Wednesday, May 4, 2011

ချစ်သောသူ.....?

နွားကျောင်းသွားရင်း ငှက်ပစ်ရတဲ့အလုပ်ကို ငယ်စဉ်က အတော်ခုံမင်ခဲ့ဘူးပါတယ်။ အိမ်ရောက်တော့ မေမေကဆူတယ်။ သူ့အသက်ကို မသတ်ရဘူးတဲ့။ ငရဲကြီးလိမ့်မယ်လို့ပြောတယ်။ သူ့အသိုက်ကို မဖျက်ဆီးရဘူးတဲ့။ ၀ဋ်လိုက်တတ်တယ်တဲ့။ စာရေးသူ ငရဲဆိုတာကိုလည်း နားမလည်၊ ၀ဋ်ဆိုတာကိုလည်း နားမလည်ခဲ့ပါဘူး။ ဒါပေမယ့် ရှာဖွေပြီး လိုက်သက်ရတာ ကိုတော့မလုပ်တော့ပါဘူး။ ငရဲကို ကြောက်တာထက် မေ့မေ့စကားကို နာထောင်ချင်လို့ပါ။


အတန်းကျောင်းတွေတက်ရင်း အတန်းကြီးတွေရောက်လာတဲ့အခါ စာအုပ်စာပေကို ရှာဖွေပြီး ဖတ်တတ်ခဲ့ပါတယ်။ ၀တ္ထု တွေအစ၊ ဘာသာရေးစာပေတွေအဆုံး ဇာတ်လမ်းလေးတွေ လိုက်ဖတ်ရတာ စိတ်ဝင်စားခဲ့တယ်။ အဲ့ဒီမှာ စာလေးတစ် ကြောင်းသွားတွေ့မိပါတယ်။ ဘာလဲဆိုတော့ ငရဲဆိုတာရဲ့ အဓိပ္ပါယ်ပါ။ ငရဲကို နိရယ လို့ဆိုကြတယ်ဆိုတာကို ဖတ်လိုက်မိ ပါတယ်။ နိ- ဆိုတာက မရှိတာ၊ (ရ) အယ- ဆိုတာက ချမ်းသာတာ၊ အားလုံကို ပေါင်းလိုက်ရင် ချမ်းသာမှုမရှိတဲ့နေရာဟာ ငရဲပဲဆိုတာကို သိလိုက်ရပါတယ်။ ငရဲကြီး(၈) ထပ်ရှိတယ်။ ငရဲမှာဆို ငရဲသားတွေဟာ အချိန်ကာလအကြားအလပ်မရှိ ဆင်းရဲဒုက္ခပေါင်းစုံကို ခံစားနေရကြောင်း မှတ်သားဖူးပါတယ်။ အမေကပြောသေးတယ်။ ငရဲသားတွေဟာ ငရဲဒယ်အိုးထဲမှာ ဆီပူတွေနဲ့ အကြော်ခံနေရတာတဲ့။ တွေးကြည့်ရုံနဲ့တင် စိတ်ညစ်လိုက်တာ။ ငရဲဆိုတာကို ကြောက်နေမိတယ်။ ဘာဖြစ်လို့လဲဆိုတော့ အမေဟင်းချက်တဲ့အနားသွားနေရင်း ဟိုကဒယ်အိုးက ဆီပူလေးပေါက်ပြီး အသားကိုလာမှန်တာ တောင် မခံနိုင်ပဲ ထအော်မိနေတော့၊ ငရဲမှာ ဆီပူဒယ်အိုထဲ ထည့်အကြော်ခံရမယ်လို့ဆိုတဲ့အခါ မကြောက်မိပဲ စာရေးသူ မနေနိုင်တော့ပါ။


ဒီလိုနဲ့ လူကြီးသူမတွေနဲ့ စကားတွေပြောလာ၊ စာတွေလည်းဖတ်၊ တရားတွေလည်းနာလာရင်းက တစ်နေ့ အသိလေးတစ်ခု ခေါင်းထဲကို ၀င်လာခဲ့တယ်။ အဲ့ဒါက ငရဲဆိုတာကို နောက်တစ်မျိုး ထပ်သိလိုက်ရလို့ပါ။ ခုနကပြောခဲ့တဲ့ ချမ်းသာမှု ကင်းဆိတ်တဲ့နေရာဟာ ငရဲ၊ ဆီပူအိုးမှာ အကြော်ခံရတယ်ဆိုတာ ငရဲလို့ မှတ်ထားရင်းကနေ ယခုအရှင်လတ်လတ် ငရဲဆို တာကို တွေ့လိုက်ရလို့ပါ။ အဲ့ဒါကတော့ …


