Saturday, October 27, 2012

သစ္စာရှာဖို့ မြင်းစီးသူ အပိုင်း(၁၁)

အခန်း(၁၁)
သမာဓိလမ်း

“သူက တို့ကိုချစ်သလို
သခင့်ကို ချစ်တဲ့ငါ ... ရေးတာ
ဒီမှာပဲ ဆုံးပြီ ...။
နည်းနည်းပဲ သိသမို့၊ နည်းနည်းပဲပြောခဲ့ရဲ့ ....။
ဆရာမြတ်ရဲ့ ငြိမ်းမှုလမ်းအကြောင်း ...”။


စတုတ္တအမှန်မွန်(လွတ်မြောက်ရာလမ်း)၏ တတိယလမ်းမကြီးမှာ သမာဓိလမ်းဖြစ်သည်။ နိရုတ္တိသဘောအရပြောရလျှင် သမာဓိဆိုသည်မှာ “မိမိ၏စိတ်အတွေးကို မှန်ကန်သည့်နေရာတွင် ထိန်းသိမ်းထားခြင်း” (keeping one's thought in the right place)ဖြစ်ပါသည်။ အဆိုပါသမာဓိလမ်းမကြီးကိုပင် နောက်ထပ်လမ်းသွယ်သုံးခု ထပ်မံခွဲခြားထားသည်။ ဤသည်တို့မှာကောင်းစွာ အားထုတ်ကြိုးပမ်းခြင်း (သမ္မာဝါယာမ)ကောင်းစွာ သတိကပ်ရှုမှတ်ခြင်း (သမ္မာသတိ)နှင့် ကောင်းစွာတည်ငြိမ်ရင့်ကျက်ခြင်း (သမ္မာသမာဓိ)တို့ဖြစ်သည်။

ကောင်းစွာအားထုတ်ကြိုးပမ်းခြင်း
လူ့သမိုင်းရှိ ကြီးကျယ်မြင့်မြတ်မှုအားလုံးမှာ ကြိုးပမ်းအားထုတ်မှု၊ ပိုင်းဖြတ်မှုနှင့် ဇွဲလုံ့လဝီရိယတို့၏ အကျိုးဆက်ဖြစ်ပါသည်။ ဤသဘောကိုခေတ်ပြိုင်ကမ္ဘာ(အထူးသဖြင့် အနောက်တိုင်း လူ့အဖွဲ့အစည်းများ)အနေနှင့် လက်ခံယုံကြည်ပြီးဖြစ်ရာ အသစ်အဆန်းဟုမဆိုနိုင်ပါ။ သို့နှင့်တိုင် ဗုဒ္ဓဓမ္မက ညွှန်းသော ကောင်းစွာကြိုးပမ်းအားထုတ်မှုမှာ သံသရာမှလွတ်မြောက်ရေးဖြစ်ရာ၊ ဗုဒ္ဓလိုလားသော အမြင့်ဆုံးကြိုးပမ်းအားထုတ်မှုမှာလည်း ဤရည်မှန်းချက်ကို ဦးတည်ထားခြင်းဖြစ်သည်။

