Thursday, March 8, 2012

ဝေဒနာက္ခန္ဓာကို လှုပ်ခတ်စေခဲ့သော ကဗျာ (သို့မဟုတ်) အကယ်၍ သင်ဒီကဗျာကို

သူငြိမ်သက်နေခဲ့၏။ နှစ်ကာလအတော် ကြာခဲ့မှန်းလည်း သူသိနေ၏။ လူငြိမ်တော့ စိတ်ငြိမ်၊ စိတ်ငြိမ်တော့ ဝေဒနာလည်းငြိမ်နေ၏။ ဝင်လေထွက်လေ ရှုမှတ်မှုကို အခြေပြုသော အကျင့်တရားသည် စိတ်ကိုငြိမ်သက်အောင် အထောက် အပံ့ပေးလေသည်။ တစ်ဖန်စိတ်ငြိမ်သက်မှု အကြောင်းတရားကလည်း ခံစားမှုဝေဒနာကို လှုပ်ခတ်မှုမဖြစ်အောင် ထိန်းသိမ်းပေးနေမှန်း သူရိပ်မိလာသည်။ အကြောင်းနှင့်အကျိုးပေပဲ။  အသွားအပြန်ပေါ့။ ဒါဆိုရင် အမှား,အမှန်ဆိုတာကကော။ အမှား,အမှန်ကို
သူစိတ်မဝင်စားဖြစ်ခဲ့ တာကြာပြီ။ စိတ်ဝင်စားစရာ ကောင်းရအောင် ကလည်း ဘယ်ဟာအမှား၊ ဘယ် ဟာအမှန် ဟူသော ဆုံးဖြတ်ရခက်သည့် အခြေအနေ များစွာကို သူတွေ့ကြုံခဲ့ရ၍ဖြစ်သည်။ အဘိဓာန်တွင် တစ်ဦးတည်း ရှည်ရှည် လျားလျားပြောသည့် စကား၊ (ပြဇာတ်၊ ရုပ်ရှင် စသည်တွင် သရုပ်ဆောင်က) တစ်ကိုယ်တော် စကားကြောရှည်ခြင်း၊ တစ်ကိုယ်တော် ရွတ်ဆိုပြသည့် ထိုဇာတ်ကို monologue ဟု အဓိပ္ပာယ်ဖွင့်၏။  ထိုmonologue ကာလရှည်ကြီးကို သူငြီးငွေ့စိတ်ပျက်နေ ခဲ့သဖြင့် စိတ် ပျက်လက် စနှင့် ရုပ်၊ နာမ်ဓမ္မသင်္ခါရဘက်ဆီသို့ စိတ်ဦး လှည့်ကာ အသေမဦးခင် ဥာဏ်ဦးအောင် သူ ကြိုးစားကျင့်ကြံ နေထိုင်ဖြစ်ခဲ့ခြင်းပင်။  သူစိတ်ဝင်စား သည်က စကားအချီ အချ ပြောဟန်အရေးအသား၊ အပြန်အလှန် ဆွေးနွေးခြင်းဟု အဘိဓာန်တွင် အဓိပ္ပာယ် ဖွင့်ထားသည့် dialogue ဖြစ်၏။  (More dialogue between world leaders is needed) ဆိုသည့် ဝါကျကိုလည်း သူကူးယူ ထားမိခဲ့သေးသည်။ အင်အားများသူက အမှန်တရား။ တစ်ဖက်သတ်နိုင်သူက ရှုံးသူအပေါ် ငုံ့ကြည့်ရင်းက ပြုံးပြလိုက်သည့် မထီမဲ့မြင် အပြုံးများ။ ၄င်းကိုပင် အမှန်တရားဟု လက် ခုပ်တီးနေကြသူများ၊ အားပေးထောက်ခံနေ ကြသူများ။   မလှပသော   လောက   မြင်ကွင်းကို သူမကြည့်ရက်တော့သဖြင့်သူ့ရုပ်နာမ်ခန္ဓာ အတွင်းကဖြစ်ခြင်း၊ ပျက်ခြင်းကိုပဲ သူအာရုံပြု ဖြစ်နေခဲ့သည်မှာ ကြာပြီကော။  ကုဋီထဲက သန့်သက်ရေ လက်ကျန် ကိစ္စ ဖြင့် သံဃာတွေ နှစ်အုပ်ကွဲကြသောအခါ ဝင်ရောက်ဖြေရှင်းပေးခဲ့သည့် ဘုရားရှင်ကိုပင် ”အရှင်ဘုရား အေးအေးဆေးဆေး သာနေရစ်ပါ” ဟု   လျှောက်ထားသဖြင့် ပလလဲတော၌ ပလလဲဆင်မင်း၏ ပြုစုလုပ်ကျွေးမှုဖြင့် ဝါတွင်းကာလ တစ်ခုလုံး သီတင်းသုံးနေထိုင်ခဲ့ရ သော ဘုရားရှင်၏ အတွေ့အကြုံကို   ပြန် သတိရမိ၏။ ဘုရားရှင် ကိုယ်တော်မြတ်ကြီး တောင်မှ ကြုံခဲ့ရသေးတာ ‘မင်းကဘာမို့လို့လဲ’ ဟု ကိုယ့်ကိုယ်ကိုယ် ပြန်ဆုံးမနေရ၏။ ဒါကိုကြည့်၍ တစ်ခါတလေ လောကမှာ ကိုယ့်အစီအစဉ်နှင့်ကိုယ် အေးအေးဆေး ဆေးနေထိုင်ရမည့် အချိန်ကာလ တစ်ခု ရှိကိုရှိ ဦးမှာပါလားဟုလည်း သူတွေးဆ ဆင်ခြင်နေ မိပြန်သည်။ ယခုတော့ ဓမ္မနှင့်အဓမ္မ အားပြိုင်ရာတွင် အမြဲတစေ အရှုံးပေးခဲ့ရသော (တကယ် တော့ အရှုံးပေးခြင်းမဟုတ်ပါ၊ ရှုံးနိမ့်ခြင်းဟူ၍ သတ်မှတ်ခံခဲ့ရ ခြင်းသာဖြစ်ပါသည်)  ဓမ္မဘက်တော်သား တို့သည်   ပြန်လည် ရှင်သန်ခြင်း၊ ပြန်လည် မွေးဖွားခြင်းတို့ဖြင့် လန်းဆန်းအားသစ် နေသည့်မြင်ကွင်းကိုသူလှမ်းတွေ့နေရလေပြီ။ သူတို့တွေ ဘာကြောင့် ဒီလောက်ခက်ခဲ ကြမ်းတမ်းတဲ့  အဆိုးလောကဓံ တွေကြားထဲမှာ အပြုံးမပျက် နေထိုင်နိုင်ခဲ့ကြရသလဲ။ သူ အံ့သြနေ၏။ ကြည်လင်ရွှန်းပသော ယုံကြည် ချက်တို့ဖြင့် တောက်လက်နေသော၊ ဇရာကို အံတုနေသော၊ လန်းဆန်းနုပျိုနေမှုတို့ဖြင့် တက်ကြွနေသော၊ မျက်ဝန်းအစုံထဲက ခွန် အားတွေကို သူတလေးတစား ကြည့်နေဖြစ်ခဲ့ သည်။ သူ့အတွက် ပဟေဠိ သဖွယ်ဖြစ်နေပေ ပြီ။ ထိုပဟေဠိသည် အနုပညာမိတ်ဆွေထံ သူရောက်သောအခါမှ အဖြေပေါ်တော့ သည်။ ”ဒါကြောင့်ထင်တယ်” ဟု ပြောပြောဆိုဆိုနှင့် သူ့လက်ထဲသို့ ထည့်ပေးလိုက်သော ကဗျာတစ်ပုဒ်ကို သူဖတ်ကြည့်နေမိသည်။ [ကဗျာဆရာက Rudyard Kipling။ ၁၈၆၅ ဒီဇင်ဘာ ၃ဝ ရက်ဖွား အိန္ဒိယနိုင်ငံ ဘုံဘေမြို့ (ယခုမွမ်ဘိုင်းမြို့) သား။ အသက် (၇ဝ) အရွယ် ၁၉၃၆-ခု၊ ဇန်နဝါရီ (၁၈) ရက် နေ့က ကွယ်လွန်ခဲ့သူ]
သူရေးခဲ့တဲ့ ကဗျာခေါင်းစဉ်က
“IF…”
အကယ်၍
မင်းအသိုင်းအဝိုင်းက
