Thursday, October 25, 2012

သစ္စာရှာဖို့ မြင်းစီးသူ အပိုင်း(၁၀)အဆက်

သမ္မာအာဇီဝအခြေခံမူများ
သမ္မာနှင့် မိစ္တာ၊ အကောင်းနှင့်အဆိုးဆိုသော သတ်မှတ်ချက်ကို ဗုဒ္ဓက လူ့အဖွဲ့အစည်းအခြေခံပေါ်တင်၍ ဆုံးဖြတ်လေ့ရှိပါသည်။ အခြားသူများနှင့် လူ့အဖွဲ့အစည်းအပေါ် ထိခိုက်နစ်နာစေလျှင်၊ အဆိုးဟု သတ်မှတ်ပြီး ထိခိုက်နစ်နာမှုမရှိလျှင် အကောင်းဟု ယေဘုယျယူဆသည်။ဤသည်မှာ ဗုဒ္ဓ၏အခြေခံသတ်မှတ်ချက်ဖြစ်သည်။ ဤအခြေခံအယူအဆကို ဗုဒ္ဓခေတ် လူ့အဖွဲ့အစည်းပေါ် တင်ကြည့်လိုက်ရာ၊ မလုပ်သင့် မလုပ်ထိုက်သော အသက်မွေးဝမ်းကျောင်းလုပ်ငန်းငါးမျိုးထွက်လာပါသည်။

ဤသည်တို့မှာ ...

(၁) လက်နက်အရောင်းအဝယ် (Weapon trading)
(၂) အဆိပ်အရောင်းအဝယ် (Poison trading)
(၃) မူးယစ်ဆေးအရောင်းအဝယ် (Intoxicating trading)
(၄) လူအရောင်းအဝယ် (Human trading) နှင့်
(၅) သားသတ်လုပ်ငန်း (Slaughter of aminals)တို့ဖြစ်သည်။

ဤငါးမျိုးကိုသာ မမှန်သော၊ မကောင်းသော အသက်မွေးဝမ်းကျောင်း (မိစ္ဆာအာဇီဝ)ဟု သတ်မှတ်ထားရာ၊ ကျန်လုပ်ငန်းအားလုံးမှာ သမ္မာအာဇီဝ ဟု ယူဆနိုင်စရာရှိပါသည်။ အဆိုပါ သတ်မှတ်ချက် ငါးမျိုးမှာလည်း ထိုခေတ်လူ့အဖွဲ့အစည်းနှင့်ယှဉ်၍ ရွေးထုတ်ထားခြင်းဖြစ်ရာ၊ ခေတ်အလိုက်အပြောင်းအလဲရှိနိုင်ပါသည်။ အခြေခံအရ မပြောင်းလဲသည်မှာ မည်သည့်ခေတ် မည်သည့်ကာလမဆို မိမိအလုပ်ကြောင့် အခြားသူများနှင့် လူ့အဖွဲ့အစည်းကို မထိခိုက်စေရေးဖြစ်ပါသည်။ ဤသည်ပင် ဗုဒ္ဓဓမ္မကပြဋ္ဌာန်းထားသော စီးပွားရေးဆိုင်ရာ ကျင့်ဝတ်ဟု ယူဆနိုင်ပါလိမ့်မည်။

ခေတ်သစ်စီးပွားရေးဘဝတွင် အသက်မွေးဝမ်းကျောင်း အလုပ်အကိုင်အများစု၏ အဓိကရည်မှန်းချက်မှာ ဝင်ငွေရဖို့ဖြစ်သည်။ စားသုံးသူဆန္ဒကို ဖြည့်ဆည်းနိုင်ရေးဆိုသည်မှာ အဆိုပါ မဟာဗျူဟာရည်မှန်းချက်မျှသာဖြစ်သည်။ သို့ဖြင့် လူ့အဖွဲ့အစည်းအတွက်၊ သူတစ်ပါးအတွက် အကျိုးပြုရေးဆိုသည်မှာ အဓိကနေရာတွင်မရှိနိုင်သော ကျွဲကူးရေပါသဘောသာ ရှိနေတော့သည်။  ဗုဒ္ဓ၏ သမ္မာအာဇီဝကမူ ဤသည်နှင့်ပြောင်းပြန်ဟုဆိုနိုင်သည်။ သူတစ်ပါးအတွက် အဖွဲ့အစည်းအတွက်ဆိုသော စေတနာနှင့်အစပြုသည်။ စေတနာကို အရင်းခံသည်။ ဝင်ငွေမှာ ရင်းနှီးလိုက်သော စေတနာ၏ တုံ့ပြန်မှုသာ ဖြစ်သည်။

