဟောတော့မည်။
ထို့ကြောင့် မြတ်ဗုဒ္ဓ ဟောတော့မည့် တရားတော်မှာ သတ္တ၀ါအားလုံး မှတ်ထင်စွဲလမ်းတာနှင့် သိသာစွာ ဆန့်ကျင်နေ၏။ အ၀ိဇ္ဇာအမှောင်ဖြင့် ပိတ်ဆို့အပ်နေသော..တနည်းအားဖြင့် ကာမရာဂ၊ ဘ၀ရာဂ၊ ဒိဋ္ဌိရာဂ တို့၏ လွှမ်းမိုးခြင်းခံနေကြရသော သတ္တ၀ါတို့သည် မြတ်ဗုဒ္ဓဟောမည့် သိမ်မွေ့နက်နဲသော သစ္စာတရားတော်တို့ကို လွယ်လွယ်ဖြင့်တော့ မြင်နိုင်ကြမည်မဟုတ်ပေ။
တနည်းပြောရလျင် မြတ်ဗုဒ္ဓဟောမည့် တရားတော်တို့သည် အရှေ့ဘက်ကို လှည့်နေ၏။
သတ္တ၀ါတို့၏ လက်ရှိစိတ်နေစိတ်ထားက..အနောက်ဘက်ကို ချည်း လှည့်ထားကြပေ၏။..ထိုမျှလောက်ပင် ဆန်ကျင့်နေသည်။
မြင်သာအောင် လောကဥပမာဖြင့် ပြောရလျှင်..
မိဘ (၂)ပါးတို့သည် သားသမီးများ ကို ဆင်မြန်းပေးရန် အဖိုးတန်လှသော လက်ဝတ်တန်ဆာများကို ကြိုးစားရှာဖွေခဲ့၏။ တန်ဖိုးကြီးမားသော အဆင်တန်ဆာတွေကို ရပြီးတဲ့အခါ..သူတို့ သားသမီးများဘက်ကို ကြည့်ပြီး..ဤအဆင်တန်ဆာများသည် ငါတို့သမီးကြီး မဘုတ်ထိုင်းနှင့် တော်ပါ့မလား၊ ငါတို့သား မောင်ဘုတ်ထိုင်းနှင့် တော်ပါ့မလားဟု စဉ်းစားကြပေလိမ့်မည်။ သူတို့စဉ်းသားသင့်သလိုပဲ သားသမီးများကလည်း မိဘများဆင်ပေးမည့် တန်ဖိုးကြီးအဆင်တန်ဆာဘက်ကို မလှည့်ဘဲ အပျော်ကြီးပျော်နေကြလေသည်။
ထို့ကဲသို့ မိဘများစဉ်းစားသကဲ့သို့ပင် ယခုလည်းပဲ မြတ်ဗုဒ္ဓသည် သစ္စာလေးချက် ဓမ္မနက်ကို ဟုတ်တိုင်းမှန်စွာ သိအပ်ခဲ့လေပြီ။ အခု သတ္တ၀ါတို့ကို ထိုတရားတွေဟောမယ်လို့ ကြည့်လိုက်တော့ သတ္တ၀ါတို့က အာရုံငါးပါး ကာမဂုဏ်တောထဲ၌ မငြီးမငြူဘဲ အမွေ့လျော်ကြီး မွေ့လျော်နေကြပေသည်။
ခုတင်က ဥပမာလိုပင်..မိဘများက သူတို့သားသမီးများကို တန်ဖိုးကြီးတဲ့အဆင်တန်ဆာတွေ ဆင်ပေးချင်ပါဘိ..ဒါပေမယ့် သားသမီးများမှာတော့ ထိုအဆင်တန်ဆာတွေကို စိတ်မ၀င်စားဘဲ ကျောပေးပြီး ပျော်နေကြရှာသည်။ ထိုအခြေအနေမျိုးတွင် ဘယ်မိဘကမှ ရောဟယ့်ဆိုပြီး ချက်ချင်းကြီးတော့ မပေးပေ။ သင့်တော်ပါ့မလားတော့ စဉ်းစားရပေဦးမည်။
