Monday, October 1, 2012

သစ္စာရှာဖို့ မြင်းစီသူ အပိုင်း(၆)

အခန်း(၆)
ကြောင်းကျိုးဆက်ဖြစ်ပေါ်မှုအယူအဆ
(ပဋိစ္စသမုပ္ပါဒ)

မမြင်ရတဲ့ဒီစက်လည်စဉ်
မရပ်မနား၊ မငြိမ်းချမ်း
တန့်ရပ်ရာမရှိ
တက်သူကျ၊ ကျသူ တက် .....


နောက်ခံကား
ဗုဒ္ဓခေတ် အိန္ဒိယတွင် ဒဿနဂိုဏ်း အများအပြားရှိသလို ဒဿနငြင်းခုံပွဲများလည်း အတော်လေးရှိခဲ့ဟန် တူပါသည်။ ဗုဒ္ဓအနေနှင့် ဤသို့သော ငြင်းခုံပွဲများကို မိမိကအစပြုခြင်းမျိုး မလုပ်ခဲ့သော်လည်း အကျိုးရှိတန်ရာသည်ဟု ယူဆသောဆွေးနွေးမှုအချို့ကိုမူ  လက်ခံတုံ့ပြန်ခဲ့သည်။ ပြောရလျှင် အဆိုပါဒဿန ဆွေးနွေးပွဲများမှပင် ဗုဒ္ဓဓမ္မ၏ အရေးအကြီးဆုံး အကောက်အယူအချို့ ထွက်ပေါ်လာခဲ့သည်ဟု ဆိုနိုင်စရာရှိသည်။ ယခုဖော်ပြမည့် အယူအဆသည်လည်း ဤအတိုင်းပင် ဖြစ်ပါသည်။

တစ်ခါသော် ကဿပအမည်ရှိ တပသီတစ်ဦးက ဗုဒ္ဓထံချဉ်းကပ်၍ မေးခွန်းသုံးခုမေးလာသည်။ (ဗုဒ္ဓကျမ်းဂန်များတွင်မူ ဥရူဝေလကဿပ၊ နဒီကဿပ နှင့် ဂယာကဿပ ဆိုသော ရသေ့ညီနောက်သုံးဦးဟုညွန်းသည်) သူ၏ မေးခွန်းသုံးခုမှာ ဤသို့ဖြစ်သည်။

“အရှင်ဂေါတမ၊ ဒုက္ခသည် မိမိပယောဂကြောင့် ဖြစ်ပေါ်လာသောအရာလော၊ သို့မဟုတ် သူတစ်ပါး၏ ပယောဂကြောင့် ဖြစ်ပေါ်လာသော အရာလော..၊ သို့တည်းမဟုတ် အကြောင်းရင်းခံမရှိဘဲ ရှောင်တခင်ဖြစ်ပေါ်လာသောအရာလော....”

ကဿပ၏မေးခွန်းမှာ သုံးမျိုးဖြစ်သော်လည်း ဗုဒ္ဓပေးသော အဖြေမှာ မေးခွန်းအားလုံးအတွက် တစ်မျိုးတည်းသာဖြစ်သည်။

“ဤသို့မဟုတ် ကဿပ”

မေးခွန်းတိုင်းကို ”ဤသို့မဟုတ်” ချည်းဖြေနေသောအခါ ကဿပမှာ စိတ်ရှုပ်ထွေးလာသည်။ သည်တော့မှ ဗုဒ္ဓက သမုဒယကြောင့် ဒုက္ခဖြစ်ရသောဖြစ်စဉ်ကို အနုစိတ်ရှင်းပြသည်။ ဤဖြစ်စဉ်၏ မူလဆက်ထုံး ဉာဏ်ပညာကင်းမဲ့မှု (အ၀ိဇ္ဖာ)ကိုလည်း ခြေရာခံပြသည်။ သို့ဖြင့် ဘ၀ခန္ဓာ ရုပ်နာမ်တို့၏ အဆက်မပြတ်ဖြစ်ပေါ်နေမှုမှာ တစ်စုံလုံး သရုပ်ထင်လာရတော့သည်။

