Monday, October 22, 2012

သစ္စာရှာဖို့ မြင်းစီးသူအပိုင်း(၁၀)

အခန်း (၁ဝ)
သီလလမ်း
“ ...... ပြုသမျှ အမှုတိုင်းဟာ
အမှားကိုတိုက်၊ ကောင်းမှုကိုတိုးပွားနိုင်စေ
ပယင်းပုတီးလုံးတို့ကြား၊ ငွေခြည်မြင်ရသလို
ကောင်းမှုကြား မေတ္တာပြစေ ....။”


စတုတ္ထအမှန်မွန် (လွတ်မြောက်ရာလမ်း) ၏ ဒုတိယလမ်းမကြီးမှာ “သီလလမ်း”ဖြစ်သည်။ သီလဆိုသည်မှာ ကောင်းမှုကို ထိန်းသိမ်းခြင်း (တစ်နည်း)မကောင်းမှုကို ရှောင်ကြဉ်ခြင်းဖြစ်သည်။ ဗုဒ္ဓဓမ္မလာ အဘိဓမ္မာ သဘောအရ ဝိရတီ စေတသိက်ဟု ဆိုနိုင်သည်။ မည်သည့်အရာများကိုရှောင်ရမည်နည်းဆိုလျှင် “ကိုယ်ဖြင့် ကျူးလွန်သော လုပ်မှားကိုင်မှား” (ကာယဒုစရိုက်)နှင့် “နှုတ်ဖြင့်ကျူးလွန်သော ပြောမှားဆိုမှား (ဝစီဒုစရိုက်)တို့ကို ရှောင်ကြဉ်ခြင်းဖြစ်သည်။

ဤသို့သဘာဝရှိသည့် သီလလမ်းတွင် လမ်းသွယ်သုံးခုပါဝင်သည်။ “ကောင်းစွာပြောဆိုခြင်း”(သမ္မာဝါစာ)၊ “ကောင်းစွာပြုမူ ဆောင်ရွက်ခြင်း” (သမ္မာကမ္မန္တ)နှင့် “ကောင်းစွာအသက်မွေးဝမ်းကျောင်းပြုခြင်း” (သမ္မာအာဇီဝ) တို့ဖြစ်သည်။ တစ်နည်းဆိုသော် ဝစီဒုစရိုက်တစ်ပါးနှင့် ကာယဒုစရိုက်နှစ်ပါးတို့ကို ရှောင်ကြဉ်ခြင်းဖြစ်သည်။ ပြောရလျှင် ဗုဒ္ဓဓမ္မ၏ “ကျင့်စိတ်ပိုင်းဆိုင်ရာ တန်ဖိုးများ” (ethical value)ဖြစ်ပါသည်။

ဤနေရာတွင် ဗုဒ္ဓဓမ္မ၏ ထူးခြားချက်မှာ ကျင့်ဝတ်တို့၏ လာရာနှင့် လားရာဟုဆိုနိုင်ပါလိမ့်မည်။ ဖန်ဆင်းရှင် အယူအဆကို လက်ခံသော ဘာသာရေးများတွင် ကျင့်ဝတ်သီလမှာ လူ့အဖွဲ့အစည်းပြင်ပမှ တန်ခိုးတော်ရှင်တစ်ဦးဦး (ဥပမာ-ဂေါ့ဒ်)၏ သတ်မှတ်ပြဋ္ဌာန်းချက်ဖြစ်သည်။

အဆိုပါ တန်ခိုးရှင်၏ ကောင်းချီးမင်္ဂလာ ရရေးသည်သာ အဓိကရည်မှန်းချက်ဖြစ်၍ တန်ဖိုးနှင့် ယှဉ်သည်ဟု ပြောဖို့ခက်သည်။ ဗုဒ္ဓဓမ္မလာ ကျင့်ဝတ်သီလမှာ ဤသို့မဟုတ်။ ဘဝထဲမှာ အခြေခံသည်။ သံသရာခရီးမှလာသည်။ လွတ်မြောက်ရေးလမ်းသို့ ဦးတည်နိုင်စေရန် လိုအပ်ချက်များဖြစ်သည်။ တန်ဖိုးတစ်ခုသို့ ရည်ရွယ်ချက်ထားသော သတ်မှတ်ချက်များဟုဆိုနိုင်သည်။
ဤသဘောကို သီလ၏ကြောင်းကျိုးဆက်တရားတွင် ခြေရာခံနိုင်ပါသည်။

