Saturday, February 25, 2012

မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီး၏ သြဝါဒများ အပိုင်း(၃)


ဝေဝါးနောက် လေလားမျောက်ခုန်ခုန်

ပင်မမောဟသည် တွေဝေခြင်း၊ မိန်းမောခြင်းဖြင့် သွေးမကွဲ လေမကွဲ ပျစ်ချွဲချွဲဖြစ်တတ်စေရာ မွေးကတည်းက ဥာဏ်မပါ အဆန်ဗလာလူသား..မောဟ၏ လက်တက်ခွဲ ဝိစိကိစ္ဆာတရားလည်း ပေါက်ဖွားလာရတော့ပြီသာ။ ထိုလူသား..ဘာကြံကြံ ကုလားဖန်ထိုးရုံမျှဖြင့် လမ်းဆုံးသွားတော့သည်။ ထိုလူသား..ဘာပြောပြော မျောတစ်ချက် မှောက်တစ်ဝက်ဖြင့် တစ်လက် ရှုံးသွားပြီ။ ထိုလူသား..ဘာလုပ်လုပ် လှုပ်တစ်ချက်ကုပ်တစ်ဝက်ဖြင့် အသက်ဆုံးသွားပြီ။ ဝေဝါးမှောက်ရာမှ လေလား မျောက်ခုန်ခုန် ကစားပြခြင်းများတည်း။    ။
၁၃၆၅ ခု၊ တော်သလင်းလပြည့်ကျော် ၉ ရက်။


ငှက်ခါးပျံ အကြံမအောင်တတ်

 ကိစ္စတစ်ခုကို ရဲတင်းစွာ မဆုံးဖြတ်ရဲလေသူ
ငှက်ခါးပျံပမာသော ချီတုံချတုံ နိမ့်ချည်မြင့်ချည် အတွေးများဖြင့်
ရှုပ်ယှက်ခံခြင်း ခံနေရတော့ရာ
ရှေ့အတွေး နောက်အတွေးက လိုက်ဖျက်ဖျက် ကိုယ်တွေ့အထိ ရှေ့မဆက်နိုင်။
ရှေ့စိတ် နောက်စိတ်က ချိတ်ဖျက်ဖျက် အကောင်အထည်ပေါ်သည်အထိ ခရီးမထွက်နိုင်။
ဝိစိကိစ္ဆာ၏ အကစားခံရသောစိတ်
တထိတ်ထိတ်ခုန်နေသောကြောင့်တည်း။    ။
၁၃၆၅ ခု၊ တန်ဆောင်မုန်းလပြည့်နေ့။

စိတ်မရဲ တွဲပွဲမဝင်သာ

 - ဒေါသအားပေးသောစိတ် ပညာဖြင့် အထွတ်အထိပ်သို့ရောက်သွားစေတတ်၏။
- လောဘအားပေးသောစိတ် သဒ္ဓါဖြင့် အထွတ်အထိပ်သို့ရောက်သွားစေတတ်၏။
- မောဟဖြင့်လုံးထွေးနေသောစိတ်သည်ကား ဓားမနောက်ပိတ် သူတကာတို့နောက်
မျက်စိမှိတ်လိုက်နေလေ့ရှိရာ လူဖြစ်လျှင်လူဖျင်း၊ လူစာရင်းသွင်းခွင့်မရပြီ။
နတ်ဖြစ်သော်မှ နတ်ဖျင်း အမြတ်စာရင်း သွင်းခွင့်မရပြီ။
- ထိုလူသား ထိုမောဟစိတ် သတိဖြင့် ကြိတ်ချေပြင်ပေးနိုင်လွန်းမှ
အတွေးအခေါ် (ဝိတက်) ပညာဘက် ခရီးဆက်ခွင့်ရရာ
အထွတ်အထိပ်တို့၏ စင်မြင့်ကရေးရေးမှုန်မှုန်မျှ ပြခွင့်ရတော့မည်။
စင်မြင့်ထဲ တွဲပွဲဝင်အောင်ပွဲကြီး ဆင်ယင်ခွင့်ကား
ဘဝဆုံးသော်မှ လမ်းစမမြင်။    ။
၁၃၆၅ ခု၊ သီတင်းကျွတ်လဆန်း ၁ဝ ရက်။