နှောင်းခေတ် ဗုဒ္ဓစာပေသုတေသီများက ဤတရားတော်ကို “ ကြောင်းကျိုးဆက်ဖြစ်ပေါ်မှု အယူအဆ” (Doctrine of Dependent Origination)ဟု ဖော်ပြခဲ့ကြသည်။ အချို့ကလည်း “သံကြိုးကွင်းဆက် ကြောင်းကျိုးပြနိယာမ” (Law of Chain of Caisality)ဟု ၀ိဂြိုလ်ပြုကြသည်။ ပါဠိစာပေတွင်မူ “ပဋိစ္စသမုပ္ပါဒ” ဟု ဖော်ပြပြီး၊ ဗုဒ္ဓဘာသာ မြန်မာတို့က “ပဋိစ္စသမုပ္ပာဒ်” ဟု နားစွဲထားကြသည်။

ပဋိစ္စသမုပ္ပါဒကို ပုဒ်ခွဲကြည့်လိုက်ရင် ပဋိစ္စ(စွဲမှီ၍)၊ သံ(အတူတကွ)၊ ဥပ္ပါဒ(ဖြစ်စေခြင်း)ဟုရရာ၊ Dependent Origination ဆိုသော အင်္ဂလိပ် ဘာသာပြန်ကပို၍ အနက်ထင်လိမ့်မည်ဟု ယူဆရပါသည်။

တရားကိုယ်
ပဋိစ္စသမုပ္ပာဒ် တရားကိုယ်တွင် ဆက်ထုံး ဆယ့်တစ်ခုပါသည်။ ဤဆက်ထုံးဆယ့်တစ်ခုတည်းပင် အတိတ်၊ ပစ္စုပ္ပန်၊ အနာဂတ်တို့၏ အဆက်အစပ်ဖြစ်ပြီး၊ သတ္တ၀ါတို့၏ သံသရာစက်ဝန်းလည်း ဖြစ်ပါသည်။

(၁) ဉာဏ်ပညာကင်းမဲ့မှု (အ၀ိဇ္ဖာ)ကြောင့် တုံ့ပြန်စီရင်မှု (သင်္ခါရ)တို့ဖြစ်ပေါ်လာသည်။(အ၀ိဇ္ဖာပစ္စယာ သင်္ခါရာ)

(၂) တုံ့ပြန်စီရင်မှုများကြောင့် အချစ် အမုန်းတို့နှင့် သိမ်းထုပ်ထားသော သိမြင်မှတ်သားမှု (၀ိညာဏ်)ဖြစ်ပေါ်လာသည်။
     (သင်္ခါရပစ္စယော၊ ၀ိညာဏံ)

(၃) သိမြင်မှတ်သားမှုများ၏  ထုတ်လွှင့်ပို့ပေးမှုကြောင့် နာမ်ရုပ်တို့၏ အစုအဝေး(နာမရူပ)ဖြစ်ပေါ်လာသည်။
     (၀ိညာဏပစ္စယော နာမရူပံ)

(၄) နာမ်ရုပ်တို့၏ အစုအဝေး ဆက်လက်ဖွံ့ဖြိုးလာသည်နှင့်အာရုံခံ ကိရိယာ ၆ မျိုး (သဠာယတန)ဖြစ်ပေါ်လာသည်
     (နာမရူပပစ္စယော သဠာ ယတနံ)

(၅) အာရုံခံကိရိယာ ၆ မျိုး လှုပ်ရှားလာသည်နှင့် အာရုံရုပ်များ နှင့် ထိတွေ့မှု (ဖဿ)ဖြစ်ပေါ်လာသည်။
     (သဠာယတနပစ္စယော ဖေဿာ)