- သီလလုံလျှင် လိပ်ပြာသန့်သည်။ စိတ်ကြည်လင်သည်။ (အဝိပ္ပဋိသာရ)
- စိတ်ကြည်လင်လျှင် ဝမ်းမြောက်သည်။ (ပါမောဇ္ဖ)
- ဝမ်းမြောက်လျှင် နှစ်သက်အားရသည်။ (ပီတိ)
- နှစ်သက်အားရလျှင် ကိုယ်စိတ်ငြိမ်းအေးသည်။ (ပဿဒ္ဓိ)
- ကိုယ်စိတ်ငြိမ်းအေးလျှင် ကိုယ်စိတ်ချမ်းသာသည်။ (သုခ)
- ကိုယ်စိတ်ချမ်းသာလျှင် စိတ်တည်ငြိမ်သည်။ (သမာဓိ)
- စိတ်တည်ငြိမ်လျှင် လွတ်မြောက်ရာလမ်းသို့ ဦးတည်သော ဉာဏ်ပညာကိုရသည်။ (ယထာဘူတ ဉာဏဒဿန)

ပြောရလျှင် သီလ၏အကျိုးဆက်မှာ နိဗ္ဗာန်မျက်မှောက်ပြုရေးအထိဟု ဆိုနိုင်ပါသည်။ သို့အတွက် သီလကို “ကျင့်ဝတ်တန်ဖိုး”ဟု ဆိုနိုင်သလို “ကိုယ်ကျင့် အဘိဓမ္မာ” ဟူ၍လည်း မှတ်ယူနိုင်ခြင်း ဖြစ်ပါသည်။

ကောင်းစွာပြောဆိုခြင်း
များသောအားဖြင့် လူသည် မိမိစိတ်ထဲတွင် တွေးထင်ယူဆထားသည့်အတိုင်း ပြောဆိုကြသည်က များသည်။ သို့အတွက် ကောင်းစွာကြံစည်တွေးခေါ်ခြင်း၏ နောက်တွင် ကောင်းစွာပြောဆိုခြင်းက ကပ်လိုက်တက်ပါသည်။ ဗုဒ္ဓ၏ အလိုအရ ကောင်းစွာပြောဆိုခြင်း (သမ္မာဝါစာ)ဆိုသည်မှာ “မကောင်းသော အပြောအဆို” (ဝစီဒုစရိုက်) လေးမျိုးကိုရှောင်ကြဉ်ခြင်းပင် ဖြစ်သည်။ ဤသည်တို့မှာ
   (၁) မမှန်သောစကားကို ပြောဆိုခြင်း (မုသာဝါဒ) (falsehood)
   (၂) ကုန်းချော ရန်တိုက်စကားကို ပြောဆိုခြင်း (ဝိသုဏဝါစာ) (slander)
   (၃) ကြမ်းတမ်းရိုင်းစိုင်းသော စကားကိုပြောဆိုခြင်း (ဖရုသဝါစာ) (harsh words)
   (၄) အကျိုးမရှိ အနှစ်မပါသော စကားကိုပြောဆိုခြင်း (သမ္ဖပ္ပလာပ) (gossip) တို့ဖြစ်သည်။