ထိုသို့ပင် မြတ်ဗုဒ္ဓသည် သတ္တ၀ါတို့ကို လောလောဆယ်အချိန်အတွက် တရားမဟောဖို့ စိတ်အကြံတည်ခြင်းမျှသာ ဖြစ်လေပြီ။
အ၀ိဇ္ဇာကြောင့် သင်္ခါရဖြစ်၊ သင်္ခါရကြောင့် ၀ိညာဏ်ဖြစ် ..စတဲ့ ပဋိစ္စသမုပ္ပါဒ်အကြောင်းအကျိုးစပ်တရားတို့သည် အမှန်ရှိ၏။ တဏှာကုန်ဆုံးရာ နိဗ္ဗာန်သည်လည်း အမှန်ရှိ၏။ ထိုနိဗ္ဗာန်ဟူသော သဘာဝဓမ္မသည် အလွန့်အလွန် သိမြင်ဖို့ရန် ခက်ခဲလှပေ၏။
အမှန်အားဖြင့် ဘ၀ကို ဒုက္ခသစ္စာဟု အမှန်အတိုင်းမြင်ပါမှ ဒုက္ခကိုဖြစ်စေတဲ့ သမုဒယသစ္စာကို ပယ်နိုင်အောင် ကြိုးစားပေမည်။ သမုဒယသစ္စာပယ်နိုင်ပါမှလည်း နိရောဓသစ္စာဖြစ်တဲ့ နိဗ္ဗာန်သို့ ဆိုက်ရောက်လေမည်။
ထိုသို့ ခန္ဓာချုပ်ငြိမ်း တဏှာချုပ်ငြိမ်းရာ နိဗ္ဗာန်သို့ ဆိုက်ရောက်နိုင်အောင် မြတ်ဗုဒ္ဓက သစ္စာ၌ အခြေခံသော ဓမ္မတို့ကို ဟောမည်ဟု သတ္တ၀ါပရိသတ်ဘက်ကို ကြည့်လိုက်တဲ့အခါ မကျွတ်ထိုက်မယ့် သတ္တ၀ါများ၊ ဥာဏ်မမှီသော သတ္တ၀ါများ ပါရမီမရှိကြသော သတ္တ၀ါများကို ရှေးဦးစွာ မြင်လေသည်။
ဒါလည်း အဆန်းရယ်တော့မဟုတ်ပေ။ ဥပမာ..
နှမ်းဖြူများမို့မောက်နေအောင် ထည့်ထားသော နှမ်းတင်းကြီးတစ်ခု ရှိမည်။ ထို နှမ်းဖြူတောင်းကြီးထဲတွင် နှမ်းအနက်လက်တဆုပ်စာမျှလောက်ကို နံ့အောင် မွှေ၍ရောထားမည်။ ခပ်လှမ်းလှမ်းမှ နေ၍ ထိုနှမ်းတောင်းကြီးကို ကြည့်မည်ဆိုလျှင် တောင်းကြီးထဲတွင် နှမ်း အဖြူများသာ ရှိမည်ထင်ပေတော့မည်။ အနက်က နည်းလွန်းလျှင် အနက်ကို နောက်မှသာ မြင်ပေလိမ့်မည်။ အဖြူက များလွန်းလျှင် အဖြူကို ဦးစွာမြင်ပေလိမ့်မည်။
ယခုလည်း မြတ်ဗုဒ္ဓ သည် ရွှေဥာဏ်တော်နှင့် ကြည့်လိုက်သောအခါ မကျွတ်ထိုက်သောသတ္တ၀ါများ သိသာစွာ ပထမဆုံး ဥာဏ်ဝမှာ လာထင်လေသည်။ ဒီလို မကျွတ်ထိုက်သောသူတွေကို သစ္စာတရားများ ဟောနေလို့က..ငါဘုရားမှာ ပင်ပန်းနွမ်းနယ်ရုံသာပဲဟု စိတ်ကြံရုံမျှသာ ဖြစ်၏။
ထို့ကြောင့် ..ထိုစိတ်အကြံတော်သည် မကျွတ်ထိုက်သော သတ္တ၀ါများအတွက်သာ ဖြစ်ပေ၏။
တနည်းအားဖြင့်..မြတ်ဗုဒ္ဓတို့ တရားဦးစတင်ဖို့ရန်အတွက် အချီနိဒါန်း (၂)ရပ် လိုအပ်ပေ၏။ ဤနိဒါန်းသည်တို့မှာ..
