Tuesday, October 9, 2012

သစ္စာရှာဖို့ မြင်းစီးသူအပိုင်း(၇)အဆက်


ပြန်လည်မွေးဖွားခြင်း

သံသရာ၏ ရုပ်ပိုင်းအသိ၊ ရုပ်ပိုင်းအဓိပ္ပာယ်ကို အလေးကဲသောရှေးဟောင်း အိန္ဒိယဒဿနတွင် “ပြန်လည်မွေးဖွားခြင်း” ဆိုသော ဝေါဟာရမှာ အထူးပင်အရေးကြီးလှသည်။ အရေးကြီးသည်နှင့်အမျှ ရှုပ်ထွေးခြင်းများလည်းရှိသည်။ “ခဲတံ”၊ “ဖောင်တန်”၊ “စာအုပ်”စသော ဝေါဟာရများမှာ ရှင်းသည်။ အခြားမည်သည့်အရာနှင့်မှ ဆက်စပ်ရှင်းပြနေစရာမလိုပဲ သူ့ဟာနှင့်သူ အဓိပ္ပာယ်ပေါ်လွင်ပြီးဖြစ်သည်။ “ပြန်လည်မွေးဖွားခြင်း”ဆိုသော ဝေါဟာရကမူ ဤသို့မဟုတ်၊ “ဟုတ်,မဟုတ်” (Yes, No)စသော အဖြေစကားလုံးများနှင့် ခပ်ဆင်ဆင်တူသည်။ အခြားဆက်စပ် ရှင်းပြချက်များနှင့်အားဖြည့်မှ အဓိပ္ပာယ်ငုံမိနိုင်စရာရှိသည်။ ဤနေရာတွင် “အဖြေစကားလုံး”ဟု ဆိုရသည့်တိုင် မေးခွန်းတစ်ခုတည်း၏ အဖြေမဟုတ်။ မေးခွန်းပေါင်း မြောက်မြားစွာအတွက် အဖြေဖြစ်သည်။ ပမာပြရလျှင် တံခါးများစွာကို ဖွင့်နိုင်သော “သူခိုးသော့”(master key)သဘောမျိုးဟု ဆိုနိုင်ပါလိမ့်မည်။ ရှေးဟောင်းအိန္ဒိယဒဿနနှင့် ဗုဒ္ဓဝါဒ၏ အဆက်အစပ်ကို နားလည်စေရန် ဘဝဖြစ်တည်မှုဆိုင်ရာ မေးခွန်းတချို့ကို စဉ်းစားကြည့်ပါမည်။ ရှေးဟောင်း အိန္ဒိယ ဒဿနက ပေးသော အဖြေနှင့် ဗုဒ္ဓဓမ္မကပေးသော အဖြေများကို တိုက်ဆိုင် စစ်ဆေးကြည့်ဖို့ဖြစ်သည်။
၁။ လူ့ဖြစ်တည်မှုသို့ မည်သို့မည်ပုံ ရောက်ရှိလာသနည်း။

အိန္ဒိယဒဿနက ပေးသောအဖြေမှာ ဘဝအမျိုးမျိုး ပြောင်းခဲ့ရသော်လည်း ပြောင်းလဲပျက်ပြားခြင်းမရှိသည့် “အတ္တ”ကောင်လေး၏ အသစ်တစ်ဖန်ပြန်လည်မွေးဖွားခြင်း ဟူ၍ဖြစ်သည်။ ဤမေးခွန်းအတွက်ဗုဒ္ဓပေးသောအဖြေမှာ “ကြောင်းကျိုးဆက်ဖြစ်ပေါ်မှု အယူအဆ”(ပဋိစ္စသမုပ္ပါဒ)ပင်ဖြစ်သည်။ (အခန်း ၆ တွင် ဖော်ပြခဲ့ပြီးဖြစ်ပါသည် ) ဗုဒ္ဓ၏အလိုအရ ဘဝတစ်ခုမှတစ်ခုသို့ ကူးရာတွင် မျဉ်းတန်းသဘော (linear)ဆောင်သော၊ အတ္တကောင်လေး၏သွားရာလမ်းကြောင်း မရှိပါ။ ဗုဒ္ဓက “အတ္တ”ဆိုသည်ကိုလည်း လက်မခံပါ။ ဗုဒ္ဓ၏ ဓမ္မမှာ “အနတ္တ”ဝါဒ ဖြစ်ပါသည်။ ဗုဒ္ဓဓမ္မက ရှေ့တရားတို့နှင့် နောက်တရားတို့၏ အဆက်အစပ်(ဘဝတစ်ခုမှ နောက်တစ်ခုသို့ကူးပုံ)ကို “မိလိန္ဒပဥှာ”ကျမ်းတွင် ဤသို့ဖွင့်ဆိုထားသည်။
မိလိန္ဒမင်းကြီးမေး။   ။ အရှင်နာဂသေနဘုရား .... တစ်စုံတစ်ယောက်သောသူသည် ပဋိသန္ဓေတည်နေလာ၏။ ထိုသူသည် ရှေးဘဝက သူပင်ဖြစ်သလော။ သို့မဟုတ် အခြားသူပင် ဖြစ်သလော ....။

