Friday, May 6, 2011

ဝိပဿနာ ရှုပုံရှုနည်း

၁၁-၁၁-၆၁ ခု၊ ကျေးဇူးတော်ရှင် အဂ္ဂမဟာပဏ္ဍိတ

မိုးကုတ်ဆရာတော်ဘုရားကြီး ဟောတော်မူသော

ဝိပဿနာ ရှုပုံရှုနည်း
ဒကာ, ဒကာမတွေ သိကြားမင်းအကြောင်း မဟောခင် ၀ိပဿနာရှုနည်းကို ရှေးဦးစွာ ပြောမယ် - (မှန်လှပါဘုရား)၊ ၀ိပဿနာရှုနည်းက ရှင်သာရိပုတ္တရာက ဟောထားတယ်။
ကာယမိမံ သမ္မသထ၊ ပရိဇာနာထ၊ ပုနပ္ပုနံ၊
ကာယေသဘာဝံ၊ ၀ိဒိတွာန၊ ဒုက္ခဿအန္တံ ကရိဿတိ။
ဤကဲ့သို့ ဟောထားတော့ 
ဘုရားရှေ့မှာဖြစ်စေ၊ ကိုယ့်အိပ်ရာထဲမှာဖြစ်စေ ထိုင်ပြီးသကာလ မိန်းမဖြင့်
ဒူးတုပ်, ယောက်ျားဖြင့် တင်ပျဉ်ခွေပြီး သကာလ ထိုင်ချင်သလိုထိုင်၊
အိပ်ချင်သလိုအိပ် ကိစ္စမရှိပါဘူး။ သို့သော် အသက်မှန်မှန်ရှုပြီးသကာလ လေလေး
ထွက်တာလဲ သိလို့၊ လေလေးဝင်တာလဲ သိလို့ ဒီလိုချည်း သိပြီးသကာလ နေရာမှ
ပထမရှေးဦးစွာတော့ဖြင့် ထွက်တာသိ ၀င်တာသိပဲ လုပ်နေပါ။ ဒီထဲကမှ ဟိုနေရာက
အောင့်သလို လာလို့ရှိရင် ထွက်တာသိ ၀င်တာသိ ဖြုတ်လိုက်ပါ။

ထွက်တာသိ ၀င်တာသိ ဖြုတ်ပစ်လိုက်ပါတော့လို့ သတိပေးလိုက်တယ်/ ထွက်တာသိ
ဝင်တာသိ ဖြုတ်ပြီးအောင့်တဲ့ နေရာကလေးကို ဥာဏ်က လှည့်လိုက်၊ သြော် -
ဒါဖောက်ပြန် တာပါလား၊ အင်း - ဖောက်ပြန်လာတာ နဂိုက မအောင့်ဘူး။ ခုမှ
ဒီနေရာလေးက အောင့်လာတယ်။ အဲဒီ ဖောက်ပြန်တဲ့ နေရာကလေး
ကြည့်လိုက်ပြီဆိုမှဖြင့် ဖောက်ပြန်တာကလေးက ပျက်စီးသွားတယ်။

ထွက်တာသိ ၀င်တာသိ လုပ်နေတုန်း တစ်နေရာက အောင့်လာတယ်\ အောင့်တဲ့အခါကျတော့
ထွက်တာသိ ၀င်တာသိ ဖြုတ်လိုက်ပါ - အောင့်တဲ့နေရာ ကလေး ဥာဏ်လှည့်လိုက်ပါ -
ခြေသလုံးက အောင့်ရင် ခြေသလုံး၊ ပေါက်ကအောင့်ရင် ပေါင်၊ ခါးကအောင့်ရင်
ခါး၊ နောက်ကျောအောင့်လို့ရှိရင်လဲ အောင့်တဲ့နေရာကလေး ဥာဏ်လှည့်လိုက်ပါ။

အဲဒါ ကလေးက ဘာပါလိမ့်လဲဆိုတော့ ပင်ကိုသဘောမှ ဖောက်ပြန်လာတာ။ အဲဒီ
ဖောက်ပြန်တဲ့ နေရာကလေးကို ဥာဏ်လှည့်လိုက်ပြီဆိုမှဖြင့် ဥာဏ်ပေါ်နေတဲ့
အတွက် သတ္တ၀ါသန္တာန်မှာ အောင့်တဲ့စိတ်ကလေးက ချုပ်သွားပြီး ဥာဏ်စိတ်ကလေးက
ပေါ်နေတယ်။ ဥာဏ်စိတ်ကလေး ပေါ်နေတော့ အောင့်တာလေးက ဖောက်ပြန်ပြီးသကာလ
ပျက်စီးသွားတာ တွေ့ပါလိမ့်မယ်၊ ဖောက်ပြန်ပြီး ပျက်စီးသွားတာ
တွေ့ရပါလိမ့်မယ်။

