Saturday, February 25, 2012

မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီး၏ သြဝါဒများ အပိုင်း(၁)


မယုံလျှင်မရဲ ရှေ့စိတ်ပေါက် နောက်စိတ် ချိတ်ဆွဲဆွဲ
မောဟကြောင့်သွေးမွဲကျ အာရုံတွေ့တိုင်း ထမလာတတ်သူသည် ပညတ်သိ၊သညာသိ အဝိဇ္ဇာသိများ၏ အပြောလောက်သာ သဘောပေါက်နေတော့ရာ ရတနာ့ဂုဏ် ယုံရကောင်းမှန်းမသိ၊ ယုံသော်မှ ရတနာအတိ စိတ်မရောက်၊ ဆရာ့ဂုဏ် ယုံရကောင်းမှန်းမသိ၊ ယုံသော်မှ ဆရာ့သိက္ခာ အတိစိတ်မရောက်၊ မိမိသတ္တိ ရှိမှန်းပင်မသိ၊ သိသော်မှ ပညာဥာဏ်အတိ အသိမရောက်၊ ထိုလူသား ရှေ့ကကောင်းတွေး တစ်ခုပေါက် နောက်ကနေ ဆိုးတွေးများ ရောက်ချလာတော့သည်သာ။ ရှေ့ကအမြင်တစ်ခု ဆိုက်နောက်က ပျက်တွေးများ တစုတဝေးကြီး လိုက်လာတော့သည်သာ။ လက်ကရေး ခြေကဖျက် မည်သည့်ကာလမှ ပွဲစဉ်တက်ခွင့်မရပြီ။ ။

၁၃၆၅ ခု၊ သီတင်းကျွတ်လဆန်း (၈)ရက်
လေလား မြေကြား ဖဝါး မထောက်မိ
သံသယလွန်မှ ဖြစ်လာတတ်သော ဒွိဟစိတ်သည် အာရုံပုံရိပ်ကို အကောင်းဆိုသော အသိအမှတ် ပြုစိတ်ဖြင့်လည်း ဘိသိက်မခံနိုင်၊ အဆိုးဆိုသော အသိအမှတ်ပြု စိတ်ဖြင့်လည်း ဘိသိက်မခံနိုင်။ ထိုစိတ် မျောက် အုန်းသီးရပမာ ဘာဆိုဘာမှ ခွဲမခံစားတတ်ရှာရာ ကောင်းကင်ထက်ဝဲ ရွက်ခြောက်မွဲသို့ ဘဝမြေခြေတွဲမချသာ ။ ။၁၃၆၅ ခု၊ သီတင်းကျွတ်လပြည့်ကျော် ၁၂ ရက်၊ မဟာမြိုင်။
စံပယ်ဖြူ ဘယ်သူ့ကိုမှ မငြူစူ
စံပယ်၏ ပင်ကိုသတ္တိသည် ဖြူစင် လန်းဆန်း၏၊ အမွှေးနံ့ခံ့ခံ့ထင် ယဉ်၏။ အဆင်းလည်းသန့် အနံ့လည်း မွှေးသော ပန်းယဉ်ကျေးတည်း။ သည့်ပမာရာဂ ဒေါသ ကြိုက်မကြိုက် ကိလေသာအငြိ မည်သည့်အရာမှမရှိသော ချစ်စိတ်ပွင့်များသည်လည်း မျက်နှာနှစ်ဖက်ထား အပြုံးအမဲ့ သမားမျိုး မဟုတ် ရကား မိမိနှင့်အယူတူတူ မတူတူ ဘယ်သူ့အားမျှ မငြူစူ၊ မိမိနှင့်ဂုဏ်ယူတူတူ မတူတူ ဘယ်သူ့အားမျှ မငြူစူ၊စံပယ်လိုဖြူ၍ စံပယ်လိုကြူသော တော်ဝင်ပန်းအရာတည်း။ ။
၁၃၆၅ ခု၊ ဝါခေါင်လပြည့်ကျော် ၄ ရက်၊ မဟာမြိုင်။
အချစ်နှင့်ပိုက် အကြိုက်ဖြင့် လိုက်မနှိုက်လေနှင့်
ချစ်ခြင်းသည် မေတ္တာ၏သင်္ကေတ၊ ကြိုက်ခြင်းသည် တဏှာပေမ၏ ပယောဂ၊ သို့ဖြစ်ရာ အချစ်နှင့်ပိုက်က ရာဂဒေါသမာန်ခြေရာခံ မလိုက်တော့သောကြောင့် အပိုက် ကြာလေ လိုက်သာလေပင်၊ အကယ်တိတိ တဏှာပေမ တိုက်ပေးခြင်းကြောင့် အကြိုက်ချင်းတိုက်၍ ပိုက်ယူပါမူကား အဆန်းညှိုး အရိုးပေါ်လာတတ်သောကြောင့်အပိုက်ကြာလေ မလိုက်သာလေသာ။ ။
၁၃၆၅ ခု၊ ဝါခေါင်လပြည့်ကျော် ၁ ရက်၊ ခေါင်နန်းပလ္လင်။
ခြေတုန်အောင်ခုန် ရွှေဘုံမရောက် လမ်းမပေါက်

