Saturday, February 25, 2012

မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီး၏ သြဝါဒများ အပိုင်း(၂)

လူပီသ သီလအရင်းခံ


လူ့သီလသည် လူ့အသက်ပင်ဖြစ်ရာ လူ့ဗီဇပီပီသသ အစွမ်းပြလိုကြပါမူ ကိုယ်ချင်းစာ တန်းတူထား စိတ်ကို ထွက်ပြူစေသော လူကျင့်သီလကို စိတ်သွားရာ  သတိလိုက် စိတ်ကြံတိုင်း သတိခံ ဘာမဆို လူဆန်ဆန် မိမိကိုယ်မိမိ ဖန်ဆင်းပေးတတ်ကြရမည်။ သို့ဆိုသော် ထိုလူသား တစ်နေ့တခြား လူရည်လည် လူစွမ်းပြ
လူတားလှဖြစ်စေပြီ။
တစ်သက်၏ တစ်ကိုယ်လည်း လူစဉ်မီ လူထမ်းလှ လူပါးဝ ဖြစ်စေရပြီ။        ။
၁၃၆၅ ခု၊ တပို့တွဲလပြည့်။

လူသိမ်းမိ အိမ်ရှိအားလုံးပိုင်

 သီလဖြင့် လူအဖြစ် စာရင်းတင်၊ သီလဖြင့် လူအဖြစ် စာရင်းဝင်ပြီးလေသူ
မဟာကုသိုလ်နှင့်ယှဉ်သော အသိဥာဏ်ကို ပိုင်ဆိုင်ထားပြီးဖြစ်တော့ရာ
အကျိုးရှိ အကျိုးမဲ့ကိုလည်း စိစစ်ရွေးထုတ်နိုင်၏။
အပြစ်ကင်း အပြစ်ရှိကိုလည်း စိစစ်ရွေးထုတ်နိုင်၏။
ထိုလူသား…ထောင်နေသော ငွေဒင်္ဂါးပြားပမာ ပန်းကျလိုပန်း၊
ခေါင်းကျလိုခေါင်း ကိုယ်လိုရာလမ်းကြောင်း ကိုယ်ညွှတ်သလို
စောင်းပေးပြီးသားသာ။        ။
၁၃၆၅ ခု၊ ပြာသိုလပြည့်ကျော် ၁၂ ရက်။

မယားချစ်တော့ မြား၊ အများချစ်တော့ ဖား၊ ဘုရားချစ်မှ နား

 မယားချစ်နေသူ အလိုချင်းလိုက် အကြိုက်ချည်းပေး နေသောကြောင့်  မြားချက်စူး တဟင်းဟင်းနှင့် လူးနေရတတ်သည်။  မယားပါမက အများကပါချစ်နေသူ၊ အများ အားကိုး အများအကျိုးကိုချည်း တစ်မျိုးပြီးတစ်မျိုး ကြိုးစားပေးနေရခြင်းကြောင့်  ကိုယ်ဖားစိတ်ပန်း လမ်းပင်လျှင် တန်းတန်းသွားမရတတ်။ အကယ်တိတိ မယားနှင့် အများပါမက ကိုယ့်ကိုယ်ကိုယ် ချစ်တတ်ပါမူကား  ဘုရားလိုလားသော ဖိုလ်၊ ဗောဇ္ဈင်၊ မဂ္ဂင်များ သတိရှေ့တန်းတင်ပွားနေတော့ရာ  ဘုရားအလိုကျ အရိယာဇာတ်သား ဘဝ လှလှကြီးရစေပြီ။ ထိုဘုရားချစ်သား မည်သူကမှလည်း ခိုင်းမစား၊ မည်သည့်ကာလမှလည်း ကိစ္စမများ၊ ဘဝရော သံသရာပါ အအား အနားရလေပြီ။        ။
၁၃၆၄ ခု၊ ကဆုန်လဆန်း ၁၄ ရက်၊ စံရိပ်ငြိမ်။

မထက်စိတ် တက်ရိပ်သူမပြ

 အခိုင်ပျက်သဖြင့် အထက်မပြသော ထိုစိတ်၊ တက်နိမိတ်စ တက်ရိပ်မပြတတ်၊
-    အတက်သည် အထက်ရှိမှသာ တက်ရမြဲ၊
-    အထက်သည်လည်း သတ္တိထွက် အသက်ရှိမှသာ ထက်ရမြဲ၊ သို့ဖြစ်ရာ
ထိုင်းမှိုင်းနွမ်းလျ၊ ကျစိတ်ပြနေသော ထိုလူသား
တိုးတက်ခြင်းဆိုသော ပတ္တမြားငမောက်ကောက်ရမှသာ
သုံးခွင့်ရရှာတော့မည်။        ။
၁၃၆၅ ခု၊ တော်သလင်းလဆန်း ၁၁ ရက်၊ မဟာမြိုင်။

