Saturday, March 10, 2012

အသံဒေါသထွက်ခြင်း နဲ့ စိတ်မကောင်း ဖြစ်ရခြင်း

(၁)
”ဒေါသထွက်ခြင်းနဲ့ စိတ်မကောင်း ဖြစ်ရခြင်း”မတူပါ။
အသုံးအနှုန်း ခြားနားသလို အနှစ်သာရချင်းလည်း ခြားနားပါတယ်။ သူများတွေရဲ့ ရှုထောင့်အရ စာရေးသူပြောနေခြင်း မဟုတ်ပါ။ စာရေးသူ အတွေ့အကြုံ၊  အတွေးအခေါ်၊ စာရေးသူ လေ့လာမှုကို အကြောင်းခံပြီး တစ်နိုင်တစ်ပိုင် အသိအမြင်ကို လွတ်လပ်စွာ ဟင်းလင်းပွင့် ဖော်ပြခြင်းမျှသာ ဖြစ်ပါတယ်။ စိတ်ပါဝင်စားသူများရဲ့ အမျိုးစုံသော ဆေးရောင်စုံ တုံ့ပြန်မှုများကို မျှော်လင့်မိပါတယ်။ မီဒီယာ  SPACE မှာ စိတ်ယဉ်ကျေးမှု လေ့ကျင့်ခန်း လေးတစ်ခု အသက်သွင်း လိုက်ပါတယ်။


(၂)
ဒေါသစိတ်ကြောင့် ကိုယ့်ကို ဒေါသဖြစ်အောင် ပြုလုပ်တဲ့ သူကိုဖြစ်စေ၊ ဒေါသဖြစ်စေတဲ့ တခြား အကြောင်းတရားကို ဖြစ်စေဖို့ လုပ်တဲ့သဘောထား ဖြစ်ထွန်း လာပါတယ်။ ရန်လုပ်ခြင်းဆိုတာ ရန်သူဟု သတ်မှတ်ပြီး တိုက်ခိုက်မှု ပြုခြင်း ဖြစ်ပါတယ်။ ဒေါသကြီး သလောက် ရန်သူများပါတယ်။ ဒေါသကြီး သလောက် တိုက်ပွဲ များပါတယ်။ တိုက်ပွဲဆိုတဲ့ သဘောနဲ့ ကိုယ့်ကို ရန်ပြုလာတာကြောင့် ကာကွယ်ရခြင်း မတူပါ။ ကာကွယ်ခြင်း၊ ကလဲ့စားချေခြင်း သဘောတစ်ပြားသား မပါဝင်။ ကိုယ့်ရဲ့ ဘဝတန်ဖိုး၊ ကိုယ့်ရဲ့ယုံကြည်ချက် တန်ဖိုး အပေါ်၊ ကိုယ်တိုင်ကိုယ်ကျ လေးစားတန်ဖိုး ထားပါသောကြောင့် လိုအပ်သလို သင့်တော်သလို တုံ့ပြန်ခြင်းမျှသာ ဖြစ်ပါတယ်။ ဘယ်သူ ဖြစ်ဖြစ်၊ စာရေးသူဖြစ်ဖြစ်၊ သူများဖြစ်ဖြစ် ဒုက္ခသစ္စာ THE TRUTH OF SUFFERING ဖြင့် ဖွဲ့စည်းထား သူတွေမျှသာ ဖြစ်ပါတယ်။ ရန်ပွဲကြောင့် ပိုမိုလောင်ကျွမ်းခြင်း အဖြစ်မခံနိုင်ပါ။ ကိုယ့်ဘဝအတွက် ဖြစ်စေ၊ လူသားမျိုးနွယ် အတွက်ဖြစ်စေ ရန်လုပ်လာပါသောကြောင့် မေတ္တာတရားနဲ့ အသိဥာဏ် အလင်း ဦးစီးသော အချိန်အဆ မှန်မှန်တုံ့ပြန်ခြင်းကိုသာ ပြုရပြန်ပါတယ်။ ကိုယ်ပဲဖြစ်ဖြစ်၊ သူများပဲဖြစ်ဖြစ် ထိခိုက် နာကျင်မှုများ ရှိလာပြန်သော်  ဝမ်းနည်းရပါတယ်။ စိတ်မကောင်း ဖြစ်ရပါတယ်။