ယုံမှားဒွိဟ စိတ်နှစ်ခွဖြစ်လေသူ၊ ခြေနှစ်ချောင်းစုံချ၍ ခုန်နေသူနှင့်တူ၏။
ခြေချင်းဆုံ ခုန်၍သာနေသောသူသည်လည်း ရှေ့ခရီးမရောက်၊ လမ်းမပေါက်။
စိတ်ချင်းဒွိဟ နှစ်ခွဖြစ်နေသောသူသည်လည်း ဆုံးဖြတ်ချက်မရောက်
လမ်းမပေါက်၊ ထိုလူသား…မည်သည့်အာရုံခံစားခံစား ကောင်း၏ဆိုး၏ သည်စကား
ပြောကြားခွင့် မရရှာ။ ။၁၃၆၅ ခု၊ သီတင်းကျွတ်လပြည့်ကျော် ၁၂ ရက်။
သတ္တိညံ့ သုံ့ပန၊်းနေရာဝင်
လောကီ လောကုတ် ထိုနှစ်လုပ်တွင် လောကီနယ်မှာ တဏှာ တဏှာချင်း၊ မာန မာနချင်းစသည် စီးချင်းထိုးဖြင့်ပင် တစ်ဦးနှင့်တစ်ဦး အနိုင်ယူ ဇမ္ဗူတလူ လုပ်ခွင့်ရချေ သည်။ လာကုတ်၌ကား မိမိစိတ်ချင်းချင်းပင် စွဲစိတ်နှင့် မှတ်စိတ်သည် လည်းကောင်း၊ ကိလေသာ သံယောဇဉ်စသည် ယုတ်စုများနှင့် သတိပဋ္ဌာန်စသည် ဗောဓိပက္ခိယ မြတ်စုများ သည်လည်းကောင်း၊ အားချင်းယှဉ်လျှင် သူယူအောင်လံထူခွင့်ရစေသည်။ ထိုသို့အားချင်းယှဉ်ရာတွင် အားဝင်ထက်မြက်မှ အထက်စီးရတတ်၏။ သို့မဟုတ် ပါဘဲ စိတ်ဓာတ် ရုပ်ဓာတ် မခိုင်ခံ့ သတ္တိညံ့ဖြင့်ပင် ပွဲဝင်ပါမူ သူ့စိတ်နှင့်ကိုယ့်ကိုယ် သူလိုရာ ကိုယ်ဝင်လုပ် သုံ့ပန်းရုပ်မျှသာ။ ။
၁၃၆၅ ခု၊ တော်သလင်းလဆန်း ၁၁ ရက်၊ မဟာမြိုင်။
လှေနံနှစ်ဖက်နင်း ရေကင်းဘယ်ညာလူး

