Monday, September 24, 2012

သစ္စာရှာဖို့ မြင်းစီးသူ အပိုင်း(၃)အဆက်

ဒုက္ခတို့၏ သရုပ်သကန်များ

ပထမအမှန်မွန်ကို နားလည်သိမြင်ဖို့ဆိုလျှင် ကျွန်တော်တို့အနေနှင့် ‘ဗဟိဒ္ဓသဘော (အပြင်ပန်းသဘော) ဆောင်သည့် ‘ရုပ်ပိုင်း ကိုယ်ရည်ကိုယ်သွေး’ (External physical personality) နှင့် ‘အဇ္ဈတ္တသဘော (အတွင်းသဘော) ဆောင်သည့် မမြင်ရသည့် ကိုယ်ရည်ကိုယ်သွေး’(Inner invisible personality) နှစ်မျိုးကို ခွဲခြားမြင်ဖို့လိုပါသည်။ လူကို အပြင်ပန်းမှ ကြည့်လိုက်လျှင် အစစအရာရာ ပြီးပြည့်စုံနေသည်ဟု ထင်ချင်စရာ ရှိသည်။ သို့နှင့်တိုင် ဉာဏ်မျက်စိနှင့် ထိုးဖောက်ကြည့်မြင်လိုက်လျှင်မူ ပြီးပြည့်စုံသည်၊ တင့်တယ် သပ္ပာယ်သည်ဟု ထင်ရသော အရာအားလုံးသည်ပင် ပျက်ဆီးယိုယွင်းလျက် ရှိနေသည်ကို တွေ့နိုင်ပါသည်။ ဤသို့ ဉာဏ်မျက်စိဖြင့် အရှိကို အရှိအတိုင်း ကြည့်မြင်နိုင်သူ (တနည်း) ဉာဏ်အလင်းရပြီးသူသာ ကိုယ်ပိုင်အလင်းဖြင့် ရပ်တည်နိုင်သူ ဖြစ်ပါသည်။ (ဖော်ပြပါပုံကိုကြည့်၍ ဆင်ခြင်သုံးသပ်ကြရန်ဖြစ်ပါသည်)
ပထမအမှန်မွန်၏သရုပ်သကန်ကို ခေတ်သစ် လူ့အဖွဲ့အစည်းအားလုံးတွင် အလွယ်တကူတွေ့နိုင်စရာ ရှိပါသည်။ ယခုထုတ်နှုတ်ဖော်ပြမည့် စာပိုဒ်မှာ ဂျွန်ပိုဝဲလ် အမည်ရှိ လူမှုဗေဒပညာရှင် တစ်ဦး၏ သူကျင်လည်ကျက်စားနေရသော အမေရိကန်လူ့အဖွဲ့အစည်းတွင် လူသားအမှတ်အသားသရုပ် ရှာပုံတော် ဖြစ်ပါသည်။

“လူ့သဘာဝက လေဟာနယ်ကို မုန်းပါသည်။ သို့နှင့်တိုင် ယနေ့ အမေရိကန်လူမျိုး တော်တော်များများ၏ အဇ္ဈတ္တတွင်မူ အနှစ်မပါ ဗလာသက်သက်ဖြစ်နေသည့် လေဟာနယ်ကြီး တစ်ခုက ကြီးစိုးနေတော့သည်။ ထိတ်လန့်တုန်လှုပ်ဖွယ် ကောင်းလှသော အမျိုးသား စိတ်ကျန်းမာရေးစာရင်းဇယားများကို တစ်ချက်မျှ ကြည့်လိုက်ပါ။ ယနေ့ဆေးရုံတက် ကုသခံနေကြရသော လူနာများ၏ သုံးပုံ နှစ်ပုံမှာ စိတ်ရောဂါ ခံစားနေရသူများဖြစ်နေသည်။ ယနေ့ အမေရိကန်လူမျိုး ဆယ်ယောက်တွင် တစ်ယောက်ကျော်မှာ စိတ်ကုဆရာဝန်နှင့် မကင်းနိုင် ဖြစ်နေရသည်။ ယနေ့ တက္ကသိုလ်ကျောင်းသား ဆယ်ဦးတွင် တစ်ဦးမှာ ပညာဆုံးခန်းတိုင် သင်နိုင်လောက်သော စိတ်ကျန်းမာမှု မရှိဟု သိရပါသည်။ ဤအခြေအနေတွင် အမေရိကန်တို့၏ အမှတ်အသား သရုပ်မှာ စိတ်လေဟာနယ်ကြီးတစ်ခု ဖြစ်နေလေပြီလားဟု မတွေးပဲ မနေနိုင်အောင် ဖြစ်ရတော့သည်”