ဤသို့ဆိုသည်နှင့် “ကောင်းစွာကြိုးပမ်းအားထုတ်မှု” ဆိုသော လမ်းသွယ်မှာ လောကီနှင့်မဆိုင်၊ လောကုတ္တရာလမ်းသက်သက်ဟု ယူဆနိုင်သည်တော့ မဟုတ်ပြန်ပေ။ လူတို့၏  ပါရမီအနုအရင့်အလိုက် အားထုတ်ကြိုးပမ်းဖွယ်ရာများကို အဆင့်သုံးဆင့်ခွဲခြားသတ်မှတ်ပါသည်။ ပထမဆုံး အခြေခံလမ်းမှာ “လူကောင်း”ဖြစ်ရေး ကြိုးပမ်းအားထုတ်မှု (to be good person)ဖြစ်သည်။ ဤအတွက် သီလကို ထိန်းသိမ်းရမည်ဖြစ်ပါသည်။ ဒုတိယအဆင့်မှာ “လူမှန်ဖြစ်ရေး ကြိုးပမ်းအားထုတ်မှု”(to be right person)ဖြစ်သည်။ ဤအတွက် စိတ်ကို တည်ကြည်အောင်လေ့ကျင့်ယူရန်ဖြစ်ပါသည်။ “သမထကမ္ပဋ္ဌာန်း” (Tranquality meditation)ဖြစ်သည်။ တတိယနှင့် အမြင့်ဆုံးမှာ အမှန်မွန်လေးပါးကို အရှိအတိုင်း အဖြစ်အတိုင်းထိုးထွင်းသိမြင်ရန် ဖြစ်ပါသည်။ “လွတ်မြောက်သူ သို့မဟုတ် မြင့်မြတ်သူ ဖြစ်ရေးလမ်းကြောင်း (to be nobel person) ဖြစ်ပါသည်။ ဤအတွက် “ဝိပဿနာကမ္မဋ္ဌာန်း ” (Insight meditation) နည်းဖြင့် ကျင့်ကြံအားထုတ်ရမည်ဖြစ်သည်။
အနှစ်ချုပ်ဖော်ပြရမည်ဆိုလျှင် ဗုဒ္ဓညွှန်ပြသော ကောင်းစွာကြိုးပမ်းအားထုတ်မှုဆိုသည်မှာ “မိမိစိတ်ကို အောင်နိုင်ရေး”( to conquer one's mind)ဟု ဆိုနိုင်ပါလိမ့်မည်။ ဤအတွက် လက်တွေ့ကျင့်ကြံနိုင်သည့် နည်းလမ်းကို “အင်္ဂုတ္တရ နိကာယ” တွင် အချက်လေးချက်ခွဲ၍ ဖော်ပြထားသည်။
ကောင်းစွာသတိကပ်ရှုမှတ်ခြင်း

ဗုဒ္ဓဓမ္မတွင် အတွေ့ရများသော “သတိ”ဆိုသည့် ဝေါဟာရကို mindfulness သို့မဟုတ် attentiveness ဆိုသော အင်္ဂလိပ်စကားလုံးများနှင့် ဘာသာပြန်လေ့ရှိပါသည်။ အနီးစပ်ဆုံးမြန်မာမှုပြုရလျှင် မိမိ၏ လှုပ်ရှားမှု၊ ခံစားမှုအစုစုကို သတိကပ်ရှုမှတ်ခြင်းဟု ဆိုနိုင်ပါလိမ့်မည်။ ဗုဒ္ဓညွှန်းသော “ကောင်းစွာသတိကပ် ရှုမှတ်ခြင်း” (သမ္မာသတိ)မှာ ပထမဆုံးလမ်းသွယ် “ကောင်းစွာသိမြင်နားလည်ခြင်း” (သမ္မာဒိဋ္ဌိ)နှင့် ဆက်စပ်နေသည်။ မိမိကောင်းစွာသိမြင်နားလည်ထားသည်တို့ကို မမေ့မလျော့စေရန် အမြဲသတိကပ်ရှုမှတ်နေဖို့ဖြစ်သည်။ ပြောရလျှင် အနိစ္စ၊ ဒုက္ခ၊ အနတ္တဆိုသော လက္ခဏာရေးသုံးပါးဖြင့် မိမိကိုယ်ကို မပြတ် သတိပေးနေဖို့ဖြစ်ပါသည်။

ဤသို့ သတိကပ်ရှုမှတ်နိုင်ရန် ဗုဒ္ဓက ကမ္မဋ္ဌာန်းအလုပ်ကို ညွှန်းပါသည်။ ကမ္မဋ္ဌာန်းနှင့် သတိတို့၏ အဆက်အစပ်ကို လှေနှင့်ဆိပ်ကမ်းဖြင့် ဥပမာပြသည်။ ကမ္မဌာန်းမှာ လှေနှင့်တူသည်။ နည်းလမ်းဖြစ်ည်။ သတိမှာဆိပ်ကမ်းဖြစ်သည်။ ရည်ရွယ်ချက်ဖြစ်ပါသည်။ ဤသဘောကို ပြဆိုသည့် ဗုဒ္ဓ၏နာမည်ကျော် ကျမ်းတစ်စောင်မှာ “မဟာသတိပဋ္ဌာန်သုတ်တော်” (Satipatthana Sutta)ဖြစ်သည်။ ဤသည်ပင်ကျင့်ကြံအားထုတ်မှုအပိုင်းအတွက် လက်စွဲကျမ်းလည်းဖြစ်ပါသည်။

