Sunday, May 1, 2011

ချမ်းသာအစစ် လက်တွေ့ ဖြစ်

မကောင်းမှုကို မိမိပြုခဲ့လျှင် မိမိသည်ပင် ညစ်နွမ်းရ၏၊ မကောင်းမှုကို မိမိမပြုခဲ့လျှင် မိမိသည်ပင်စင်ကြယ်၏၊ စင်ကြယ်သော ကုသိုလ်နှင့် မစင်ကြယ်သော အကုသိုလ်သည် တခြားစီသာဖြစ်၏၊ သူတစ်ယောက်သည် အခြား သူတစ်ယောက်ကို ကိလေသာအညစ်အကြေးမှ စင်ကြယ်အောင် မသုတ်သင်နိုင်။သူတစ်ပါး၏ များစွာသော အကျိုးစီးပွားအတွက်ကြောင့် မိမိ၏အကျိုးစီးပွားကို အနည်းငယ်မျှ မဆုတ်ယုတ်စေရာ၊ မိမိအကျိုးစီးပွားကိုသိ၍ မိမိအကျိုးစီးပွားကို တိုးပွားအောင် လေ့ကျက် အားထုတ်ရာ၏။
                                                                                                            (ဓမ္မပဒ အတ္တဝဂဂ်)
လူတစ်ယောက်မိမိရဲ့ အကျိုးစီပွားတိုးတက်သည်ဆိုသည်မှာရှေးအတိက်ကံကြောင့် မဟုတ်ပဲ ယခုလက်ရှိဘဝမှာပဲ့  ကံ ညဏ် ဝီရိယလေးနဲ့ အားသွန်ခွန်စိုက်ကြိုးစားမယ်ဆိုလျှင်အောင်မြင်နိုင်ကြောင်းကို သိထားသင့် ပေသည်။ကြီးပွားချမ်းသာလိုသူတစ်ယောက်သည်ရတနာသုံးပါးကို ကြည်ညိုသူ၊ ကံနှင့် ကံ၏ အကျိုးပေးကို လက်ခံယုံကြည်သူ၊ ကိုယ်ကျင့်သီလ ကောင်းမွန်သူ၊ အကြားအမြင် ဗဟုသုတများ၍ လေးနက်သောစကားကို ပြောဆိုနိုင်သူ၊ ရက်ရက်ရောရော နှမြောမရှိ ပေးစွန့်တတ်သူ၊ လုံ့လရှိသူ၊ ကြိုးစားသူ၊ အရာရာ၌ မှတ်မှတ်သားသား ရှိသူ၊ တည်ကြည် လေးနက်သူ၊ အမြော်အမြင် ပညာရှိသူတို့သည်လောကမှာ ကြီးပွားချမ်းသာမည်သူများသာဖြစ်သည်။မြတ်စွာဘုရှင်လက်ထက်တော်အခါက အတိက်ကံကြောင်သာလျှင်မဟုတ်ပဲ လက်တွေကျကျပစ္စုပ္ပန်မှာသာလျှင် ကံ  ညဏ်  ဝီရိယအားပြုကာ ကြီးပွားချမ်းသာလာသူကိုစူဠသေဌိလဇတ်တော်တွင်ဟေားကြားတော်မူခဲ့ပါသည်။
ရှေးအခါက စူဠသေဋ္ဌိမည်သော ဘုရားလောင်း သူဌေးသည် အတိတ်နိမိတ်ကို နားလည်၏။ တစ်နေ့သော် ဗာရာဏသီ မင်းကြီးထံ အခစားဝင်သောသူဌေးသည် လမ်းခရီး၌ ကြွက်သေတစ်ကောင်ကို တွေ့၏။ ထိုအခိုက် နက္ခတ်ကို တွက်ချက်၍ “ပညာရှိသူသည် ဤကြွက်သေကို အရင်းပြု၍ သားမယားကို မွေးမြူနိုင်ပါလိမ့်မည်” ဟုပြော၏။

ထိုစကားကိုကြားသောဆင်းရဲသား တစ်ယောက်သည် ကြွက်သေကို ကောက်ယူ၍ ဈေး၌ ကြောင်စာအဖြစ် ရောင်းလိုက်ရာ အသပြာ တစ်ချင်ရွေးရ၏။
ထိုအသပြာဖြင့်တင်လဲခဲဝယ်ယူ၏။ ထို့နောက် တောမှပြန်လာသော ပန်းသည်တို့ကို တင်လဲ အနည်းငယ်စီ ပေး၍  ရေတိုက်၏။ ပန်းသည်တို့က သူ့ကို ပန်းတစ်ဆုပ်စီ ပေးခဲ့၏။ ထိုပန်းတို့ကိုရောင်း၍ တင်လဲဝယ်ပြန်၏။ တင်လဲနှင့် ရေအိုးတို့ကို ယူဆောင်၍ ပန်းသည်တို့ကို ရှေးနည်းအတိုင်း ပြုစု၏။ ပန်းသည်တို့က တစ်ဝက်ခူးပြီးသော ပန်းတို့ကိုပေး၏။ ထိုပန်းတို့ကို ရောင်း၏။ ဤသို့လျှင် ဆင်းရဲ သားသည် မကြာမီ အချိန်အတွင်း အသပြာ ရှစ်ကျပ်ရ၏။