(၃)
စာရေးသူဘဝမှာ ကြုံခဲ့ရတဲ့ ‘စိတ်မကောင်း ဖြစ်ရခြင်း’နဲ့ သက်ဆိုင်တဲ့ အတွေ့အကြုံ၊ စိတ်မြင်ကွင်းတချို့ကို ထုတ်နုတ် ဖော်ပြပါ့မယ်။ အသိအမြင်၊ သဘာထားချင်း၊ တူသည်ဖြစ်စေ၊ မတူသည်ဖြစ်စေ အသီးသီး၊ စိတ်ဖြူစင် ဖွံ့ဖြိုးမှုအခြေအနေ ပိုကောင်းလာစေဖို့၊ ထောင့်တစ်ခုမှ ရိုးသားစွာ အစီရင်ခံနေခြင်း သဘောမျှသာ။ စာရေးသူနေထိုင်ရာနေရာလေးတစ်ခု၌ အတွင်းလူ၊ အရင်းခံ လူများကြားမှာ အားလုံးကိုမဆို သာသော်လည်း အများစုကြားမှာ ကိုယ့်ထက် မေတ္တာခွန်အား ပညာခွန်အား ကြီးမားသူများ အပေါ် ဂါရဝမေတ္တာနဲ့ သက်ရောက်သူက နည်းလွန်းပါတယ်။ နောက်တစ်ခါ ကိုယ်နဲ့ မေတ္တာခွန်အား ပညာခွန်အား အဆင့်တူညီ သူများအပေါ် မျှဝေတဲ့မေတ္တာနဲ့ သက်ရောက် ဆက်ဆံတတ် သူမျိုးလည်း ရှားပါသေးတယ်။ နောက်တစ်ခု ကိုယ့်ထက်မေတ္တာ ခွန်အားပညာ ခွန်အားလျော့ပေါ့၊ နိမ့်ကျသူများအပေါ် ငဲ့ညှာ၊ ထောက်ထား၊ ဖေးကူ၊ ထူမသော မေတ္တာနဲ့ သက်ရောက်တတ်သူမျိုးလည်း နည်းပါသေးတယ်။ (စာရေးသူ ပြောနေတာ၊ စာရေးသူ ရွေးချယ်မှု စံချိန်စံနှုန်းအရပြောနေ ခြင်းဖြစ်ပါတယ်။ စာရေးသူနဲ့မတူတဲ့ မျိုးကွဲ စံချိန်၊ စံနှုန်းတွေရှိနေမှာ သေချာပါတယ်။ အမှန်သိကြသလောက် အကောင်းကို ကျင့်သုံးမှု အားကောင်းလာမှာ သေချာပါတယ်။ အမှန်နဲ့ အကောင်းအပေါ် သဘောပေါက်၊ ကောက်ချက်ချမှု၊ မတူတာမျိုးတော့ ရှိတာပေါ့။ စာရေးသူမူနဲ့ စာရေးသူအတွေ့အကြုံအရ ဒီလိုအဖြစ်မျိုးတွေအပေါ် ဒေါသထွက်၊ စိတ်ဆိုးမိတာ အလွန်နည်းပါတယ်။ ‘စိတ်မကောင်း ဖြစ်ရတာတော့’ အလွန်များပါတယ်။ နောက်တစ်ခါ လူမဟုတ်၊၊ အခြား သတ္တဝါများအပေါ် စာရေးသူ သတိထားမိတာလေး၊ နည်းနည်းလောက်ပြောပါဦးမယ်။ ကြောင်ကလေးက ကြွက်ကို ချောင်းပါတယ်။ ပြီးတော့ ကြွက်ခုတ်ပါတယ်။ ခွေးက ကြောင်ကို ကိုက်ပြန်တော့ ကြောင်သေရပြန်ပါတယ်။ ခြင်ထောင်မထောင်ဘဲနဲ့ ညပေါင်း များစွာ အိပ်စက်ဖူးတဲ့ စာရေးသူအတွက် ခြင်ကိုက်တဲ့ဒဏ်ကို အလူးအလဲခံဖူးပါတယ်။ ကြောင်၊ ခွေး၊ ခြင်အားလုံးဟာ ဒေါသစိတ် ကြောင့် သူတို့လှုပ်ရှားမှုတွေ၊ လှုပ်ရှားကြခြင်း မဟုတ်ပါ။ စာရေးသူကို ကိုက်တဲ့ ခြင်များဟာ စာရေးသူကို မုန်းလို့ကိုက်တာ မဟုတ်ပါ။ သူတို့ဘဝ ရှင်သန်ရေးအတွက် လှုပ်ရှားရုန်းကန် နေရခြင်းလို့ သဘောပေါက် ကောက်ချက်ချမိပါတယ်။ ဘဝရှင်သန်ရေးအတွက် သူတစ် ပါးထိခိုက် နစ်နာပြီးမှ အသက်ဝင်လာရသော သဘာဝမျိုးကို စာရေးသူမနှစ်သက်ပါ။ သို့ သော် ဒီလိုသဘာဝမျိုး၊ စာရေးသူကိုယ်တိုင် အပြည့်အဝ မကင်းနိုင်သေးကြောင်း ဝန်ခံပါတယ်။ ကြောင်လေး၊ ခွေးလေး၊ ခြင်လေးများ အပေါ်မှာ အများအားဖြင့် စာရေးသူဒေါသ မထွက်ပေမယ့်လည်း စိတ်မကောင်း ဖြစ်ရပါတယ်။ ဖျတ်ခနဲ၊ ဖျတ်ခနဲ ကိုယ့်ကိုကိုက်လာတဲ့ခြင်တွေကို စာရေးသူရိုက်သတ်မိတာ များပါတယ်။ ဒါပေမဲ့ သူတို့ကို မုန်းလို့ ဒေါသထွက် သောကြောင့် ရိုက်မိခြင်းမဟုတ်။ စိတ်မကောင်းဖြစ်ရင်းနဲ့ ခြင်ရိုက်မိတာ များပါတယ်။ ကိုယ့်ပယောဂကြောင့် ခြင်လေး၊ ကြမ်းပိုးလေး သေဆုံးခြင်း မရှိစေရ ဆိုသော လုပ်ရပ်မျိုး စာရေးသူမှာ မရှိသေးပါ။ ဘယ်အလုပ်မျိုးပဲလုပ်လုပ်၊ ဘေးထွက်ဆိုးကျိုး လုံးလုံးကင်းမသွားတတ်တဲ့ ဘဝနဲ့၊ ဘဝရဲ့သဘာဝကို စာရေးသူစိတ်မကောင်း  ဖြစ်ရပါတယ်။
(၄)
ယနေ့ ကမ္ဘာ့ရွာကြီးမှာ ရှိနေတဲ့ လူသား အများစုဟာ ကိလေသာ နှောင်ကြိုး အထပ်ထပ် တုပ်နှောင်ခြင်း ခံထားရသူတွေမျှ သာ ဖြစ်ပါတယ်။ NOBLE LIBERATION ဝိမုတ္တိ၊ လွတ်မြောက်ခြင်း အစစ်ကို မရကြသေးပါ။ ဒီအထဲမှာ စာရေးသူလည်း ပါဝင်ပါတယ်။ သို့ပေမယ့် စာရေးသူအတွက် တာဝန်ယူပြီး ပြောရတာတွေ များစွာရှိပါတယ်။ စာရေးသူအတွက် အဆုံးသတ် ပန်းတိုင်မှာ ခန္ဓာကိုယ်လွတ်မြောက်တဲ့၊ သံသရာကိုလွတ်မြောက်တဲ့၊ ကိလေသာ နှောင်ကြိုးအားလုံး အဆင့်ဆင့် ပြတ်တောက်သွားတဲ့ ဝိမုတ္တိပန်းတိုင်ဖြစ် ပါတယ်။ ဝိမုတ္တိပန်းတိုင်ကို သွားနေရင်း ကြားခရီးကာလမှာ ”မိမိအတွက် ဝိပဿနာ၊ အများ အတွက် စိတ်ယဉ်ကျေးမှု ပညာရေးဆိုင်ရာ ဝန်ဆောင်မှု” ဆိုတဲ့မူနဲ့ စာရေးသူနေထိုင်ပါတယ်။ တချို့က စာရေးသူကို ရွာမလို အသံပေးပြီး မရွာတဲ့မိုးလို့ ဝေဖန်ကြပါတယ်။ သူတို့ရဲ့ လွတ်လပ်တဲ့အသံကို စာရေးသူက ဘာပြောရမှာလဲ။ သူတို့ရဲ့ အထင်အမြင်တချို့ အပေါ် ကမ္ဘာဖျက်မိုးမဟုတ်တဲ့ အပြုသဘောမိုးကို အစွမ်းကုန် ကြိုးစားပြီး ကိုယ်တိုင်ရွာရမှာ ဖြစ်သလို သူများတွေ ရွာနိုင်စေဖို့ ခေါင်းလောင်းသံပေးပြီး နှိုးဆော်ရမှာလည်း ဖြစ်ပါတယ်။ ရွာဖို့အသံပေးခြင်းဆိုတာ စာရေးသူရဲ့ ယုံကြည်ချက် လုပ်ငန်းထဲမှာ ပါဝင်ပါတယ်။ စာရေးသူအပေါ် သဘောပေါက်မှု လွဲချော်လျက် ဆိုးရွားတဲ့ သက်ရောက်မှုတွေအပေါ် ဒေါသထွက်မယ့် အစားစိတ်မကောင်းဖြစ်ရ ခြင်းများက အသင့်ရှိနေပါတယ်။
(၅)
‘စိတ်မကောင်းဖြစ်ရခြင်း’နဲ့ ‘ဒေါသထွက်ခြင်း’ ဆိုတဲ့မတူတဲ့ သဘောနှစ်ခုအပေါ် ပိုင်းခြားသိမြင်မှု အားကောင်းလာသလောက်  ဒေါသဆိုတဲ့ အစွန်းရောက် အခြေအနေ ကို ထိုက်သင့်စွာ၊ ရှောင်ရှားတတ်လာပါတယ်။ ဒါဟာ အသိအမြင်ကနေ လူတစ်ယောက်ကို ပြဋ္ဌာန်းသွားတဲ့ သဘောပါပဲ။ ဒေါသဟာ လူ့ စိတ်အတွက် ‘အနိုင်-အရှုံး’ ဆိုတဲ့ ယှဉ်တွဲရှင်သန်မှု DOUBLE EXISTENCE နဲ့ တိုက်ရိုက် ဆက်သွယ်နေပါတယ်။ ရှုံးခြင်းအပေါ် ခံစားမှုကြီးမား သလောက် ဒေါသကြီး လာပါတယ်။ ‘အရှုံး-အနိုင်’ ဆိုတဲ့ သဘောအပေါ် စိတ်ဝင်စား၊ စူးစိုက်၊ မှီခိုခြင်းနည်းပါးလာ သလောက် ဒေါသနည်းသွားပါတယ်။ လူဟာ မေတ္တာတရားနဲ့ ပညာဥာဏ် ပေါင်းစည်းနေထိုင်ခြင်း ဆိုတဲ့ ‘စိတ်ယဉ်ကျေးမှု ဘဝနေနည်း’ ထက်မြက်လာသလောက် ‘အရှုံး-အနိုင်’ အပေါ် သဘောပေါက်ခြင်းတွေ ပြောင်းလဲလာပါတယ်။ အသိအမြင်နဲ့ သဘောထား ဆိုင်ရာ မော်ဒီဖိုင်း ဖြစ်လာပါတယ်။ ရရှိခြင်း ဟာ အောင်မြင်ခြင်း အစစ် မဟုတ်တော့ပါ။ မရခြင်းဟာလည်း ဆုံးရှုံးခြင်း အစစ်မဟုတ်တော့ပါ။ ဘဝရှိနေသရွေ့ ‘ဘာလုပ်သင့်သလဲ ဟု ပိုင်ပိုင်နိုင်နိုင် သိမြင်ခြင်း’ နဲ့ ‘လုပ်သင့်တာကို စူးစူးစိုက်စိုက် လုပ်ကိုင်ခြင်း’ သည်သာ အောင်မြင်ခြင်းအစစ် ဖြစ်လာပါတယ်။ လုပ်သင့်တာ ကို မသိခြင်းနဲ့ လုပ်သင့်တာကို မလုပ်ခြင်းဟာဆုံးရှုံးခြင်းအစစ်ဖြစ်လာပါတော့တယ်။ စိတ်ယဉ်ကျေးမှု အင်နာဂျီထက်မြက်တဲ့ လူဆိုတာ အဲဒီသဘောမျိုးနဲ့ သူတစ်ပါးရဲ့ လွှမ်းမိုးခြင်းက လွတ်မြောက်လာပါတယ်။ အခြေအနေအမျိုးမျိုးကို ကြောက်လန့်ခြင်းလည်း နည်းပါးလာပါတယ်။
ဘဝနဲ့ လောကကိစ္စအသီးသီးမှာ ‘ဘယ်သူမပြု မိမိမှု’ဆိုတဲ့သဘော၊ သူတစ်ပါးဆိုတာ အထောက်အပံ့မျှသာ၊ ကာယကံရှင်သည်သာ အဓိကလိုရင်းဆိုတာတွေကို အသိရှင်း လာဖို့အရေးကြီးပါတယ်။ ရှိသူက မျှဝေခြင်း၊ မရှိသူက အကူအညီတောင်းခြင်းဆိုတာ ထွန်းကားအောင် လုပ်ရမယ့် သဘောဖြစ်ပေမယ့်လည်း ဒါတွေဟာ ပင်မရေစီး မဟုတ်ပါဘူး။ ကိုယ်တိုင်စိုက်ပျိုးပြီး ကိုယ်တိုင် ရိတ်သိမ်းနိုင်ဖို့သာ အဓိကလိုရင်းဖြစ်ပါတယ်။ သူများ အဆုံးအဖြတ်ထက် ကိုယ်ပိုင် ဆင်ခြင်တုံ တရားနဲ့ လွတ်လပ်စွာ တွေးခေါ်ဆုံးဖြတ်နိုင်ဖို့ အရေးကြီးလှပါတယ်။ဒေါသနည်းသလောက် ဒီစိတ်လက္ခဏာတွေ ပေါ်လာပါလိမ့်မယ်။
ဒေါသနည်းသလောက် လောဘနည်းပါတယ်။ လောဘ နည်းသလောက် အသိဥာဏ် အလင်းကြီးမားပါတယ်။ မေတ္တာတရား ကြီးမားလာပါတယ်။ ဒေါသစိတ်ဆိုတာ မေတ္တာ တရားရဲ့ သင်္ကေတ မဟုတ်ပါဘူး။ ‘စိတ်မကောင်း ဖြစ်ရခြင်း’ဆိုတာကတော့ မေတ္တာတရားရဲ့ သင်္ကေတတွေထဲမှာ ပါဝင်ပါတယ်။ ဒေါသတွေ အဆင့်ဆင့် မြင့်တက်အားကောင်း လာရင် ရန်လိုလာပါတယ်။ ရန်ဖြစ်လာပါတယ်။ ဒေါသရဲ့ နောက်တစ်နေရာမှာ တိုက်ပွဲရှိပါတယ်။ ‘စိတ်မကောင်းဖြစ်ရခြင်း’မှာ မျှော်လင့်ချက် ရှိပါတယ်။ ပိုမို တိုးတက်ကောင်းမွန်ခြင်း၊ အသစ်တစ်ဖန် ပြန်လည်မွေးဖွားခြင်း များအတွက် ရှေးရှုခြင်းသဘော သူ့မှာရှိပါတယ်။