တက်စိတ်ညှိုး ရှေ့တိုးနောက်ပြန်ဖြစ်

 မောဟသည် တက်သွေးကို တန့်ပေးတတ်သော သဘောရှိ၏။ လောဘ၊ ဒေါသပြင်းရှရာမှဖြစ်သော မာနသည် တက်သွေးကို ဆက်ပေးတတ်သော သဘောရှိ၏။ သို့ဖြစ်ရာ တက် တက်နေသောစိတ် မောဟကဆီးပိတ်တားထားချိန် အားကလည်းထက် မောဟကိုလည်းကျော်မတက်ဝံ့သော ထိုစိတ် ရှေ့တိုးမလိုနောက် ဆုတ် ကသုတ်ကရက်ထားလေလား ဖြစ်ရော့မည်။ ထိုလူသား..စွန့်လည်းမစွန့် စားလည်းမစား ပါးစပ်ဖျားသွားဖြဲပြရုံသာ။        ။
၁၃၆၅ ခု၊ တော်သလင်းလပြည့်ကျော် ၈ ရက်နေ့။

ကံအေး ကြွေးတင်

 ကံအေးသာမွေး၍ ကြောင့်ကြပေး ဝီရိယစိတ်မမွေးလေသူ
ကံအိမ်သာအေး၍ အသိအလိမ္မာဥာဏ်အေး မွေးမထားလေသူ
ရှာတော့သာ အေးဆေး ကျွေးချိန်ကျ မအေးဆေးတော့ရကား…
ရသမျှဖြင့် မရောင့်ရဲ ဟိုဆွဲ သည်ဆွဲ ဆွဲရပြီ။
အများလှ အားကျမခံ ဟိုပေါင်နှံ သည်ပေါင်နှံ နှံရပြီ။
ထိုလူသား ကံအေးတိုင်း ဘဝမအေး လူတကာ မျက်နှာချိုသွေးပေးနေရမည်။

လူ့ပြည်ရောက် လူ့အောက်မကျစေကြနှင့်

 လူသည် ကောင်းကံထောက်၍ လူ့ဘဝရောက်လာခြင်းပင်။ သို့တစေလည်း လူဖြစ်လျက်သားနှင့်
ကံ၊ ဥာဏ်ကို အလိုက်မထားကြိုက်၊ မကြိုက်တို့နောက်လိုက်စား၍ချည်းနေချေသော် …
အကြိုက်မှား…သွားရော ပြိတ္တာဘုံ
မကြိုက်မှား…သွားရော ငရဲဘုံ
မသိမှား…သွားရော တိရစ္ဆာန်ဘုံ
လူဖြစ်ခွင့်ကံကြုံပါလျက်က လူ့ကံမြုံကြုံရာပါသွားခြင်းများတည်း။      ။

သူယုတ်မာ ဟုတ်ရာမဝင်တတ်

 အယူမစင်ကြယ်သူ၏စိတ်ထားသည် အမြဲကစားနေတတ်လှ၏။
အလိုဆိုးကမွှေ မကြေစိတ်ကများ အမြင်တစ်ဖက်ထား ထားသောကြောင့်…။
ထိုလူသား…
အမှန်ကင်းရှင်း သွေးရူးသွေးတန်းချည်း စီးဆင်းနေရာ
အပြောဝုန်းဒိုင်း အလုပ်ဒုန်းစိုင်း အရိုင်းနောက်က အစိုင်းချည်းသာ။          ။
၁၃၆၆ ခု၊ တန်ခူးလပြည့်ကျော် ၆ ရက်နေ့။

အယူကင်း အရင်းပျောက်

 အယူသည် မိမိသက်ဝင်ရာ၌ ယုံကြည်ချက်ထားခြင်းကိုဆို၏။သို့ကြောင့် အယူရှင်မှန်သမျှ ဝဲထား ယာထားမျှသာ ကွာခြား ကြ၏။ ယုံကြည်ချက်ကို ပန်းတိုင်အဖြစ် ထားလျက်ကမကောင်း အကောင်းထင် ကောင်းစေတနာဖြင့် ကောင်းမှုကား ပွဲဝင် နေကြ၏။အကောင်း အကောင်းမြင် ကောင်းစေတနာစဉ်ဖြင့် အကောင်းထဲ ပွဲဝင် နေကြ၏။သို့ကြောင့် လုပ်ဟန်မှားသဖြင့် အပါယ်သွားရလည်း ကောင်းစေတနာထောက်ကြောင့်ကား လူရင်းစားရကြသေး၏။အကယ်တိတိ အယူမရှိ အယုံလည်းမရှိ မည်သည့်ကောင်းမှုဖြင့်မှ လူ့ရိက္ခာမစုရသေးသူကား အယူကင်း လူအရင်းပျောက် ကောက်ကောက်ကြီး လမ်းဖောက်ပြီး သားပင်။        ။ ၁၃၆၆ ခု၊ တန်ခူးလပြည့်ကျော် ၆ ရက်နေ့

No comments:

Post a Comment