လေမိုးကျသော တစ်နေ့သ၌ မင်းဥယျာဉ် အတွင်းဝယ် သစ်ရွက်ခြောက်၊ သစ်ကိုင်းခြောက်တို့ ကြွေကျ၏။ ဆင်းရဲသားသည် ဥယျာဉ်စောင့်ကို ခွင့်တောင်းကာ သစ်ရွက်ခြောက်၊ သစ်ကိုင်းခြောက်တို့ကို ရှင်းလင်း သုတ်သင်၏။ ကစားနေကြသော ကလေးတို့ကို တင်လဲကျွေးကာ လုပ်အားပေးစေ၏။ ထင်းသစ်ရွက်တို့ကို ဥယျာဉ်တံခါးမှာ စုပုံစေ၏။ ထိုထင်းတို့ကို မင်း၏ အိုးထိန်းသည်ထံ ရောင်းလိုက်ရာ အသပြာတစ်ဆယ့် ခြောက်ကျပ်နှင့် အိုးငါးလုံးရ၏။

ဤသို့ အသပြာ နှစ်ဆယ့်လေးကျပ် ရလာ၏။ ထို့နောက်မြတ်ရိတ်သမားတို့ကို မြို့တံခါးမှ ကြို၍ ရေတိုက်၏။ မြက်ရိတ် သမားတို့က ကျေးဇူးတုံ့ပြန်လိုကြ၏။ သို့သော် အချိန်မတန် သေးသောကြောင့် တားမြစ်ရ၏။

ထို့နောက်ဆင်းရဲသားသည် ကုန်းကြောင်းအမှုဆောင်သူ၊ ရေကြောင်း အမှုဆောင်သူ မင်းမှုထမ်းတို့နှင့် ရင်းနှီး၏။ ကုန်းကြောင်း အမှုဆောင်သူတို့ထံမှ မြင်းကုန်သည် ငါးရာ လာလိမ့်မည်ဟု ကြားသိရသော ဆင်းရဲသားသည်မြတ်ရိတ်သမားတို့ ထံမှ မြက်တစ်စည်းစီ တောင်း၏။ ထို့ပြင် သူ့အရင်ဦး၍ မည်သူ့ကိုမျှ မြက်မရောင်းရန်လည်း တောင်းပန် ထား၏။ ထိုအခါ မြင်းကုန်သည်တို့သည် မြို့၌ မြင်းစာ မရနိုင်သောကြောင့် ဆင်းရဲသားထံမှ အသပြာ တစ်ထောင်ဖြင့် မြက်ဝယ်ရ၏။

ဤသို့စသည်ဖြင့် အဆင့်ဆင့် ဆောင်ရွက်ခဲ့သော ဆင်းရဲသားသည် လေးလအတွင်း မှာပင် အသပြာနှစ်သိန်း ချမ်းသာလာ၏။

ဤဇာတ်တော်၌ ဆင်းရဲသားသည် ကိုယ်တိုင်ကြိုးပမ်းမှုဖြင့် ချမ်းသာခဲ့ခြင်း ဖြစ်သည်။ သို့သော် ဘုရားလောင်း၏ တန်ဖိုးရှိသော စကားသည်သူ့ဘဝပြောင်လွဲရန်အဓိကကျသော အကြောင်းရင်းပင် ဖြစ်ပေသည်။ဆင်းရဲသားသည် လက်ရှိ ဘဝတွင် ဘုရားလောင်းပညာရှိ၏ စကားကိုလည်းနားထောင် မိမိ၏ စိတ်တွင်လည်း ကံ ညဏ် ဝီရိယအားစိုက်ကာ လုပ်ကိုင်ခဲ့ သည် ။
ဘုရားလောင်းသည် ဆင်းရဲသားကို တိုက်ရိုက်ရည်ရွယ်၍ အကြံပေး ဆုံးမခဲ့သည် မဟုတ်။ ပါးနပ်သော ဆင်းရဲသားက အခွင့်အရေးကို အရယူခဲ့ခြင်းသာ ဖြစ်ပေသည်။ တိုက်ရိုက် မဆိုသော်လည်း ပညာရှိတို့၏ စကားသည် အသုံးချတတ်သူအတွက် အသုံးကျ လှပေသည်။ ကျိုးကြောင်းပြ၍ ဆုံးမသော မိတ်ကောင်းဆွေကောင်း သူတော်ကောင်း တို့၏ စကားသည် အဘယ်မှာ အကျိုးမရှိဘဲ နေမည်နည်း။ မုချ အကျိုးရှိသည်သာတည်း။ ထိုကဲ့ သိုပညာရှိစကားနားထောင် အလုပ်ကိုကျိုးစား ရတနာ မြတ်သုံးပါး ကံ ကံ၏ အကျိုး ယုံကြည် လက်တွေ့ကျကျ  လုပ်ကိုင် ခြင်းကြောင့်ဆင်းရဲ သားချမ်သာလာခြင်းဖြစ်ပေတော့သည်။

No comments:

Post a Comment