ဤကဲ့သို့ ဖောက်ပြန်ပျက်စီးသွားတာတွေ တွေ့တဲ့အခါကျတော့ ဒီခန္ဓာကိုယ်ကြီး
စိုက်ကြည့်နေလို့ ဖောက်ပြန်ပျက်စီးတာ တွေ့တာလို့ မှတ်လိုက်ပါနော်

အဲဒီတော့ ဖောက်ပြန်ပျက်စီးတာက အနိစ္စ၊ ဒုက္ခသစ္စာ၊ အနိစ္စဆိုလဲ ဟုတ်တာပဲ၊
ဒုက္ခသစ္စာဆိုလဲ ဟုတ်တာပဲ။ သြော် - ဒါက ဒုက္ခသစ္စာ၊ ဖောက်ပြန်ပျက်စီးပြီလို့
သိနေတာကလေးက လောကီ မဂ္ဂသစ္စာ၊ ဒါ ဒီနေရာကလေးက အောင့်တာကလေးက ပျောက်သွားလို့
ဟိုနေရာက အောင့်လာပေါ်လာတယ်။ ဟိုစိတ် ကလေး စားချင်တဲ့စိတ်ကလေး ပေါ်လာတယ်။
အဲဒါကိုလဲ စားချင်တဲ့ စိတ်ကလေးကိုလဲ ရှိ,မရှိ ကြည့်ပေးပါ။
ကြည့်လိုက်တဲ့အခါ ကျလို့ရှိရင်ဖြင့် ကြည့်တဲ့ဥာဏ် ပေါ်လာလို့ ရှိရင်ဖြင့်
သတ္တ၀ါသန္တာန် နှစ်စိတ်မပေါ် ကောင်းတဲ့အတွက် စားချင်တဲ့ စိတ်ကလေးက ဒကာကြွယ်,
ဒကာသစ်တို့ ဖြစ်ပြီး ပျက်သွားတယ် -  သူလဲ ခုမှ ဖောက်ပြန်ပြီးလာတာ အခုပဲ
ပျက်စီးသွားတယ်၊ အဲဒီတော့ ဖောက်ပြန်ပျက်စီး သွားတာက ဒုက္ခသစ္စာ။

အင်း … ဒုက္ခသစ္စာကို ဘုန်းကြီးတို့ ဒကာ,ဒကာမတွေက သိလိုက်တော့ အသိခံရတာက
ဒုက္ခသစ္စာ၊ အသိဥာဏ်က မဂ္ဂသစ္စာလို့ အောက်မေ့ကြပါ ၊ ဒီလိုချည်းပဲ ခန္ဓာကိုယ်ထဲ
လှည့်လိုက်ပြီး သကာလနေတော့ အသိခံတာက ဒုက္ခသစ္စာ၊ အသိဥာဏ်က မဂ္ဂသစ္စာဆိုတော့
သြော် - ခန္ဓာကိုယ်ထဲမှာ ဒုက္ခသစ္စာရယ် … သိနေတဲ့ မဂ္ဂသစ္စာရယ် … ။

ဤသစ္စာနှစ်ခုသာ ရှိပြီးသကာလနေတော့ သမုဒယသစ္စာဆိုတဲ့ လောဘက
ချုပ်ငြိမ်းရုပ်သိမ်းပြီး သကာလ နေတော့တယ်။ ဒီလောဘ ချုပ်ငြိမ်းနေတော့ လောဘ
တဏှာချုပ်တော့ တဏှာချုပ်တော့ ဥပါဒါန် ချုပ်ပါတယ်။

ဥပါဒါန်ချုပ်တော့ ကံချုပ်တယ်၊ ကံချုပ်တော့ အနာဂတ်ဘ၀ လာလတ္တံဖြစ်တဲ့
ပဋိသန္ဓေနေမှု အိုမှု သေမှုရော ချုပ်ပါတယ်

သြော်…ဒါ ဘယ့်နှယ်ကြောင့် ချုပ်ပါလိမ့်မလဲလို့ မေးလို့ရှိရင်ဖြင့်
ဖောက်ပြန်ပျက်စီးတာ မြင်နေတဲ့ မဂ်က ချုပ်စေတာဖြစ်တယ်။