  1. ကိုယ်တော်မြတ်ရဲ့ သန္တန်၌ အထင်အရှားဖြစ်တည်သော မဟာကရုဏာတော် နှင့်
  2. လောကသမ္မတ ဗြဟ္မာကြီးက..တောင်းဆိုမှု..တို့ဖြစ်၏။
ယခု အချိန်တွင် ကိုယ်တော်မြတ်၏ သန္တာန်၌ မဟာကရုဏာတော်မှာ အထင်အရှား တည်နေလေပြီ။ သို့ပေမယ့် လောကသမ္မတ ဗြဟ္မာကြီး၏ တောင်းဆိုမှု မဖြစ်သေးသောကြောင့်..နိဒါန်း (၂)ရပ်လုံးမှာ မစုံသေးပေ။ မကြာမီတွင် စုံချေတော့မည်။
မြတ်ဗုဒ္ဓတို့သည် တရားဟောဖို့ရန်အတွက် သဗ္ဗညုတရွှေဥာဏ်တော်ကြီးကို ရယူခဲ့ရခြင်းဖြစ်ပေသည်။ ထို့ကြောင့် တရားဟောချင် စိတ်အပြည့်ရှိပေသည်။ ဟုန်ဟုန်က ပုဏ္ဏား ဘာမသိညာမသိနှင့် မေးခွန်းလာမေးစဉ်ကဆိုလျင် မြတ်ဗုဒ္ဓက အချိန်မကျသေးပါဘဲ နိဒါန်းမစုံသေးပါဘဲ ရတဲ့နည်း ဖြစ်နိုင်တဲ့နည်းနဲ့ ဥဒါန်းမှတဆင့် တရားဟောခဲ့သေး၏။
မြတ်ဗုဒ္ဓသည် အကျိုး ရှိ-မရှိကို သိရာ၌လည်း အနှိုင်းမဲ့ ဖြစ်၏။ သို့ဖြစ်၍ လုပ်ငန်းနှင့်အချိန်ကို အပိုအလိုမရှိဘဲ ကွက်တိဝင်အောင် အသုံးချတော်မူနိုင်ခြင်း ဖြစ်ပေသည်။ [စာ-၇၅-ဦးရွှေအောင်၊ ဗုဒ္ဓသို့မဟုတ်အနှိုင်းမဲ့]
ထိုသို့ အသုံးချတော်မူနိုင်ခြင်းကြောင့်လည်း ဟုန်ဟုန်က ပုဏ္ဏားနှင့်တွေ့ခဲ့စဉ်ကလည်း တရားမဟောသေး…ယခုလည်းပဲ နိဒါန်းမစုံလင်သေးသည့်အတွက် လောလောဆယ်အတွက် တရားမဟောရန် စိတ်အကြံတည်ခြင်းမျှဖြစ်၏။
မြတ်ဗုဒ္ဓ၏ စိတ်အကြံတော်ကို သဟမ္ပတိဗြဟ္မာကြီးက သိသောအခါ..တကယ်ပဲ တရားမဟောတော့ဘူးလားဟု အလွန်ပင်စိုးရိမ်တကြီး ဖြစ်ခဲ့လေသည်။ အမှန်မှာတော့ မြတ်ဗုဒ္ဓသည် ယခုလောလောဆယ်အချိန်အတွက်.. အချိန်မကျသေး၍ နိဒါန်းမစုံလင်ပါသေး၍ တရားမဟောဖို့ရန် စိတ်တော်ညွတ်ခြင်းဖြစ်ပေ၏။ သဟမ္ပတိဗြဟ္မာကြီးသည်လည်း ဘေးကကြည့်သူပင် ဖြစ်လင့်ကစား စိုးရိမ်သွားရုံမျှပင်ဖြစ်၏။ ထို့နောက် အခြားသော နတ်ဗြဟ္မာများကြားအောင်.. “လောကကြီး တခုလုံး အဖတ်ဆယ်မရအောင် ပျက်စီးတော့မည်” ဟု အော်ဟစ် ကြွေးကြော်လေ၏။ နတ်ဗြဟ္မာများ ခြံရံလျက် သဟမ္ပတိဗြဟ္မာကြီးလည်း မြတ်ဗုဒ္ဓ ရှိရာသို့ ရောက်လာလေသည်။ ထို့နောက်.. ဗြဟ္မာကြီးက..
“သုဂတဂုဏ်တော်ကြီးနှင့် ချီးကျူးအပ်ပါပေသော မြတ်စွာဘုရား..သစ္စာလေးချက် ဓမ္မနက်ကို ဟောကြားတော်မူပါ။ မြတ်စွာဘုရား၏ တရားကို မနာကြားရလျင် သတ္တ၀ါများ နိဗ္ဗာန်နှင့် ဝေးပေလိမ့်မည်။ ဥာဏ်ထက်သောပုဂ္ဂိုလ် ကိလေသာ နည်းသော ပုဂ္ဂိုလ်တို့လည်း ရှိကြပါလိမ့်မည်။ ယခု ကမ္ဘာလောကြီးတခုလုံးမှာ ဆူးခက်တွေ ခင်းထားသလို ဖြစ်နေပါ၏။ ထိုဆူးခက်များမှာ တိတ္ထိဆရာကြီးများ ဖန်တီးထားသော ကြံမိကြံရာ အယူဝါဒများပင် ဖြစ်ပါ၏။ ထို့ကြောင့် နိဗ္ဗာန်ရဲ့တံခါးဖြစ်တဲ့ မဂ္ဂင်ကို ဒေသနာဥာဏ်လက်တော်ဖြင့် ဖွင့်လှစ်ပေးတော်မူပါ” ဟု..