မိစ္ဆာအာဖီဝနှင့် သမ္မာအာဇီဝတို့၏ သဘောကို ဗုဒ္ဓက ဥပမာနှစ်ရပ်နှင့်ပြသည်။ မိစ္ဆာအာဇီဝက “ခြင်”နှင့်တူသည်။ ခြင်က သွေးစုပ်သည်။ သွေးစုပ်ခံရသော လူအတွက် ဘာအကျိုးမှမပေး။ နာကျင်မှုနှင့်ရောဂါဘယသာ ယူဆောင်လာသည်။ သမ္မာအာဇီဝက “ပျား”နှင့်တူသည်။ ပျားကဝတ်ရည်စုပ်သည်။ (ပျားရည်စုဆောင်းပေးသည်)။ ဝတ်ရည်စုပ်ခံရသော ပန်းတို့အတွက်လည်း ဝတ်မှုန်ကူးပေးသည်။ (ပန်းတို့မျိုးပွားစေရန် ဖူးစာဖက်ပေးသည်) ယခုခေတ် ဂိမ်းသီအိုရီအရပြောရလျှင် မိစ္ဆာအာဇီဝမှာ အရှုံးအနိုင်ကိုဦးတည်သော “အကြွင်း သုညဂိမ်း”(Zero-Sum Game) ဖြစ်သည်။ သမ္မာအာဇီဝမှာ အပြန်အလှန်အကျိုးရှိရေးကို ရှေးရှုသော “သုည မဟုတ်ဂိမ်း”(Non-Zero-Sum-Game)ဖြစ်သည်။

ယေဘုယျသဘောဆိုရလျှင် သမ္မာအာဇီဝ၏ နောက်ကွယ်မှ အခြေခံကျင့်ဝတ်တန်ဖိုးမှာ “မည်သူ့ကိုမှ မထိခိုက်မနစ်နာစေသော အသက်မွေးဝမ်းကျောင်းမှု” (earning without disserving) ဟု ဆိုနိုင်ပါလိမ့်မည်။

ဗုဒ္ဓအလိုကျ ဘောဂဗေဒ
သမားရိုးကျအမြင်နှင့်ပြောရလျှင် ဘာသာရေးနှင့် ဘောဂဗေဒမှာ ဘာမှမပတ်သက်ဟု ဆိုချင်စရာ ဖြစ်ပါသည်။ ကျမ်းစာနှင့်ပိုက်ဆံအိတ် အတူယှဉ်တွဲမတည်ရှိနိုင်ဟူ၍ ယူဆထားကြသူများ ရှိသည်။ ဘောဂဗေဒသမိုင်းကြောင်းကို ပြန်ကြည့်လိုက်လျှင်လည်း စိန့်သောမတ်အက်ကွီနပ်(စ)လောက်အထိ ပညာရှင်အားလုံးလိုလိုက “ကုန်သွယ်ရေး”ကို တူးတူးခါးခါးဆန့်ကျင်ခဲ့ကြသည်က များသည်။ သို့နှင့်တိုင် လွန်ခဲ့သော နှစ်ပေါင်း ၂၅ဝဝ ကျော်က ဗုဒ္ဓ၏ အမြင်တွင်မူ ကုန်သွယ်မှုကို သမ္မာအာဇီဝအဖြစ်အလေးထား ဖော်ပြခဲ့သည်။ ထိုခေတ် အိန္ဒိယလူ့အဖွဲ့အစည်းတွင် လူဦးရေအများဆုံးဖြစ်သော၊ လယ်သမားများ၊ ကုန်သည်များကို ဗုဒ္ဓကျမ်းစာများတွင် “ကုန်သည် လယ်လုပ်”(ဝဿ)ဟု အလေးပေးဖော်ပြခဲ့သည်များရှိသည်။ သူတို့၏ သမ္မာအာဇီဝလုပ်ငန်းများကိုလည်း လွတ်မြောက်ရေးလမ်းသွယ်တစ်ခု အဖြစ်နေရာပေးဖော်ပြခဲ့သည်။ ဤအခြင်းအရာများမှာ ဗုဒ္ဓဓမ္မ၏ ထူးခြားမှုဖြစ်ရုံမျှမက အံ့သြဖွယ်ရာ ရှေ့တန်းရောက်မှုဟုလည်း ဆိုရပါလိမ့်မည်။

ဤအချက်ကို  စတင်အသိအမှတ်ပြုဖော်ထုတ်ခဲ့သော ခေတ်သစ်ဘောဂဗေဒ ပညာရှင်မှာ အီးအက်(ဖ)ရွှန်းအာချာ ဖြစ်ပါသည်။ သူ၏ “ငယ်သော်လှ၏” (Small is Beautiful)စာအုပ်တွင် ရွှန်းအာချာက သမ္မာအာဇီဝလမ်းသွယ်ကို အခြေခံပြီး “ဗုဒ္ဓအလိုကျ ဘောဂဗေဒ”(Buddhist Ecomomics)အခြေခံကို ဖော်ထုတ်ခဲ့သည်။ နောက်ပိုင်းပညာရှင် အဆက်ဆက်က ရွှန်းအာချာ၏ အခြေခံပေါ်တွင် ဆက်လျှောက်ရင်း၊ ခေတ်သစ်ဘောဂဗေဒပညာအတွက် ဗုဒ္ဓ၏အကျိုးပြုချက်များကို ဖော်ထုတ်ခဲ့ကြသည်။ အထူးသဖြင့် ဈေးကွက်စီးပွားရေးစနစ်(အရင်းရှင်စနစ်)၏မွေးရာပါ ချို့ယွင်းချက်ဟုဆိုနိုင်သော “ကျင့်ဝတ်ပိုင်း”အားနည်းချက်ကို ဗုဒ္ဓအလိုကျဘောဂဗေဒနည်းဖြင့် ဖြည့်ဆည်းနိုင်ဖို့ ကြိုးပမ်းလာကြသည်။