ဒါဖြင့် ဒီခန္ဓာကိုယ်ကြီးကို ၀ိပဿနာရှုဆိုတာ ခန္ဓာကိုယ်စောင့်ကြည့်တဲ့
အလုပ်လို့ မှတ်လိုက်စမ်းပါ -  ၀ိပဿနာအလုပ်ဆိုတာ ခန္ဓာကိုယ် စောင့်ကြည့်တဲ့
အလုပ်ပါ။

ဒါကြောင့် “ကာယမိမံ သမ္မသထ” ဣမံကာယံ၊ ဤခန္ဓာကိုယ်ကြီးကို။ သမ္မသထ၊
စောင့်ကြည့်ပြီး သုံးသပ်စမ်းပါကွာ၊ ခန္ဓာကိုယ်ကြီး စောင့်ကြည့်ပြီး
သုံးသပ်စမ်းပါ၊ ဆင်ခြင်စမ်းပါဆိုပြီး ရှင်သာရိပုတ္တရာက မှာရှာတယ်၊

ပျက်စီးသွားတာဖြစ်ပျက်၊ စောင့်ကြည့်တာက မဂ်။ မဂ်ဆိုတာက ဒကာ, ဒကာမတို့
စောင့်ကြည့်မှ ရတယ်လို့ မှတ်စမ်းပါ -

စောင့်မကြည့်ရင် မရဘူး၊ ရှာရင်တော့မရဘူး၊ စောင့်ကြည့်ရင်တော့ ရတယ်။
တောထဲက ကျားတွေက အပြေးတော့ မသန်ပါဘူး။ အဖမ်းတော့ မြန်သလို မိလိန္ဒပဥှာက
စောင့်ဖမ်းပါလို့လဲ သေသေချာချာ ဟောထားတယ်။

ဒါကြောင့် ဘုန်းကြီးတို့ ဒကာ,ဒကာမတွေက အိမ်ရောက်လို့ရှိရင်
ဘုန်းကြီးပြောတဲ့အတိုင်းသာ လုပ်ကြစမ်းပါ။ ခန္ဓာကိုယ်စောင့်ကြည့်နေ၊ ဘာနဲ့
စောင့်ရမလဲဆိုတော့ ရှုမှုလေး မှန်မှန်ရှု, ရှိုက်မှုလေး မှန်မှန် ရှိုက်၊
ရှိုက်ရာကမှ အထူးတရားလေး ပေါ်လာလို့ရှိရင် သြော် … ဒါ ၀ိပရိနာမလက္ခဏာ
ဒုက္ဒသစ္စာပါလားလို့ စောင့်ကြည့်လိုက်

ဒါဖြင့် ၀ိပရိနာမလက္ခဏာ ဒုက္ခသစ္စံက ဒုက္ခသစ္စာ၊ စောင့်ကြည့်တာကလေးက မဂ္ဂသစ္စာ။
သေတာက သမုဒယသစ္စာ၊ နောက် ခန္ဓာ မလာတာက နိရောဓသစ္စာ၊ နိရောဓဆိုတော့ သြော် …
တို့ သစ္စာ အလုပ် လုပ်နေပါကလား ဆိုတာ ပေါ်မလာဘူးလား။

သြော် … ဒါဖြင့် ၀ိပဿနာအလုပ်ဆိုတာ စောင့်ကြည့်တဲ့ အလုပ်

စောင့်ကြည့်တဲ့အလုပ်ဆိုတော့ တပည့်တော်တို့ဖြင့် မလုပ်တတ်သေးပါဘူးဘုရား
ဆိုရင် စောင့်မကြည့်လို့သာ မှတ်ပေတော့

စောင့်ကြည့်တော့ ခန္ဓာကိုယ်ကြီးက ဟိုနေရာကပြ၊ ဒီနေရာကပြ၊ ဟိုနေရာကပြလိုက်၊
ဒီနေရာကပြ လိုက်နဲ့ ပြတဲ့နေရာကိုပဲ စောင့်ကြည့်နေတဲ့အခါကျလို့ရှိ
ရင်
ပြတာက ဒုက္ခသစ္စာ၊ သိတာက မဂ္ဂသစ္စာ၊ သေတာက သမုဒယသစ္စာ

နောက် ခန္ဓာမလာတာက … နိရောဓသစ္စာဆိုတာ သြော် … တို့တစ်တွေ သစ္စာလေးပါးအလုပ်
လုပ်နေပါကသလားဆိုတာ မပေါ်လာဘူးလား