ပိုင်ပိုင်နိုင်နိုင် မသိတတ်ခြင်း မောဟမှ ဆင်းသက်လာသော ချီတုံချတုံ စိတ်ကစားခြင်းသည် လက်ခံလိုစိတ်ဖြစ်ပေါ်လာစဉ် သွေးနီရဲလာခြင်း၊ လက်မခံလို စိတ်ဖြစ် သွားစဉ် သွေးညိုမည်းသွားခြင်း၊ သွေးစီးနှုန်းများ ထိုသို့ ဘယ်လူးညာလူး ကစားနေခြင်းကြောင့် သွားလမ်းမဖြောင့် သွားရင်းပင် အမှောင့်အဝင်ခံရတတ်ချေသည်။ ။
၁၃၆၄ ခု၊ ကဆုန်လပြည့်ကျော် ၁၃ ရက်၊ ကျော်တော။
ဈေးချင်းဆိုင် အပိုင်မတွက်၊ ရောင်းသူဝယ်သူ တကျက်ကျက်

ကိစ္စတစ်ခုကို နှစ်ဦးရင်ဆိုင် ဖြေရှင်းကြရမည့် နေရာမျိုး၌ တစ်ဖက်က ယတိပြတ် ဆုံးဖြတ်ချက်ချနိုင်၏။ တစ်ဖက်ကား ကိုင်မလိုလွှတ်မလို ဟိုလိုသည်လိုဖြစ်နေဆဲ၊ ထိုအတွဲ ကား ဈေးထဲဝယ် ဈေးသည်နှင့်ဈေးဝယ် နှစ်ဦးဈေးဆိုင်ချိန် ဈေးသည်က ဈေးဆိုပြတ်လျက်က ဈေးဝယ်က မတန်လည်းမပြော၊ တန်သဘောဆိုပြီးလည်းမဝယ် မအီ မလည်ဖြင့် အချိန်ဆွဲနေရာ…ကြာသော် ဆိုင်ရှင်ခမျာ ရောင်းလိုစိတ်သဒ္ဓါပျက် ရောင်းခန်းဝယ်ခန်းဖျက်လိုသည့်ပမာ ထိုမတင်မကျသမား တင်ပြီးကျပြီးသမား၏ အငြိုအငြင် ခံရတတ်သည်။ ။
၁၃၆၄ ခု၊ ကဆုန်လပြည့်ကျော် ၁၄ ရက်၊ ကျော်တော။
စိတ်ကစား ဖဝါး ဘယ်ညာလွဲ
လူလျှင်လူချင်းရင်းနှီးစွာ ဆက်ဆံလျက်က တစ်ဖက်၏အလိုကို လက်ခံရ ကောင်းနိုးနိုး၊ လက်မခံမှ ကောင်းနိုးနိုးဖြင့် နိုးနိုး နိုးနိုးချင်း သူဆင်းလမ်းကိုယ်ပိတ်၊ ကိုယ်ဆင်း လမ်းသူပိတ် အပြန်အလှန် ထိုးကြိတ် ခံရတော့လေရာ စိတ်ပိုင်ရှင်ခမျာ အမှန်ကို အမှားဘက်ထား၊ အမှားကိုကား အမှန်တံခါးသွင်း အထားချင်း မှားတော့သည်။ စိတ်ချင်း ကစား အထားချင်းမှားခံရသော ထိုစိတ်ပိုင်ရှင်၏ ဆုံးဖြတ်ချက်သည်လည်း အမှားကိုလျှင် အမှန်ထင်နေသော ဆုံးဖြတ်ချက် ဖြစ်နေခြင်းကြောင့် လိုရာလက်လှန် မလိုရာ လက်ခံ ပြီးသား ဖြစ်နေချေပြီ။ ။
၁၃၆၄ ခု၊ ကဆုန်လပြည့်ကျော် ၁ဝ ရက်၊ စံရိပ်ငြိမ်။

No comments:

Post a Comment