ခေတ်ပြိုင်၊ သက်ရှိထင်ရှားဘောဂဗေဒပညာရှင်တစ်ဦးဖြစ်သူ မက်ဆာချူဆက်နည်းပညာတက္ကသိုလ်(MIT)မှ ပါမောက္ခ လက်စတာသာရိုးမှာ အဆိုပါပညာရှင်များထဲမှ ထင်ရှားသူတစ်ဦး ဖြစ်သည်။ သူ၏ “ဥစ္စာဓနတည်ဆောက်ရေး”(Building Wealth)ကျမ်းတွင် ပါမောက္ခသာရိုးက ဗုဒ္ဓ၏ “ဒီဃဇာဏုသုတ်”လာ၊ “ဖွံ့ဖြိုးရေးပိရမစ်” (wealth pyramid)တစ်ခုကို ဖော်ထုတ်ခဲ့သည်။ စင်စစ် ဗုဒ္ဓဟောကြားခဲ့သော “ကြီးပွားချမ်းသာကြောင်းတရားလေးပါး”မှာ သမ္မာအာဇီဝကို လက်တွေ့စီမံခန့်ခွဲပုံဖြစ်သည်။ ဤသည်ကို ပါမောက္ခသာရိုးက ခေတ်သစ်အဓိပ္ပာယ်များဖြင့်
ပြန်ဖွင့်ပြသည်။

(၁)   ဥဋ္ဌာနသမ္ပဒါဒ- (ကျွမ်းကျင်သော၊ ပညာဉာဏ်၊ စူးစမ်းမြော်မြင်မှုနှင့် တက်ကြွလုံ့လဖြင့် ဆောင်ရွက်ခြင်း)ဤသည်ကို ပါမောက္ခသာရိုးက “စွန့်ဦးတီထွင်လုပ်ဟန်” (enterperneur-ship)ဟု အဓိပ္ပာယ်ဖွင့်သည်။ ပညာနှင့်စွန့်စားလုပ်ကိုင်သော ခေတ်သစ်စီးပွားရေးလုပ်ဟန်ဖြစ်ပါသည်။

(၂)   အာရက္ခသမ္ပဒါ (မိမိပိုင် စည်းစိမ်ဥစ္စာကို ရန်သူမျိုးငါးပါးမဖျက်ဆီးရအောင် လုံခြုံစွာစောင့်ရှောက်ထိန်းသိမ်းနိုင်ခြင်း) ဤသည်ကို “ပုဂ္ဂလိကပိုင်ပစ္စည်းပိုင်ဆိုင်ခွင့်” (property right)အဖြစ် အဓိပ္ပာယ် ဖွင့်သည်။

(၃)   ကလျာဏမိတ္တာ (သဒ္ဓါ၊ သီလ၊ စာဂ၊ ပညာ ပြည့်စုံသော မိတ်ဆွေကောင်းများရှိခြင်း။) ဤအချက်ကို “ယုံကြည်စိတ်ချနိုင်သော လူမှုပတ်ဝန်းကျင်” (trustworthy social institution) ဟု အဓိပ္ပာယ်ဖွင့်သည်။

(၄)   သမဇီဝိတာ (ဝင်ငွေထွက်ငွေကို မျှတစွာ စီမံနိုင်ခြင်း)ဤသည်ကို ပါမောက္ခသာရိုးက ဘတ်ဂျက်ဆိုင်ရာ စီမံခန့်ခွဲမှု (budget management)ဟု အဓိပ္ပာယ်ဖွင့်သည်။

ွှဤလေးချက်ကို ဆင့်ထပ်နိုင်သော လူ့အဖွဲ့အစည်းတွင်သာ ဖွံ့ဖြိုးတိုးတက်မှု အမှန်တကယ်ရနိုင်လိမ့်မည်ဟုဆိုသည်။ ဤသည်ပင် ပါမောက္ခသာရိုး သရုပ်ဖော်လိုက်သော ဖွံ့ဖြိုးရေးပိရမစ် ဖြစ်ပါသည်။
သစ္စာရှာဖို့ မြင်းစီးသူ ကျော်ဝင်း၏ စာအုပ်ဆက်လက်ရေးသားဖော်ပြပါမည် ။

No comments:

Post a Comment