အပ္ပိယေဟိ သမ္ပယောဂေါ ဒုက္ခော- မချစ်မနှစ်သက်သောသူနှင့် အတူယှဉ်တွဲ နေထိုင်ရခြင်းသည် ဆင်းရဲ၏။

ပိယေဟိ ၀ိပ္ပယောဂေါ ဒုက္ခော- ချစ်သောသူများနှင့် ကွေးကွင်းရခြင်းသည်လည်း ဆင်းရဲ၏ ... လို့ မြတ်စွာဘုရားမိန့်ခဲ့တာ အားလုံးအသိပဲလေ။ ငရဲတွေ၊ ဒယ်အိုးတွေ ခဏနေဦး။ ခုလောလောဆယ် ကိုယ်မချစ်တဲ့သူနဲ့ အတူတူ နေနေရပြီးဆိုရင် ဘယ်လောက်ပဲ စီးပွားတွေချမ်းသာနေပါစေ၊ စိတ်ဆင်းရဲနေရတာပါပဲ။ အချိန်ပြည့် စိတ်ဆင်းရဲ နေရတဲ့လူတွေ အများကြီးပါ။ ကိုယ်မချစ်ပဲ ယူထားလိုက်ရတဲ့ မိန်မကြောင့်၊ ယောက်ျားကြောင့် အောင့်အီးပြီး စိတ်ဆင်းရဲမှု တွေခံနေရတာဟာ လူ့ဘ၀မှာ အရှင်လတ်လတ်တွေ့နေရတဲ့ ငရဲပါပဲ။ ဟုတ်တယ်လေ။ ငရဲဆိုတာကိုက စိတ်ချမ်းသာခြင်း၊ ကိုယ်ချမ်းသာခြင်း ကင်းဆိတ်တယ်လို့ဆိုကြတာကိုး။ ကိုယ်ကဘယ်လောက်ပဲချမ်းသာပါစေ။ စိတ်မချမ်းသာရင်တော့ ဆင်းရဲတာပါပဲ။

တစ်ချို့တော့လည်း ချစ်သောသူနှင့် ကွေးကွင်းရခြင်းဆင်းရဲတဲ့။ ဒါလည်း လူတိုင်းကြုံနေရတာပဲ။ ဘယ်လောက်တောင် ဆင်းရဲသလဲဆိုရင် ဘ၀တစ်ခုလုံး ရူးသွပ်သွားတဲ့အထိ ဆင်းရဲခဲ့ပါတယ်။ တစ်ချို့ဆို သေတဲ့အထိဖြစ်ကြပါတယ်။ သား သေလို့၊ မြေးသေလို့၊ မိဘသေလို့၊ ချစ်တဲ့သူ သေလို့၊ ဒါမှမဟုတ် ဝေးကွာခဲ့ရလို့ပေါ့လေ။ တစ်ရက်မှ စိတ်မချမ်းသာရပါ ဘူး။ ငါ့သား၊ င့ါသမီး၊ ငါ့ယောကျာ်း၊ ငါ့မိန်းမ၊ ငါ့ ချစ်သူ ဆိုပြီး ရင်ထဲမှာဝေဒနာတွေ ဆက်တိုက်ခံစားနေရတာ ဆင်းရဲတာ ပါပဲ။ အော် လောကငရဲပါပဲ။ ကွဲကွာခြင်း သုံးမျိုးရှိတယ်လို့ မှတ်သားဖူးပါတယ်။ မြင်လည်းမြင်ဘူးပါတယ်။ အဲ့ဒါတွေက တစ်ချို့မှာ သေကွဲ၊ တစ်ချို့မှာ ရှင်ကွဲ၊ တစ်ချို့ကတော့ ထူးဆန်းတယ်။ မြင်ကွဲ လို့ဆိုပါတယ်။ သေကွဲနဲ့ ရှင်ကွဲကတော့ ရှင်းပါတယ်။ ခံစားရလည်း အသိသာကြီးပဲ။ မြင်ကွဲကြတော့ မြင်လျက်ကကိုပဲ တစ်ဦးနဲ့တစ်ဦး စကားမပြောနိုင်မဆိုနိုင်နဲ့။ သူ့မျက်နှာကို မြင်နေရတာကိုက စိတ်ဆင်းရဲပါတယ်လို့ ပြောသံတွေ ကြားဖူးမှာပါ။ အိမ်ထောင်သည်တွေ အများအားဖြင့် နှစ်တွေကြာလာတဲ့အခါ ဖြစ်ကြမယ်ထင်ပါတယ်။ တစ်အိမ်တည်း အတူနေရင်းက သမီး နင့်အဖေကိုပြောလိုက် ထမင်းစား မယ်လို့၊ သား မင်းအမေကို ပြောလိုက် ကားရောက်ပြီလို့ … စသဖြင့် အတူတူနေရင်းက ကွဲနေကြတာတွေ မြင်ဖူးကြမှာပါ။ အဲ့ဒါလည်း ဆင်းရဲတာပါပဲ။ တနည်း ငရဲပါပဲ။