စာရေးသူဟာ အသက် ၂၇ လောက် အထိ နေရာများစွာကို ဒေါသထွက်နေတဲ့ ဒေါသကြီးသူတစ်ယောက်ဖြစ်ခဲ့ရပါတယ်။ ခုနေခါမှာတော့ စာရေးသူပြောင်းလဲခဲ့ပါပြီ။ မော်ဒီဖိုင်းဖြစ်ခဲ့ပါပြီ။ ဒေါသဆိုတာ လှည့် ပတ်၊ ရှာဖွေ၊ လေ့လာတဲ့အခါ ဘဝတူလူသားအတွက် ကောင်းကွက်တစ်ကွက် မတွေ့ ခဲ့ပါ။ ‘ဥစ္စာဓနနဲ့ သြဇာ အရှိန်အဝါ’ကို အဆင့်ဆင့် ဖြန့်ကြက်လျက် ဆုံချက်ပြုထားတဲ့ ယနေ့ ကမ္ဘာ့ရွာကြီးကို စိတ်မကောင်း ဖြစ်ရပါတယ်။ ငွေကြေးနဲ့ ကျော်ကြားမှု အရှိန်အဝါ မရှိခဲ့သော် လူရာမဝင်၊ မရှိခိုးနိုးနိုး၊ မလှ စုန်းနိုးနိုး ဆိုသော သဘောသဘာဝများ အတွက်လည်း စိတ်မကောင်းဖြစ်ရပါတယ်။ ဒါပေမဲ့ စာရေးသူစိတ်မပျက်ပါ။ စာရေးသူနဲ့ စာပေချစ်သူ များစွာအတွက်၊ အသင်နဲ့ အသင်များစွာ အတွက် ထွက်ရပ်လမ်းရှိပါတယ်။
စာရေးသူနဲ့ စာပေချစ်သူများစွာ၊ သင်နဲ့ သင်များစွာ၊ သူနဲ့ သူများစွာ၊ သူမနဲ့ သူမများစွာ၊ စိတ်ရီဗော်လူးရှင်း စတင်နေပါပြီ။ စာရေးသူတို့ရဲ့ လုပ်ဆောင်မှု များစွာမှာ အသေးလေးတွေ မျှသာဖြစ်ကြောင်း ဝန်ခံပါတယ်။ ဒါပေမဲ့ ဘဝသံသရာမှာ အကြီးကြီးဆိုတာ မရှိ၊ အကြီးကြီးဖြစ်လာဖို့ အပိုင်းအစလေးတွေ ဖွဲ့စည်းရကြောင်း အမြင် ရှင်းခဲ့ပါပြီ။ စာရေးသူတို့နဲ့ အမြင်မတူသူများရှိနေမည် ဆိုပါကလည်း စိတ်ဆိုးဒေါသထွက်စရာ တစ်ကွက် မမြင်…။
                                 စိတ်ဆိုးမှု့များကင်းပါစေ...

2 comments:

  1. အရှင်ဘုရားက အသက် ၂၇နှစ်အထိသာ ဒေါသထွက်ဘူးခဲ့တယ်ဆိုတော့
    အတော်ထိန်းသိမ်းနိုင်တယ်လို့ ဆိုရမယ် ဘုရား။
    တစ်ချို့အသက် ၄၀ ၅၀ ကျော်တွေဖြစ်နေတဲ့တိုင်
    ဒေါသကို မထိန်းသိမ်းနိုင်သူတွေကိုမြင်ဘူးတယ်ဘုရား။
    ဒေါသကို မေတ္တာဓါတ်ဖြစ်တဲ့ အဒေါသဖြစ်အောင် လုပ်နိုင်စွမ်းရှိဘို့က
    ကိုယ်တိုင်ကျင့်ကြံအားထုတ်မှရနိုင်မယ်လို့ သုံးသပ်မိပါတယ်ဘုရား။
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေသား။

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete
  2. ရောက်ခဲ့ပါတယ် ဦးဇင်း။
    စာကောင်းလေးတွေ ဖတ်သား မှတ်ယူသွားပါတယ်။



    ရိုသေစွာဖြင့်
    အလွမ်းမြို့လေး

    ReplyDelete