Saturday, October 13, 2012

သစ္စာရှာဖို့ မြင်းစီးသူအပိုင်း(၈)အဆက်

သံသရာမှ နိဗ္ဗာန်သို့

သံသရာစက်ဝိုင်းကို ဖောက်ထွက်၍ နိဗ္ဗာန်သို့ကူးရသည်မှာ အလိုလိုဖြစ်ပေါ်လာသော ဖြစ်စဉ်မဟုတ်ပေ။ ကျိုးကြောင်းဆင်ခြင်မှု ဆိုသော ဒဿနနည်းဖြင့် ချဉ်းကပ်၍ရသည်လည်းမဟုတ်ပေ။ ဘဝ၏ အစစ်အမှန်တရားကို နက်ရှိုင်းစွာ ထိုးထွင်းသိမြင်ရန် ကြိုးပမ်းရသော ဝိပဿနာလမ်းကြောင်းဖြစ်ပါသည်။ ဤသည်မှာလည်း နေ့ချင်းညချင်းနှင့် ရုတ်တရက်ရနိုင်သော အကျိုးရလဒ်ဟု ယူဆ၍ မရနိုင်ပါချေ။ (ပါရမီ ရင့်သန်ပြီးသူအချို့သာ ခြွင်းချက်အဖြစ်ရှိနိုင်သည်။) တစ်ဆင့်ပြီးတစ်ဆင့် ကျင့်ကြံပွားများ အားထုတ်ရသည်က များပါသည်။
 
ဤသို့ဖြစ်ရသည်မှာ သံသရာတွင် ကျင်လည်နေရသော လူ(သတ္တဝါ)တို့မှာ ကြိုးဆယ်ချောင်းဖြင့် နှောင်ကြိုးတည်းခံထားရသောကြောင့် ဖြစ်သည်။ ဤကြိုးဆယ်ချောင်းကို ဗုဒ္ဓကျမ်းဂန်များက “ကိလေသာဆယ်ပါး”(Ten cords of bondage)ဟု ရေတွက်ပြပါသည်။ ဤသည်တို့မှာ-
   (၁)   လိုချင်တက်မက် ငြိတွယ်ခြင်း (လောဘ)
   (၂)   စိတ်ဆိုး၊ အမျက်ထွက်ပူလောင်ခြင်း (ဒေါသ)
   (၃)   အမှန်အတိုင်း မသိမမြင်နိုင်ဘဲ တွေဝေခြင်း (မောဟ)
   (၄)   မိမိကိုယ်ကိုယ် အရှိထက်ပို၍ ထင်မှတ်မှားခြင်း (မာန)
   (၅)   အစွဲအလမ်းအခုအခံများဖြင့် အသိမှားအယူမှားခြင်း (ဒိဌိ)
   (၆)   အမှန်တရားအပေါ် ယုံမှားသံသယဖြစ်ခြင်း (ဝိစိကိစ္ဆာ)
   (၇)   လေးလံထိုင်းမှိုင်းသောစိတ် (ထိနမိဒ္ဓ)
   (၈)   ပျံ့လွင့်သောစိတ် (ဥဒ္ဓစ္စ)
   (၉)   မကောင်းမှုလုပ်ရသည်ကို မရှက်တတ်ခြင်း (အဟိရိက)
နှင့်
   (၁ဝ)   မကောင်းမှုလုပ်ရသည်ကို မကြောက်လန့်ခြင်း (အနောတ္တပ္ပ)
တို့ဖြစ်သည်။ ဤကြိုးဆယ်ချောင်းကို တပြိုင်တည်းဖြတ်၍ ရသည်မဟုတ်။ သူ့အကန့်နှင့်သူ ဖြတ်ရသည်မျိုးဖြစ်သည်။

ဤသို့ ကြိုးဆယ်ချောင်းကို  ဖြတ်ရသည့်အတွက် လူသည် အဖြစ်တရားတို့၏ အစုအဝေး(သံသရာ)ဆိုသော  တဖက်ကမ်းမှ “စိတ်၏ ဖြူစင်သန့်ရှင်းမှု စိတ်အလျဉ်ခရီး” (Stream of mind purification)ကို ဖြတ်သန်းပြီးမှသာလျှင် အရှိတရားတို့၏နေရာ (နိဗ္ဗာန်) ဆိုသည့် အခြားတစ်ဖက်ကမ်းသို့ဆိုက်ရောက်နိုင်ပါသည်။ ဤစိတ်အလျဉ်ခရီးတွင် အဆင့်လေးဆင့်ရှိသည်။ ပထမအဆင့် ကို “သောတာပတ္တိ”ဟုခေါ်သည်။ ဤအဆင့်တွင် ကြိုးဆယ်ချောင်းထဲမှ ဒိဌိနှင့် ဝိစိကိစ္ဆာ ဆိုသော ကြိုးနှစ်ချောင်းကိုသာ အပြီးဖြတ်နိုင်ပါသေးသည်။ သို့အတွက် အပါယ်သို့မလားနိုင်တော့သည့်တိုင် သံသရာထဲမှ အပြီးတိုင်ထွက်နိုင်သေးသည် မဟုတ်ပါ။