နံပါတ် (၁) ဝစီဒုစရိုက် (မမှန်သောစကားကိုပြောဆိုခြင်း)မှာ အရေးအကြီးနှင့် အခြေခံအကျဆုံးဖြစ်သည်။ ဤသဘောကို ဗုဒ္ဓက သူ၏သားတော် ရာဟုလာ ကိုရင်အား ဆုံးမရာတွင် ဤသို့ပြောခဲ့သည်။ “ ရာဟုလာ.....၊ မုသားပြောဖို့ မရှက်သောသူသည် ရေအိုးထဲမှ ရေကိုတစ်စက်မကျန် သွန်ပစ်လိုက်သလို၊ မည်သည့်ကိုယ်ကျင့်သီလမှ မရှိတော့ချေ။ မည်သို့သောမကောင်းမှုကိုမျှ ပြုလုပ်ရန် ဝန်မလေးတော့ပေ ...” သို့အတွက် မမှန်သောစကားကို မပြောဆိုမိစေရန် “ရိုးသားမှု” (honesty)ဆိုသော ကျင့်ဝတ်နှင့် ထိန်းရမည်ဟု ဆိုပါသည်။

နံပါတ်(၂) ဝစီဒုစရိုက် (ပိသုဏဝါစာ) ကို အကျယ်အဓိပ္ပာယ် ဖွင့်လျှင် “ညီညွတ်ချစ်ခင်မှုကို ပြိုကွဲစေခြင်း” (breaking fellowship) ဟု ဆိုနိုင်ပါသည်။ ဤသဘောကို ဗုဒ္ဓကျမ်းဂန်များတွင် ဓားသွားနှင့် ဥပမာပြုကြသည်။ စည်းရုံးညီညွတ်မှု၊ ချစ်ခင်ကြင်နာမှုတို့ကို ထိရှစေသော အကျင့်ဆိုးဖြစ်ပါသည်။ ဤအကျင့်ဆိုးကို ရှောင်ကြဉ်နိုင်ရန် “ချစ်ခင်ညီညွတ်မှုကို အထောက်အကူပြုရမည်”(must be harmonious)ဟုဆိုပါသည်။

နံပါတ်(၃) ဝစီဒုစရိုက်မှာ အကျိုးသက်ရောက်မှုနှင့်ယှဉ်၍ မကောင်းမှုဟု သတ်မှတ်ခြင်းဖြစ်သည်။ မှန်သောစကားပင်ဖြစ်စေ၊ ကြမ်းတမ်းရိုင်းစိုင်းလျှင်၊ နားထောင်ရသူဘက်မှ နှစ်လိုဖွယ်ရာ မရှိတတ်ပေ။ သို့နှင့်အမျှ ပြောသူရော နားထောင်သူအတွက်ပါ အကျိုးများနိုင်စရာ မရှိ ဖြစ်တတ်သည်။ ဤသဘောကို “ခါးလျှင် နားမဝင်၊ ချိုမှ နားဝင်လွယ်သည်” ဟု လောကနီတိတွင် ဆုံးမထားသည်။ သို့အတွက် ဖရုသဝါစာကို ရှောင်နိုင်ရန် “ယဉ်ကျေးသိမ်မွေ့မှု” (politeness)ကို ဆောင်ရမည်ဟု ဆိုပါသည်။

နံပါတ်(၄) ဝစီဒုစရိုက် (သမ္ဖပ္ပလာပ)ကို အင်္ဂလိပ်ဝေါဟာရ gossip နှင့် ဖလှယ်ထားသော်လည်း မပြည့်စုံပါ။ အတင်းအဖျင်း အပါအဝင် အကျိုးမဲ့အနှစ်မဲ့ စကားအားလု့း အကျုံးဝင်ပါသည်။  ဤသို့ ပြိန်ဖျင်းသော စကားမှာ ပြောသူရော နာသူအတွက်ပါ အကျိုးမဲ့စေ၍ မကောင်းမှုဟုသတ်မှတ် ထားခြင်းဖြစ်ပါသည်။ ဤသဘောကို “အနှစ်မဲ့၊ အကျိုးမဲ့ စကားအခွန်းတစ်ထောင်ဘက် အနှစ်ရှိ၊ အကျိုးရှိသော စကားတစ်ခွန်းက ပိုမြတ်၏”ဟု ဓမ္မပဒတွင် ဖွင့်ဆိုထားပါသည်။ သို့အတွက် မိမိပြောစကားတစ်ခွန်းမှာ မိမိအတွက်ရော၊ နားထောင်သူအတွက်ပါ အကျိုးများစေရမည်။ (must be beneficial)ဟု ကျင့်ဝတ်သတ်မှတ်ချက်ထားခြင်းဖြစ်ပါသည်။