(၆) ထိတွေ့မှုကြောင့် ခံစားမှု (ဝေဒနာ)ဖြစ်ပေါ်လာသည်။
     (ဖဿပစ္စယာ ဝေဒနာ)

(၇) ခံစားမှုရင့်မှည့်လာသည်နှင့် တပ်မက်မှု (တဏှာ)ဖြစ်ပေါ်လာသည်။
     (ဝေဒနာပစ္စယာ တဏှာ)

(၈) တပ်မက်မှု ရင့်မှည့်လာသည်နှင့် စွဲလမ်းမှု (ဥပါဒါန်)ဖြစ်ပေါ်လာသည်။
     (တဏှာပစ္စယာ ဥပါဒါနံ)

(၉) စွဲလမ်းမှုကို အရင်းခံ၍ပင် နောက်ထပ်ဖြစ်တည်မှု အသစ်(ဘ၀)သို့ ဦးတည်ဖြစ်ပေါ်လာ၏။
     (ဥပါဒါနပစ္စယာ ဘဝေါ)

(၁၀) ဘ၀ဆိုသော ဖြစ်တည်မှုနှင့်ကြုံလာရသည်နှင့်မွေးဖွားခြင်း(ဇာတိ) ဖြစ်ပေါ်လာ၏။
       (ဘ၀ပစ္စယော ဇာတိ)

(၁၁) မွေးဖွားခြင်းပေါ်လာသည်နှင့် အိုခြင်း၊ သေခြင်း၊ စိုးရိမ်ပူဆွေးခြင်း စသော ဒုက္ခဆင်းရဲတို့ ဖြစ်ပေါ်လာရသည်။
       (ဇာတိပစ္စယော ဇရာ၊ မရဏံ၊ သောက ပရိဒေ၀ ဒုက္ခ .... )

အနောက်တိုင်းသုတေသီအချို့၏ အလိုအရ ဗုဒ္ဓ၏ဓမ္မအများစုမှာ လူအများနားလည်လွယ်အောင် ရှင်းရှင်းလင်းလင်း ဖွင့်ဆိုသည်က များသည်။ ယခု ပဋိစ္စသမုပ္ပာဒ်တရားတော်တွင်မူ အချို့သော ဆက်ထုံးများမှာနားလည်ဖို့ ခက်ခဲနိုင်သည်။ အထင်အရှား သက်သေပြဖို့လည်း မလွယ်။ သို့အတွက် ဗုဒ္ဓ၏ မူရင်းဟောကြားချက် ဟုတ်-မဟုတ် ပြန်လည်ဆန်းစစ်ကြသည်များရှိသည်။ အချိန်ကာလ၏ တိုက်စားမှုကြောင့် မူရင်းနှင့်ကွာသလောက် ကွာသွားသည်များ ရှိနိုင်-မရှိနိုင် မေးခွန်းထုတ်ကြည့်ကြသည်။

ဗုဒ္ဓဘာသာဝင် သုတေသီများကမူ အဆိုပါထောက်ကွက်ကို လက်မခံကြပါ။ ဗုဒ္ဓြုမတ်စွာအနေနှင့် တရားတော်များကို အတတ်နိုင်ဆုံး နားလည်သဘောပေါက်စေရန် ဟောကြားခဲ့သည်မှာ မှန်သော်လည်း ဗုဒ္ဓ၏ဓမ္မ(အထူးသဖြင့် အဘိဓမ္မာ)မှာ သိမ်မွေ့နက်ရှိုင်းလှသည်။ ခေတ်သစ်သိပ္ပံပညာနှင့် သက်သေမပြနိုင်သလို ဒဿနပညာနှင့်လည်း ချဉ်းကပ်၍မလွယ်ဟုဆိုသည်။ ဤသဘောကို ရည်ရွယ်၍ ပထမလယ်တီဆရာတော်က ဆက်ထုံးအမှတ် ၉ (ဥပါဒါန်ကြောင့် ဘ၀သစ်ဖြစ်သည်ဆိုသော ဆက်ထုံး)ကို ကျော်လွန်ဖို့မလွယ်လှသော မိစ္ဆာဒိဋ္ဌိဆက်ထုံးဟု ဆိုခဲ့ဖူးသည်။ စင်စစ် ဗုဒ္ဓ၏ဓမ္မကို အပြည့်အ၀နားလည်ခံယူနိုင်ရေးမှာ ၀ိပဿနာလမ်းမှလွဲ၍ အခြားမရှိဟု ဆိုပါသည်။

