Thursday, October 11, 2012

သစ္စာရှာဖို့ မြင်းစီးသူ အပိုင်း(၈)

အခန်း(၈)
ဒုက္ခတို့ချုပ်ငြိမ်းရာ၊ တတိယအမှန်မွန်

“ဒုက္ခရဲ့အဆုံး၊ ဘဝရဲ့သေခြင်းပဲ
ဆီခန်းရင် ဆီမီး ဘယ်လိုလင်းလက်မလဲ
ဆွေးဖွယ် စာရင်းဟောင်း ရှင်းပြီ
အသစ်စင်ကြယ်ရဲ့...။”


ဗုဒ္ဓ၏ ဓမ္မကို “အဆိုးမြင်”ဟုဝေဖန်ကြသူများရှိပါသည်။ ဤသို့ဝေဖန်ကြသူများမှာ ဗုဒ္ဓဓမ္မ၏အဆုံးပန်းတိုင် (ယခုဖော်ပြမည့် “တတိယအမှန်မွန်”) ကို သဘောမပေါက်သောကြောင့်ဖြစ်နိုင်သည်။ ပထမနှင့်ဒုတိယအမှန်မွန် (ဒုက္ခသစ္စာနှင့် သမုဒယသစ္စာ)တို့ကိုသာ ကန့်သတ်၍ သိထားလျှင် ဗုဒ္ဓဟောကြားသော တရားတော်များမှာ အဆိုးမြင်ကဲသည်ဟု ထင်မှတ်မှားနိုင်စရာရှိပါသည်။ စင်စစ် ဗုဒ္ဓဓမ္မမှာ ဒုက္ခကို ဖွင့်ဆိုရှင်းပြရုံမျှနှင့် တန့်ရပ်သွားသည်မဟုတ်။ ဒုက္ခ၏ အကြောင်းရင်း ဇစ်မြစ်ကိုတူးဖော်ပြရုံမျှမက ဒုက္ခတို့ချုပ်ငြိမ်းရာကိုလည်း လမ်းညွှန်ပြသည်။ ဤသို့သော ဒုက္ခတို့ကို ချုပ်ငြိမ်းရာသည်ပင် ဗုဒ္ဓဘာသာဝင်များ၏ အမြင့်ဆုံးရည်မှန်းချက်ဖြစ်သည်။ ဗုဒ္ဓဘာသာဝင်အများစုက “နိဗ္ဗာန်” ဟု မှတ်သားထားကြသော တရားဖြစ်ပါသည်။

နိဗ္ဗာန်

ဝိနည်းပိဋိက၊ မဟာဝဂ်တွင် ဗုဒ္ဓမြတ်စွာက တတိယအမှန်မွန်ကို ဤသို့ဖွင့်ဆိုခဲ့သည်။

“ရဟန်းတို့၊ တတိယအမှန်မွန်မှာ ဒုက္ခ၏ ကင်းရာကုန်ရာဖြစ်ပေသည်။ ဖြစ်ခြင်းပျက်ခြင်းဆိုသော ဝဋ်ဆင်းရဲတို့၏ အပြီးသတ်ချုပ်ငြိမ်းရာဖြစ်သည် (နိရောဓ)၊ အဝိဇ္ဖာနှင့် တဏှာကိုပယ်ခြင်း (စာဂ)ဖြစ်သလို၊ အပြီးအပိုင်စွန့်လွတ်ခြင်း(ပဋိနိဿဂ္ဂ)လည်းဖြစ်သည်။ နှောင်ဖွဲ့ချုပ်ငင်တတ်သော ကိလေသာအစွဲအလမ်းတို့မှ လွတ်မြောက်ခြင်းဖြစ်သည်(မုတ္တိ)။ ဤသို့သော ကိလေသာ အစွဲအလမ်းများကို တောင့်တခြင်း ကင်းသည့် သဘောတရားလည်းရှိသည်။ (အနာယူဟ)။”