ဒုတိယအဆင့်ကို “သကဒါဂါမိ” ဟုသတ်မှတ်သည်။ ကျန်ကြိုး ရှစ်ချောင်းထဲမှ ကြိုးနှစ်ချောင်းဖြစ်သော ဒေါသနှင့် လောဘတစ်ပိုင်း (ကာမရာဂ)ကို အားနည်းအောင် လျှော့ချနိုင်သည်။ သို့သော် အပြီးတိုင်မဖြတ်နိုင်ပေ။ သံသရာခရီးသို့ တစ်ကြိမ်ပြန်လည်နိုင်သေးသည်။ တတိယအဆင့်မှာ “အနာဂါမိ” ဖြစ်ပါသည်။ ဒေါသနှင့် ကာမရာဂကို အပြီးတိုင် ဖြတ်နိုင်သည့်တိုင် ကြိုးခြောက်ချောင်း ကျန်ပါသေးသည်။ လောဘဆိုသောကြိုးမှာပင် ကာမရာဂဆိုသော အကြမ်းစားတဏှာကိုသာ ပယ်နိုင်သော်လည်း ရူပရာဂ၊ အရူပရာဂ ဆိုသည့် အနုစား တဏှာအချို့ကားကျန်သေးသည်။ သံသရာသို့ ပြန်လည်ထွက်ဖို့မူ အခွင့်အလမ်းနည်းသွားပြီဟု ဆိုနိုင်ပါသည်။

စတုတ္တနှင့် နောက်ဆုံးဆင့်မှာ  “အရဟတ္တ”ဖြစ်ပါသည်။ ကြိုးအားလုံးကို အပြီးတိုင်ဖြတ်တောက်ပြီးဖြစ်၍ တစ်ဖက်ကမ်းသို့ ခြေချနိုင်ပြီဖြစ်သည်။ သံသရာခရီးသို့ ပြန်လည်ထွက်ရန် အကြောင်းမရှိတော့ပါ။ နိဗ္ဗာန်ကို မျက်မှောက်ပြုပြီဟု ဆိုနိုင်ပါသည်။ တစ်နည်းဆိုရလျှင် အဖြစ်တရားနယ်ပယ်မှ အရှိတရားနယ်ပယ်သို့ဝင်ရောက်နိုင်ပြီဖြစ်သည်။ ဤသည်ကို ဗုဒ္ဓဓမ္မ၏ အမြင့်ဆုံးရည်မှန်းချက်ပန်းတိုင်ဖြစ်တော့သည်။ ဖော်ပြပါပုံနှင့် ဆက်စပ်လေ့လာကြည့်ဖို့ဖြစ်ပါသည်။

နိဗ္ဗာန်နှင့်ဘဝအရည်အသွေး
ဗုဒ္ဓဓမ္မ၏ အဆုံးစွန်ပန်းတိုင်မှာ သံသရာမှလွတ်မြောက်ရာ နိဗ္ဗာန်ဖြစ်ရာလောကုတ္တရာ ရည်မှန်းချက်အဓိကဟု ဆိုနိုင်ပါသည်။ ဤသို့ဆိုသည့်အတွက် လောကီကိုပစ်ပယ်သည်ဟု ယူဆ၍မရပါ။  အဆုံးစွန် လွတ်မြောက်ရေးမဟုတ်သည့်တိုင် လောကတွင် နေတတ်ထိုင်တတ်၊ ပြုမူလုပ်ဆောင်တတ်၊ နှလုံးသွင်းတတ်အောင်လည်း ဗုဒ္ဓ၏ဓမ္မမှဆွဲယူ အသုံးပြုနိုင်သည်များ မနည်းမနောရှိပါသည်။ ပြောရလျှင် ဗုဒ္ဓဓမ္မနှင့်ယဉ်ပါးစေခြင်းသည် ဘဝအရည်အသွေးကို မြှင့်တင်ပေးရာရောက်သည်ဟု ဆိုနိုင်စရာရှိပါသည်။