အထက်တွင် ဖော်ပြခဲ့သော ဆက်ထုံးဆယ့်တစ်ခုတွင် အချို့သောအခြင်းအရာများ ထပ်ကျော့ပါဝင်နေသည်ကိုလည်း ထောက်ပြကြသည်များရှိသည်။ ဤသည်ကို အနောက်တိုင်း သုတေသီအချို့က ပဋိစ္စသမုပ္ပာဒ်ဖြစ်စဉ်မှာ ဘ၀သက်တမ်းတစ်ခုတည်းကို ဖော်ပြထားသည်မဟုတ်။ သက်တမ်းသုံးခုကို ဆက်စပ်ရှင်းပြထားသည်ဟု ဖွင့်ဆိုကြသည်။ ဤအချက်ကိုလည်း ဗုဒ္ဓဘာသာဝင်သုတေသီများက လက်မခံကြပါ။ ဗုဒ္ဓမြတ်စွာအနေနှင့် သံသရာလည်ပတ်ပုံကို ထင်ရှားစေလို၍ အတိတ်၊ ပစ္စုပ္ပန် အနာဂတ် ကာလသုံးပါးလုံးကို ဆက်စပ်ပြခြင်းဖြစ်သည်ဟု ခံယူကြသည်။ ဆက်ထုံး ၁နှင့် ၂ မှာ အတိတ်ဘ၀၊ ဆက်ထုံး ၃ နှင့် ၉ အထိမှာ ပစ္စုပ္ပန်ဘ၀၊ ဆက်ထုံး ၁၀ နှင့် ၁၁ မှာ အနာဂတ်ဘ၀ဟု ခွဲခြားဖွင့်ဆိုကြသည်။

မည်သို့ပင်ဆိုစေ ပဋိစ္စသမုပ္ပာဒ်တရားတော်မှာ ဗုဒ္ဓ ဓမ္မ တစ်စုံလုံး၏ အရေးကြီးသော အခြေခံအုတ်မြစ် နှစ်ရပ်ကိုမူ ပီပီပြင်ပြင်ဖော်ပြနိုင်သည်ဟု သုတေသီအများစု အမှတ်ပေးကြပါသည်။ ပထမအခြေခံမှာ “ဒုက္ခ၏ အရင်းခံတဏှာ”ဆိုသော ဓမ္မနှင့်၊ ဒုတိယအခြေခံမှာ “တဏှာ၏ အရင်းခံအဝိဇ္ဖာ”ဆိုသော  ဓမ္မတို့ဖြစ်သည်။ စင်စစ် ဤအခြေခံနှစ်ရပ်သည်ပင် ပဋိစ္စသမုပ္ပာဒ် တရားတော်ကြီးတစ်ခုလုံး၏ အနှစ်ချုပ်တရားကိုယ်ဟု ဆိုနိုင်ပါလိမ့်မည်။ ဤသည်ကိုအောက်ပါ စက်ဝိုင်းငယ်လေးနှင့်သရုပ်ထင်နိုင်ပါလိမ့်မည်။
လူသည် ဉာဏ်ပညာကင်းမဲ့မှုကြောင့် တဏှာ၏ကျေးကျွန်ဖြစ်ရသည်။ တဏှာစေစားရာ လိုက်ပါလှုပ်ရှားရင်းမှ ဒုက္ခနွံထဲက မရုန်းနိုင်ဖြစ်ရသည်။ ဤသို့ မရုန်းနိုင်သည်နှင့်အမျှ ဉာဏ်ပညာနှင့် ဝေးရတော့သည်။ ဤသည်ပင် သတ္တဝါတို့၏ သံသရာလည်ပုံဖြစ်ပါသည်။