အဆိုပါကျမ်း၏ အဖွင့်စာမျက်နှာမှာပင် ဗုဒ္ဓက ဤသို့ဟောကြားခဲ့သည်။ “ရဟန်းတို့ သတ္တဝါတို့၏ စိတ်ကို စင်ကြယ်စေရန်၊ ဒုက္ခနှင့် ပရိဝေဒများမှ လွတ်မြောက်ရန်၊ ကိုယ်စိတ်ဆင်းရဲခြင်းကို ချုပ်ငြိမ်းရန်၊ နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်ရန် တစ်ခုတည်းသောနည်းလမ်းမှာ၊ သတိပဋ္ဌာန်လေးပါးပင်ဖြစ်သည်။ “သတိပဋ္ဌာန်လေးပါးဆိုသည်မှာ ရုပ်ကိုရှုမှတ်ခြင်း (ကာယာနုပဿနာ)၊ ဝေဒနာကိုရှုမှတ်ခြင်း(ဝေဒနာနုပဿနာ) စိတ်ကိုရှုမှတ်ခြင်း (စိတ္တာနုပဿနာ)၊ ဓမ္မကိုရှုမှတ်ဆင်ခြင်ခြင်း (ဓမ္မာနုပဿနာ) တို့ဖြစ်သည်။

ဤကျမ်းမှာပင် ဗုဒ္ဓက သတိကပ်ရှုမှတ်နည်းများကို အဆင့်သုံးဆင့်ခွဲခြား၍ဖော်ပြခဲ့သည်။ ဤသည်တို့မှာ -
(၁) မည်သည့်အချိန်တွင်မဆို မိမိပြုသမျှကို သတိကပ်ရှုမှတ်ရန်။
(၂) ဘဝ၏ အစစ်အမှန်တရား (အထူးသဖြင့် ဖြစ်တည်မှု၏ ယာယီသဘော၊ ခဏပန်းသဘော)ကို သတိကပ်ရှုမှတ်ရန်။
(၃) အဇ္ဈတ္တစေ့ဆော်မှု (inner impulses)များကို ရှုမှတ်ရန် တို့ဖြစ်သည်။

(၁) မိမိပြုသမျှ သတိကပ်ရှုမှတ်

“ငါသာလျှင် ငါ့ဘဝ၏ အရှင်သခင်စိတ်ဓာတ်”ကို မွေးမြူပွားစီးပြီးသူသည် မိမိလုပ်သမျှ အပြုအမူတိုင်းကို မပြတ်သတိကပ်ရှုမှတ်နိုင်စွမ်းရှိသည်။ လူတော်တော်များများအတွက်မူ ဤသို့သတိကပ်ရှုမှတ်နိုင်ရန် လွယ်ချင်မှလွယ်ပါလိမ့်မည်။ ဤသို့ဖြစ်ရသည်မှာ သူတို့အနေနှင့်မိမိတို့၏ အာရုံနှင့်စိတ်ကို လိုအပ်သလောက်ညှိနှိုင်းမဆောင်ရွက်နိုင်သောကြောင့် ဖြစ်ပါသည်။ဥပမာ-ကျောင်းသားတစ်ယောက်စာဖတ်နေသည်ဆိုပါစို့။ သူ့မျက်စိ(အမြင်အာရုံ)က စာရွက်ပေါ်တွင် ရှိနေသော်လည်း သူ့စိတ်က ဘောလုံးပွဲရောက်ချင် ရောက်နေတတ်သလိုမျိုး ဖြစ်သည်။

