Tuesday, March 27, 2012

လူဖြစ် ကျိုးနပ်ဖို့သောတာ ပန်သို့

အလှူတကာ့ အလှူ မှာ
ဓမ္မစေတီ (တရားဓမ္မပညာ) အလှူသည် အမြတ်ဆုံး ဖြစ်သည်ဟု
(၁၅)၀ါမြောက် ၀ါဆိုအပြီး သာဝတ္ထိပြည် ဇေတ၀န်ကျောင်းတိုက်၌
သိကြားမင်း၏   ပြဿနာ(၄)ရပ်ကို   ဖြေကြားတော်မူစဉ်
မြတ်စွာဘုရားရှင်က ဟောကြားတော်မူခဲ့ လေသည်။
( မဟာဗုဒ္ဓ၀င်-စ-တွဲ-၂၅၃) (ဓမ္မပဒ-ဌ၊ ၂၊ စာ-၃၅၀ )
" လူဖြစ်ကျိုးနပ်ဖို့ " အမှာစာ
ပညာရေး၊ စီးပွားရေး၊ ကြီးပွားချမ်းသာရေး၊ အိမ်ထောင်ချမ်းမြေ့ သာယာရေး . . . စသည့် သုခ၊ ဒုက္ခ မျိုးစုံတို့နှင့် လုံးချာလည်နေသူများ လူဖြစ်ကျိုးနပ်ဖို့ မိမိနှင့်သင့်လျော်သော တရားစခန်းမှာ တစ်ပတ်( ၇ )ရက်၊ (၉) ရက်၊ (၁၀)ရက်၊ (၁)လစသည်ဖြင့် ၀င်ဖြစ်အောင် ၀င်ကြည့်ရပါမည်။

ပုထုဇဉ်တိုင်း လောဘရူး၊ ဒေါသရူး၊ မောဟရူး၊ မာနရူးတွေနှင့် ပြည့်နှက်နေ၏။ များများရူးနှင့် နည်းနည်းရူးသာ ကွာခြားကြ၏။ ထိုအရူး
ရောဂါတွေကို တရားစခန်းဆေးရုံမှာ သမထ ၀ိပဿနာဆေးဖြင့် ကုသမှ သာလျှင် သက်သာပျောက်ကင်းနိုင်ပေမည်။

ထို့ကြောင့် လူဖြစ်ကျိုးနပ်ဖို့ အရိယာစာမေးပွဲကို ၀င်ရောက် ဖြေဆိုကြည့်ရပါမည်။ လူဖြစ်လာပါလျက် တရားစခန်း မ၀င်ဖြစ်ဘူးဆိုလျှင် (သောတာပန်နှင့် မနီးစပ်ပါလျှင်) လူဖြစ်ရှုံးရပါတော့မည်။ တရားစခန်းများကို ၀င်မည့်သူများ သိသင့်သိထိုက်သည့် အခြေခံ ပရိယတ္တိလိုအပ်ပါသည်။ ထိုပုဂ္ဂိုလ်များ မဖြစ်မနေ ကျင့်ရမည့် ကျင့်စဉ်အခြေခံ ပဋိပတ္တိ ကိုလည်း သိထားရပါမည်။

မြန်မာသက္ကရာဇ် ( ၁၃၇၃ )ခု၊ ကဆုန်လပြည့်။ ခရစ်နှစ် ( ၂၀၁၁ )ခု၊ မေလမှာ ဗုဒ္ဓမြတ်စွာဘုရားရှင် ပွင့်တော်မူချိန် ဗုဒ္ဓနှစ် ၂၆၀၀ ပြည့်နှစ် (ဗုဒ္ဓတရားဟောချိန် ၄၅ ၀ါ + ဗုဒ္ဓပရိနိဗ္ဗာန်ပြုပြီး သာသနာတော်နှစ် ၂၅၅၅ ခု) ရောက်တော့မည် ဖြစ်ပါသည်။ ထိုကဲ့သို့သော ထောင်စု၊ ရာစုနှစ်တို့သို့ ရောက်တိုင်းရောက်တိုင်း ကျွတ်တမ်းဝင်-၀င်သွားကြသည့် ခေတ်တွေသည် ဖြတ်သန်းသွားကြစမြဲပါ။ ထိုသို့ ကျွတ်တမ်းဝင်သွား ကြသည့်  (လူဖြစ်ကျိုးနပ်သွားကြသည့် သုဂတိဘုံသို့ ရောက်ရကျိုးနပ်ကြသည့်) လူတန်းစားထဲမှာ မိမိပါဝင်ဖို့ အထူးလိုအပ်နေပါပြီ။ လူဖြစ်ကျိုးနပ်ဖို့ ကြိုးစားသူတို့၏ နိုင်ငံ၊ နေရာ နယ်ပယ် တို့သည် အငြိမ်းချမ်းကြီး ငြိမ်းချမ်းပေတော့မည်။





ပုထုဇဉ်တို့၏ သွားရာလမ်း
လူပုဂ္ဂိုလ်တို့၏ ငွေကြေး ဓန ၊အာဏာ ------ချမ်းသာမှု တို့သည် တရားကျစရာကောင်းလှ၏။ ဘယ်လောက်ပင် ဆင်းရဲနိမ့်လျှော ကျသွားပါစေ၊ "သောတာပန်" တို့မည်သည် စိတ်မဆင်းရဲ၊ စိတ်ဓာတ်မကျပေ။ ဘ၀အလှည့် အပြောင်းဒဏ်ကို ခံနိုင်၏။ "လောကဓံရှစ်ပါး" ဒဏ်ကို မကြောက်မရွံ့ပေ။ "သောတာပန်" မဖြစ်သေးသူသည် "လောကဓံတရား" ၏ အလှည့်အပြောင်းဒဏ် ကို မခံနိုင်ပေ။ လက်မြှောက်အရှုံးပေးကာ လောဘဖြင့်ဖြစ်စေ၊ ဒေါသဖြင့်ဖြစ်စေ၊ မောဟဖြင့်ဖြစ်စေ သေသွားကြရ၏။ လိုချင်တပ်မက်မှု (လောဘ) ဖြင့် သေသွားလျှင် ပြိတ္တာဖြစ်ရရှာ၏။ မကျေနပ်မူများစွာ (ဒေါသ) ဖြင့် သေသွားပါက ငရဲကျရရှာ၏။ မသိနားမလည်မှု ၊ တွေဝေမှု၊ ကမ္ဘာလောကတစ်ခုလုံးရှိ သက်ရှိသက်မဲ့အားလုံးကို ဖွဲ့စည်းထားသည့် ရုပ် နာမ် တို့ကို ခွဲခြားမသိဘဲ "ပညတ် ပရမတ်" တို့ကို ခွဲခြားမသိဘဲ (မောဟ)ဖြင့် သေသွားပါက တိရစ္ဆာန် ဖြစ်သွားရရှာဦးမည်။ အယူ လွဲမှားသော ထောင်လွှားမောက်မာခြင်း (တလွဲမာန) ကြောင့် အသူရကာယ် ဖြစ်ကြရ၏။
လိပ်ကန်းဥပမာ