တုန်လှုပ်ချောက်ချားပြီး
ဒါတွေဟာ မင်းကြောင့်လို့ 
ဝိုင်းဝန်းပြစ်တင်ကြတဲ့အခါ
မင်းဟာ ခေါင်းအေးအေးနဲ့
ရင်ဆိုင်နိုင်မယ်ဆိုရင်…။
အကယ်၍
အားလုံးကမင်းကို
မယုံသင်္ကာဖြစ်လာတဲ့အခါ
သူတို့ကို နားလည်စွာခွင့်လွှတ်ရင်းနဲ့
မင်းကိုယ်မင်း
ယုံကြည်မူ အပြည့်ရှိမယ်ဆိုရင်…။
အကယ်၍
စောင့်သင့်တဲ့အချိန်ကိုစောင့်နိုင်ပြီး
အဲဒီအတွက်လည်း
မမောမပန်းနေနိုင်မယ်ဆိုရင်…။
ဒါမှမဟုတ်
မင်းရဲ့အကြောင်း မဟုတ်တရား
မုသားစကားကြားရတဲ့အခါ
မင်းကလည်း အလိမ်အညာတွေနဲ့
မတုံ့ပြန်ဘူးဆိုရင်…။
ဒါမဟုတ်
မင်းကို လူတကာက
ဝိုင်းဝန်းမုန်းတီးတဲ့အခါ
မင်းဟာအမုန်းတွေ
ပြန်မပွားဘူးဆိုရင်…။
ပြီးတော့
မင်းကိုယ်မင်း
လူတော်တစ်ယောက်ရယ်လို့မမြင်ဘဲ
ပညာရှိစကားတွေလည်း
မပြောဘူးဆိုရင်…။
အကယ်၍
စိတ်ကူးယဉ်အိပ်မက်တွေဟာ
မင်းအပေါ်မလွှမ်းမိုးစေဘဲ
စိတ်ကူးနိုင်မယ်ဆိုရင်..။
အတွေးအခေါ်စိတ်ကူးတွေဟာ
မျှော်မှန်းချက်
သက်သက်သာမဖြစ်စေဘဲ
တွေးခေါ်နိုင်မယ်ဆိုရင်….။
အကယ်၍
အောင်မြင်မှုသုခနဲ့
ဆုံးရှုံးမှုဒုက္ခတွေကို ကြုံတွေ့ရတဲ့အခါ
တူညီသော
လောကဓံတရားတွေပါလားရယ်လို့
ခံယူထားနိုင်မယ်ဆိုရင်…..။
အကယ်၍
မင်းရဲ့ အမှန်စကားတွေကို
လူလိမ်လူညစ်တွေက
လှည့်စားပြောင်းလဲပြီး
မုသားအဖြစ်ထောင်ချောက်ဆင်
ညစ်တဲ့အခါ
မင်းဟာတည်ငြိမ်စွာနဲ့
နာကြားနိုင်မယ်ဆိုရင်…။
ဒါမှမဟုတ် မင်းဘဝတစ်ခုလုံးပေး ပြီး
အရိပ်တကြည့်ကြည့်
ဖြည့်ဆည်းခဲ့ရတဲ့
အရာရာကို
ဖျက်ဆီးခံလိုက်ပြီးတဲ့နောက်မှာ
အင်မတန်မှသေးငယ်တဲ့
တန်ဆာပလာအရာရာနဲ့
ပြန်လည်တည်ဆောက်နိုင်မယ်ဆိုရင်..။
အကယ်၍
မင်းနိုင်ခဲ့သမျှတွေအားလုံးဟာ
ကြွေတစ်လှည့်ကြက်တစ်ခုန်ပမာ
တစ်လှည့်တစ်ခါတည်းနဲ့
ဆုံးရှုံးသွားခဲ့ရင်…
ပြီးတော့
အစကနေပြန်စနိုင်မယ်ဆိုရင်..
ပြီးတော့တစ်ခါ
ဆိုးလှတဲ့ကြမ္မာရယ်လို့
ဘယ်သောအခါမှ
ညည်းညူမနေဘူးဆိုရင်…။
အကယ်၍
သူများတကာလုပ်ပြီးသွားကြလို့
အချိန်အတော်ကြာမှ
မင်းအလှည့်ရောက်လာတဲ့အခါ
မင်းတစ်ယောက်တည်းနဲ့ပဲ
အားနဲ့မာန်နဲ့
ဇွဲသတ္တိရှိရှိ
ဆက်ကြိုးစားနိုင်မယ်ဆိုရင်….