စင်စစ်ဤသို့ သတိကပ်ရှုမှတ်နိုင်သည့်အကျင့်မှာ များသောအားဖြင့် မွေးရာပါမဟုတ်သည်က များပါသည်။ စနစ်တကျမွေးမြူလေ့ကျင့်ရသော အကျင့်ကောင်းဖြစ်သည်။ ဤအတွက် ဗုဒ္ဓညွှန်ပြသောနည်းမှာ ထိရောက်လွယ်ကူ၍ အကျိုးလည်းများစေပါသည်။  လူတစ်ယောက်အနေနှင့် တစ်နေ့တွင် အချိန်အနည်းငယ်ပေးပြီး မိမိအပြုအမူများကို သတိကပ် ရှုမှတ်စေခြင်းဖြစ်ပါသည်။ လေ့ကျင့်ခါစတွင် သတိပြတ်မသွားစေရန် အပြုအမူကိုလိုက်ပြီး စိတ်ထဲမှရွတ်ဆိုပေးနိုင်သည်။

ဥပမာ-လမ်းလျှောက်နေလျှင် “ငါအခု လမ်းလျှောက်နေတယ်”၊ ထိုင်နေလျှင် “ငါအခု ထိုင်နေတယ်”၊ စာဖတ်နေလျှင် “ငါအခုစာဖတ်နေတယ်”စသဖြင့် စိတ်ထဲမှရွတ်ဆိုကြည့်စေခြင်းဖြစ်သည်။  ဤစိတ်လေ့ကျင့်ခန်းကိုသာ တဖြည်းဖြည်းအချိန်တိုး၍ လုပ်သွားလျှင် ၂၄ နာရီပတ်လုံး သတိမြဲသူ ဖြစ်နိုင်စရာရှိပါသည်။

ဗုဒ္ဓညွှန်းသော အခြားနည်းလမ်းတစ်ခုမှာ ပို၍ပင် ထိရောက်သေးသည်။ “ထွက်သက်ဝင်သက်ကို သတိကပ်ရှုမှတ်ခြင်းနည်း” (Exercise of in-and-out breathing)ဖြစ်သည်။ (ဤသည်ကို နောက်ပိုင်းမှဆက်၍ရှင်းပါမည်)

(၂) ဘဝ၏အစစ်အမှန်တရားကို သတိကပ်ရှုမှတ်

ဤနေရာတွင် ဘဝ၏အစစ်အမှန်တရားဆိုသည်မှာ အနိစ္စ၊ ဒုက္ခ၊ အနတ္တဆိုသော လက္ခဏာရေးသုံးပါးကို ဆိုလိုရင်းဖြစ်သည်။ သာမန်ပုထုဇဉ်များအနေနှင့် ဘဝ၏အစစ်အမှန်တရားကို မြင်နိုင်ကြသည် မဟုတ်ပါ။ ပိုင်ဆိုင်မှု၊ အဆင့်နေရာ စသည်တို့နှင့် ၄င်းတို့အပေါ် အခြေပြုဖြစ်ပေါ်လာသော ပျော်ရွှင်မှုတို့ကိုသာ ဘဝဟုနားလည်ကြသည်ကများသည်။

စင်စစ် ဤအရာအားလုံးသည် ဘဝ၏ အပေါ်ယံ အခြင်းအရာများသာဖြစ်ပါသည်။ လက္ခဏာရေးသုံးပါးပေါ်တင်ကြည့်လိုက်သည်နှင့် မမြဲခြင်း၊ ဆင်းရဲခြင်း၊ အစိုးမရခြင်းတို့နှင့် မကင်းသည်ကို တွေ့ရပါလိမ့်မည်။ ဤသည်ပင် ကောင်းစွာသိမြင်နားလည်ခြင်းဖြစ်ပါသည်။ ဤသို့ကောင်းစွာသိမြင်နားလည်ပြီးသောအရာကို သတိကပ်ရှုမှတ်ခြင်းဖြင့် မပြတ်နှလုံးသွင်းကြရမည်ဖြစ်သည်။

