Sunday, September 23, 2012

သစ္စာရှာဖို့ မြင်းစီးသူ အပိုင်း(၃)

ဒုက္ခ၏လောကလုံး သဘော

(ပထမ အမှန်မွန်)

ဒုက္ခ၊ ဘဝရဲ့ အရိပ်
ဘဝရွေ့လေရာ လိုက်ရွေ့တယ် ... ၊
မွေးဖွားမှု၊ ကြီးထွားမှု၊ ပျက်မှု ...
အချစ်၊ အမုန်း ...... ။

ဗုဒ္ဓ၏အလိုအရ ‘ဘာသာတရား’မှာ ‘ကုထုံး’ ဖြစ်သည်။ ဘာသာတရားတို့ ရှင်သန်ရခြင်း၏အကြောင်းရင်းခံနှင့် အခြေခံဆောင်တာမှာ လူသားတို့၏ ခံစားမှုဝေဒနာများကို ကုစားပေးနိုင်ဖို့ ဖြစ်ပါသည်။ ခံစားမှုဝေဒနာဆိုရာတွင်လည်း ဗဟိဒ္ဓသဏ္ဌန်တွင် ကပ်ငြိသော ရောဂါမျိုးစုံဆိုသည်ထက် လူ့ဖြစ်တည်မှုနှင့်ဆက်စပ်နေသည့် အဇ္ဈတ္တဝေဒနာများကို ရည်ညွှန်းလိုဟန်ရှိသည်။ ဤသဘောကို သူ၏တရားတော်မှာပင် ‘ဒုက္ခ’ဟု ဖော်ပြခဲ့သည်။ ဤသည်ပင် ပထမအမှန်မွန်ဟု ဆိုပါသည်။

ဓမ္မစက္ကပဝတ္တနတရားတော်တွင် ဗုဒ္ဓက ဤသို့ ဟောကြားခဲ့သည်။
“ရဟန်းတို့ ....၊ ပထမအမှန်မွန်မှာ ဒုက္ခဖြစ်၏။ မွေးဖွားရခြင်း၊ အိုမင်းရခြင်း၊ ဖျားနာရခြင်း၊ သေဆုံးရခြင်းတို့သည် ဒုက္ခမည်၏။ မနှစ်မြို့ဖွယ်ရာများနှင့် ပတ်သက်ဆက်စပ်ရခြင်း၊ နှစ်မြို့ဖွယ်ရာများနှင့် ခွဲခွာကွေကွင်းရခြင်းနှင့် မဖြည့်ဆည်းနိုင်သော လိုအင်ဆန္ဒများသည်လည်း ဒုက္ခမည်ပေ၏။ အချုပ်ဆိုရလျှင် လိုချင်တပ်မက်မှုနှင့်ပြီးသော၊ ခဏတာယာယီအိမ်မျှသာ ဖြစ်သည့် ခန္ဓာငါးပါးကြီးသည်ပင်လျှင် ဒုက္ခတို့၏ အစုအဝေးဖြစ်ပေ၏”
                                                                                   
ဒုက္ခ၏ အသွင်အပြင်များ

‘ဒုက္ခ’ဆိုသောဝေါဟာရမှာ ကျွန်တော်တို့နှင့် ရင်းနှီးကျွမ်းဝင်ပြီးဖြစ်ရာ အလွယ်နှင့်နားလည်နိုင်လိမ့်မည်ဟု ထင်စရာရှိပါသည်။ စင်စစ်ဤမျှ လွယ်ကူလှသည် မဟုတ်ပါ။ အထူးသဖြင့် ဗုဒ္ဓညွှန်းသော လူ့ဖြစ်တည်မှုနှင့်ယှဉ်သောဒုက္ခကို အပြည့်အဝနားလည်ရန်မှာ ထင်သည်ထက်ပို၍ ခက်ခဲနက်နဲပါသည်။ ဤသို့ဖြစ်ရသည်မှာ အကြောင်းနှစ်ခုကြောင့် ဖြစ်နိုင်သည်။