အနာတွေပဲ မပြရပေဘူးလား … ၊ အနာခန္ဓာကိုယ်ကြီးမို့ အနာခန္ဓာတွေပြတော့
ဒီအနာခန္ဓာတွေကလဲ ဖြစ်လိုက်, ပျက်လိုက်၊ ဖြစ်လိုက်, ပျက်လိုက်၊ ဖြစ်လိုက်,
ပျက်လိုက်နဲ့ ပြနေတော့ သြော် … ဒီဥစ္စာ ဖြစ်ပျက်က ဒုက္ခသစ္စာ သိတာက
မဂ္ဂသစ္စာပါလားဆိုတာ အခုအချိန်မှာ ဥာဏ်ထဲမှာ ပေါ်လာတယ် …

ထိုကဲ့သို့ ပေါ်လာတဲ့အခါကျလို့ရှိရင်ဖြင့် ကိလေသာ ကြားမညှပ်လို့ရှိရင်
ဖြစ်ပျက်နဲ့ မဂ်နဲ့ ကြားထဲမှာ ကိလေသာကြားမခြားလို့ရှိရင် ခုနစ်ရက်နဲ့
မဂ်ဥာဏ်, ဖိုလ်ဥာဏ် ရပါတယ် …

ဘုန်းကြီးက ဟောတာလား၊ ဘုရားသခင် ကိုယ်တော်မြတ်ကြီးက ဟောတာလားလို့ဆိုတော့
သတိပဋ္ဌာန် ပါဠိတော်မှာ သေသေချာချာ ရှိလေသောကြောင့် ဒကာ, ဒကာမတွေ
စောင့်ကြည့်တဲ့အလုပ် မလုပ်ခဲ့သောကြောင့် သံသရာရှည်ရပါတယ်

သြော် … ဒါဆို ၀ိပဿနာဆိုတာ အားစိုက်ရှုရတာ? စောင့်စားပြီး ရှုရတာ
သေသေချာချာ ပြောနေပါတယ် ဒကာ, ဒကာမတို့ လေးလေးစားစားနဲ့ မှတ်ပါ

လေးလေးစားစားနဲ့ မှတ်လိုက်တဲ့အခါကျတော့ စောင့်ကြည့်တဲ့ အလုပ်တွေက
ခန္ဓာကိုယ်ထဲမှာ  ဘာမှ ကြည့်စရာ မရှိလို့ရှိရင်ဖြင့် သြော် …
လေကလေးထုတ်တဲ့ စိတ်ကလေးလဲ ထုတ်ပြီး ပျက်တာပဲ …

လေကလေး ပြန်သွင်းတဲ့စိတ်လည်း … သွင်းပြီး ပျက်ပါတယ် အဲဒါကလေး ဘယ်ကမှ
မရှိတော့ဘူးဆိုရင် ပြန်ထိုင်လိုက်

ပြန်ထိုင်ရင်းမတ္တနဲ့ပဲ ဟိုနေရာက ယားသလို, ဒီနေရာကအောင့်သလို၊ ဒီနေရာက
ကောင်းသလို လာပြန်လို့ရှိရင် သူ့ဖြုတ်ပစ်လိုက် … ခုနင်က ယားတဲ့နေရာ
ကောင်းတဲ့ နေရာတွေ လှည့်လည်ပြီး သြော် … ဒါတွေ ဒုက္ခသစ္စာပါလား၊ ဒါတွေ
ဒုက္ခသစ္စာပါလားလို့ ရှုပါ …

ကောင်းတဲ့စိတ်ကလေးလဲ ဖြစ်ပြီးပျက်တော့ ဒုက္ခရောက်တာပဲ … ဆိုတဲ့စိတ် ကလေးလဲ
ဖြစ်ပြီး ပျက်တော့ အလယ်အလတ် စိတ်ကလေးလဲ ဖြစ်ပြီး ပျက်တော့ …
ဒုက္ခရောက်တာပါပဲ

“သံခိတ္တေန ပဉ္စုပါဒါနက္ခန္ဓာပိ ဒုက္ခာ” လို့ ဟောသောကြောင့် ခန္ဓာငါးပါးစလုံး
ပြတဲ့ ဥစ္စာတွေ အနိစ္စလဲမပြ၊ ဒုက္ခလဲမပြ၊ အနတ္တလဲမပြ၊ အသုဘလဲမပြဘဲနဲ့
ဒုက္ခသစ္စာပဲပြတယ် …