အဲဒီလိုပဲ
မင်းမှာစိတ်အင်အားကလွဲလို့ 
ဘာဆိုဘာမှမရှိတော့တဲ့အခါ
အဲဒီ စိတ်ဓာတ်အင်အားကို
ခိုင်မာစွာနဲ့ပဲ
ဆက်လက်ဆုပ်ကိုင်ထားနိုင်မယ်ဆိုရင်..။
အကယ်၍
လူတွေနဲ့
ထိတွေ့ပြောဆို ဆက်ဆံရတဲ့အခါ
ကိုယ်ကျင့် သိက္ခာကို
စောင့်ထိန်းနိုင်မယ်ဆိုရင်…။
ဒါမှမဟုတ်
မင်းဧကရာဇ်တွေနဲ့အတူ
လမ်းလျှောက်နေရပေမယ့်
မာန်မာနသွေး မကြွဘူးဆိုရင်….။
အကယ်၍
ရန်သူကဖြစ်စေ၊မိတ်ဆွေကဖြစ်စေ
မင်းကို သိပ်ပြီးနာကြည်းအောင်
မလုပ်နိုင်စေရင်….။
အကယ်၍
လူတိုင်းကို
တန်ဖိုးထားလေးစားရပေမယ့်
စွဲလမ်းမှုသံယောဇဉ်တွေ
ထားမနေဘူးဆိုရင်…။
အကယ်၍
တိုတောင်းလှတဲ့
မပစ်ပယ်နိုင်တဲ့ တစ်မိနစ်အတွင်းမှာ
အဓိပ္ပာယ်ရှိလှတဲ့
စက္ကန့်ခြောက်ဆယ်အဖြစ်
အသုံးချနိုင်မယ်ဆိုရင်…..။
ငါ့သားရေ
မင်းဟာ အရာရာရှိတဲ့၊အရာရာဖြစ်တဲ့
ကမ္ဘာကြီးကို ဆုပ်ကိုင်လို့
အရာရာ ဘာမဆို
မင်းစွမ်းနိုင်ပြီပေါ့….။
အဲဒီတော့ မင်းဟာလည်း
ယောက်ျားကောင်း
တစ်ယောက်ပဲပေါ့…။    ။
ကဗျာဖတ်ပြီးသောအခါ ငြိမ်သက်နေ သော ဝေဒနာက္ခန္ဓာတွေက နိုးထလာ၏။ သွေးကြောတွေထဲ၌ ဝါယောဓာတ်တို့၏ အရှိန်မြန်မြန် ‘ရုန်းကန်သံ’ တွေကိုပင် ကြား နေရသည်သို့ …။
”သည်ကဗျာကို ဘယ်သူဘာသာပြန် ထားတာလဲ”
”အစ်မ ဒေါ်အောင်ဆန်းစုကြည်လေ”
”သြော်…”
”သြော်ဟူသည့် စကားလုံးသာ သူ့နှုတ်ဖျားမှ ထွက်သွားခဲ့၏။ သူယောက်ျားကောင်း တစ်ယောက်ဖြစ်ဖို့ အများကြီး ကြိုးစားနေ ထိုင်ရဦးမှာပါလားဟု သူ့ကိုယ်သူ နားလည် နေမိ၏။ ကဗျာဆရာညွှန်းဆိုသည့် ယောက်ျားကောင်း တစ်ယောက်၏ စံနှုန်းများ သူ့သန္တာန်၌ နည်းပါးနေသည်ကို သူဝန်ခံရမည်ဖြစ် သည်။ သို့သော် သူစိတ် ဓာတ်မကျပါ။  ကောင်းတာလုပ်ချင် ၊ကောင်းတာဖြစ်ချင်၊ ကောင်းတာမြင်ချင်၊ ကောင်းအောင်နေချင်သူ တစ်ဦး၏ စိတ်ဆန္ဒအတွက် မပြုရသေးသည့်  ကောင်းမှု ကုသိုလ်   တွေက စောင့်ကြိုနေလိမ့် မည်ဆိုတာကို အကြွင်းမဲ့သူယုံကြည်နေမိ၏။  ”ဒီလိုကောင်းတာတွေ များများလုပ်မယ် လို့တွေးတာဟာ ကိုယ့်အတွက် အောင်မြင်ဖို့ ရာ အကြောင်းအထောက်အပံ့ တကယ်ဖြစ်တယ်နော်” မဟာမြိုင်တောရ ဆရာတော် ဦးဇောတိ က၏ မင်္ဂလာတရားတော်က စကားစုတစ်စုသည် သူ့နှလုံးသားပေါ်တွင် ပဲ့တင်သံဖြစ်လာ လေသည်။ သူ့ဝေဒနာက္ခန္ဓာတွေ ဖြစ်ပျက်နှုန်း မြန်နေမှန်း သူသတိထားလိုက်မိ၏။ ဘာပဲဖြစ်ဖြစ် IF ကဗျာကိုတော့ သူ့ဘဝအားမာန် အဖြစ် အထပ်ထပ်အခါခါ နှလုံးသွင်းဆင်ခြင် နေရပေဦးတော့မည်။
 ဆရာ မြသန်းစံ၏ စာပေကို ပြန်လည်တင်ပြပါသည် ။

No comments:

Post a Comment