Tuesday, October 16, 2012

သစ္စာရှာဖို့ မြင်းစီးသူအပိုင်း(၉)

အခန်း(၉)
လွတ်မြောက်ရာလမ်း - စတုတ္ထအမှန်မွန်
ပညာလမ်း

“ငြိမ်းမှုဝေးတဲ့ ရှစ်ရပ်လမ်း
 လမ်းနိမ့်၊ လမ်းမြင့်တို့နဲ့ ပေါက်ရောက်နိုင်တယ်၊
 စိတ်ခိုင်သူ-မြန်၊ ချည့်နဲ့သူ-နှေး၊
နှင်းခတောင်ထိပ်ရောက်မယ် ..”


အမှန်မွန်လေးပါးတွင် သက်ဆိုင်ရာလုပ်ငန်းတာဝန်များ အသီးသီးရှိကြပါသည်။ ပထမအမှန်မွန် (ဒုက္ခသစ္စာ)မှာ နက်ရှိုင်းစွာ သိမြင်ဖို့ဖြစ်သည်။ ဒုတိယအမှန်မွန် (သမုဒယသစ္စာ)မှာ စွန့်လွှတ်ငြင်းပယ်ရမည့်အပိုင်းဖြစ်သည်။ တတိယအမှန်မွန် (နိရောဓသစ္စာ)မှာဆိုက်ရောက်မည့် လွတ်မြောက်ရေးပန်းတိုင်ဖြစ်သည်။ ယခုဆက်လက်ဖော်ပြမည့် စတုတ္တအမှန်မွန် (မဂ္ဂသစ္စာ)မှာ ကျင့်ကြံပွားများအားထုတ်ရမည့် လွတ်မြောက်ရာလမ်းဖြစ်ပါသည်။ (သိ-ပယ်-ဆိုက်-ပွား-ဟု အတိုချုပ်မှတ်နိုင်ပါသည်။)

ဆိုခဲ့ပြီးသည့်အတိုင်း စတုတ္ထအမှန်မွန်မှာ ကျင့်ကြံပွားများ အားထုတ်ရမည့် လွတ်မြောက်ရာလမ်းဖြစ်ရာ၊ ဗုဒ္ဓဘာသာဝင်များအတွက် ဗုဒ္ဓမြတ်စွာကိုယ်တော်တိုင်ချမှတ်ပေးခဲ့သော မဟာဗျူဟာအခင်းအကျင်းဟု ဆိုနိုင်ပါသည်။ ဤအချက်ကိုကိုင်၍ ဘာသာခြား သုတေသီများက စတုတ္ထအမှန်မွန်ကို အရေးအကြီးဆုံးဟု သတ်မှတ်ကြသည်များရှိသည်။ ရှေ့ကအမှန်မွန်သုံးခုမှာ စတုတ္ထအမှန်မွန်ကိုသာ တစ်ခုတည်းသော လွတ်မြောက်ရာလမ်းအဖြစ် ထင်ရှားသိသာစေသည့် အထောက်အကူရှင်းပြဖွင့်ဆိုချက်များဟု ယူဆကြပါသည်။

ဗုဒ္ဓညွှန်ပြခဲ့သော လွတ်မြောက်ရာလမ်းတွင် လမ်းရှစ်သွယ်ရှိသည်။ သဘောသဘာဝချင်းတူညီရာတို့ကို စုစည်းလိုက်လျှင် လမ်းမကြီးသုံးခုအဖြစ်လည်း ချုပ်ယူနိုင်ပါသည်။

ပညာလမ်း
(၁) သမ္မာဒိဌိ(ကောင်းစွာသိမြင်နားလည်ခြင်း)

ဘဝ၏ မမြဲသည့်သဘော၊ ဆင်းရဲသည့်သဘော၊ အစိုးမရသည့် သဘောကို မှန်မှန်ကန်ကန် သိမြင်နားလည်ခြင်းဖြစ်သည်။

(၂) သမ္မာသင်္ကပ္ပ (ကောင်းစွာကြံစည်တွေးခေါ်ခြင်း)

ကောင်းမြတ်သော စိတ်ဆန္ဒနှင့်အစွဲအလမ်းအခုအခံများမပါဘဲ သင့်မြတ်လျော်ကန်စွာ တွေးတောကြံစည်ခြင်းဖြစ်သည်။

သီလလမ်း
(၃) သမ္မာဝါစာ (ကောင်းစွာပြောဆိုခြင်း)

ကြမ်းတမ်းသောစကား၊ သိမ်ဖျင်းသောစကား၊ မမှန်သောစကား၊ အကျိုးမဲ့သောစကားကို မဆိုဘဲ၊ မှန်ကန်စွာပြောဆိုခြင်းဖြစ်သည်။

(၄) သမ္မာ ကမ္မန္တ (ကောင်းစွာပြုမူဆောင်ရွက်ခြင်း)

သူ့ဥစ္စာခိုးခြင်း၊ သူ့အသက်သက်ခြင်း၊ သူများသားမယားကျူးလွန်စော်ကားခြင်းစသော မကောင်းမှုမများကိုရှောင်ကြဉ်၍ မှန်ကန်စွာ ပြုမူဆောင်ရွက်ခြင်း ဖြစ်သည်။

(၅) သမ္မာအာဇီဝ (ကောင်းစွာအသက်မွေးဝမ်းကျောင်းပြုခြင်း)

သူတစ်ပါးကို မထိခိုက်စေသော အသက်မွေးဝမ်းကျောင်းမှုကို ပြုခြင်းဖြစ်သည်။

သမာဓိလမ်း
(၆) သမ္မာဝါယာမ (ကောင်းစွာအားထုတ်ကြိုးပမ်းခြင်း)

အကျင့်ဆိုး၊ အကြံဆိုးများ ပယ်ဖျောက်၍ အခုအခံ အစွဲအလမ်းကင်းစွာ၊ မေတ္တာနှင့်ယှဉ်ပြီး အားထုတ်ကြိုးပမ်းခြင်း ဖြစ်သည်။

(၇) သမ္မာသတိ (ကောင်းစွာသတိကပ်ရှုမှတ်ခြင်း)

ဘဝ၏မမြဲသည့် သဘောကို နှလုံးသွင်း၍ မိမိခန္ဓာ၏ ဖြစ်ပျက်အားလုံးကို နိုးကြားစွာ အာရုံစိုက် ရှုမှတ်ခြင်းဖြစ်သည်။

(၈) သမ္မာသမာဓိ (ကောင်းစွာ တည်ငြိမ်ရင့်ကျက်ခြင်း)

ထိုးထွင်း သိမြင်သော စိတ်အခံနှင့် အဖြစ်တရား၊ အရှိတရားတို့အပေါ်တွင် စိတ်ကိုတင်းထားနိုင်သည့် စူးစိုက်တည်ငြိမ်မှုဖြစ်ပါသည်။

ပညာလမ်း
(၁)ကောင်းစွာသိမြင်နားလည်ခြင်း
   ဤသို့လမ်းသွယ် ရှစ်ခုရှိသည့်အနက် ပထမလမ်းသွယ်(ကောင်းစွာသိမြင်နားလည်ခြင်း)မှာ အရေးကြီးဆုံးဖြစ်သလို သိမြင်နားလည်ဖို့ အခက်ခဲဆုံးလည်းဖြစ်ပါသည်။

လက္ခဏာရေးသုံးပါး
ဗုဒ္ဓဓမ္မ၏ အဆုံးပန်းတိုင်မှာ သံသရာမှလွတ်မြောက်ရေးဖြစ်ရာ ဗုဒ္ဓ၏ရည်မှန်းချက်မှာ အဓိကအားဖြင့် ဘဝထဲတွင်မရှိပါ။ ဘဝထက်ကျော်လွန်သည်ဟု ဆိုရပါလိမ့်မည်။  အကယ်၍ ဗုဒ္ဓတွင် ဘဝနှင့်ပတ်သက်သော ရည်မှန်းချက်တစ်စုံတစ်ရာရှိသည်ဟု ယူဆလျှင် ၄င်းတစ်စုံတစ်ရာမှာဘဝကို အမှန်အတိုင်းသိမြင်နားလည်နိုင်ရေးသာဖြစ်ပါလိမ့်မည်။ (စင်စစ် ဤသည်မှာလည်း ဘဝလွတ်မြောက်ရေးကို ဦးတည်နိုင်ဖို့သာ ဖြစ်သည်။ ဤသို့ အရင်းအတိုင်း အမှန်အတိုင်း သိမြင်နားလည်စေရန် ဗုဒ္ဓက စကားလုံးသုံးလုံးနှင့်အမြဲမပြတ်ဆုံးမလေ့ရှိသည်။ ဤသည်တို့မှာ ဗုဒ္ဓဘာသာဝင်တိုင်း မပြတ်နှလုံးသွင်းကြရသည့် သဘောသဘာဝများကို ဖော်ပြသော စကားလုံးများလည်းဖြစ်သည်။ အနိစ္စ၊ ဒုက္ခ၊ အနတ္တဆိုသော “လက္ခဏာရေးသုံးပါး”(The Basic characteristic of life)ဖြစ်ပါသည်။