အမေရိကန်ကဲ့သို့ စီးပွားရေးအရ ရှေ့တန်းအရောက်ဆုံး နိုင်ငံကြီးတစ်ခုမှာပင် လူ့စိတ်၏အနက်ရှိုင်းဆုံးနေရာတွင် ကွက်လပ်ကြီးတစ်ခု ရှိနေပြီဆိုလျှင် ပြဿနာ၏အနက်အရှိုင်းကို ခန့်မှန်းနိုင်လောက်ပါသည်။ စီးပွားရေးအရ တစ်စုံတစ်ရာနောက်ကျနေဆဲ ဖြစ်သော အာဖရိကနိုင်ငံများတွင်လည်း စိတ်၏ငြိမ်းချမ်းမှုကိုမရနိုင် ဖြစ်နေပြန်ရာ ပြဿနာမှာ ချမ်းသာ ဆင်းရဲဆိုသော စီးပွားရေးကိစ္စသက်သက် မဟုတ်တန်ရာ။ စီးပွားရေးအပါအဝင် နိုင်ငံရေး၊ လူမှုရေးစသော ပြင်ပ အခြင်းအရာများထက်၊ လူ့ဖြစ်တည်မှု၏ အဇ္ဈတ္တနှင့် ပို၍ဆိုင်လိမ့်မည်ဟုယူဆသည်။ ဤသည်မှာ တိုင်းပြည်၊ လူမျိုး၊ ယဉ်ကျေးမှု စသော အရာအားလုံးကို ဖြန့်ကျက် ကျော်လွန်နေသည့် လောကလုံးသဘော ဖြစ်ပါလိမ့်မည်။ ဗုဒ္ဓ၏အလိုအရ ဤသည်ပင် လူ့ဖြစ်တည်မှုနှင့် နက်နက်ရှိုင်းရှိုင်း ဆက်စပ် တည်ရှိနေသော ဒုက္ခဟု ဆိုပါသည်။

အတိအကျ မတူသည့်တိုင် အခြားဘာသာများတွင်လည်း ဗုဒ္ဓ၏ ဒုက္ခသစ္စာ သဘောများကို တွေ့နိုင်ပါသည်။ ဥပမာ- ခရစ်ယာန်ဘာသာတွင် အာဒမ်နှင့် ဧဝကစတင်ခဲ့သော ‘မူလဒုစရိုက်’ (Original sin) ကြောင့် ပြန်လည် ပေးဆပ်ရသည်များ ရှိသည်။ ဂျူးဘာသာတွင်လည်း ‘မိစ္ဆာစေ့ဆော်မှု’ (Evil impulse) ကိုတွေ့ရသည်။ သိပ္ပံပညာမှာပင် ဒါဝင်၏ ဆင့်ကဲ ဖြစ်စဉ် သဘောတရားကို မပြည့်စုံသေးသော အဆင့်တစ်ခုအဖြစ် သဘောယူကြသည်များလည်း ရှိသည်။ အသစ်အသစ်သော အကြောင်းတရားများ ဆက်လက်ဖွံ့ဖြိုးဖို့ ရှိနေသေးရာ လူ့ဖြစ်တည်မှု ဆိုသည်ကို တည်ငြိမ်မှုနဲ့ဝေးနေဆဲ ခရီးတစ်ဝက်ဟု လက်ခံကြသည်များ ရှိနေသည်။ ဤအချက်များက ဘာကိုဖော်ပြသနည်းဆိုလျှင် လူ့ဖြစ်တည်မှုကိုယ်တိုင်မှာပင် အမှားအယွင်းတစ်စုံတစ်ရာ ရှိနေသည်ဆိုသောသဘောဟု နားလည်ရပါသည်။

ဤသို့သော အရှိတရားကို သိမြင်နားလည်ခြင်းသည်ပင်လျှင် ပထမအမှန်မွန် (ဒုက္ခသစ္စာ) ကို မျက်မှောက်ပြုလိုက်ရခြင်း မည်ပါသည်။ ဤသည်ပင် လွတ်မြောက်ရေးလမ်းစတစ်ခု ဖြစ်တော့သည်။ ဗုဒ္ဓ၏ တရားဦး ဓမ္မစကြာတွင် ဤသဘောကို ‘ဒုက္ခံ အရိယ သစ္စံ’ဟု ကျစ်ကျစ်လျစ်လျစ် ဖော်ပြထားသည်ကို တွေ့နိုင်ပါသည်။

သစ္စာရှာဖို့ မြင်းစီးသူ(ကျော်ဝင်း)စာအုပ် ဆက်လက်ရေးသားဖော်ပြပါမည် ။

No comments:

Post a Comment