ဤအတွက် ဗုဒ္ဓညွှန်ပြသော ထိရောက်သော နည်းလမ်းတစ်ခုမှာ “အသုဘကမ္မဋ္ဌာန်း”(Cemetery meditation)ဖြစ်သည်။ နှစ်သက်ဖွယ်၊ တပ်မက်ဖွယ်၊ စွဲလမ်းဖွယ်ဟု ထင်မှတ်မှားနေကြသော ရုပ်ခန္ဓာကြီး၏ သေလွန်ပြီးနောက်ပိုင်း စက်ဆုပ်ရွံ့ရှာဖွယ် အနှစ်မရှိသည့်သဘောကို ကိုယ်တွေ့ဆင်ခြင်နိုင်ရန်ဖြစ်သည်။ ဤသို့တစ်စစ ပုတ်သိုးယိုယွင်းလာသော ခန္ဓာကိုကြည့်ပြီး မိမိခန္ဓာကို လက္ခဏာရေးသုံးပါးပေါ်တွင် တင်ကြည့်နိုင်ရန်ဖြစ်ပါသည်။ ပထမအဆင့် (သတိကပ်ရှုမှတ်သည့်အဆင့်)တွင် အရှိကို အရှိအတိုင်းမှတ်ရန်သာဖြစ်ပြီး၊ ယခုအဆင့်တွင် ဘဝ၏အစစ်အမှန်တရားကို ထိုးထွင်းသိမြင်ဖို့ လိုလာသည်။ သမထသဘောကို ကျော်၍ ဝိပဿနာသဘော ထိရောက်လာသည်ဟု ဆိုနိုင်ပါလိမ့်မည်။

(၃) အဇ္ဈတ္တစေ့ဆော်မှုကို သတိကပ်ရှုမှတ်

ပို၍ အဆင့်မြင့်လာသော ရှုမှတ်နည်းဖြစ်ပါသည်။ ထိုးထွင်း သိမြင်ရုံမျှမက၊ စိစစ်ဝေဖန်သည့်သဘောများပါလာသည်။ ဤအတွက်နည်းလမ်းမှာ အထူးအထွေမဟုတ်။ “မိမိစိတ်ကို အသိနှင့်ယှဉ်၍ပြန်ဖတ်ခြင်း” (Contemplation of the mind)ပင်ဖြစ်သည်။ ဤသဘောကို “မဟာသတိပဋ္ဌာနသုတ်”တွင် စိတ္တာနုပဿန” အဖြစ် ဤသို့ရှင်းပြသည်။

“ရဟန်းတို့စိတ်ကို မည်သို့အကြိမ်ကြိမ်ရှုမှတ်ကြမည်နည်း၊ ရာဂနှင့်ယှဉ်သောစိတ်ကို ရာဂနှင့်ယှဉ်သောစိတ်၊ ရာဂကင်းသောစိတ်ကို ရာဂကင်းသောစိတ်၊ ဒေါသနှင့်ယှဉ်သောစိတ်ကိုဒေါသနှင့် ယှဉ်သောစိတ်၊ ဒေါသကင်းသောစိတ်ကို ဒေါသကင်းသောစိတ်၊ မောဟနှင့်ယှဉ်သောစိတ်ကို မောဟနှင့်ယှဉ်သောစိတ်၊ မောဟကင်းသောစိတ်ကို မောဟကင်းသောစိတ် စသဖြင့် စိတ်ကို အရှိအတိုင်း ဆင်ခြင်ကြည့်ကြရမည်ဖြစ်သည် ....

စင်စစ် ဤသို့ စိစစ်ဝေဖန်နိုင်ရန်မှာ သာမန်ပုထုဇဉ်များအတွက် လွယ်လှသည်တော့မဟုတ်ပါ။ ဤသည်မှာ စိတ်၏ လှည့်စားတတ်သော သဘာဝကြောင့်ဖြစ်နိုင်ပါသည်။ သဘာဝအရဆိုလျှင် စိတ်လှုပ်ရှားမှုသည် အစစ်အမှန်အရှိတရားကို ဖုံးကွယ်ထားလေ့ရှိပါသည်။ ဤသို့သော ဖုံးကွယ်ထားမှုများကို ဖယ်ခွာကြည့်နိုင်မှသာ ဆင်ခြင်တုံတရားတို့ နေရယူနိုင်မည် ဖြစ်ပါသည်။