အဓိပ္ပါယ်ရသော တောင်းဆိုမှုကို ပြုလေ၏။
ဗြဟ္မာကြီးက..တောင်းဆိုမှုကို သုံးကြိမ် လျောက်တင်ခဲ့၏။..
အခုတော့ လိုအပ်သော နိဒါန်း (၂)ရပ်လုံးစုံချေပြီ။ ရှေးက.. လိုအပ်ချက် နိဒါန်းများ မစုံလင်သေးသောကြောင့် သစ္စာတရားမဟောခဲ့ခြင်းဖြစ်ပေသည်။ နိဒါန်းမစုံ အချိန်မကျသေးဘဲ သစ္စာတရားဟောပါကလည်း သတ္တ၀ါတို့က နားမလည်ဘဲ မြတ်ဗုဒ္ဓအဖို့ ပင်ပန်းကြီးရုံသာ ဖြစ်ပေမည်။ မြတ်ဗုဒ္ဓသည် အခြေအနေနှင့် အချိန်အခါကို တွက်ချက် နှိုင်းချင့်တော်မူရာ၌လည်း အတော်ဆုံးဖြစ်ပေ၏။ ကွက်တိအကျဆုံးဖြစ်ပေ၏။
ယခုတဖန် မြတ်ဗုဒ္ဓသည် ရွှေဥာဏ်တော်ကြီးဖြင့် လောကကို ကြည့်လေပြီ။..ထိုရွှေဥာဏ်ကြီးမှာ သဗ္ဗညုတဥာဏ်တော်ကြီး ပင်ဖြစ်၏။ ထိုဥာဏ်တော်သည် သတ္တ၀ါအားလုံး၏ ဣနြေ္ဒ အနုအရင့် စရိုက် စသည်တို့ကို ကွဲကွဲပြားပြား မြင်နိုင်စွမ်းပေ၏။ ထို့သို့ ကြည့်သောအခါ..ဥာဏ်မျက်စိတွင် ကိလေသာ မြူမှုန် နည်းသော သတ္တ၀ါတွေ၊ များသော သတ္တ၀ါတို့ကို ဗုဒ္ဓ၏ ဥာဏ်စက္ခု၌ သန့်လျက် ကန့်လျက် ထင်ထင်ရှားရှား မြင်တော်မူလေသည်။
ဥာဏ်မျက်စိ၌ ကိလေသာ မြူမှုန့် နည်းသော သူတို့ကို ကျွတ်ထိုက်သော သူများဟု ခေါ်၏။
ဥာဏ်မျက်စိ၌ ကိလေသာ မြူမှုန့် များသော သူတို့ကို မကျွတ်ထိုက်သော သူများဟု ခေါ်၏။

မြတ်ဗုဒ္ဓ၏ ရွှေဥာဏ်တော်ကြီးဖြင့် မြင်တော်မူပုံကို မြင်သာအောင် ဥပမာဖြင့် ဖော်ပြရလျင်..
ကမ်းပါးပေါ်မှရပ်ကြည့်နေသောလူတစ်ဦးသည်..
ရေပြင်ထက်၌ ပေါ်သော အချို့သော ကြာအဖူးအငုံများကိုလည်း မြင်ပေမည်။
ရေပြင်နှင့်အညီ ရှိနေကြသော ကြာအဖူးအငုံများကိုလည်း မြင်ပေမည်။
ကြည်လင်သော ရေပြင်အောက်၌ပင် ရှိနေကြသေးသော ကြာတို့ကိုလည်း မြင်ပေလိမ့်မည်။
ရေပြင်ထက်၌ ပေါ်သော ကြာအဖူအငုံများသည် နေထွက်လျင်ပင် ပွင့်အာတော့ပေမည်။..ထို့ကြောင့် ထိုကြာတို့သည်..တရားအကျဉ်းဟောလိုက်ရုံဖြင့် သစ္စာလေးတန်သိ အရိယာပုဂ္ဂိုလ်များဖြစ်မည့် သူတို့နှင့် တူပေမည်။
ရေပြင်နှင့်အညီတည်နေသော ကြာတို့သည်..တရားအကျယ်ဟောပါမှ သိအပ်မြင်အပ်မည့် ပုဂ္ဂိုလ်များနှင့် တူပေမည်။
ရေပြင်အောက်မှ ကြာများကတော့ လှပစွာ ပွင့်ဖို့ရန်အတွက် အချိန်စောင့်ရပေမည်။ နောက်ရက်များမှ ပွင့်နိုင်မည့် ကြာမျိုးပင်ဖြစ်သည်။ တရားတော်ကို ထပ်တလဲလဲ နာ..ကိုယ်တိုင်လည်း ပွားများမှ သိအပ်မြင်အပ်မည့် ပုဂ္ဂိုလ်များနှင့် တူပေမည်။…

မြတ်ဗုဒ္ဓသည် ထိုကြာသုံးမျိုးနှင့် တူပေသော ပုဂ္ဂိုလ်သုံးမျိုးတို့ကို ထင်ရှားစွာ မြင်လေပြီ။ ထို့သို့ မြင်လေပြီးနောက်..