အနှစ်ချုပ်ဖော်ပြရလျှင် ကောင်းစွာ ပြောဆိုခြင်းဆိုသည်မှာ...
(၁) ရိုးဖြောင့်ရမည် (မှန်တာပြောရမည်)
(၂) ချစ်ခင်ညီညွတ်မှုကို အထောက်အကူပြုစေရမည်
(၃) ယဉ်ကျေးသိမ်မွေ့ရမည်
(၄) အကျိုးရှိစေရမည် -
ဆိုသော ဂုဏ်အင်လေးရပ်နှင့် ပြည့်စုံသည့် စကားဖြစ်ပါသည်။

ဤနေရာတွင် ဗုဒ္ဓ၏ “သမ္မာဝါစာ”မှာ “မိတ္တဗလဋီကာ”သက်သက် မဟုတ်သည်ကို သတိချပ်ဖို့လိုပါလိမ့်မည်။ စင်စစ် ဗုဒ္ဓအနေနှင့် “မှန်-မမှန်”၊ “နှစ်လိုဖွယ် ဖြစ်-မဖြစ်”၊ “အကျိုးရှိ-မရှိ”ဆိုသော နှုန်းစံသုံးရပ်နှင့် ချင့်တွက်ပြီးမှ ပြောသင့်ပြောထိုက်သော စကားကို ရွေးချယ်ခြင်းဖြစ်သည်။

ဤစံသုံးခုနှင့် ဖြန့်တွက်လိုက်လျှင် စကားခြောက်ခွန်းမျှ အပြန့်ကျယ်လာနိုင်ပါသည်။
(၁)   မှန်သည်၊ နှစ်လိုဖွယ်ဖြစ်သည်၊ အကျိုးရှိသည်။
(၂)   မှန်သည်၊ နှစ်လိုဖွယ်ဖြစ်သည်၊ အကျိုးမရှိ။
(၃)   မှန်သည်၊ နှစ်လိုဖွယ်မဖြစ်၊ အကျိုးရှိသည်။
(၄)   မှန်သည်၊ နှစ်လိုဖွယ်မဖြစ်၊ အကျိုးမရှိ။
(၅)   မှားသည်၊ နှစ်လိုဖွယ်ဖြစ်သည်၊ အကျိုးမရှိ။
(၆)   မှားသည်၊ နှစ်လိုဖွယ်မဖြစ်၊ အကျိုးမရှိ။

ဗုဒ္ဓက နံပါတ်(၁) နှင့် နံပါတ်(၃) ကိုသာ ပြောသင့်ပြောထိုက်သောစကားဟု ယူဆသည်။ မှန်လည်းမှန်သည်။ အကျိုးလည်းရှိမည်ဆိုလျှင် နှစ်လိုဖွယ်မဖြစ်လည်း၊ ပြောသင့်ပြောထိုက်သည်ဟု ယူဆခြင်းမှာ ချစ်ခြင်း၊ မုန်းခြင်း၊ ချီးမွမ်းခြင်း၊ ကဲ့ရဲ့ခြင်း တို့ကို မတုန်လှုပ်သော ရိုးဖြောင့်ခိုင်မာသည့် စိတ်အခံကို ဖော်ပြရာ ရောက်ပါသည်။
သစ္စာရှာဖို့ မြင်းစီးသူ (ကျော်ဝင်)၏စာအုပ် ဆက်လက်ရေးသားဖော်ပြပါမည် ။

No comments:

Post a Comment