ဤသည်တို့မှာ ကောင်းစွာသတိကပ် ရှုမှတ်နိုင်ရန် အဆင့်ဆင့်ခွဲခြားသတ်မှတ်ထားခြင်းဖြစ်ပါသည်။ ကမ္မဋ္ဌာန်းနည်းဖြင့် အကြိမ်ကြိမ်လေ့ကျင့်ခြင်းအားဖြင့် အမှန်တကယ် ရနိုင်သည့်စိတ်အကျင့်များဟု ဆိုနိုင်ပါသည်။ ဤစိတ်လေ့ကျင့်ခန်းကိုပင် ဗုဒ္ဓက သူ၏လွတ်မြောက်ရေးလမ်းအတွက် အထူးအလေးထားခဲ့ဟန်ရှိသည်။ ဗုဒ္ဓပရိနိဗ္ဗာန်မစံမီ၊ နောင်ဆုံးပြောခဲ့သော “မမေ့မလျော့သော သတိဖြင့် မပြတ်နှလုံးသွင်းနိုင်စေ....” (အပ္ပမာဒေန  သမ္ပာဒေထ) ဆိုသည်မှာ ဤသဘောပင်ဖြစ်ပါသည်။

(၁)   မကောင်းမှုကို ဖြစ်ပွားစေသော စိတ်အတွေးဟူသမျှ မိမိစတ်ထဲသို့ ဝင်မလာစေရန် တားဆီးရမည်။
(၂)   အကယ်၍ ဤသို့ ဝင်မလာစေရန် မတားဆီးနိုင်လျှင် ဝင်ရောက်လာသော အဆိုပါစိတ်အတွေးများကို တတ်နိုင်သမျှ ဖယ်ရှားရမည်။
(၃)   တစ်ပြိုင်နက်တည်းမှာပင် ဖယ်ရှားပြီးသော မကောင်းသည့်စိတ်အတွေးများနေရာတွင် ကောင်းသည့်စိတ်အတွေးများဖြင့် အစားထိုးပွားစီးစေရမည်။
(၄)   အဆိုပါကောင်းသည့် စိတ်အတွေးများကို အတတ်နိုင်ဆုံးထာဝရ တည်တံ့နေစေရန် ထိန်းသိမ်းရင်း ဆက်လက်ဖွံ့ဖြိုးစေရမည်။

အလားတူပင် “မဇ္ဈိမနိကာယ”တွင်လည်း အချက်သုံးချက်ဖြင့် အနှစ်ချုပ်ဖော်ပြထားသည်ကို ဤသို့တွေ့ရသည်။

(၁) အကယ်၍ အာရုံရုပ်တစ်ခုသည် မကောင်းသောစိတ်အကြံကို ဖြစ်ပေါ်စေလျှင် ကောင်းသောစိတ်အကြံကိုဖြစ်ပေါ်စေသည့် အခြားအာရုံရုပ်တစ်ခုနှင့် အစားထိုးကြည့်ပါ။
(၂) မကောင်းသောစိတ်အကြံကိုပေးသည့် အာရုံရုပ်က စိတ်သန္တာန်မှ မထွက်ဘဲ တောင့်ခံနေလျှင် ၄င်းကပေးနိုင်သည့်မကောင်းသောအကျိုးဆက်များကို မြင်အောင်ကြည့်၍ ဖယ်ရှားပစ်ပါ။
(၃) ဤသို့မှ မအောင်မြင်လျှင် သင်၏ပတ်ဝန်းကျင်တစ်ခုလုံးကို ပြောင်းလဲပစ်လိုက်ပါ။

ဤသည်တို့မှာ ဗုဒ္ဓညွှန်ပြခဲ့သော အလွန်လက်တွေ့ကျသည့် နည်းနာများထဲမှ အချို့ဖြစ်ပါသည်။
သစ္စာရှာဖို့ မြင်းစီးသူကျော်ဝင်း၏စာာအုပ် ဆက်လက်ရေးသားဖော်ပြပါမည် ။



No comments:

Post a Comment