ပါဠိဘာသာတွင် “အ” ဆိုသည်မှာ အငြင်းအဓိပ္ပာယ်ထွက်သော ရှေ့ဆက်စကားဖြစ်သည်။ အင်္ဂလိပ်ဝေါဟာရ “no” သို့မဟုတ် “non” ဆိုသည့် သဘောဖြစ်သည်။ နိစ္စမှာ “မြဲခြင်း” (permanent) ဟု အဓိပ္ပာယ်ရရာ “အနိစ္စ”ကို မမြဲခြင်းဟု တိုက်ရိုက်ဘာသာပြန်နိုင်ပါသည်။ ဤသဘောကို ဗုဒ္ဓဘာသာဝင်မဟုတ်သူများပင် အလွယ်နှင့်နားလည်နိုင်စရာရှိပါသည်။ “မွေးဖွားရှင်သန်၊ သေဆုံး” ဆိုသော ဘဝ မာတိကာ ကို လူတိုင်းရှောင်မရသည်ဖြစ်ရာ စောဒကတက်စရာမရှိလောက်ပါ။ အင်္ဂလိပ်ကဗျာဆရာကြီး “တန်နီဆင်”ကပင် ဘဝ၏ အနိစ္စသဘောကို ကဗျာဖွဲ့ဖူးပါသည်။

“လူတွေ မွေးလာကြ၊ သေသွားကြ
 စမ်းချောင်းလေးက စီးမြဲပ ... ” စသဖြင့် ....။

သို့နှင့်တိုင် ဗုဒ္ဓဓမ္မလာ အနိစ္စမှာ ဤသဘောမျှမကပါ။ ဗုဒ္ဓ၏အလိုအရ၊ လူ့ဘဝသာမက စမ်းချောင်းလေးလည်း မတည်မြဲပါ။ ကမ္ဘာကြီးသည် လည်းကောင်း၊ စကြဝဠာကြီးသည်လည်းကောင်း၊ ပြောရလျှင် အဖြစ်တရားအားလုံး မတည်မြဲပါ။

ထို့ထက်ပို၍ အရေးကြီးသည်မှာ ဘဝတဏှာနှင့်ယှဉ်သော ပျော်ရွှင်မှုဆိုသည်၏ တဒင်္ဂသဘောဆောင်မှုဖြစ်ပါသည်။ fleeting nature of the pleasure ဖြစ်ပါသည်။ လူသည် ပျော်ရွှင်မှုကို တပ်မက်သည်။ ပျော်ရွှင်မှုကို အဆုံးစွန်ထိတည်တန့်လိုသည်။ ဤသည်မှာဘဝတဏှာမပြတ်နိုင်သော လူသားအားလုံး၏ ဆန္ဒပင်ဖြစ်သည်။ သို့သော် ဘဝမှာမမြဲသလို “အပျော်”ဆိုသည်ကလည်း မမြဲပါ။ ဗုဒ္ဓရည်ရွယ်သော အနိစ္စက ဤသဘောထိရောက်ပါသည်။

အနိစ္စကိုနားလည်သဘောပေါက်သွားလျှင် ဒုက္ခကို နားမလည်နိုင်စရာမရှိတော့ပါ။ စိတ်ဆန္ဒအလိုနှင့် လက်တွေ့အရှိတို့ တစ်ထပ်တည်းမဖြစ်သည်နှင့် လူမှာ “စိတ်ဝေဒနာခံစားမှု”(suffering)ကို ရှောင်မရနိုင်တော့ပါ။ ဤသည်ပင် ဒုက္ခ၏ သဘောဖြစ်ပါသည်။

နားလည်ဖို့ အခက်ခဲဆုံးမှာ တတိယစကားလုံး “အနတ္တ”ပင် ဖြစ်သည်။ ရှေးဟောင်း အိန္ဒိယဒဿနတွင် မရှိခဲ့သော ဗုဒ္ဓကိုယ်တော်တိုင် စတင်ခဲ့သည့်ဝေါဟာရဖြစ်ပါသည် အယူအဆသစ် ဖြစ်ပါသည်။ ထို့ထက် ဗုဒ္ဓဓမ္မ၏ အရေးကြီးသည်နှင့်အမျှ သိမ်မွေ့နက်ရှိုင်းသော အကောက်အယူလည်း ဖြစ်ပါသည်။ ပြောရလျှင် ဗုဒ္ဓဓမ္မကို အနှစ်ချုပ်လိုက်ပါက အနတ္တဝါဒ ဟူ၍ ပင် ဆိုနိုင်ကောင်းမည် ထင်ပါသည်။