အဲဒီကဲ့သို့ ပြလာပြီဆိုမှဖြင့် သြော် … လူ့ဘ၀ရတာ ဒုက္ခသစ္စာရတာကိုးလို့
ပေါ်ပေါ်လွင်လွင်ကြီး သိမလာပေဘူးလား … လူ့ဘ၀ရတာ ဘာရတာပါလိမ့် … ၊
ဒုက္ခသစ္စာကြီး ရတယ်ဆိုတာ မသေချာဘူးလား

အဲဒီကဲ့သို့ ဒုက္ခသစ္စာကြီး ရတာကို ပိုင်ပိုင်နိုင်နိုင် သိနေတော့
တစ်ကိုယ်လုံးမှာ ဟိုကယား, ဒီကနာ၊ ဒီကအောင့်, ဟိုကကိုက်၊ ဒီကခဲ, ဟိုက
တစ်မျိုးတစ်ဖုံပေါ်၊ ပေါ်လာတာ ဟူသရွေ့ ပျောက်တာပဲတွေ့ရ၊
စောင့်ကြည့်တဲ့ပုဂ္ဂိုလ် မတွေ့ရဘူးလား …

ဒါဖြင့် ၀ိပဿနာအလုပ်ဆိုတာ ဘယ်လိုလုပ်ရမှာပါလိမ့်မလဲလို့ေ
မးရင် ဘယ့်နှင်ဖြေကြမလဲ …

စောင့်ကြည့်တာပဲ အကြည့်ခံရတာက ဒုက္ခသစ္စာ၊ ကြည့်ဥာဏ်က မဂ္ဂသစ္စာ၊ မဂ္ဂသစ္စာဆို
တော့ သြော် … မဂ်ဟာ ဆုတောင်းအလုပ်လား၊ စောင့်ကြည့်တဲ့ဥာဏ်အလုပ်လား …

စောင့်ကြည့်တဲ့ ဥာဏ်အလုပ်လို့ ဒကာ,ဒကာမတွေက အသိကြီး သိလာပြီဆိုမှဖြင့်
သြော် … ခန္ဓာကိုယ်ကြီးဟာ သုခကြားမညှပ် ဒုက္ခသစ္စာ တရစပ်ပလားဆိုတာ
ပေါ်ပါလိမ့်မယ် … သုခကြားမညှပ် … ဒုက္ခသစ္စာ တရစပ်ပါလားဆိုတာ မပေါ်လာဘူး လား
ထိုကဲ့သို့ ပေါ်လာတဲ့အခါကျတော့မှ သြော် … ဒုက္ခသစ္စာကြီးပါလား၊ သုခဆိုတာ
ဘာမှ မပေါ်လာပါ လားဆိုတော့ ဒုက္ခတွေမြင်ပြီး ငြီးငွေ့လာပါလိမ့်မယ် …
ဒါဖြင့် ဖြစ်ပျက်မြင်တာသည် ယထာဘူတဥာဏ် … ဖြစ်ပျက်ဒုက္ခသစ္စာကြီး
မုန်းလာတာသည် …နိဗ္ဗိန္ဒာဥာဏ်ပါ

ကြာတော့ ဥာဏ်ကထက်ထက်၊ ထက်ထက်, ထက်ထက်ပြီး ကြည့်ပါများလာတော့
ဘုန်းကြီးတို့ ဒကာ,ဒကာမတွေ၌တဲ့ ဒီဒုက္ခကြီးနဲ့ဖြင့် မနေချင်ပါဘူးဆိုတာ
မနေချင်တဲ့ဥာဏ် မလာပေဘူလား …

မနေချင်တဲ့ဥာဏ် လာတဲ့အခါကျတော့ ခုနင်က ဒုက္ခတွေ အကုန်ပျောက်သွားပါလိမ့်မယ်
…  မနေချင်တဲ့ ဥာဏ်လာတော့ ဘာတွေပျောက်သလဲဆိုတော့ ဒုက္ခတွေ ပျောက်ပါတယ်၊
ဒါဖြင့် ဒုက္ခပျောက်၍ ဒုက္ခဆုံးတာက နိရောဓသစ္စာ၊ ဒုက္ခအဆုံးသိတာက … မဂ္ဂသစ္စာပါ

မဂ္ဂသစ္စာဆိုတော့ မဂ်စစ် ပေါ်လာလိမ့်မယ်၊  ဒုက္ခပျောက်ရင် မဂ်စစ်ပေါ်လိမ့်မယ်၊
ဒုက္ခတွေ့ရင် ၀ိပဿနာမဂ်ပေါ်လိမ့်မယ် … ဒုက္ခတွေ့ရင် … ၀ိပဿနာမဂ် ပေါ်လိမ့်မယ်