အရှင်နာဂသိန်ဖြေ။   ။ မဟာရာဇာ ..... ရှေးဘဝက သူလည်းမဟုတ်။ အခြားသူလည်းမဟုတ်ပေ။

ဆက်လက်၍ နို့ရည်နှင့် နို့ဝမ်းဥပမာ၊ ဖယောင်းတိုင်နှင့် မီးတောက်ဥပမာတို့ဖြင့် ရှင်းပြပါသည်။ ဘဝတစ်ခုမှ ရုပ်နာမ်ချုပ်လျှင် ထိုဘဝတွင် ပြုခဲ့သော ကုသိုလ်-အကုသိုလ်တို့၏ ခြေရာအဖြစ် “သတ္တိဓာတ်”မှလွဲ၍ ဘာမှမကျန်တော့ပါ။ အဆိုပါ သတ္တိဓာတ်ကို အကြောင်းပြု၍ ဘဝသစ်ဖြစ်သည်ဟု သဘောယူပါသည်။

၂။ လူ့ဖြစ်တည်မှုတွင်ရှိသော ဇာတ်၊ ဥစ္စာ၊ ရုပ်အဆင်းစသည်တို့ ကွဲပြားခြားနားရသည်မှာ အဘယ်ကြောင့်နည်း

အိန္ဒိယဒဿနကပေးသော အဖြေမှာ ပြန်လည်မမွေးဖွားခင် အတိတ်ဘဝဖြစ်တည်မှု (preexistence)ဖြစ်ပါသည်။ ထိုအတိတ်ဘဝတွင်ပြုခဲ့သော ကုသိုလ်၊ အကုသိုလ်ကြောင့် ယခုဘဝတွင် ကွဲပြားခြားနားရသည်ဟုဆိုသည်။ ဤနေရာတွင် ဗုဒ္ဓက “ကမ္မဥပဒေသ”ကို ဆက်လက်သယ်ဆောင်သော်လည်း လက်ရှိပစ္စုပ္ပန်ဘဝကိုပို၍ အလေးပေးပါသည်။ ဘက်ရှိဘဝမှာပင် ဖြစ်ပြီးသော အကုသိုလ်များကို ပယ်ရန်(သို့မဟုတ်)အားနည်းသွားစေရန် အားထုတ်နိုင်သည်။ မဖြစ်သေးသော အကုသိုလ်များကို မဖြစ်ပေါ်စေရန်တားဆီးနိုင်သည်။ ဖြစ်ပြီးသောကုသိုလ်တို့ကို အဆင့်ဆင့် ပွားစီးစေနိုင်သည်ဟုဆိုပါသည်။ ထို့ထက် ဗုဒ္ဓသည် ဇာတ်ခွဲခြားမှု၊ ဓနဥစ္စာ နှင့် ရုပ်အဆင်းတို့ကိုလည်း ဘဝ၏ အပေါ်ယံအခြာင်းအရာအဖြစ်သာ သတ်မှတ်ပါသည်။ ဗုဒ္ဓအလေးကဲသည်မှာ ပစ္စုပ္ပန်ဘဝ၏ ကျင့်ဝတ်သီလနှင့် ပိုမိုကောင်းမွန်သောဘဝကို တက်လှမ်းနိုင်ရေးဖြစ်သည်။