ပထမအကြောင်းမှာ ဒုက္ခ၏သဘောသဘာဝနှင့် ဆိုင်သည်။ ဒုက္ခမှာ ဆင်ခြင်တုံတရားတွင်မရှိ။ အတွေ့အကြုံနယ်ပယ်တွင်သာ ရှိသည်။ ဆင်ခြင်တုံတရားဖြင့် ချဉ်းကပ်နိုင်သော ရုပ်သဘောများကို အလွယ်တကူရှင်းပြနိုင်သည့်တိုင် ကိုယ်တိုင်ခံစားမှ သိရှိနားလည်နိုင်သော နာမ်သဘောကို အတိအကျရှင်းပြနိုင်သည် မဟုတ်ပါ။ ဥပမာ- ကျွန်တော်တို့ အနေနှင့် ‘သွား’ဆိုသော အမာထည်ရုပ်ကို ‘ဒါပဲ’ဟု လက်ညှိုးထိုးပြနိုင်သည့်တိုင်၊ ‘သွားကိုက်ဝေဒနာ’ဆိုသည့် ခံစားမှုကို အပီအပြင်ဖော်ပြနိုင်ဖို့ မလွယ်သလိုဖြစ်သည်။ သွားကိုက်ဝေဒနာဆိုသည်မှာ တစ်ယောက်နှင့်တစ်ယောက် ထပ်တူကျနိုင်သည်မျိုး မဟုတ်။ လူတစ်ဦးချင်းစီ၏ အာရုံခံစားမှုနှင့်ဆိုင်သော သီးခြားကိုယ်ပိုင်အတွေ့အကြုံ ဖြစ်သည်။ ဒုက္ခနှင့် ပတ်သက်လျှင်လည်း ဤအတိုင်းပင် ဖြစ်ပါသည်။ “ဒုက္ခဆိုတာ ဒါပဲ”ဟု လက်ဖဝါးပေါ်တင်ပြ၍ မရ။ ဒုက္ခကို ပုံဆွဲပြ၍ မရ။ တင်စားမှု သင်္ကေတတစ်ခုခုဖြင့် အရိပ်အမြွက်မျှသာ ဖော်ပြနိုင်စရာရှိသည်။

ဒုတိယ အကြောင်းမှာ ဒုက္ခနှင့်ပတ်သက်သော ကျွန်တော်တို့၏ခံယူပုံတွင် ရှိသည်။ များသောအားဖြင့် ကျွန်တော်တို့တစ်တွေမှာ အထည်ဒြပ်ဖြင့် ထင်သာ မြင်သာသော ကပ်ဘေးကြီးများကိုသာ ဒုက္ခဟု နားလည်ထားကြသည်။ သတင်းစာတစ်စောင်ကို ဖတ်လိုက်လျှင် စစ်ပွဲများ၊ မုန်တိုင်းဘေး၊ ရေဘေးများ၊ အစာရေစာ ပြတ်လပ်မှုများ၊ အလုပ်လက်မဲ့ပြဿနာများ စသည်တို့ကို တွေ့ရပြီး ...၊ ‘ဪ .. ဒုက္ခ .. ဒုက္ခ’ဟု စိတ်ထဲမှ မြည်တမ်းမိကြပါလိမ့်မည်။ စင်စစ် ဤသည်တို့မှာ အကြမ်းထည်သဘောမျှသာ ဆောင်သည့် ရုပ်ပိုင်း ဒုက္ခများသာဖြစ်ပါသည်။ ပို၍နူးညံ့သိမ်မွေ့သည်နှင့် အမျှ၊ ပို၍လည်းနက်ရှိုင်းသော ဒုက္ခများလည်း ရှိပါသေးသည်။ ဒုက္ခ၏ စိတ်ပိုင်းဆိုင်ရာ မျက်နှာစာဟု ဆိုရပါလိမ့်မည်။ လူ့ဖြစ်တည်မှုနှင့်အတူ ကျွဲကူးရေပါ ဖြစ်တည်လာသော ရှောင်မရသည့် ဒုက္ခများဖြစ်ပါသည်။ ဤဒုက္ခများကမူ မြင်သာထင်သာ ရှိကောင်းမှ ရှိပါလိမ့်မည်။ အနှစ်သဘောအရ ဒုက္ခဖြစ်သည့်တိုင် သုခဝတ်ရုံခြုံ၍လည်း လာတတ်သည်။ ထို့ထက် ခံစားသူဘက်မှ ပညာအသိနှင့် အာရုံ ခံစားနိုင်စွမ်းတို့ မတူကြသည့်အလျောက် နားလည်ခံယူပုံ အနက်အရှိုင်းတွင်လည်း ကွာနိုင်သည်။ ဥပမာ - အရိယာတစ်ဦးနှင့် သာမန်ပုထုဇဉ်တစ်ဦးတို့ ဒုက္ခအပေါ်နားလည်ပုံချင်း မတူနိုင်သလိုမျိုး ဖြစ်သည်။