“ရှေးက သာသနာကွယ်ပြီးနောက် ယခုထက်တိုင် ထုပ်ထား နှောင်ထားသော ရတနာထုပ်နှင့်တူသော သဒ္ဓါထုပ်တွေကို အကင်းပါး ဥာဏ်ရှိသူတို့ ဖြည်ထားကြပါကုန်လော့
ငါဘုရားကား နိဗ္ဗာန်၏ တံခါးသဖွယ်ဖြစ်သော မဂ္ဂင် (၈)ပါးတံခါးကို ပိတ်၍မထားဘဲ အမြဲပင် ဖွင့်လျက်ထား၏”
ထိုသို့ အဓိပ္ပါယ်ထွက်သော စကားတော်ကို မိန့်တော်မူလေသည်။
အဓိပ္ပါယ်မှာ လေးနက်ပေ၏။ သဒ္ဓါတရားသည် လွန်စွာအရေးကြီးပေသည်။ ပထမဆုံးအနေဖြင့်ပင် အရေးပါ၏။ မြတ်ဗုဒ္ဓ၏ တရားတော်ကို သိမြင်အပ်ဖို့ရန်အတွက်…
  • ယုံကြည်မှု သဒ္ဓါသည် ရှေးဦးစွာ လိုအပ်၏
  • ယုံကြည်မှု သဒ္ဓါရှိမှ ဆည်းကပ်လိမ့်မည်။
  • ဆည်းကပ်ပါမှလည်း တရားဆိုတာကို နာရကောင်းမှန်း အောက်မေ့ကြပေလိမ့်မည်။
  • တရားတော်ကို နာကြားပါမှလည်း ယထာဘူတ အမှန်အတိုင်း ဆင်ခြင်သုံးသပ်ပေလိမ့်မည်။
  • အမှန်အတိုင်း ဆင်ခြင်သုံးသပ်နိုင်ပါမှလည်း မြတ်ဗုဒ္ဓဟောသော တရားတော်တို့ကို သိအပ်မြင်အပ်ပေမည်။
သဒ္ဓါဆိုသည်မှာလည်း Religion ဆန်ဆန် အကန်းယုံကြည်မှု (belief) မျိုးမဟုတ်ပေ။ လူနာတစ်ဦးသည် ကျွမ်းကျင်တတ်မြောက်သော ဆရာဝန်ကြီး၌ ထားရှိအပ်သော (သို့မဟုတ်ပါက) တပည့်တစ်ဦးက မြတ်သောဆရာပေါ်၌ထားရှိအပ်သော ယုံကြည်မှုမျိုး (confidence) ပင်ဖြစ်ပေသည်။ ထို့ကြောင့် သဒ္ဓါကို ဘာသာပြန်ရာ၌လည်း.. belief အစား confidence ဟု ဘာသာပြန်မှ သင့်လျော်ပေမည်။ [p-7, Ven. Narada, Buddhism in Nutshell]
မြတ်ဗုဒ္ဓ၏ အထက်ပါ မိန့်တော်မူချက်ကို သဟမ္ပတိဗြဟ္မာကြီး ကြားသောအခါ..မြတ်ဗုဒ္ဓ တရားဦးဟောရန် ခွင့်ပြုလိုက်ပြီဟု..သတ်မှတ်ပြီး..လက်ယာရစ် မြတ်ဗုဒ္ဓအား ရှိခိုးကန်တော့ပြီးနောက်…ဗြဟ္မာပြည်သို့ ပြန်ကြွသွားလေတော့သည်။

ဓမ္မစကြာတရားတော် အပိုင်း ၂/၃- မင်းကွန်းဆရာတော်ဘုရားကြီး

No comments:

Post a Comment