ထို့ကဲ့သို့ ငရဲ၊ တိရစ္ဆာန်၊ ပြိတ္တာ ၊ အသူရကာယ် ကျသွားပြီဆိုလျှင် သုဂတိဘုံကို ပြန်ရောက်ဖို့ ခဲယဉ်းတော့၏။ မြတ်စွာဘုရားရှင် ဟောကြားတော်မူ သော "ကာဏကစ္ဆပေါပမသုတ်" (လိပ်ကန်းဥပမာ)အရ ငရဲကျပြီးလျှင် သုဂတိဘုံ ပြန်ရောက်ဖို့ ဖြစ်နိုင်စွမ်း အလွန့်အလွန် ခဲယဉ်းလှ၏။ ပင်လယ်သမုဒ္ဒရာကြီးထဲမှာ သွားချင်ရာသွားနေသော လိပ်ကန်းကြီးတစ်ကောင်သည် ပင်လယ်ရေမျက်နှာ ပြင်ပေါ်သို့ နှစ်တစ်ရာကြာမှသာ တစ်ကြိမ်ပေါ်၏။ ထိုလိပ်ကန်းကြီး စွပ်နိုင်ရုံ လောက်သာ ကျဲလွန်းသည့် လှည်းထမ်းပိုးတစ်ခုကလည်း ပင်လယ်သမုဒ္ဒရာကြီးမှာ မျောချင်ရာမျောနေ၏။ ပေ (၁၀၀) ပတ်လည်မှာ စွပ်မိဖို့ပင် အလွန်ခဲယဉ်းဦးမည်။ သမုဒ္ဒရာရေမျက်နှာပြင် ဧရိယာစတုရန်းကီလိုမီတာ (အနီးဆုံး) ဘီလီယံပေါင်း (၃)သိန်းကျော် (357,712,790,162,121sq-km) စတုရန်းမိုင်ပေါင်း 138,119,516,355,419 ( စတုရန်းမိုင်ပေါင်း ဘီလီယံပေါင်း တစ်သိန်းကျော်) _ (၅၂၈၀ x ၅၂၈၀စတုရန်းပေ) အကျယ်မှာ လိပ်ကန်းကြီး၏ ဦးခေါင်းနှင့် ထမ်းပိုးအပေါက် စွပ်မိဖို့ အဘယ်မျှအထိ ခက်ခဲမည်နည်း။ ဖြစ်နိုင်စွမ်း (possible) အလွန်နည်း၏။ သုဂတိဘုံသို့ ရောက်နိုင်သူနှင့် အပါယ်(၄)ဘုံ ပြန်ကျ နိုင်သူအချိုး (အနီးဆုံး) = ၁း ဘီလီယံပေါင်း လေးကုဋေနီးပါး ရှိ၏။ (1:40,000,000,000,000,000) ဆိုလိုသည်မှာ အပါယ်ငရဲကျပြီးပြီဆိုလျှင် သုဂတိဘုံသို့ ပြန်လည်ရောက်နိုင်ဖို့ အလွန်ခဲယဉ်းကြောင်း သင်္ချာကိန်းဂဏန်းဖြင့် နားမလည်နိုင်သေးသော (လွန်ခဲ့သောနှစ်ပေါင်း ၂၅၀၀ကျော်က) ပရိသတ်အား မြတ်စွာဘုရားရှင်က မြင်သာအောင် ဟောကြားတော်မူခဲ့၏။
လက်သည်းခံွံသုတ္တန်
သုဂတိဘုံ (လူ့ဘုံ၊ နတ်ဘုံ၊ ဗြဟ္မာဘုံ) ရောက်လာပြီဆိုလျှင်လည်း ငရဲပြည်မကျဖို့ အလွန့်အလွန် ခဲယဉ်းပြန်၏။ လူ့ဘုံရောက်လာပြန်၍ စားဝတ် နေရေး၊ ချစ်ရေးအတွက်သာ လုံးပမ်းနေရင်း သေသွားလျှင် လောဘ၊ဒေါသ၊ မောဟ၊ မာနမကင်းကြဘဲ အပါယ်ငရဲ ကျသွားသူတွေကသာ များလှ၏။ လောဘ၊ ဒေါသ၊ မောဟ၊ မာနတွေကို လျော့ပါးအောင် "၀ိပဿနာ" တရားကျင့်ကြံနိုင် သူများသာ သုဂတိဘုံသို့ ပြန်လည်ရောက်ရှိကြရ၏။ ဘယ်လောက်ထိ များသလဲ ဆိုလျှင် မြတ်စွာဘုရားရှင်က "နခသိခ" (လက်သည်းခွံ) သုတ္တန်မှာ ယခုလို ဟောပြောခဲ့၏။ လူ့ဘုံ (သုဂတိဘုံ) ရောက်လာသူထဲမှ လက်သည်းခွံပေါ်မှာ တင်ကျန်ရစ်သည့် မြေမှုန့်ပမာဏသာ သုဂတိဘုံသို့ ပြန်ရောက်ကြရ၏။ ကမ္ဘာမြေကြီးပေါ်ရှိ မြေမှုန့်ပမာဏ အားလုံးကတော့ အပါယ်ငရဲသို့သာ ကျကြရသည်ဟု ဗုဒ္ဓက ဟောကြားတော်မူခဲ့ပါသည်။

လက်သည်းခွံပေါ်မှာ တင်ကျန်နိုင်သည့် မြေမှုန့်ပမာဏနှင့် ကမ္ဘာ မြေထုကြီး၌ မြေမှုန့်ပမာဏကို တွက်ချက်ကြည့်ရာ 2.6 x 1029 ( ၂၆နောက်မှာ သုည ၂၈-လုံး ) ထိ အချိုးကွာခြားလှ၏။ သုဂတိဘုံသို့ ရောက်ရှိလာသော လူနတ် ဗြဟ္မာများနှင့် အပါယ်(၄)ဘုံကျရောက်ရသော အပါယ်ဘုံသားများ အချိုးသည် ၁း ၂၆0,000,000,000,000,000,000,000,000,000  အထိရှိ၏။ အပါယ်ဘုံသားများ ဘယ်လောက်များကြောင်း ခန့်မှန်းနိုင်သည်။
တရားအားထုတ်သူအတွက် အင်္ဂါ ၅-ပါး
၁။ ယုံကြည်မှု (သဒ္ဓါ ) တရားနှင့် ပြည့်စုံရပါမည်။
၂။ တရားအားထုတ်နိုင်စွမ်းသည် ကျန်းမာရေးနှင့်လည်း ပြည့်စုံရပါမည်။
၃။ ဖြောင့်မတ်မှန်ကန်သော စိတ်ထားရှိရမည်။
၎။ အားထုတ်နိုင်သည့် ၀ီရိယတရား ရှိရမည်။
၅။ ရုပ်နာမ်နှစ်ပါးကို ပိုင်းခြားသိမြင်နိုင်စွမ်းသော ပညာနှင့်လည်း ပြည့်စုံရပါမည်။ (ရူးနေသူ၊ ဥာဏ်ရည်အလွန်နိမ့်သူများ မဖြစ်နိုင်။)
မဂ်တားဖိုလ်တား ကံကြီး(၅) ပါး
၁ ။ကမ္မန္တရာယ် ။-------။ အမိသတ်သူ ၊အဘသတ်သူ၊ ရဟန္တာသတ်သူ၊ ဘုရားရှင်အားသွေးစိမ်းတည်စေသူ၊ သံဃာကိုသင်းခွဲသူစသည့် ပဉ္ခာနန္တရိယ ကံငါးပါး၊ ၂။ကိလေသန္တရာယ် ။------။ "ကောင်းမှု၊ မကောင်းမှုဟူသည်မရှိ၊ ထိုကောင်းမှု၊ မကောင်းမှုပြုလုပ်သော်လည်း အလကားပဲ "ဟု မြဲမြံစွာ ယူဆသော (၁) အကရိ ယိ ဒိဋ္ဌိ ။ "ကောင်းမှု မကောင်း