ကျစိတ်လဲ ဆင်နှင့်ဆွဲလည်း တွဲပွဲထဲမလိုက်

 ထိုင်းမှိုင်းပျင်းရိစွာဖြင့် ကျစိတ်မိနေသော ထိုလူသား… ကြည်အား ရဲတင်းအား စသည်များ ဖဲသွားခြင်းခံလိုက် ရတော့ရာ  ဘာလုပ်လုပ် ခြေကုတ် လက်ကုတ် မပြင်း အကြောမတင်း၊ ဘာပြောပြော ဆင်မာန် ကျားမာန်မပင်း၊ ဘာကိစ္စမျှ မရဲတင်း၊    အကယ်တိတိ  မိမိအထက်ကလူကြီးမင်းများ၏ အမိန့် အာဏာ ပါဝါဖြင့် အတင်း ဆွဲပေးသော်မှ မင်းခိုင်း မင်းတိုင်းကျေ အဆိုအတိုင်း ဟိုခိုသည်ကပ်ဖြင့်ပင် တစ်ခန်းရပ်မည်သာ။        ။
၁၃၆၅ ခု၊ တော်သလင်းလဆန်း ၁၁ ရက်၊ မဟာမြိုင်။

သိပ်ပေးလျှင် အိပ်ချင်၊ အိပ်ရာမြင်တိုင်း ဝင်ကရော

 မျက်စိအကျင့် ဝမ်းအချင့်ဟူ၍ ဆိုရိုးရှိရာ   မျက်စိသည် မအိပ်ဖြင့် လေ့ကျင့်ပေးနေသော် နေ့လည်းနေ့၊ ညလည်းနေ့ပမာ   မည်သည့်ကာလမျှ မသမ်း၊ လန်းလန်းဆန်းဆန်းချည်းသာ၊ အကယ်တိတိ…  မျက်စိကို အအိပ်ဖြင့် လေ့ကျင့်ပေးနေသော်ကား   ညလည်းည၊ နေ့လည်းညပမာ    ကိုယ်ကဖြင့်မပန်း မျက်စိကား သမ်းဝေနေချေပြီ။        ။
၁၃၆၄ ခု၊ နတ်တော်လဆန်း ၇ ရက်၊ စံရိပ်ငြိမ်။

လူပူမြှူ လူဖြူမဖြစ်နိုင်

 ကိလေသာပူ ဥာဉ်မြူတို့ဖြင့် အလိမ်းလိမ်းပေကျံနေသူ၏  မြှူပင့် ပင့်ခြင်းကို အသင့်လိုက်ပါနေပါက စင်ဖြူမြတ် အရိယာဇာတ်မရောက်နိုင်၊ အရိယာတို့၏ ဖြူစင်ခြင်းစကားသည် ရန်သူကိုရန်သူလို သဘောထား မိတ်အဖြစ် တံခါးဖွင့်မပေးရာမှ ရသောစကားဖြစ်နေခြင်းကြောင့်တည်း။    ။
၁၃၆၅ ခု၊ ပြာသိုလဆန်း ၁၃ ရက်၊ ခေါင်နန်းပလ္လင်။

ကံအလျင် ဥာဏ်ဝင်မှ အချိုးပြောင်း

 သရက်ပိန္နဲသီးဝေလို ရာသီကြည့်၍ အညွန့်ဖြတ်သင့်ဖြတ်၊ ပင်စည်ထစ်သင့်က ထစ်ဖြင့်ဆစ်ပေးက အပွင့် အသီးများကျလာတတ်ချေသည်။ သည့် အတူ နေကြာစသည်များလည်း အခါချင့်ဖွင့်ပေးတတ်က ပွင့်၏၊ သီး၏။  တစ်ဖန် အချဉ်ပင် အချိုဖြင့်ရင်းသွင်းပေးက အချိုဖြစ်လာ၏ပမာ ကံကြောင့်ဖြစ်သောစိတ် ကံရိပ် ခိုလျက်ကသွားနေစဉ် ကံအလျင် သတိဖြင့်ကြားဖြတ်ထား၊ အသိဖြင့်အားထပ်ပွား ပေးတတ်ကြပါမူကံအရိုး ဥာဏ်တိုးတိုင်း အချိုးပြောင်းလာတတ်ချေသည်။        ။
၁၃၆၅ ခု၊ သီတင်းကျွတ်လပြည့်ကျော် ၈ ရက်၊ မဟာမြိုင်။

စိတ်မငြိမ် အချိန်ဝါး

 စိတ်ကို ငြိမ်သက်စွာထားနိုင်သည်မှာ …ဈာန်၊
သို့ကြောင့် ဈာန်ဆိုသည်မှာ ကိုယ့်စိတ်ကိုယ်ပိုင်
ကိုယ့်စိတ်သူတကာ အကိုင်မခံရခြင်းပင်။
အကယ်တိတိ..ကိုယ့်စိတ်ကိုယ်မပိုင်
သူတကာအကိုင်ခံနေရသဖြင့် လေလွင့်ပျက်ပြား၊
ဟိုသည်ယိမ်း ကတိမ်းကပါးဖြစ်နေခဲ့ပါမူ
အချိန်၏ဝါးမျိုခြင်း လည်စင်း၍ခံရတော့ရာ…
- လူဖြစ်လည်း လူအရာမဝင်၊ လူဖြစ်ပစ္စည်း ဘာဆိုဘာမျှ ပြင်ဆင်ခွင့်မရပြီ။
- လူဖြစ်လျက် လူသက်မရှိ၊ ကိလေသာတို့၏ ထောင်ကွက်ထဲမိနေချေပြီ။
- လူကဖွားလျက် လူလားမမြောက် အရိုင်းတံခါးပေါက်ရောက်တော့သည်။     ။
၁၃၆၅ ခု၊ ဝါခေါင်လစေ့နေ့။

No comments:

Post a Comment