Saturday, June 4, 2011

ဒုက္ခကိုမြင်အောင်ကြည့်

ဗုဒ္ဓရဲ့ သစ္စာလေးပါး အမှန်တရားမှာ ဒုက္ခသစ္စာနဲ့ ပတ်သက်ပြီး ဘုရားရှင်က “ပဋိသန္ဓေနေရတာ ဒုက္ခ၊ အိုရတာဒုက္ခ၊ နာရတာ ဒုက္ခ၊ သေရတာဒုက္ခ၊ မချစ်မနှစ်သက်ဖွယ်တွေနဲ့ အတူယှဉ်တွဲနေရာတာ ဒုက္ခ၊ ချစ်ခင်နှစ်သက်ဖွယ်တွေနဲ့ ကွေကွင်းရတာ ဒုက္ခ၊ အလိုရှိတဲ့ အရာကို မရတာဒုက္ခ၊ အကျဉ်းအားဖြင့် ဒီခန္ဓာကြီးကပင် ဒုက္ခ”လို့ ဖွင့်ဆိုဟောပြောပြပါတယ်။ ဒီဟောကြားချက်ကိုကြည့်ရင် ခန္ဓာရှိနေတဲ့သူမှန်သမျှ ဘယ်နိုင်ငံ၊ ဘယ်လူမျိုး၊ ဘယ်သတ္တဝါမှာ မဆို ဒီဒုက္ခက ရှိနေကြမှာ အမှန်ပဲ ဖြစ်ပါတယ်။ ဆိုတော့ကား ဒီဒုက္ခဟာဘာကြောင့် ဖြစ်တာလဲဆိုတဲ့ အကြောင်းတရားကိုရှာတော့ တွယ်တာမှု သံယောဇဉ် သမုဒယကြောင့်ပဲ ဖြစ်ပါတယ်။ ဒါကို ဗုဒ္ဓက သမုဒယသစ္စာ ဒုက္ခဖြစ်ကြောင်း အမှန်တရား တစ်ခုအနေနဲ့ ထပ်ပြီးရှင်းတော်မူပါတယ်။ အကြောင်းရှိရင် အကျိုးရှိတတ်သလို အကြောင်းချုပ်ရင်လည်း အကျိုးချုပ်တတ်တဲ့ သဘောရှိတဲ့အတွက် ဒီလိုဒုက္ခရှိရင် ဒုက္ခချုပ်ကြောင်းလည်း ရှိမှာအမှန်ပဲ ဖြစ်ပါတယ်။ ဒီအတွက် ဗုဒ္ဓဘုရားရှင်က နိရောဓလို့ခေါ်တဲ့ နိဗ္ဗာန်ကိုဆိုက်ရင် ဒီဒုက္ခလည်း ချုပ်ပြီလို့ဆိုကာ နိရောဓသစ္စာ ဒုက္ခချုပ်ကြောင်း အမှန်တရားကို ဟောတော်မူခြင်း ဖြစ်ပါတယ်။ အဲဒီလိုဆိုတော့ ဒီဒုက္ခချုပ်ရာကို သွားဖို့အတွက် ကျင့်ကြံအားထုတ်ရမယ့် လမ်းလည်းရှိဖို့ လိုလာပြန်ပြီဖြစ်ပါတယ်။ ဒီအတွက် ဘုရားရှင်က မှန်ကန်တဲ့ မဂ္ဂင်ရှစ်ပါးလမ်းစဉ်ကို ရှင်းလင်းပြသကာ မဂ္ဂသစ္စာဖြစ်တဲ့ ဆင်းရဲချုပ်ရာသို့ လျှောက်လမ်းရာ လမ်းမှန်ကို ပြသတော်မူခြင်း ဖြစ်ပါတယ်။ဒါပေမယ်သူတော်ကောင်းတို့ က ဒုက္ခ၏ဆင်းရဲခြင်းကိုမြင်အောင်ကြည့်
ပါမှလည်းအထက်အထက်သော လမ်းစဉ်ကိုဘယ်လိုလျှောက်လှမ်းရမည်ကိုသိမြင်မှာဖြစ်ပါတယ်
ဘုရားရှင်သည် ဓမ္မပဒမှာဒုက္ခ၏အကြောင်းကိုသေသေချာချာ ကြကြနန ဟောကြားခဲ့ပေသည်။
အကြင်အခါ ရုပ်နာမ်ဓမ္မ သင်္ခါရအားလုံးတို့သည် အမြဲမရှိကုန်ဟု ၀ိပဿနာပညာဖြင့် ရှုမြင်နိုင်၏၊ ထိုအခါ ရုပ်နာမ်ဓမ္မသင်္ခါရဟူသော ဒုက္ခ၌ ငြီးငွေ့၏။ ဤငြီးငွေ့ခြင်းသည် ကိလေသာ စင်ကြယ်ရာနိဗ္ဗာန်၏ အကြောင်းဖြစ်၏။
အကြင်အခါ ရုပ်နာမ်ဓမ္မ သင်္ခါရအားလုံးတို့သည် ဆင်းရဲကုန်၏ဟု ၀ိပဿနာပညာဖြင့် ရှုမြင်နိုင်၏၊ ထိုအခါ ရုပ်နာမ်ဓမ္မသင်္ခါရဟူသော ဒုက္ခ၌ ငြီးငွေ့၏။ ဤငြီးငွေ့ခြင်းသည် ကိလေသာ စင်ကြယ်ရာနိဗ္ဗာန်၏ အကြောင်းဖြစ်၏။
အကြင်အခါ သဘာဝတရားအားလုံးတို့သည် အတ္တ မဟုတ်ကုန်ဟု ၀ိပဿနာပညာဖြင့် ရှုမြင်နိုင်၏၊ ထိုအခါ ရုပ်နာမ်ဓမ္မသင်္ခါရဟူသော ဒုက္ခ၌ ငြီးငွေ့၏။ ဤငြီးငွေ့ခြင်းသည် ကိလေသာ စင်ကြယ်ရာနိဗ္ဗာန်၏ အကြောင်းဖြစ်၏။
ရုပ်နာမ်များနဲ့ တည်ဆောက်ထားတဲ့ သတ္တဝါ အားလုံးမှာ အမှန်တကယ် ဖြစ်ပျက်နေတဲ့ အရာတွေပဲ ဖြစ်နေလို့ ဖြစ်ပါတယ်။ ဘုရားဟော တရားတွေဟာ ဗုဒ္ဓဘာသာဝင်တွေ အတွက်သာမှန်ပြီး တခြားဘာသာဝင်တွေအတွက် မမှန်ဘူးဆိုတာ မရှိပါဘူး။ နာမ်ရုပ်များနဲ့ ဖွဲ့စည်းထားတဲ့ သတ္တဝါအားလုံးမှာ ဒုက္ခ၏ဆင်းရဲတာအကုန်မှန်နေတာ ဖြစ်ပါတယ်။ဒါကြောင့်ဒုက္ခခပ်သိမ်း ကင်းငြိမ်း ရာမြတ်နိဗ္ဗာန်လျှောက်
လိုပါက ဆင်းရဲခပ်သိမ်းငြိမ်းရာအမှန်သူတော်ကောင်းတို့ ၏လမ်းစဉ်ကို ဝိပဿနာညာဏ်အမြင်ဖြင့်လှမ်းတက်နိုင်ကြပါစေသတည်း......

No comments:

Post a Comment