ဂင်္ဂါဆူဆူဆုံးစေတော့၊ တူတူပုန်း၊ ပုန်းလို့နေမယ်ဆိုပြီး တစ်ချို့တော့လည်း အဲ့လောက်ထိကိုချစ်ကြပါတယ်။ ဂင်္ဂါဝါဠု သဲစုမက ဘုရားရှင်တွေ ပွင့်ကြပါစေဦး။ နိဗ္ဗာန်ဝင်ရင် နှစ်ဦးသားခွဲသွားရမှာဆိုးလို့ ဘုရားပွင့်ရင်တောင် ပုန်းနေမယ်လို့ ဆိုကြတာကိုး။ မြတ်စွာဘုရားရှင် အလောင်တော်ဘ၀က အချစ်ကြီးတဲ့သူတစ်ဦးနဲ့ ဆုံခဲ့ဖူးကြတဲ့ ဇာတ်လေးကို သိကြမှာပါ။ စာရေးသူမှာဖြင့် အဲ့ဒိဇာတ်ကို ကြိုက်လွန်းလို့ဗျာ။ တစ်ခြားမဟုတ်ပါဘူး။ ဆဒ္ဒန်ဆင်မင်းဇာတ်ပါ။ ဆင်မင်းကြီးက အင်ကြင်းပန်းတွေကြဲပေးတဲ့အခါ မယားကြီးဖြစ်တဲ့ မဟာ သုဘဒ္ဒါအပေါ် ပန်းကောင်းလေးတွေ ဦးကင်းပေါ်ကျဆင်းပြီး စူဠသုဘဒ္ဒါ အလှည့်ကျမှ ပန်းကညံ့တာတွေပါတဲ့အပြင် ခါချဉ်တွေပါ အစစ်ပါလာတော့ သူ့ခမျာ ခံစားရရှာမှာပေါ့။ ကိုယ်ချစ်သလောက် ကိုယ့်အပေါ် ပြန်မချစ်တဲ့အခါ ခံစားရတဲ့ဝေဒနာကို နားလည်တတ်မယ်ဆိုရင် စူဠသုဘဒ္ဒါရဲ့ ခံစားချက်ကို နားလည်ပေးနိုင် မယ်ထင်ပါတယ်။ ဆင်မင်းကြီးကလည်း သူ့တော့သာစေ၊ သူ့တော့နာစေဆိုပြီးလုပ်တာတော့ မဟုတ်တန်ရာပါဘူး။ အခန့် မသင့်လို့ဖြစ်သွားတာပါပဲ။ ဒါပေမယ့် ချစ်အားကြီးတော့လည်း အချို့ကိစ္စတွေကို နားလည်မပေးနိုင်ကြပါဘူး။ ဘာကြောင့် လဲဆိုတော့ သ၀န်တိုကြလို့ပါ။ ချစ်ရင် သ၀န်တိုတာ ဟိုးကာလထဲကဆိုတော့ ကြာခဲ့ပါပြီပေါ့။