ဗုဒ္ဓဓမ္မလာ ပထမအမှန်မွန်အရ ဘဝ၏ အစစ်အမှန်တရားမှာ ဒုက္ခသာဖြစ်သည်။ ဘဝခရီးဆိုသည်မှာ လောဘမီး၊ ဒေါသမီး၊ မောဟမီးတို့ဖြင့် လောင်မြိုက်နေသည်သာဖြစ်သည်။ ဤသည်၏ အဆုံးစွန်လွတ်မြောက်ရာမှာ ဒုက္ခချုပ်ငြိမ်းရာ နိဗ္ဗာန်ဖြစ်သော်လည်း ပါရမီ မရင့်သန်သူများအတွက် ကြားအဆင့် လျော့ပါးသက်သာဖွယ်ရာများလည်းရှိပါသည်။ မီးကိုရေနှင့် ငြိမ်းသတ်ရသလိုပင် လောဘမီး၊ ဒေါသမီး၊ မောဟမီးတို့ကိုလည်း အလောဘ၊ အဒေါသ (မေတ္တာ)၊ အမောဟ (ပညာ)ဆိုသော ရေနှင့်ငြိမ်းသတ်နိုင်ပါသည်။ အပြီးတိုင် မငြိမ်းလျှင်သော်မှ အထိုက်အသင့်အေးငြိမ်းရာဖြစ်နိုင်ပါသည်။ ဤသို့ငြိမ်းသတ်နိုင်ရန် အသုံးပြုရသည့်နည်းမှာ“မြင့်မြတ်စွာနေထိုင်နည်း” (ဗြဟ္မစိုရ်တရား) ဖြစ်ပါသည်။

   ဗြဟ္မစိုရ် တရားလေးပါးရှိသည်။
(၁)   သူတစ်ပါးအပေါ် အကျိုးစီးပွားနှင့်ယှဉ်သော ချစ်ခင်စိတ်(မေတ္တာ)
(၂)   မိမိထက် နိမ့်ကျသူများအပေါ် စာနာထောက်ထားစိတ်(ကရုဏာ)
(၃)   မိမိထက် သာလွန်သူများအပေါ် ဝမ်းမြောက်ဝမ်းသာဖြစ်မှု (မုဒိတာ)
(၄)   အချစ် အမုန်းတို့မှ ကင်းသော နှလုံးသွင်းနိုင်မှု (ဥပေက္ခာ)

တို့ဖြစ်ပါသည်။ ဤတရားလေးပါးကိုသာ လက်တွေ့ကျင့်ကြံပွားများအားထုတ်နိုင်လျှင် ကိလေသာမီးများ (အားထုတ်ခံယူနိုင်မှု အတိုင်းအတာအရ) လျော့ပါးငြိမ်းအေးသွားစရာရှိပါသည်။ ဤသည်ပင် ဗုဒ္ဓအလိုကျ မြတ်သောနေနည်းဖြစ်သည်။ ကျင့်ဝတ်နှင့်ယှဉ်သော ဘဝအရည်အသွေးလည်းဖြစ်ပါသည်။

ဤသဘောကို “ဓမ္မဗေဒ” တွင် လင်္ကာတစ်ပုဒ်နှင့် ဤသို့ဖော်ပြထားသည်ကိုတွေ့ရသည်။

(၁)
- မုန်းသူများကြားတွင် အမုန်းကင်းစွာနေပါ။
- ဝေဒနာခံစားနေရသူများကြားတွင် ဝေဒနာကင်းစွာနေပါ။
- သောကမကင်းသူများကြားတွင် သောကကင်းစွာနေပါ။
- ပျော်ရွှင်မှုဆိုသည်မှာ သင့်အတွက်သာဖြစ်ပါလိမ့်မည်။

(၂)
- ရုပ်ပိုင်းဆိုင်ရာ အနိုင်အရှုံးသည် အမုန်းကိုသာ မွေးဖွားစေသည်။
- အနိုင်နှင့်အရှုံးကြားတွင် စိတ်၏ငြိမ်းချမ်းမှု ရနိုင်ဖွယ်မရှိပါ။
- အနိုင်ယူလိုစိတ်သည် မီးနှယ်ပူ၏။
- အရှုံးကိုခံစားရခြင်းသည်လည်း မီးနှယ်ပူသည်သာ ဖြစ်၏။

(၃)
- လောဘသည် ဆင်းရဲတွင်းမှ မတတ်နိုင်သောအရာ ဖြစ်သည်။
- ဒေါသသည် မီးပုံထဲမှ မထွက်နိုင်သောအရာဖြစ်သည်။
- မောဟသည် ဘယ်တော့မှ မနိုးသော မအိပ်ကြီးသူဖြစ်သည်။
 ဤလို လူမျိုးအတွက် ချမ်းသာသုခ လာလိမ့်မည်မဟုတ်။

(၄)
- ကျန်းမာခြင်းသည် အကြီးဆုံးဆုလာဘ်။
- ရောင့်ရဲခြင်းသည် အကြွယ်ဝဆုံး စည်းစိမ်။
- ယုံကြည်စိတ်ချရသော လူသည် အကောင်းဆုံးဆွေမျိုး။
- နိဗ္ဗာန် ကို မျက်မှောက်ပြုရခြင်းသည်ကား အရာအားလုံးထက်သာသော ချမ်းသာသုခ ဖြစ်ပေ၏။
သစ္စာရှာဖို့ မြင်းစီးသူ(ကျော်ဝင်း)၏စာအုပ် ဆက်လက်ရေးသားဖော်ပြပါမည် ။

No comments:

Post a Comment