ပြောကြစတမ်းဆိုလျှင် ဒုက္ခ၏ အဆိုပါစိတ်ပိုင်းဆိုင်ရာ မျက်နှာစာကို နားမလည်လျှင် ပထမအမှန်မွန်ကို မျက်မှောက်မပြုနိုင်သေး ဟူ၍သာ ဆိုရပါလိမ့်မည်။ ဤသို့ဆိုလျှင် မွေးဖွားခြင်းသည် ဒုက္ခ၊ အိုမင်းခြင်းသည် ဒုက္ခ၊ သေဆုံးခြင်းသည် ဒုက္ခဆိုသော ဗုဒ္ဓ၏ဟောကြားချက်များကို အပြည့်အဝ ဘဝင်ကျနိုင်ဖွယ် မရှိပါ။ (အိုခြင်းနှင့်သေခြင်းကို ဒုက္ခဟု ခံယူနိုင်သည့်တိုင် မွေးဖွားခြင်းကိုမူ သုခဟု ထင်နိုင်စရာရှိပါသည်) အလားတူပင် အိုခြင်း၊ နာခြင်း၊ သေခြင်း ကင်းရာဆိုသော ဗုဒ္ဓ၏ လွတ်မြောက်ရေး လမ်းစကိုလည်း လွဲလွဲမှားမှား သဘောပေါက်သွားနိုင်သည်။ စင်စစ် ဗုဒ္ဓကိုယ်တိုင်သည်ပင် အို၊ နာ၊ သေဘေးနှင့် မလွတ်ကင်းနိုင်ခဲ့ပါ။ ဗုဒ္ဓရည်ညွှန်းသော အိုခြင်း၊ နာခြင်း၊ သေခြင်း ကင်းရာ ဆိုသည်မှာ မအို မနာ မသေ ဆိုကာ အရှိတရားကို ငြင်းပယ်လိုက်ခြင်းသက်သက်မျှ မဟုတ်။ ထို့ထက် အဆပေါင်းများစွာ သိမ်မွေ့နက်ရှိုင်းသည်။

ဤနေရာတွင် စိတ်၊ စေတသိက်တို့၏ လှည့်ဖျားမှုမှ မလွတ်တတ်နိုင်သေးသော သာမန်ပုထုဇဉ်တို့၏ သဘာဝကို သတိပြုဆင်ခြင်ဖို့ လိုမည်ထင်ပါသည်။ ဥပမာ- လူတစ်ယောက်ကို သူ၏အမည်မေးလျှင် အလွယ်တကူ အဖြေပေးပါလိမ့်မည်။ သို့နှင့်တိုင် ‘အသက်ဘယ်လောက်ရှိပြီလဲ’ဟုမေးလိုက်လျှင် ရုတ်တရက် အဖြေထွက်ချင်မှ ထွက်ပေါ်လာပါလိမ့်မည်။ အကယ်၍ အမေးခံရသူမှာ လေးဆယ်ကျော် ငါးဆယ်အတွင်း ရောက်နေမည်ဆိုပါက စကားလမ်းကြောင်းပြောင်းဖို့ ကြိုးစားချင် ကြိုးစားပါလိမ့်မည်။ နောက်ဆုံး စကားလွှဲ၍ မရတော့လျှင် ရှိရင်းစွဲ အသက်ထက်လျှော့၍ ပြောဖို့များပါသည်။ အလားတူပင် မိမိဆံပင်တွင် ပထမဆုံး ဆံပင်ဖြူတွေ့လိုက်ရသူအနေနှင့် အထိတ်တလန့် ဖြစ်မိဖို့များပါလိမ့်မည်။ ဤအချက်များက ဘာကို ဖော်ပြပါသနည်းဆိုလျှင် လူ၏ဘဝတဏှာဖြင့် ဘဝဒုက္ခကို မေ့လျော့ထားရန် ကြိုးစားလိုသည့်သဘော ဖြစ်ပါသည်။