အဝိဇ္ဖာ မှ ဝိဇ္ဖာသို့
ပထမအမှန်မွန် (ဒုက္ခသစ္စာ)နှင့် ဒုတိယအမှန်မွန် (သမုဒယသစ္စာ)၏ အဆက်အစပ်ကို ဗုဒ္ဓက “ဒုက္ခ၏ဖြစ်ရာဖြစ်ကြောင်း သမုဒယ”ဟု ဖော်ထုတ်ခဲ့သည်။ “ဒုက္ခ၏ အရင်းခံတဏှာ”ဆိုသည်နှင့် အဓိပ္ပာယ်တူပင်ဖြစ်ပါသည်။ ဤအကြောင်းကို ဆိုခဲ့ပြီးပြီ။

သို့နှင့်တိုင် ဗုဒ္ဓ၏ ဓမ္မမှာ ဤမျှနှင့်ရပ်တန့်မနေပါ။ တဏှာ၏ အရင်းခံကို ဆက်လက်ရှာဖွေခဲ့ပါသည်။ စင်စစ် တဏှာကို နှစ်သက်မြတ်နိုးကြသည်မှာ ပုဂ္ဂိုလ်တစ်ဦးချင်းစီ၏ အပြစ်ဟု မဆိုနိုင်။ လူသားတစ်ရပ်လုံး(သတ္တဝါအားလုံး)၏ သဘာဝကဖန်တီးပေးလိုက်သော အားနည်းချက်သာဖြစ်သည်။ တဏှာမှာ တမင်ပွားစည်းယူရသည်မဟုတ်ဘဲ လူ့ဖြစ်တည်မှုက မွေးထုတ်ပေးလိုက်သည့် ရှောင်မရသော သဘာဝတစ်ရပ်သာဖြစ်သည်။ ပြဿနာ၏ အရင်းခံမှာ တဏှာ မဟုတ်။ တဏှာ၏ အစစ်အမှန်သဘောကို မသိ မမြင်နိုင်ခြင်းပင် ဖြစ်သည်။

ပဋိစ္စသမုပ္ပာဒ် တရားကိုယ်လာ တဏှာ၏ဖြစ်စဉ်ကို ကြည့်လျှင်ပင် ဤသဘောကို အခြေခံမိနိုင်စရာ ရှိပါသည်။ တဏှာကို ဆားငန်ရေလို အဆတ်မပြတ်သောက်သုံးမိရာမှ စွဲလမ်းမှုဥပါဒါန်အဖြစ်သို့ ရောက်လာသည်။ ဤဥပါဒါန်အစွဲဖြင့်ပင် အချစ်၊ အမုန်း၊ အကောင်း၊ အဆိုး စသော အပြုအမူများကို ပွားစည်းစေသည်။ ဤသို့ဖြင့် တဏှာနှင့် ဥပါဒါန်တို့၏ အစေစားခံဖြစ်နေသော လူ(သတ္တဝါ)မှာ တံလျှပ်ကို ရေထင်လာသည်။ ဘဝဖြစ်တည်မှုကို အခိုင်အမာသဘော၊ ကိုယ်ပိုင်သဘောဟု ထင်လာသည်။ ဤသည်ကို ဗုဒ္ဓက “အတ္တ”ဟု အမည်ပေးပါသည်။ စင်စစ် ဘဝဖြစ်တည်မှုမှာ အခိုင်အမာသဘော မဟုတ်။ အနှစ်မဲ့သည်။ ကိုယ်ပိုင်သဘောမဟုတ်။ အစိုးမရရှိသည်။ ဤသို့ အနှစ်မဲ့သည့်သဘော၊ အစိုးမရသည့်သဘောကို ဗုဒ္ဓက “အနတ္တ”ဟု အမည်ပေးသည်။ ဤသို့ အနတ္တကို အတ္တအဖြစ် ထင်မှတ်မှားခြင်းသည်ပင် ဉာဏ်ပညာကင်းမဲ့မှု(အဝိဇ္ဖာ)ဖြစ်ပါသည်။ တဏှာကိုမွေးထုတ်လိုက်သည့် အရင်းခံတရားခံအစစ်မှာ ထို အဝိဇ္ဖာပင်ဖြစ်သည်။