ဗုဒ္ဓဘာသာဝင်အများစု နားစွဲထားကြသော “နိဗ္ဗာန်”ဆိုသည့် ဝေါဟာရမပါသည်ကို သတိပြုမိကြပါလိမ့်မည်။ နိဗ္ဗာန်ဆိုသည်၏ မူလပါဠိ နိဗ္ဗာနကို ပုဒ်ခွဲကြည့်လျှင် (နိ+ဝါန)ဟူ၍ရသည်။  “ဝါန”မှာ ချုပ်တတ်စပ်တတ်သော တရား(တဏှာ)ဖြစ်၍ “နိ”မှာလွတ်မြောက်ခြင်းဟု အဓိပ္ပာယ်ရရာ တဏှာမှလွတ်မြောက်ခြင်းဟု ယူနိုင်ပါလိမ့်မည်။ စင်စစ်အထက်တွင် ဖော်ပြခဲ့သည့် ဒေသနာတော်တွင်ပါသော နိရောဓစသည့် ဝေါဟာရခြောက်မျိုးလုံးသည်ပင်  ယေဘုယျအားဖြင့် နိဗ္ဗာန်နှင့်အနက်တူသည်ဟု ဆိုနိုင်ပါသည်။ ပြောရလျှင် ဤသို့အနက်တူ ဝေါဟာရပေါင်း၊ ရှေးဟောင်းအိန္ဒိယဒဿနတွင် ၇ဝကျော်မျှရှိသော်လည်း ဗုဒ္ဓ၏ နိဗ္ဗာန်အယူအဆမှာ ကိုယ်ပိုင်ထူးခြားသော အနက်ရှိသည်သာဖြစ်သည်။ သုတေသီများ၏ အလိုအရဆိုလျှင်မူ ဗုဒ္ဓကိုယ်တိုင်က နိဗ္ဗာန်ဆိုသော ဝေါဟာရထက် သန္တိ(ငြိမ်းအေးခြင်း) ဆိုသော စကားလုံးကိုသာ အကြိမ်အရေအတွက် ပိုသုံးစွဲခဲ့သည်ဟု ဆိုပါသည်။

နိဗ္ဗာန်ဆိုသော ဝေါဟာရတွင်လည်း “သံသရာ”ကဲ့သို့ပင်“ရပ်သိရွာသိ” (vulgarized sense)နှင့် “အရိယာသိ” (authentic sense)ဟူ၍ နှစ်မျိုးရှိသည်သာဖြစ်သည်။

သာမန်ရပ်သိရွာသိအရပြောရလျှင် နိဗ္ဗာန်ဆိုသည်မှာ တမလွန်ဘဝတွင်သာရှိနိုင်သော ဆင်းရဲကင်းရာ၊ သာယာဖွယ်အတိပြီးသည့် ဘုံဗိမာန်ကြီးတစ်ခုလိုဖြစ်နေတတ်သည်။ အခြားသော ဘာသာများရှိ “ကောင်းကင်နိုင်ငံ”နှင့် ရောထွေးစရာဖြစ်နေသည်။ အရိယာသိအရဆိုလျှင်မူ ဤသို့မဟုတ်ပါ။ နက်ရှိုင်းသိမ်မွေ့သည်နှင့်အမျှ လူသာမန်တို့နားလည်ရန် ခက်ခဲနိုင်ပါသည်။

ပြောရလျှင် တတိယအမှန်မွန် (နိဗ္ဗာန်)၏ သဘောကို ပထမနှင့် ဒုတိယအမှန်မွန်များမှ ကင်း၍ အဓိပ္ပာယ်ဖွင့်ဆိုနိုင်ဖွယ် မရှိပါ။ အဓိပ္ပာယ်ချင်း ဆက်စပ်နေသည်ဟု ဆိုရပါလိမ့်မည်။ သမုဒယကို အပြီးတိုင်ပယ်သတ်နိုင်၍ ဒုက္ခချုပ်ငြိမ်းသွားသည့် အခြေအနေကို နိဗ္ဗာန်ဟု ဆိုလိုရင်းဖြစ်သည်။ သို့အတွက် နိဗ္ဗာန်မှာ တမလွန်သက်သက်မျှနှင့်သာ ဆိုင်သောတရားမဟုတ်။ ယခုဘဝမှာပင် ထင်ရှားရှိနိုင်ပါသည်။ သို့အတွက် ဗုဒ္ဓကျမ်းဂန်များက နိဗ္ဗာန်ကိုနှစ်မျိုးခွဲ၍ ရှင်းပြကြသည်။ သဥပါဒိသေသနိဗ္ဗာန်နှင့် အနုပါဒိသေသ နိဗ္ဗာန်တို့ဖြစ်သည်။