ဗုဒ္ဓ၏ ပထမအမှန်မွန် ဖွင့်ဆိုချက်တွင် အို၊ နာ၊ သေ ဘေးသာမက မနှစ်မြို့ဖွယ်ရာများနှင့် ပတ်သက်ဆက်စပ်ရခြင်း၊ နှစ်မြို့ဖွယ်ရာများနှင့် ခွဲခွာကွေကွင်းရခြင်း၊ အလိုဆန္ဒမပြည့်ဝခြင်း စသည်တို့လည်း ပါဝင်သည်။ အချစ်အမုန်းစသော ဘဝ၏ ခံစားမှုများ ဖြစ်ပါသည်။ ‘ပြည်ထဲရေးနှင့် ဝမ်းရေးတို့ထက် လွမ်းရေးခက်၏’ဆိုသော စကားပင်ရှိရာ ဤဒုက္ခများကိုမူ ပို၍နားလည် သဘောပေါက်နိုင်စရာ ရှိပါသည်။ လောကီထုပ္ပတ် လူတို့ဇာတ် ဆိုသည်မှာ အချစ်နှင့် အမုန်းတို့ကြောင့်ကျရသော မျက်ရည်တို့ဖြင့် ပြည့်လျှမ်းနေတတ်ရာ အဆိုပါ ဒုက္ခများကို သာဓကတင်နေစရာပင် လိုတော့မည်မဟုတ်ပါ။ သို့နှင့်တိုင် ဤနေရာတွင်လည်း လူသည် လှည့်စားခံဝဲဂယက်မှ ထွက်နိုင်သည်မဟုတ်ဟု ဆိုပါလိမ့်မည်။ ချစ်ခြင်း၊ မုန်းခြင်း၊ ဆုံစည်းခြင်း၊ ခွဲခွာခြင်း စသည်တို့မှာ ဘဝ၏ရှောင်မရသောအခြင်းအရာများ ဆိုသည်ကို နှလုံးမသွင်းနိုင်ဖြစ်ကြရပါသည်။ ချစ်ခွင့် ဆုံခွင့်ရလျှင် အပျော်တို့ဖြင့် တုံ့ပြန်တတ်၍ မုန်းရ ခွဲရပြီဆိုလျှင် အနာ၊ အလွမ်းစသည်တို့နှင့် တုံ့ပြန်လေ့ရှိသည်။

ဗုဒ္ဓ၏အလိုအရဆိုလျှင် အဆိုပါ ဒုက္ခအားလုံးသည် လိုချင်တပ်မက်မှုနှင့်ပြီးသော၊ ခဏတာယာယီအိမ်မျှဖြစ်သည့် ခန္ဓငါးပါးအစုအဝေးကြီး၏ သရုပ်သကန် အစစ်ပင် ဖြစ်ပါသည်။ ဤသဘောကို ဗုဒ္ဓက ‘ပဉ္စုပါဒါနက္ခန္ဓာ’ဟူသော ပါဠိစကားဖြင့် ဖွင့်ဆိုပြသည်။ ဥပါဒါန် အစွဲအလမ်းများကြောင့် ဖြစ်တည်ရသော ရုပ်-နာမ် တို့၏ အစုအဝေးဟု အဓိပ္ပာယ်ရသည်။ ပြောရလျှင် ခန္ဓာငါးပါးလုံးသည်ပင် ဒုက္ခတို့၏အစုအဝေးဟု ဆိုလိုရင်းဖြစ်သည်။ ဤသဘောကို ရှင်းရှင်းပြတ်ပြတ်နားလည်မှသာလျှင် ပထမအမှန်မွန်ကို သဘောပေါက်ရာရောက်ပါသည်။
(သစ္စာရှာဖို့ မြင်းစီးသူ ကျော်ဝင်)၏ စာအုပ် ဆက်လက်ရေးသားဖ်ာပြပါမည်။
 ရွှေဖြူးလေး

No comments:

Post a Comment