မတှု၏ ကောင်းကျိုး၊ ဆိုးကျိုး မပေါ်နိုင်" ဟု မြဲမြံစွာ ယူဆသော (၂) နတ္ထိကဒိဋ္ဌိ ။ "ကောင်းကျိုး၊ဆိုးကျိုးဖြစ်ရန် ကောင်းမှု၊ မကောင်းမှုဟူသော ကံအကြောင်းမရှိ၊ အကြောင်းမရှိဘဲ အလိုလိုပင် ချမ်းသာကြ၊ ဆင်းရဲကြသည်" ဟု မြဲမြံစွာယူဆသော (၃) အဟေတုကဒိဋ္ဌိ ။ "ဤဒိဋ္ဌိကြီး(၃)မျိုး" သည် မစွန့်လွှတ်နိုင်အောင် မြဲမြံစွာဖြစ်လျှင် သေသည်နှင့် အပါယ်ငရဲသို့ ဧကန် ရောက် စေတတ်သောကြောင့် "နိယတမိစ္ဆာဒိဋ္ဌိ "မည်၏။ ဤဒိဋ္ဌိ (၃)မျိုးတွင် ပထမဒိဋ္ဌိဖြင့် အကြောင်းကိုပယ်၏။ (အကြောင်းကိုပယ်လျှင် အကျိုးကိုလည်း ပယ်ရာရောက်၏။) ဒုတိယဒိဋ္ဌိဖြင့် အကျိုးကိုပယ်၏ (အကျိုးပယ်ခြင်းသည်လည်း အကြောင်းကို ပယ်ရာရောက်၏။ ) တတိယဒိဋ္ဌိဖြင့် အကြောင်းအကျိုး (၂)ပါးလုံးကို ပယ်၏။ ခန္ဓာငါးပါးကို ပုဂ္ဂိုလ်၊ သတ္တ၀ါ၊ ငါ၊ သူတစ်ပါး၊ ယောက်ျား၊ မိန်းမဟု အယူစွဲသည့် သက္ကာယဒိဋ္ဌိ ။ ဒီဘ၀ရုပ်၊နာမ်တို့သည် နောင်ဘ၀ကို ပြောင်းသွားသည်ဟု အယူမှားသော သဿတဒိဋ္ဌိ ။ သတ္တ၀ါတို့သည် ဒီဘ၀မှာပင်သေလျှင် ပြတ်သည်၊ နောက်ဘ၀မရှိဟု ယူသော ဥစ္ဆေဒဒိဋ္ဌိ ။ ၃။ ၀ိပိပိပါကန္တ္တရာယ် ။-------။ နပုံး၊ ပဏ္ဍုက် ဥဘတောဗျဉ်းနှင့်ဒွိဟိတ် ပုဂ္ဂိုလ်များ။ ၄ ။အရိယူပ၀ါဒန္တ္တရာယ် ။-------။ အရိယာအားသိလျက် သို့မဟုတ် မသိဘဲ စွပ်စွဲ ဆဲရေးကဲ့ရဲ့ပြစ်မှားသူ (တောင်းပန်က ကျေနိုင်ပါသည်။) ၅ ။အာဏာဝီတိကိကိက္ကမန္တ္တရာယ် ။-------။ ၀ိနည်းသိက္ခာပုဒ်ကို ကျူးလွန်သော ရဟန်း၊ ပါရာဇိက ၊၊ သဃာံဒသိသ၊် ထုလ္လစ္စဉ်း ၊ ပါစိတ် ၊ ပါဋိဒေသနီ ၊ ဒက္ကဋ ၊ ဒု ဗ္ဘာသီဟူသော အာပတ် (၇)ပုံ အနက် အသေးဆုံး ဒုဗ္ဘာသီအာပတ်ရှိလျှင်ပင် ဈာန်မဂ်ဖိုလ်ကို မရနိုင်ပါ။ ပါရာဇိကိကအာပတ်သည် ကုစား၍မရနိုင်၊ ကျန်အာပတ်များသည် ကုစား၍ရပါသည်။ ၎င်းတို့သည် တရားအားထုတ်မည့်သူ သိရှိထားရမည့် အင်္ဂါတွေနှင့် မဂ်ဖိုလ် အန္တရာယ်တွေ ဖြစ်ပါသည်။