နောက်တစ်နေ့လည်း ဒီလိုပဲ။ ရေကန်မှာ ရေကစားရင် ကြာပန်းတွေကို အကြီးမကိုပေးတော့ အငယ်လုပ်တဲ့သူက ပိုပြီး တော့ စိတ်ထိခိုက်ခဲ့မှာပါ။ စူဠသုဘဒ္ဒါဆင်မလေးရဲ့ ရင်ထဲက ခံစားချက်ကို လှမ်းပြီးမြင်ယောင် ကြည့်မိပါသေးတယ်။ တစ်ချို့ကစူဠသုဘဒ္ဒါကို အငြိုးကြီးတဲ့မိန်းမလို့ပြောကြတာပေါ့။ ဒါသူတို့အမြင်လေ။ စာရေးကတော့ အချစ်ကြီးလို့ဖြစ်ခဲ့ တာလို့ပဲမြင်တယ်။ Everybody in love is blind ပဲလေ။ ချစ်မိပြီဆို လူတိုင်းဟာ အကန်းတွေဖြစ် ကုန်တာပါပဲ။ သူ့အချစ်ဟာ သူ့ရဲ့ပညာမျက်စိတွေကို ဘယ်လောက်ထိအောင် ကန်းစေခဲ့သလဲဆို သူ့ချစ်သူကိုတောင် သစ်ပစ်နိုင်ဖို့အထိ ကန်းခဲ့ပါ တယ်။ တစ်နည်းအားဖြင့် ချစ်ခဲ့တာပေါ့လေ။ အဲ့ဒိမှာတင် ပစ္စေကဗုဒ္ဓါအရှင်မြတ်တွေကို သစ်သီးတွေ ပန်းတွေလှူပြီး ဆုတောင်းပါတော့တယ်။


သူဖြစ်ချင်တာတွေက ခုလှူဒါန်းလိုက်ရတဲ့အကျိုးကြောင့် နောင်သောအခါ အလွန်တရာချောမောလှပသော မင်းသမီး ဖြစ်ပြီးလျှင် ဗာရာဏသီမင်း၏ ချစ်လှစွာသော မိဖုရားဖြစ်ရပါလို၏။ ဖြစ်ရုံတင်မကပဲ မိမိရဲ့အလိုအတိုင်း ထိုမင်းကြီး သည်ဖြစ်ပါစေလို့ ဆုတောင်းခဲ့ပါတယ်။ တနည်းအားဖြင့် မင်းကြီးအလိုလိုက်တာ အခံရဆုံးသူဖြစ်ပါရစေပေါ့။ နောက်တစ်ခါ ဆဒ္ဒန်ဆင်းမင်းရဲ့အဆွယ်ကို နားဋောင်းအဖြစ်ပန်ဆင်ရပါစေဆိုပြီး ဆုတောင်းခဲ့ပါတယ်။ ဒီနေရာမှာ စူဠသုဘဒ္ဒါဟာ လူ့ဘ၀မှာ အချောဆုံးအလှဆုံးဖြစ်ရတာချမ်းသာတယ်၊ လူတစ်ယောက်၏ အချစ်မြတ်နိုးဆုံးခံရတာ ချမ်းသာတယ်၊ ရှင်ဘုရင်၏ မိဖုရားဖြစ်ရတာ ချမ်းသာတယ်၊ ကောင်းတယ်လို့ ထင်ထားခြင်းများသည် အထင်မှား အမြင်မှားခြင်းများဖြစ် တာကြောင့် အ၀ိဇ္ဇာသ၀လို့ဆိုပါတယ်။ ဒီလို သာမာန်လူရဲ့ခန္ဓာပဲဖြစ်ဖြစ်၊ ရှင်ဘုရင့်သမီးရဲ့ခန္ဓာပဲ ဖြစ်ဖြစ်၊ မိဖုရားရဲ့ခန္ဓာပဲ ဖြစ်ဖြစ် ဒုက္ခသစ္စာလို့ မထင်ခြင်းသည် ဒုက္ခေ အဉာဏံ- ဒုက္ခ၌ မသိခြင်းဖြစ်၍ အ၀ိဇ္ဇာဖြစ်ပါတယ်။ ရှင်ဘုရင်သမီးဘ၀ကို ဒုက္ခသစ္စာလို့ မထင်ခြင်း၊ ကိုယ့်ယောက်ျားက ကိုယ့်ကိုချစ်တာကို ဒုက္ခာသစ္စာလို့မထင်ခြင်း၊ အလွန်လှတဲ့ဘ၀ကို သုခလို့ထင်ခြင်းများသည် အထင်မှားနေတာဖြစ်ခြင်းကြောင့် ဒိဋ္ဌိဝိပလ္လာသ အ၀ိဇ္ဇာသ၀တွေရဲ့စွမ်းအားများဖြစ်ပါတယ်။