အနတ္တကို ဖွင့်ဆိုခြင်း
“အနတ္တ”မှာ အဓိပ္ပာယ်တစ်မျိုးမက ပေါင်းစပ်ပါဝင်နေသော ဝေါဟာရဖြစ်သည်။ နိရုတ္တိသဘောအရပြောရလျှင် အနတ္တမှာ အတ္တ၏ ဆန့်ကျင်ဘက်ဟု ယေဘုယျဆိုနိုင်သည်။ ခက်နေသည်မှာ အတ္တဆိုသော စကားလုံးကိုယ်တိုင်သည်ပင် အဓိပ္ပာယ်ထွေပြားနေခြင်းဖြစ်သည်။ ရပ်သုံးရွာသုံးရှိသလို ဒဿန (ရှေးဟောင်း အိန္ဒိယဒဿန)အကောက်အယူများလည်း ပါဝင်နေတတ်သည်။ သို့အတွက် အတ္တ၏ အဓိပ္ပာယ်အားလုံးကို ဆန့်ကျင်ဘက်ပြုရုံနှင့် ဗုဒ္ဓဓမ္မလာ အနတ္တသဘောကို အပြည့်အဝ နားလည်နိုင်လိမ့်မည် မဟုတ်ပါ။

“အတ္တ”တွင် အနည်းဆုံး အနက်ပွားသုံးခု ရှိနိုင်ပါသည်။ ပထမ အဓိပ္ပာယ်မှာ ခွဲဝေမှုသဘောပါသည့် “ပြန်ညွှန်းနာမ်းစား” (reflexive pronoun)နှင့် နီးစပ်သည်။ အင်္ဂလိပ်ဝေါဟာရ 'one' 'oneself' 'each one' ဆိုသည်တို့နှင့် အဓိပ္ပာယ်တူနိုင်သည်။ ဤသည်ကို နာမဝိသေသနသဘာသုံးလိုက်လျှင် ပိုင်ဆိုင်မှုအနက်ပါ ထင်လာသည်။ “ငါ့ဟာ၊ သူ့ဟာ” စသော အဓိပ္ပာယ်ရပါသည်။ “of one's own"ဟုဆိုရပါလိမ့်မည်။ ဤအဓိပ္ပာယ်ကို ဆန့်ကျင်ဘက်ပြုလိုက်လျှင် “ငါ့ဟာ မဟုတ်၊ သူ့ဟာမဟုတ်” ' not of one's own" ဟုရပါလိမ့်မည်။ ဗုဒ္ဓဓမ္မလာ “အနတ္တ”၏ ပထမအဓိပ္ပာယ်မှာ ဤသည်ပင် ဖြစ်သည်။

ဗုဒ္ဓအလိုအရ ပုဂ္ဂိုလ်၊ သတ္တဝါ၊ ငါ၊ သူတစ်ပါး၊ ယောက်ျား မိန်းဟူ၍ မရှိပါ။ အားလုံးသည် ရုပ်နာမ်တို့၏ အစုအဝေးမျှသာဖြစ်သည်။ သို့အတွက် ငါ့ဟာ၊ သူ့ဟာ၊ ယောက်ျား၊ မိန်းမ၊ အလှ၊ အကျည်းတန် စသည်တို့မှာ အမှန်မရှိသည်ကို အရှိဟုထင်နေတာ “ဟုတ်ယောင်မှု"မျှသာဖြစ်သည်။ တစ်နည်းဆိုလျှင် “အတ္တအထင်”သာဖြစ်သည်။ ဤအထင်ကို ဗုဒ္ဓကပယ်ပါသည်။ ဗုဒ္ဓ၏ အနတ္တအမြင်က ငါ့ဟာမဟုတ်။ ငါ့အလိုမလိုက်ဟု ဟောသည်။ အစိုးမရသည့်သဘောဖြစ်ပါသည်။ သို့အတွက် အနတ္တ၏  ပထမအဓိပ္ပါယ်မှာ ကိုယ်ပိုင်မဟုတ်သည့်သဘော၊ အစိုးမရသည့်သဘောဖြစ်ပါသည်။ အင်္ဂလိပ်ဝေါဟာရနှင့် “not of one's own"သို့မဟုတ် "no self"အနီးစပ် ဆုံး ပြန်ဆိုနိုင်ပါလိမ့်မည်။

သစ္စာရှာဖို့ မြင်းစီးသူ(ကျော်ဝင်း)၏စာအုပ် ဆက်လက်ရေးသားဖော်ပြပါမည် ။

No comments:

Post a Comment