ဥပမာ - ရဟန္တာပုဂ္ဂိုလ်များတွင် သမုဒယကို အပြီးတိုင်ပယ်သတ်ပြီးဖြစ်ရာ ဒုက္ခလည်း အပြီးတိုင်ချုပ်ပြီဟု ဆိုနိုင်ပါသည်။ အဆိုပါ အရိယာပုဂ္ဂိုလ်များသည် နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်ပြီဟု ဆိုရပါလိမ့်မည်။ ဤသည်ကို သဥပါဒိသေန နိဗ္ဗာန် ဟုဆိုခြင်းဖြစ်သည်။ သို့နှင့်တိုင်ရုပ်နာမ်ခန္ဓာရှိနေသေး၍ ခန္ဓာဝန်ကိုမူ ထမ်းနေရဆဲဖြစ်သည်။ ရုပ်နာမ် ခန္ဓာအကြွင်းအကျန်ရှိသေးသော နိဗ္ဗာန်ဖြစ်ပါသည်။ အဆိုပါ ရဟန္တာ ပုဂ္ဂိုလ်များ ပရိနိဗ္ဗာန်စံပြီးသောအခါတွင်မူ ရုပ်နာမ်ခန္ဓာ အကြွင်းအကျန်မရှိတော့ဘဲ၊ အငြိမ်းဓာတ်၊ သန္တိသုခသာ ကျန်ရစ်တော့သည်။ ဤသည်ကို အနုပါဒိသေသနိဗ္ဗာန်ဟု ဆိုခြင်းဖြစ်သည်။ ရုပ်နာမ်ခန္ဓာအကြွင်းမရှိတော့သော  နိဗ္ဗာန်ဖြစ်ပါသည်။

ဗုဒ္ဓမြတ်စွာ၏ ဒေဿနာတော်တစ်ခုဖြစ်သော “ရောဟိတဿသုတ်”တွင် သဥပါဒိသေသနနိဗ္ဗာန် (ရုပ်နာမ်ခန္ဓာ အကြွင်းအကျန်ရှိသေးသော နိဗ္ဗာန်) ၏ သဘောကို ဤသို့တွေ့နိုင်ပါသည်။

“ရဟန်းတို့၊ စိတ်၊ စေတသိတ်တို့ဖြင့်ပြီးသော တစ်လံမျှသာရှိသည့် ဤရုပ်ခန္ဓာထဲမှာပင် လောက(ဒုက္ခ)သည်ရှိ၏။ လောက၏ဖြစ်ရာဖြစ်ကြောင်း (သမုဒယ၊ တဏှာ)လည်းရှိ၏။ လောကမှလွတ်မြောက်ရာ (နိဗ္ဗာန်)လည်းရှိ၏။ လွတ်မြောက်ရေးကျင့်စဉ် (မဂ္ဂ)လည်းရှိသည်သာဖြစ်၏”

ဤတရားကို အနှစ်ချုပ်လိုက်လျှင် “တရားရှိခန္ဓာတွင်တွေ့”ဟု ဆိုနိုင်ကောင်းမည်ထင်သည်။ ဗုဒ္ဓ၏ အလိုအရ လွတ်မြောက်ရေးလမ်းကြောင်းကို ခန္ဓာကိုယ် ပြင်ပမှာထက်၊ ခန္ဓာကိုယ်တွင်းမှာသာ ရှာဖွေရမည်ဟုဆိုလိုဟန်ရှိပါသည်။ သို့နှင့်တိုင် ဤတရားကိုယ်တိုင်သည်ပင် မုချဒေသနာတော်သဘောထက်၊ ဥပစာဒေသနာတော်သဘော ဖြစ်ဖို့များပါသည်။ ဤအချက်ကို ထင်ရှားစေရန် ဗုဒ္ဓ၏ နိဗ္ဗာန်သဘောသဘာဝ (အထူးသဖြင့်အနုပါဒိသေသနိဗ္ဗာန်) ကို ဆက်လက်ဆန်းစစ်ဖို့လိုပါလိမ့်မည်။

