အလယ်လမ်း၏ တော်လှန်ရေးမျက်နှာစာ
အလယ်လမ်းဆိုသည့်အဓိပ္ပာယ်ကို ခေတ်ပြိုင်နားလည်ချက်များနှင့် အဓိပ္ပာယ်ဖွင့်ကြည့်လိုက်လျှင် အလျှော့ပေးစေ့စပ်သည့် သဘောများ ပါဝင်နေ၍ ခွန်အားမရှိသလို ဖြစ်နိုင်ပါသည်။ လက်ဝဲစွန်း၊ လက်ယာစွန်း အယူအဆများက မီးရှူးမီးပန်းလွှတ်လေ့ရှိသော တော်လှန်ရေးအငွေ့အသက်များ မပါဝင်၍ အားမလို အားမရ ဖြစ်ရသည်များ ရှိနိုင်ပါသည်။ ဗုဒ္ဓ၏ဓမ္မကို ဤသို့သော ခေတ်ပြိုင်နားလည်ချက်များနှင့် ချဉ်းကပ်ပြီး ဗုဒ္ဓ၏အလယ်လမ်းကို ဘောင်ခတ် အဓိပ္ပာယ်ဖွင့်၍ ရနိုင်မည်မဟုတ်ပါ။ စင်စစ် တော်လှန်ရေးဝိညာဉ်ဆိုသည်မှာ စကားလုံးများထဲတွင်ထက် တရားအနှစ်ထဲတွင်သာ ကိန်းဝပ်တတ်မြဲဖြစ်သည်။ ဗုဒ္ဓ၏အလယ်လမ်းကို နက်နက်ရှိုင်းရှိုင်း ဆန်းစစ်ကြည့်လိုက်လျှင် မည်သည့်ဘာသာရေးတွင်မှမတွေ့နိုင်သော တော်လှန်ရေးမျက်နှာစာကို အထင်အရှား ဆုပ်ကိုင်မိနိုင်စရာ ရှိပါသည်။
ပြောရလျှင် ‘အလယ်လမ်း’ ဆိုသော ဝေါဟာရထဲမှာပင် တွေးခေါ်မြော်မြင်မှုသဘောသာမက မဟာဗျူဟာသဘောရော၊ ဒဿနသဘောများပါ အကျုံးဝင်လျက် ရှိနေသည်။ တွေးခေါ်မြော်မြင်မှုသဘော (အခြေခံစဉ်းစားတွေးခေါ်ပုံ) ကိုရှေ့ပိုင်းတွင် အထိုက်သင့်ဖော်ပြခဲ့ပြီး ဖြစ်သည်။ ယခု မဟာဗျူဟာသဘောတွင် အလယ်လမ်း အကောက်အယူများ ရှိနေသည်ကို ဆက်လက်ဆန်းစစ်ကြည့်ပါမည်။ ဗုဒ္ဓဓမ္မ၏မဟာဗျူဟာမှာ လမ်းကြောင်းမှန်ရှစ်ပါး (မဂ္ဂင်ရှစ်ပါး)ဟု ဆိုနိုင်ပါလိမ့်မည်။ ဤလမ်းကြောင်းရှစ်ခုလုံးမှာပင် ဗုဒ္ဓခေတ်က အဓိကအကျဆုံးသော အစွန်းနှစ်ခုလုံး ကင်းလွတ်နေသည်ကို တွေ့ရပါလိမ့်မည်။ ကာမဂုဏ်အာရုံတို့တွင်တွယ်ငြိနေသော အပျော်လမ်း (ခေတ်စကားနှင့် ဆိုလျှင် လက်ယာစွန်း)နှင့် နာကျင်ပင်ပန်းမှုကို အရင်းတည်သော အကြမ်းလမ်း (ခေတ်စကားနှင့်ဆိုလျှင် လက်ဝဲစွန်း) တို့ ဖြစ်သည်။
ဗုဒ္ဓခေတ် အနေအထားအရဆိုလျှင် လက်ယာစွန်းလမ်းကြောင်းနှင့် တရားထူးမရနိုင်သည်မှာ ‘အများသိ’ဖြစ်ပါသည်။ လူအများ အလွယ်နှင့်လက်ခံနိုင်စရာ ရှိပါသည်။ သို့နှင့်တိုင် လက်ဝဲစွန်းကိုမူ လူများစုက အထင်ကြီးအားကျနေချိန် ဖြစ်သည်။ ထိုခေတ်က ဂိုဏ်းခေါင်းဆောင်တိုင်းမှာ တပအကျင့်ကို သူ့ထက်ငါ အပြိုင်ကျင့်ပြကြသည်ဖြစ်ရာ၊ တရားထူး တွေ့မတွေ့ အသာထား၊ မွန်မြတ်သောလမ်းကြောင်းဟု ယေဘုယျလက်ခံထားကြချိန်ဖြစ်သည်။ ဗုဒ္ဓကိုယ်တိုင်လည်း တပသီငါးဦးနှင့်အတူ ဤအကျင့်ကို အဆုံးစွန်အထိကျင့်ခဲ့ပြီးဖြစ်သည်။ သို့အတွက် လက်ဝဲစွန်းတပအကျင့် ကို လမ်းမှန်မဟုတ်ဟု ဖော်ထုတ်ရန်မှာ လွယ်ကူလှသော အလုပ်မဟုတ်ပါ။ ဤသို့ မလွယ်ကူသောအလုပ်ကိုပင် ဗုဒ္ဓကရွေးချယ်ခဲ့ပါသည်။ သူကိုယ်တိုင် ဉာဏ်အလင်းရပြီး ပထမဆုံးရွေးချယ်ခဲ့သော တရားနာပရိသတ်မှာ တပသီငါးဦးဖြစ်သည်။ အစွဲကြီးသောတပသီငါးဦးရှေ့မှာပင် တပအကျင့်၏ အားနည်း ချို့ယွင်းချက်များကို ဖွင့်ချလိုက်ခြင်း ဖြစ်သည်။ ဤသည်ပင် ပညတ်သဘော (စကားလုံးအရ) အလယ်လမ်း ဖြစ်သော်လည်း ပရမတ်သဘော (အနှစ်သဘော) အရ တော်လှန်ရေးသဘောဖြစ်နေသည့် သာဓကဖြစ်တော့သည်။