ဤသဘောကို မာရ်နတ်နှင့် ရဟန်းတော်များ၏ အပြန်အလှန်စကားပြောပုံဖြင့် သရုပ်ထင်ပြသော ဇာတ်လမ်းတစ်ခုရှိသည်။
မာရ်နတ်။      ။ရဟန်းတို့.... သင်တို့ကား ငယ်ရွယ်နုပျိုကြသေးသည်။ ဘဝ၏အမြိုက်အရသာကို ခံစားဖို့အရွယ်ကောင်းများဖြစ်ပေသည်။ မရေရာသော တမလွန်ချမ်းသာအတွက် သေချာသော ယခုလက်ရှိ ချမ်းသာကို အဘယ်ကြောင့်စွန့်လွှတ်ကြပါသနည်း။
ရဟန်းများ။   ။အို...ပုဏ္ဏားကြီး (မာရ်နတ်မှာ ပုဏ္ဏားယောင်ဆောင်ထားသည်။) ငါတို့သည် လက်ရှိဘဝကို စွန့်လွတ်ပစ်ပယ်ကြသည် မဟုတ်။ နောင်တမလွန်အတွက် စိုးရိမ်ပူပန်နေကြသည်လည်းမဟုတ်။ ယခုပစ္စုပ္ပန်ဘဝမှာပင်ပို၍ ကောင်းသော ချမ်းသာအစစ်ကို ရှာဖွေနေကြခြင်းဖြစ်သည်။

၃။ ဘဝဖြစ်တည်မှု၏ အဆုံးစွန်ပန်းတိုင်သည် မည်သည့်အရာဖြစ်မည်နည်း။
 
ဤအတွက် အိန္ဒိယဒဿနက ပေးသောအဖြေမှာ မူလဖန်ဆင်းရှင် ဗြဟ္မာကြီး၏ အစိတ်အပိုင်းဖြစ်သော အတ္တကောင်လေးသည် ဘဝအမျိုးမျိုးပြောင်းလဲပြီးသကာလ၊ မူလဗြဟ္မကြီးထံသို့ ရောက်ချိန်တွင် “အလုံးစုံပြီးပြည့်စုံခြင်း”(absolute perfection)သို့ ဆိုက်လိမ့်မည်ဟူ၍ ဖြစ်ပါသည်။ ဗုဒ္ဓဓမ္မအလိုရမူ၊ နောက်ဆုံးပန်းတိုင်မှာ သံသရာမှ ဖောက်ထွက်နိုင်သော “လွတ်မြောက်ရေး” (liberation)ဖြစ်သည်။ အဝိဇ္ဖာနှင့် တဏှာကို ပယ်သတ်နိုင်လျှင် လုံးဝလွတ်မြောက်ရေးရလိမ့်မည်ဟု ဟောပါသည်။
ဤသဘောကို ဘုရားအဖြစ်သို့ ရောက်လျှင်ရောက်ချင်း ကျူးရင့်သောဥဒါန်းတွင် ဤသို့တွေ့နိုင်သည်။
 
“အို...တဏှာလက်သမား၊ သင့်ကိုမမြင်၍ သံသရာရှည်ခဲ့ရသည်။ ယခု သင့်ကိုငါမြင်ပြီ၊ သံသရာလည်စေမည့် ခန္ဓာအိမ်အသစ်ကို ဆောင်ခွင့်မပြုတော့။ ငါ့အတွက် သံသရာတံခါး ပိတ်ချေပြီ ”

ပခုံးပေါ်ရပ်ကြည့်ခြင်း

ရှေးဟောင်း အိန္ဒိယဒဿနနှင့် ဗုဒ္ဓဓမ္မတို့၏ မတူခြားနားပုံကို အောက်ပါဇယားနှင့် အနှစ်ချုပ်ဖော်ပြနိုင်ပါသည်။


စင်စစ် ဗုဒ္ဓမှာ ဘာသာရေးခေါင်းဆောင်တစ်ဦးမျှသာ မဟုတ်။ ပညာဖြန့်ဖြူးသူ (educator)တစ်ဦးလည်းဖြစ်ပါသည်။ ကျွမ်းကျင်သော ဖြန့်ဖြူးစည်းရုံးသူပီပီ၊ ရှိနှင့်ပြီးသားအစဉ်အလာ ဒဿနဟောင်း၏ ပခုံးထက်သို့ကျကျနန တက်ရပ်ပြီး ပို၍အဆင့်မြင့်သောဒဿနကို ထူထောင်ခဲ့သူဖြစ်သည်။ သို့အတွင် အိန္ဒိယတိုက်ငယ်၏ မီးရှူးတန်ဆောင် (အာရှတိုက်၏ အလင်းရောင်)သာမက၊ လောကလူသားအားလုံးကို ဉာဏ်အလင်းပြသူဟု ဆိုနိုင်ကောင်းမည် ထင်ပါသည်။
သစ္စာရှာဖို့ မြင်းစီးသူ(ကျော်ဝင်း၏)စာအုပ် ဆက်လက်ရေးသားဖော်ပြပါမည် ။

No comments:

Post a Comment