ပြောရလျှင် အနတ္တမှာ ဗုဒ္ဓဓမ္မ၏ အရေးအကြီးဆုံးအရာဖြစ်သလို နားလည်ဖို့အခက်ခဲဆုံး၊ အသိမ်မွေ့အနက်ရှိုင်းဆုံးလည်းဖြစ်ပါသည်။ အခြားမည်သည့် ဘာသာတရား၊ မည်သည့်ဒဿနတွင်မှ မတွေ့နိုင်သော ဗုဒ္ဓဓမ္မ၏ ထူးခြားချက်လည်းဖြစ်ပါသည်။ (အနတ္တသဘောကို သီးခြားအခန်းတစ်ခန်းဖွင့်၍ ရေးပါမည်)

ဗုဒ္ဓ ဓမ္မသည် နံပါတ်တစ်တရားခံ (အဝိဇ္ဖာ)ကို ဆွဲထုတ်ပြပြီးသည်နှင့် ပြီးပြည့်စုံပြီဟု မယူဆသေးပါ။ အဝိဇ္ဖာကို ပယ်သတ်နိုင်သည့် ဉာဏ်ပညာ(ဝိဇ္ဖာ)အထိ ဦးတည်ထားပါသည်။ ဗုဒ္ဓ၏ အလိုအရ အစစ်အမှန် ဉာဏ်ပညာ(ဝိဇ္ဖာ)ဆိုသည်မျာ အမှန်မွန်လေးပါးကို သိမြင်ခံယူနိုင်ခြင်းပင် ဖြစ်သည်။ ဤဝိဇ္ဖာအမြင်ကို မရသေးသရွေ့ လူ(သတ္တဝါ)သည် အဝိဇ္ဖာနယ်ပယ်တွင်သာ ဆက်လက်လှုပ်ရှားနေဦးမည်ဖြစ်ပါသည်။ တဏှာ၏ အစေစားခံသာ ဆက်လက်ဖြစ်နေပါလိမ့်မည်။ သို့နှင့်အမျှ သံသရာခရီးမှ ရုန်းမထွက်နိုင်သော ဆုံလည်နွားနှယ်သာ ကျင်လည်နေကြရပါလိမ့်မည်။

ဤအဓိပ္ပာယ်စုတို့ကို ခြုံငုံ၍ ပထမလယ်တီဆရာတော်က ဤသို့ အစချီကာ လင်္ကာဖွဲ့ခဲ့ဖူးပါသည်။

“ .... အမှန်လေးချက်၊ သဘောနက်ကို၊ ဖုံးဝှက်ကွယ်ကာ၊ အဝိဇ္ဖာဟု၊ မဟာတမ၊ မှောင်ကြီးကျ၍၊ ဘဝမြုံသိုက်၊ ရှိန်ရှိန်အိုက်သား၊ အမှိုက်မီးစာ၊ ဤခန္ဓာကို၊ တွယ်တာသမှု၊ အကြောင်းပြု၍၊ အကုသလ၊ ဓမ္မညစ်ဆိုး၊ အပြစ်မျိုးကို၊ ကြိုးကြိုးပမ်းပမ်း၊ နေ့စဉ်ထမ်းသည် .... ” စသဖြင့်။

သစ္စာရှာဖို့ မြင်းစီးသူ (ကျော်ဝင်း)၏စာအုပ် ဆက်လက်ရေးသားဖော်ပြပါမည် ။

No comments:

Post a Comment