ဗုဒ္ဓ၏အလိုအရ လွတ်မြောက်ရေးလမ်းစသည် ပြင်ပမှလာသည်မဟုတ်။ အတွင်းမှ လာခြင်းဖြစ်သည်။ မိမိ၏အတွင်းစိတ် သန့်စင်ရေးတွင် ပြင်ပဖိအားများဖြင့် ဇွတ်အတင်းဖန်တီး၍ မရနိုင်။ မိမိကိုယ်ခန္ဓာအတွင်းမှလာသော ဉာဏ်အလင်းဖြင့်သာ အစစ်အမှန်သန့်စင်မှုကို ရနိုင်သည်ဟု ဟောသည်။ ဤအဓိပ္ပာယ်အရအကဲဖြတ်လျှင် ဗုဒ္ဓဓမ္မမှာ ‘အတွင်းပိုင်း ချဉ်းကပ်မှု’ (Intrinsic approach) ကို ပထမဆုံးဖော်ထုတ်လိုက်သော မဟာအိုင်ဒီယာကြီးဟူ၍ပင် ဆိုနိုင်စရာ ရှိသည်။ ဗုဒ္ဓခေတ်မတိုင်မီ ဘာသာရေးများသည်လည်းကောင်း၊ ဒဿနဂိုဏ်းများသည် လည်းကောင်း ‘ပြင်ပချဉ်းကပ်နည်း’ (Extrinsic approach) ကိုသာ အဓိကထားခဲ့ကြသည်။ ဗုဒ္ဓ၏ အမှန်မွန်လေးပါးမှ စတုတ္ထ အမှန်မွန်လာ လမ်းကြောင်းရှစ်ခုလုံးမှာ ‘မိမိကိုယ်ကိုပြုပြင်ပြောင်းလဲရေး’ (Selfrenewal) ကို အခြေခံသော အတွင်းမှချဉ်းကပ်နည်း ဖြစ်ပါသည်။
အလယ်လမ်း၏ အရေးကြီးဆုံးဟုယူဆရသော တော်လှန်ရေးလက္ခဏာတစ်ခုမှာ ဒဿနသဘောတွင် ရှိသည်။ သမိုင်းပညာရှင်များ၊ မနုဿဗေဒ ပညာရှင်များနှင့် ဒဿနပညာရှင်များက ဗုဒ္ဓနှင့်ပတ်သက်လျှင် ‘ဝေဒကို တော်လှန်သူ’ ဟု အမှတ်ပေးကြသည်။ ဝေဒမှာထိုခေတ် အိန္ဒိယတိုက်ငယ်တစ်ခုလုံးတွင် ဩဇာအကြီးဆုံးဖြစ်သော ဖန်ဆင်းရှင်အယူအဆ၏ ကိန်းရာ တည်ရာဖြစ်သည်။ လက်ရှိကမ္ဘာ့ဘာသာကြီးငါးခုထဲတွင် ဖန်ဆင်းရှင်အယူအဆနှင့် အပြီးတိုင်လမ်းခွဲနိုင်သည်မှာ ဗုဒ္ဓဓမ္မသာလျှင် ရှိပါသည်။ စင်စစ်ဖန်ဆင်းရှင် အယူအဆကို ပယ်လိုက်နိုင်ခြင်းမှာ ရိုးရာဓလေ့ထုံးစံဟောင်းများကို မှောက်လှန်လိုက်ရုံသက်သက်မျှ မဟုတ်။ လူ၏သိမှုဖြစ်စဉ်တွင် လူသား၏ ‘ဖန်တီးမှုစွမ်းအား’ (creative power) အတွက် တံခါးဖွင့်ပေးလိုက်ဖြင်းလည်း ဖြစ်ပါသည်။
အနှစ်ချုပ်ဆိုရလျှင် ဗုဒ္ဓညွှန်းခဲ့သော အလယ်လမ်း၏ဝိညာဉ်မှာ မည်သည့်အရာကိုမှ အစွန်းမရောက်၊ အရမ်းအကန်းမယုံကြည်ပဲ၊ ခွဲခြမ်းစိတ်ဖြာ အဖြေရှာခြင်း (ဝိဘဇ္ဇဝါဒ) ဟု ဆိုနိုင်လိမ့်မည် ထင်ပါသည်။ စင်စစ် ဗုဒ္ဓ၏အမှန်မွန်လေးပါးဆိုသည်မှာ လူ့ဘဝခရီး (သံသရာ)ကို အလယ်လမ်းဝိညာဉ်ဖြင့် ချဉ်းကပ်လေ့လာရာမှ ထွက်ပေါ်လာသော တွေ့ရှိချက်များ ဖြစ်ပါသည်။

(သစ္စာရှာဖို့ မြင်းစီးသူ ကျော်ဝင်း၏စာအုပ်) ဆက်လက်ရေးသား ဖော်ပြပါမည်။
No comments:
Post a Comment