သောတာပန်ချမ်းသာ
( သောတပတ္တိမဂ်ဆိုက်ပြီးသော ပုဂ္ဂိုလ်အကြောင်းကို လယ်တီဆရာတော် ဘုရားကြီး၏ ကမ္မဋ္ဌာန်းကျမ်းကြီးမှ ကောက်နုတ်တင်ပြပါမည်။ )

သောတာပန်ဆုပန် ပုဂ္ဂိုလ်သည် သောတာပတ္တိမဂ်သို့ ဆိုက်ရောက် သောအခါ အတိတ်ကံဆိုးကံညံ့ အနန္တတို့သည် အကုန် ချုပ်ငြိမ်းလေတော့သည်။ သံသရာအဆက်ဆက်မှ ပါလာခဲ့သည့် အသင်္ချေယျအနန္တ ကံဆိုး၊ ကံညံ့၊ အကုသိုလ်ကံဟောင်းတို့သည် အကုန် ဇာတ်သိမ်းလေတော့သည်။ အပါယ် သံသရာကြီးသည်လည်း ထိုပုဂ္ဂိုလ်၏ သန္တာန်မှာ အားလုံး အကုန်အစင် ဇာတ်သိမ်းလေကုန်၏။ ပုထုဇဉ် လူမင်း၊ နတ်မင်း၊ ဗြဟ္မာမင်းတွေပင် ဖြစ်နေလင့် ကစား အပူကောင်သက်သက်သာ ဖြစ်သည့်အတွက် သောတာပန်ပုဂ္ဂိုလ်ကဲ့သို့ မငြိမ်းချမ်း၊ မအေးချမ်းနိုင်သေးပေ။ ပုထုဇဉ်ဖြစ်သော လူမင်း၊ နတ်မင်း၊ ဗြဟ္မာမင်းတို့၏ ချမ်းသာသည် အတက်အကျရှိ၏။ အတက်ပြီးလျှင် အကျဘက်သို့ ရောက်ရ၏။ ကျပြီးလျှင် (လိပ်ကန်းဥပမာအရ) ပြန်တက်ဖို့ အလွန်ခဲယဉ်းလှ၏။ သောတာပန်ချမ်းသာသည် အတက်သာရှိ၏။ အကျလုံးဝမရှိပေ။ တက်ပြီးရင်းတက် ချမ်းသာပြီးရင်း ချမ်းသာရ၏။ ဆင်းရဲဒုက္ခတို့သည် ဝေးသထက် ဝေးသွားရ၏။ ချမ်းသာမှု အသေးမှ အလတ်၊ အကြီးတို့ကိုသာ ကျော်ဖြတ်ရ၏၊ နောက်ဆုံးမှာ ဆင်းရဲတို့ ချုပ်ြငိမ်းရာ သန္တိသုခ နိဗ္ဗာန်ချမ်း သာသို့သာ ဆိုက်ရောက်ရ လေတော့၏။
ဗုဒ္ဓသာသနာနှစ် ( ၅၀၀၀) ကျော်လွန်သွားလျှင်
လြူ့ပည်၊ နတ်ပြည် ------ တို့မှာ ဂေါတမမြတ်စွာဘုရားရှင်၏ ဗုဒ္ဓသာသနာတော် ကွယ်ပျောက်သွားနိုင်သည်။ သို့လင့်ကစား သောတာပန် ဖြစ်ပြီးသူ လူ၊ နတ်၊ ဗြဟ္မာတို့မှာက ဘ၀အဆက်ဆက် ကမ္ဘာအဆက်ဆက် ( ၇ )ဘ၀အထိ ကျင်လည်နေသမျှ အနမတဂ္ဂ ကြီးကျယ်လှသော နိဗ္ဗာန်ချမ်းသာကြီးကို အစဉ် စံစားနေကြရ၏။ ပရိနိဗ္ဗာန်စံဝင်ရာ ဘ၀တိုင်အောင် သာသနာပ ဘ၀၊သာသနာပ ကမ္ဘာ ဟူ၍ သောတာပန်ပုဂ္ဂိုလ်မှာ မရှိကြကုန်တော့ပေ။ မိမိတို့ရပြီး ရောက်ပြီး နိဗ္ဗာန်ကြီး၏အတွင်းမှာ ဘ၀များစွာ ကမ္ဘာအဆက်ဆက် မထွက်ကြရတော့ပေ။ ထနိဗ္ဗာန်ကြီး၏ အတွင်း၌တည်၍ အလိုရှိရာ လူချမ်းသာ၊ နတ်ချမ်းသာ၊ ဗြဟ္မာ ချမ်းသာတို့ကို ခံစား၊ စံစားကြကုန်ပြီးမှ အားရကြသောအခါမှ ခန္ဓာကို စွန့်ပစ်ကြကုန်လေ၏။ ( "အဘိသမယ သံယုတ်ပါဠိတော်ကြီး" အရဖြစ်ပါသည်။)

သောတာပန်ပုဂ္ဂိုလ်တို့သည် ဒိဋ္ဌိ၊ ၀ိစိကိစ္ဆာတို့ ချုပ်ငြိမ်းပြီး ဒုစရိုက်ကံ တို့လည်း ချုပ်ငြိမ်းလေသောကြောင့် အပါယ်သံသရာကြီးလည်း ချုပ်ငြိမ်းကာ "သဥပါဒိသေသနိဗ္ဗာန်"သို့ တည်နေကြလေ၏။ ထို့ကြောင့်ပင် အပါယ်(၄)ပါး ဟူသော ဒုဂ္ဂတိသံသရာ မရှိကြလေသည့်အတွက် ဘုန်းတန်ခိုး ကျက်သရေနှင့် ပြည့်စုံသော လူ့ဘ၀၊ နတ်ဘ၀၊ ဗြဟ္မာဘ၀ဟူသော ဥပါဒိတရားရှိနေသည့် "သဥပါဒိသေသ" ဟူသော ဘ၀ခန္ဓာသံသရာ အကြွင်းအကျန်ဖြင့် စံစားနေကြလေ ၏။ ထို "သဥပါဒိသေသ" နိဗ္ဗာန်မှသည် "အနုပါဒိသေသ" နိဗ္ဗာန်သို့ စံမြန်းကြရမည်ဖြစ်သောကြောင့် "သခင်္တ မဟာနိဗ္ဗာန်ကြီး "နှင့် အတူပင် ဖြစ်ပေတော့သတည်း ။

လူသားအားလုံး မမေ့မလျော့သော သတိတရားဖြင့် ကိစ္စခပ်သိမ်း ပြီးပြည့်စုံအောင် တရားအားထုတ်နိုင်ကြကာ ဒီဘ၀မှာပင် စူဠသောတာပန်မှသည် မဟာသောတာပန်အထိ ဖြစ်အောင် ကျင့်ကြံနိုင်ကြပါစေသတည်း။ မြန်မာသက္ကရာဇ် ၁၃၇၃ ခု၊ ကဆုန်လပြည့်နေ့ ။ ခရစ်နှစ် ၂၀၁၁ ခု ၊ မေလ ။ ဗုဒ္ဓနှစ် ၂၆၀၀ ပြည့်နှစ် (၄၅ ၀ါ + သာသနာနှစ် ၂၅၅၅)မှာ လူဖြစ်ကျိုး နပ်လိုသူတိုင်း ကျွတ်တမ်းဝင်မည့် ခေတ်တစ်ခုအဖြစ် အပြောင်းအလဲကြီး ပြောင်းလဲမည်ဟု ယုံကြည်လျက်
 http://www.sskhinmaungaye.com/lupyitkyonat.htmမှတဆင့်မျှဝေပါသည်

No comments:

Post a Comment