Sunday, February 26, 2012

မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီး၏ သြဝါဒများ အပိုင်း(၄)

အပူထန် မာန်ထ


လူတို့အား ပြုပြင်ပေးနေကြသော ကံ- ကိုယ်နှုတ်လှုပ်ရှားမှု၊ စိတ်- အတွင်းစိတ်ကျိတ်ကြံမှု၊ ဥတု- အခိုးသွင်းတင်းမာမှု၊ အာဟာရ- အရသာဓာတ်ညံ့ဖျင်းမှု ထိုလေးခု တို့က လေလှုပ်ကြမ်း သွေးသရမ်းစေချေရာ ထိုသွေးလေကြမ်းတို့ဒဏ်ခံနေကြရသော လူသားများစွာလည်း ရာဂ ထန်မာန်ကြီး ဘာဆိုဘာမျှ စနည်းနာရကောင်းမှန်း မသိ တတ်ကြပြီ၊ဒေါသထန်မာန်ကြီး ဘာဆိုဘာမျှ စောင့်စည်းရကောင်းမှန်းလည်း မသိတတ်ကြပြီ။သို့ဖြစ်ရာ လူစီးရထား တိမ်းမှောက်ရန် တည်းတည်းမျှလိုတော့သည်။        ။
၁၃၆၅ ခု၊ သီတင်းကျွတ်လဆန်း ၇ ရက်နေ့။


မီးခွက် မီးလက်မှ သက်သာ

ကံကြမ်းစိတ်ကြမ်းများ သရမ်းလွန်လွန်းရာမှ ဥတုကြမ်း အစာကြမ်းများပါကြမ်းတမ်းလာစေပြီး ထိုအကြမ်းတို့အကြားလမ်း သလားနေကြရသော ယနေ့ကမ္ဘာ့ လူသား များ၊သွေးဆူအပူမိ အာရုံပူရှိရာသို့ လှည့်ရှာနေရပြီ၊ သို့ဖြစ်ရာယနေ့ ထိုကမ္ဘာ့လူသားများစွာသည် တစ်ဖက်ရှိ အပူလွန်လွန်း နေသောအဆင်း၊ အသံ၊ အနံ့စသည် အာရုံ ပူများနှင့် ထိတွေ့ပေးမှသာသက်သာရာ ရကြတော့သည်။ ယနေ့ကမ္ဘာသည်ငရုတ်သီးပေါင်းတောင်းစားနေရသော ကမ္ဘာတည်း။    ။ ၁၃၆၅ ခု၊ သီတင်းကျွတ်လဆန်း ၆ ရက်နေ့။

အပျက်ပျက် အဖျက်နောက်ပိုးဝင်

ရာဂ ဒေါသကြောင့် စိတ်ကလက်နေသူ အပျက်ပျက်နေသူသာဖြစ်၏။ ထိုစဉ်ဖျက်လျှင် ပျက်မှာမှန်းသိက အဖျက်သမားများ ဝင်လာတတ်ကြ၏။ အပျက် အပျက် ကလက်မှန်းသိကလည်း အဖျက်သမားများ ဝင်လာတတ်ကြ၏။ သို့ဖြစ်ရာယနေ့ပျက်စီးနေသူများ အများအားဖြင့် မိမိကိုယ်တိုင်ကပျက်နေကြသဖြင့် အဖျက်ခံ နေကြရခြင်းသာ၊ သို့ကြောင့်အဖျက်မခံလို အပျက်ဟန် စရန်ပေးမထားကြရာ။    ။ ၁၃၆၅ ခု၊ သီတင်းကျွတ်လဆန်း ၁၃ ရက်နေ့။

အထ မကြွမိစေနှင့်

 လူတို့၌ အရွယ်ထစ, ကံထစဟူ၍ အထနှစ်မျိုးရှိချေရာအရွယ်ထစတွင်လည်း ရာဂသွေး၊ ဒေါသသွေးများလိုက်အားသန်လာချိန်မျိုးဖြစ်သဖြင့်ဥာဉ်ကြမ်းစရိုက်များကပါ ဇ,အသွင်ကြွလာတတ်ချေသည်။ထိုအချိန် အရှက်အကြောက်တို့ဖြင့် ဖိထားမှ အကြွမနာ ဖြစ်ကြပါမည်၊ထိုမှနောက် အိမ်ထောင်သားပေါက် ကိုယ့်ဘဝ ကိုယ့်ကံ ဖြင့် လမ်းဖောက်ချိန်ကံဟောင်းများအထတွင်လည်း ကံအရာမာန်ကပါ ပါနေသဖြင့်ဇ သွေးများထကြွသောင်းကျန်းလာတတ်ချေသေးသည်။ထိုအချိန် … သူတော်ကောင်း ဆည်းကပ်လျှင် ဆည်းကပ်မဆည်းကပ် အမြတ်ရှုံးဖို့သေချာပြီ။        ။ ၁၃၆၅ ခု၊ တပို့တွဲလဆန်း ၈ ရက်နေ့။

ဓာတ်သွေးနစ် ခွေးဖြစ်များ

အာရုံနှင့် သဏ္ဌာန်တို့အတွက် ဥာဉ်ကြမ်းသွေးများ စီးဆင်းပြေးလွှားမှုအားကြီးလာရာမှ စိတ်ထန်ကိုယ်ကြမ်း အမူအရာအားလုံးဆိုးသွမ်းလာချေသူ…သွေးဆူ ခွေးလိုအူတော့သည်၊ သွေးခိုက် ခွေးလိုပင်ကိုက်တော့သည်။ ထိုလူသား ကိုယ်ကသာလူဖြစ် သွေးကား ခွေးဖြစ်နေချေပြီ။        ။ ၁၃၆၅ ခု၊ တပို့တွဲလဆန်း ၁၁ ရက်။

သူကောင်းပြု သူနုနှင့်ဖက်

 ကောင်းမှုပြုခြင်းသည် ငါစွဲစွန့်ရာ သူတော်ကောင်းအလုပ်သာ၊ သို့ဖြစ်ရာ မိမိနှင့်တွဲ ပွဲဝင်မည့်သူကိုလည်း ရာဂမာန်၊ ဒေါသမာန် မခု၊ နုညက်သော စိတ်ထားရှိမျိုးသာ ပွဲတိုးဖို့ဖိတ်ခေါ်သင့်သည်။ အကယ်တိတိ စိတ်ထားရိုင်း သူတော်ကောင်းစိတ်သို့ မကိုင်းရှိုင်းသူနှင့်ဖက်တွဲ၍ ပွဲဝင်မိခဲ့ပါမူ အပူချောင်း လောင်းလှေစီးပမာ စိတ်ပူပန်ကြောင်း မကောင်းမှုအကြား၌သာ စိတ်ထားခွင့်ရချေတော့မည်။    ။ မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီး၏ နေ့စဉ်ဘဝနှင့် ဓမ္မအမြင် ၁၃၆၅၊ နတ်တော်လဆန်း ၈ ရက်။

No comments:

Post a Comment