Wednesday, March 7, 2012

လူကအကျင့်ကို နိုင်ပါစေ

လူကိုအကျင့်က မနိုင်စေနဲ့၊ အကျင့်ကို လူကနိုင်ပါစေလို့ ပြောလိုက်ရပေမယ့် ဒီ ခေါင်းစဉ်ဟာ ပြည့်စုံတဲ့ ခေါင်းစဉ်တော့ ဟုတ်မယ်မထင်ဘူး။ ဘာကြောင့်လဲဆိုတော့ အကျင့်ဆိုရာမှာ ကောင်းတဲ့အကျင့်နဲ့ မကောင်းတဲ့အကျင့်ဆိုပြီး ရှိနေတတ်လေတော့ လူကမကောင်းတဲ့ အကျင့်ကို နိုင်ပါစေ လို့ပြောရင် ပို
ပြီးသင့်တော်မယ်ထင်ပါတယ်။ လူ့ဘဝမှာ အကျင့်ကောင်းတွေရှိသလို အကျင့်ဆိုးတွေလည်း ရှိတတ်တယ်။ အကျင့်ကောင်းတွေကို မွေးမြူတည်ဆောက်ပြီး ကောင်းမွန်တဲ့ အကျင့်တွေအတိုင်း နေထိုင်ကျင့်ကြံသွားကြရင် အနာဂတ်ကောင်းကို  ဆုပ်ကိုင်မိမှာဖြစ်ပြီး မကောင်းတဲ့ အကျင့်ဆိုးတွေကသာ လွှမ်းမိုးခံနေရပြီဆိုရင်တော့ အဲဒီလူရဲ့ဘဝဟာ အဖတ်ဆယ် မရအောင် ဆုံးရှုံး နစ်နာရပေလိမ့်မယ်။ ဒီနေရာမှာ အကျင့်ကောင်း ဆိုတာက ဘာလဲ၊ အကျင့်ဆိုးဆိုတာက ဘာလဲဆိုတာ သိရှိဖို့ လိုလိမ့်မယ်။ ကောင်းတာတွေလုပ်တာ၊ ပြုမူနေထိုင်ကျင့်ကြံတာဟာ အကျင့်ကောင်း အဖြစ်ယေဘုယျ ပြောနိုင်ပြီ မဟုတ်လား။ မမှန်တာ၊ လျော်ကန်သင့်မြတ်မှုမရှိတာတွေကို ဆောင်ရွက်လုပ်ကိုင်တာကို အကျင့်ဆိုးလို့ ပြောရင်ရပါလိမ့်မယ်။ လူအများစုက ယုံကြည်လက်ခံ ကျင့်သုံး ဆောင်ရွက်တာတွေဟာ အကျင့်ကောင်းဖြစ်နိုင်ပါတယ်။ အတ္တသမားတွေရဲ့ တွေးခေါ်စဉ်းစားမှုကနေ မြစ်ဖျားခံလာပြီး အဲဒီအတိုင်း လုပ်ကိုင်ကြ တာမျိုးကတော့ အကျင့်ဆိုး၊ အကျင့်မိုက် တွေဖြစ်မှာ သေချာပါတယ်။ လူတွေဟာ တစ်ခါတစ်ခါ မှာတော့ အကျင့်ဆိုးတွေ၊ အကျင့်မိုက်တွေနဲ့ အကျင့်ကောင်း အကျင့်မှန်တွေကို ခွဲခြားသိမြင်နိုင်ဖို့ အားနည်းတတ်တယ်။ လူတစ်ဦးချင်းကောင်းဖို့က အစပျိုးလိုက်တဲ့ အကျင့်စရိုက်ဟာ သူ့ပတ်ဝန်းကျင်၊ သူ့ရပ်ရွာ၊ သူ့နိုင်ငံသာမက သူ့ကမ္ဘာ ကြီးကိုပါ ကောင်းကျိုးချမ်းသာတွေ ရရှိသွားစေတတ်တဲ့ အကျင့်မျိုးဟာ အလွန့် အလွန်ကို ကောင်းမွန်တာကြောင့် လူသာဓုခေါ်၊ နတ်သာဓုခေါ်မယ့် အခြေအနေမျိုးကိုတောင် ဖြစ်ပေါ်စေပါလိမ့်မယ်။ ဒီလိုပဲ အတ္တသမားတစ်ယောက်ရဲ့ လောဘ၊ မောဟ၊ ဒေါသကအစပျိုးတဲ့ အကျင့်စရိုက်မျိုးကတော့ ကာယကံရှင်ကတစ်ဆင့် မကောင်းတဲ့ သက်ရောက်မှုတွေ ဖြာထွက်ကူး စက်ပြီး သူကနေသူ့ပတ်ဝန်းကျင်၊ ဒီကတစ် ဆင့်လူ့အဖွဲ့အစည်းတစ်ခုလုံးကို သက်ရောက်တတ်ပါတယ်။ အဆိုးဆုံးကတော့ မကောင်းတဲ့အကျင့်ကို လူတွေက မနိုင်တော့တဲ့အခါ အဲဒီမကောင်းတဲ့ အကျင့်တွေက ကမ္ဘာကြီးကို ပါ ဒုက္ခလှလှပေးတတ်ပါတယ်။ ငါးပါးသီလဆိုတဲ့ ကောင်းမွန်တဲ့ အကျင့်ပဲဖြစ်ဖြစ်၊ ပြည်သူ့နီတိဆိုတဲ့ အများအတွက် ဦးစားပေးတဲ့ ကိစ္စပဲဖြစ်ဖြစ် အမည်နာမအမျိုးမျိုးနဲ့ ပေါ်ပေါက်လာတဲ့ အန်-ဂျီ-အို တွေပဲ ဖြစ်ဖြစ်၊ သူ့အဆင့်နဲ့သူလုပ်ကြတာ ဖြစ်ပါတယ်။ သိပ်မြင့်တဲ့ ရည်မှန်းချက်ကောင်းတွေ ရှိကောင်း ရှိနိုင်ပေမယ့် အနိမ့်ဆုံး အကျိုး သက်ရောက်မှုအဖြစ် လူသားအများစုကြီးရဲ့ အကျိုးကို သယ်ပိုးနိုင်တာမို့ အဲဒီလုပ်ဟန်နဲ့ အကျင့်စရိုက်ဟာ အကျင့်ကောင်းအကျင့်မှန် လို့ သတ်မှတ်နိုင်ပါလိမ့်မယ်။ အဲဒီလို အကျင့်ကောင်းတွေက လူ့လော ကကြီးကို အကျိုးပြုနိုင်သလို မကောင်းတဲ့ အကျင့်တွေကလည်း လူ့ကမ္ဘာ၊ လူ့လောက ကြီးကို ဖျက်ဆီးတတ်ပြန်တယ်။ အင်မတန် မထင်မှတ်တဲ့ အကျင့် စရိုက်ဆိုးလေးတွေဟာ အင်းဆက်ပိုးမွှားတွေလို ကျယ်ပြန့်စွာ ပြန့်ပွားလာတဲ့အခါ မြင်မရတဲ့ စရိုက်ဆိုး၊ စရိုက်ညစ်တွေဖြစ် သွားပြီး ကာယကံရှင်ကို သာမက သူ့ မိသားစု၊ သူ့အဝန်းအဝိုင်း၊ သူ့ရပ်ရွာနဲ့ နောက်ဆုံး ကမ္ဘာကြီးကိုပါ အန္တရာယ်ချောက် ကမ်းပါးထဲကို ဆွဲခေါ် သွားတတ်တယ်။
အသိတစ်ယောက်ရှိတယ်လို့ ဥပမာဆိုကြပါစို့ ။ လူငယ်ဘဝ မှာ စတိုင်လ်ကျမယ် အထင်နဲ့ ဆေးလိပ်ကို စပြီးသောက်၊ ဒီကနေဆေးလိပ်စွဲ၊ ဆေးလိပ်ထဲ ဆေးခြောက်ကိုထည့်ပြီး သုံးရာကတစ်ဆင့် နောက်ပိုင်းမှာ ဘိန်းဖြူအဆင့်ကို ရောက်လာတော့တယ်။ ဘိန်းဖြူသုံးရာကနေ နောက်တစ် ဆင့်မှာတော့ ဘိန်းဖြူကို အပေါင်းအသင်း တွေကို မျှရောင်းရင်းက ဘိန်းဖြူရောင်းတဲ့သူ ဖြစ်သွားပါလေရော။ နောက်တော့ ခေတ်ကာလအလိုက် စိတ်ကြွဆေးပြားတွေ ရောင်းဝယ်တဲ့ အဆင့်ကို ရောက်သွား ပါတော့တယ်။
လူငယ်ဘဝမှာ ဆေးလိပ်သောက်တာ မကောင်းဘူး။ ဆေးလိပ် မသောက်သင့်ဘူး စသဖြင့် ကာယကံရှင်ဟာ သိမှာအမှန်ပါ။ ဒါပေမဲ့ သူဟာ ဘာမှမဖြစ်လောက်ပါ ဘူးဆိုတဲ့ အသိလေးနဲ့ မကောင်းတဲ့အကျင့်ကို လက်ခံ ကျင့်သုံးမိတယ်။ အဲဒီအကျင့်ဆိုးကို ကိုယ်ကနိုင်အောင် မသုတ်သင်နိုင်တဲ့အခါ အကျင့်ဆိုးက လူကို အနိုင်ယူသွားတယ်။ နေမြင့်လေ အရူးရင့်လေဆိုသလို အချိန်ကြာ လာတဲ့အခါ သူဟာအကျင့်ဆိုးရဲ့သားကောင် ဖြစ်သွားခဲ့ရပါတယ်။ ဘဝပျက်ခဲ့ရပါတယ်။
အကျင့်တွေမှာ မကောင်းတာတွေရော၊ ကောင်းတာတွေရော လူတိုင်းမှာ ကပ်ငြိခံရ တတ်ပါတယ်။ ကောင်းတဲ့ အကျင့်စရိုက်တွေ ကပ်ငြိခံရတာ။ သူတို့ရဲ့လွှမ်းမိုးမှုကို ခံရတာဟာ မထောင်းတာဘူးဆိုတာထက် ကောင်းပါတယ်လို့ ပြောရမှာပါ။ အားလုံးအတွက် တစ်ဆင့်ပြီးတစ်ဆင့် ပိုကောင်းလာစရာပဲ ရှိတာကိုး။ ဒီလိုပဲ မကောင်းတဲ့၊ ဆိုးတဲ့အကျင့် စရိုက်မျိုးတွေကို လက်ခံမိခဲ့ရင်လည်း တစ်နေ့ ထက်တစ်နေ့၊ တစ်လထက်တစ်လ၊ တစ်နှစ်ထက် တစ်နှစ် အဲဒီအကျင့်ဆိုးရဲ့ လွှမ်းမိုးမှုခံ လာရပြီး ကာယကံရှင်ရော ကမ္ဘာကြီးအတွက် ပါ မကောင်းတဲ့ရလဒ်တွေကို ရရှိတော့မှာ သေချာပါတယ်။
အကျင့်ကောင်းရော၊ အကျင့်ဆိုးရော ဘယ်လို အကျင့်စရိုက်မျိုးမဆို လူကလွှမ်းမိုး ထားနိုင်ရင် အကျိုးရှိပါတယ်။ အကျင့်တွေက လူရဲ့အထိမ်းအကွပ် အချုပ်အနှောင် အောက် မှာ ရှိနေတတ်တာမို့ မကောင်းတဲ့ ယုတ်ညံ့မှုတွေဟာ ခေါင်းမထောင်နိုင်တော့ဘဲ တဖြည်းဖြည်းနဲ့ ပျောက်ကွယ် သွားပါလိမ့်မယ်။ ကောင်းတာတွေကတော့ ဖွံ့ဖြိုး လာတတ်ပါတယ်။ ဖြတ်သန်းမှု ရင့်ကျက်လာတာနဲ့အမျှ အကျင့်မှန်သမျှဟာ လူ ရဲ့အခိုင်းအစေတွေဘဝကို ရောက်ရှိသွားမှာ အမှန်ပါပဲ။
ထူးခြားတာက တချို့အကျင့်တွေဟာ လူတွေက မွေးမြူတည်ဆောက်ခဲ့တာမျိုး ဖြစ်နေတတ်ပြီး တချို့ကတော့ လူ့ဘဝထဲကို မသိမသာ ဝင်ရောက်လာတာကို ကာယကံရှင်က သတိမထား ဂရုမပြုဘဲ ထားခဲ့မိတာကြောင့် အကျင့်ရဲ့စိုးမိုးမှုကို ခံရတာမျိုးဖြစ်ပါတယ်။ အဲဒီနှစ်မျိုးဟာ အကျင့်ဆိုး အကျင့်မိုက်တွေသာ ဖြစ်နေ လို့ကတော့ ကာယကံရှင်အဖို့ အဖတ်ဆယ် မရအောင်ဖြစ်သွားတတ်တယ်ဆိုတာ မယုံမရှိကြပါနဲ့။
ကောင်းတဲ့အကျင့်စရိုက် ဆိုရင်တော့ ကာယကံရှင်လည်း အကျိုးရှိ၊ သူနဲ့ပေါင်းစပ် ယှက်နွှယ်နေကြတဲ့ သူတွေလည်း ကံကောင်း ကြပါလိမ့်မယ်။ ဂိတ်ဆုံးကတော့ အကျင့်စရိုက်ကောင်းများရဲ့ သက်ရောက်မှုကြောင့် ကမ္ဘာကြီးပါ နေချင့်စဖွယ် ကမ္ဘာကြီးအဖြစ် ပေါ်ထွန်းလာတတ်တာပဲ ဖြစ်ပါတယ်။ ဒါကြောင့် အကျင့်တွေကို လူက ထိန်းချုပ်နိုင်ရင် ကောင်းပါတယ်။ အထူးသဖြင့် ကောင်းမွန်တဲ့ အကျင့်စရိုက်တွေကို ပျံ့နှံ့အောင်လုပ်ကိုင် ဆောင်ရွက်နိုင်ကြရင် ပိုပြီးကောင်းပါတယ်။
ဒီတော့ မကောင်းတဲ့ အကျင့်စရိုက်တစ်ခု ဖြစ်ပေါ်နေပြီ ဆိုရင်ရောလို့ မေးစရာရှိလိမ့်မယ်။ ဒါဆိုရင် အင်မတန် လွယ်ကူရှင်းလင်းတဲ့ အဖြေကိုပေးလိုက်ပါ။ အဲဒါကတော့ မကောင်းတဲ့ အကျင့်စရိုက်ကို အနိုင်ယူလိုက်ပါလို့ပါပဲ။ လူကအကျင့်ကို နိုင်ရမယ်မဟုတ်လား။ ချမ်းသာကိုယ်စိတ်မြဲကြပါစေ

No comments:

Post a Comment