ဒုက္ခတွေ မရှိဘူးဘုရား၊ ရှုစရာကို မရှိဘူးဘုရား ဆိုရင်ဖြင့်
မဂ်စစ်ပေါ်လာလိမ့် မယ်။ မဂ်စစ်ပေါ်လာလို့ ဒုက္ခမရှိတာက နိရောဓသစ္စာ …  မဂ်စစ်
ပေါ်လာလို့ ဒုက္ခမရှိတာက နိရောဓသစ္စာ … မရှိမှန်းသိတာက … မဂ္ဂသစ္စာ

အဲဒီကျအောင် စောင့်ကြည့်ရင်းမတ္တနဲ့ ဆုံးသွားအောင်
လိုက်လိုက်လို့ရှိရင်ဖြင့် “ဒုက္ခဿအန္တံ ကရိဿထ” ဒုက္ခဿ၊ ဒုက္ခ၏။ အန္တတံ၊
အဆုံးကို။ ကရိဿထ၊ မဂ်ဥာဏ်က မျက်မှောက်ပြုလိမ့် လတ္တံလို့
ရှင်သာရိပုတ္တရာကလဲဟော၊ ဘုရားကလဲဟောသည် ဖြစ်လေသောကြောင့် ဘုန်းကြီးတို့
ဒကာ,ဒကာမတွေ ယနေ့ကစပြီး စောင့်ကြည့်တဲ့အလုပ် လုပ်စမ်းပါ …

ဖြစ်ပျက်တွေ လာသရွေ့ကို စောင့်သာကြည့်ပါလို့ သတိပေးလိုက်တယ် … ၊
ဖြစ်ပျက်တွေ လာသရွေ့ကို စောင့်ကြည့်ပါ၊ ဒီ့ပြင် ဘာမှမလုပ်ပါနဲ့၊
စောင့်ကြည့်တော့ ကြာတော့ ဖြစ်ပျက်တွေ စိပ်လာလိမ့်မယ် …

စိပ်လာပြီဆိုမှဖြင့် စိပ်ပေမယ့် မပျင်းနဲ့၊ သြော် … အသေတယ်များပါကလား၊
သြော် … ဒုက္ခတွေ တယ်များပါလား၊ သြော် … ဒုက္ခတွေ တယ်များပါလားလို့ သူက
ဘယ်လောက်ပဲများများကိုယ်က ဒုက္ခများတယ်လို့သာ မြင်အောင်ကြည့်နေ … ၊
ကြာတော့ သြော် … ဖြစ်လာတာကလဲ ဒုက္ခ၊ ပျက်သွားတာကလဲ ဒုက္ခ၊ အဲ … ဒီကဲ့သို့
ဒုက္ခကို အဖြစ်လဲ မသာယာ၊ အပျက်လဲ မသာယာ၊ အဖြစ်ရော… မသာယာ  အပျက်ရော …
မသာယာ

မသာယာပါဘူးတဲ့။ ထိုကဲ့သို့ မသာယာတဲ့အခါကျတော့ ဖြစ်ပျက်ကို သာယာတဲ့
တဏှာကလဲ ချုပ်ပါရော ဖြစ်ပျက်လဲချုပ်တာပဲ … သာယာတဲ့ ဒိဋ္ဌိလဲ ချုပ်ပါရော …
ဖြစ်ပျက်လဲ ချုပ်သွားတာပဲဆိုတော့ ဖြစ်ပျက်ချုပ်တာ နိဗ္ဗာန်၊
ချုပ်မှန်းသိတာ မဂ်ဥာဏ်၊ ဖြစ်ပျက်ချုပ်တာက … နိဗ္ဗာန်။
ချုပ်မှန်းသိပြီဆိုတာက … မဂ်ဥာဏ်ပါ

ဒါဖြင့် နိဗ္ဗာန်ဝေးသလား … နီးရဲ့လား … နီးလျက်နဲ့ မရောက်တာ
ဘာကြောင့်ပါလိမ့်မလဲလို့ မေးတော့ စောင့်ကြည့်တဲ့ အလုပ်မလုပ်လို့ပဲ
ကျေးဇူးတော်ရှင်မိုးကုတ်ဆရာတော်ကြီး၏တရားတော်မှ ဖြစ်ပါသည်။

No comments:

Post a Comment