အဖြစ်တရားနှင့် အရှိတရား

ဗုဒ္ဓ၏ နိဗ္ဗာန်မှာ သမုဒယတဏှာတို့ အပြီးချုပ်ရာ ဒုက္ခဝေဒနာတို့ အပြီးငြိမ်းရာ “ထာဝရအငြိမ်းဓာတ်” ကြီးဖြစ်ပါသည်။ ဤအငြိမ်းဓာတ်တွင် “တည်ရာဌာနမရှိ” (အပတိဌ)သလို၊ “အချိန်ကာလနှင့်လည်း တုပ်နှောင်မရပါ” (ကာလ ဝိမုတ္တိ)၊ ကာလနှင့် အာကာသတို့မှ ကင်းလွတ်နေသောတရား (beyond time and space)ဖြစ်ပါသည်။ အနုပါဒိသေသ နိဗ္ဗာန်ဆိုလျှင် ရုပ်နာမ်ခန္ဓာအကြွင်းပင် မရှိတော့၍ ခံစားမှုပင်ရှိတော့မည် မဟုတ်ပါ။ စင်စစ် သန္တိသုခဆိုသည်မှာ ခံစားမှုနှင့်ယှဉ်သော ချမ်းသာမဟုတ်။ ငြိမ်းအေးခြင်းသဘာဝ အရှိတရားသာဖြစ်သည်။

ဤသဘောကို ဗုဒ္ဓက “ပဋိသမ္ဘိဒါမဂ်”တွင် ရှင်းလင်းဟောကြားခဲ့သည်များရှိသည်။

“ရဟန်းတို့ ငါ၏ဓမ္မကို၊ “အဖြစ်တရား” (သင်္ခတ)နှင့် “အရှိတရား” (အသင်္ခတ) ဟူ၍ နှစ်မျိုးခွဲ၍ နားလည်အပ်သည်။ ရုပ် နာမ် သင်္ခါရ တို့သည် အဖြစ်တရားတွင် အကျုံးဝင်၏။ နိဗ္ဗာန်ကား အရှိတရားပေတည်း။”

ဤနေရာတွင် အဖြစ်တရားနှင့် အရှိတရားတို့၏ သဘောကို အကျဉ်းမှုဖော်ပြဖို့လိုမည်ဟု ယူဆရပါသည်။ အဖြစ်တရား (သင်္ခတတရား)ဆိုသည်မှာ အကြောင်းတို့စုပေါင်းပြုလုပ်ပေးရာမှ ဖြစ်ပေါ်လာခြင်းဖြစ်သည်။ ရုပ်နာမ်တို့၏ပြောင်းလဲမှုဖြစ်စဉ်ဖြစ်သည်။ အချိန်၊နေရာ စသောဒိုင်မင်းရှင်းများဖြင့် ဖော်ပြနိုင်စရာရှိသည်။ ကမ္မနိယာမ၏ နယ်ပယ်ဖြစ်ပါသည်။

အရှိတရား(အသင်္ခတတရား)ဆိုသည်မှာ မူလသဘာဝအတိုင်း ရှိနေခြင်း (reality)ဖြစ်သည်။ ရုပ်-နာမ်သဘာဝများပင် မရှိတော့သော “ထာဝရငြိမ်းအေးမှု”(သန္တိသုခ)သဘာဝဖြစ်ပါသည်။  အချိန်၊နေရာ စသော ဒိုင်မင်းရှင်းများနှင့် ကင်းလွတ်နေသော တရားလည်းဖြစ်သည်။ ကမ္မဥပဒေသထက်ကျော်လွန်သွားသော “ဓမ္မနိယာမ”(law of Dhama)နယ်ပယ်ဖြစ်ပါသည်။

ပြောရလျှင် သံသရာသည် အဖြစ်တရားဖြစ်၍ နိဗ္ဗာန်မှာ အရှိတရားဖြစ်ပါသည်။ နိဗ္ဗာန်မှာအရှိတရားဖြစ်သည်နှင့်အညီ ရပ်သိ ရွာသိမျှဖြင့်မချဉ်းကပ်နိုင်။ မဂ္ဂင်ရှစ်ပါးနှင့်သာ ချဉ်းကပ်သိရှိနိုင်သော အရိယာသိဖြစ်သည်။ အောက်ပါသရုပ်ဖော်ပုံနှင့် ဆက်စပ်စဉ်းစားကြဖို့ဖြစ်ပါသည်။



သစ္စာရှာဖို့ မြင်းစီးသူ(ကျော်ဝင်း)၏စာအုပ် ဆက်လက်ရေးသားဖော်ပြပါမည် ။

No comments:

Post a Comment