ဒီလိုဆိုတော့ မိဖုရားဘ၀ကိုရခြင်းတာက တဏှာ၊ ကိုယ်ဖြစ်ချင်တာကို မရမနေစွဲယူလိုက်တာက ဥပါဒါန်၊ ပစ္စေကဗုဒ္ဓ အရှင်သူမြတ်တွေကို လှူဖွယ်ဝတ္ထုများလှူဒါန်းခြင်းသည် စေတနာ၊ အဲ့ဒိစေတနာတွေ ဦးဆောင်ပြီး ခုနကလို သတ်ရပါလို၏ ဖြတ်ရပါလို့ ကာယကံ၊ ၀စီကံ၊ မနောကံတွေကို စေတနာထဲမှာထည့်လိုက်ရင် သင်္ခါရအုပ်စုတွေဖြစ်သွားပါတယ်။ အ၀ိဇ္ဇာ၊ တဏှာ၊ ဥပါဒါန်၊ သင်္ခါရ ဆိုပြီး ဒါနပြုနေစဉ်မှာပင် ဖြစ်သွားပါတယ်။ လှူဒါန်းနေစဉ်မှာပင် ရှင်ဘုရင်၏ သမီး၊ နောက်မိဖုရားဆိုတဲ့ အာရုံတွေဖြစ်နေတဲ့အတွက် အရမ္မဏပစ္စည်းအနေနဲ့ ကျေးဇူးပြုနေပါတယ်။ မဖြစ်သေးတာကို လှမ်းပြီးစွဲလိုက်တဲ့ အတွက် အနာဂါတ်ဓမ္မာရုံဥပါဒါနက္ခန္ဓာ တွေဖြစ်နေပါတယ်။ အာရုံထဲမှာ သေချာပေါက်အခိုင်မာဖြစ်ရမယ်ဆိုပြီး အာရမ္မဏာ ဓိပဓိတပ်သွားပါတယ်။ မရမနေစွဲလမ်းတဲ့ ဥပါဒါန်၊ လှူဒါန်းတဲ့စေတနာ၊ တပ်မက်တဲ့တဏှာ တွေနဲ့ အ၀ိဇ္ဇာဦးဆောင်ပြီး လှူါန်းလိုက်ပါတယ်။ တစ်ဖက်ကလည်း ပစ္စေကဗုဒ္ဓါဆိုတဲ့ ၂ သင်္ချောနဲ့ ကမ္ဘာတစ်သိန်းပါရမီဖြည့်ထားတဲ့ သူတွေ။ အားတွေ အကုန်လုံး ကောင်းနေတဲ့အခါကျတော့ သူ့ဆုတောင်းတွေ ပြည့်သွားခဲ့ပါတယ်။


စူဠသုဘဒ္ဒါဟာ တစ်ကယ်ပဲ ဆဒ္ဒန်ဆင်မင်းကြီးရဲ့အဆွယ်ကို အရယူနိုင်ခဲ့ပါတယ်။ ဆင်မင်းကြီးခမျာလည်း သူ့ရဲ့ချစ်သူအတွက် အစွယ်ကို ကိုယ်တိုင်ဖြတ်လို့ သူ့အပေါ်ထားခဲ့တဲ့ ချစ်သူရဲ့အမျက်တွေလည်းပြေပါစေ၊ ချစ်တဲ့သူလည်း ပျော်ပါစေ ဆိုပြီး ကိုယ်တိုင်အစွယ်ဖြတ်ပေးပြီး နိဗ္ဗာန်ဆုကိုပါတောင်းခဲ့တဲ့ ဆင်မင်းကြီး၏ ချစ်ခြင်းတရားကလည်း အံ့မခန်းလောက်ပါပဲ။ တစ်ကယ်ပါ။ အချစ်ဆိုတာကလည်း အချစ်အချစ်၊ ချစ်တိုင်းချစ်၍၊ ချစ်လေချစ်လေ၊ ချစ်မပြေတည်း
၊ ဆားငန်ရေနောက်၊ ငတ်တိုင်းသောက်က၊ သောက်လေသောက်လေ ငတ်မပြေသို့၊ ပေမအရာ၊ တဏှာဖွဲ့ရစ်၊ ထိုအချစ်လည်း၊ အပြစ်မမင်၊ မဆင်ခြင်ဘဲ၊ ချစ်လျှင်ပျော်နိုး၊ ချစ်စပျိုးသည်၊ ချစ်ရိုးချစ်စဉ် ချစ်လမ်းတည်း … ဆိုတဲ့ကဗျာလေးလိုပါပဲ။ ချစ်လို့ပဲ မ၀နိုင်ကြပါဘူး။

ပိယတော ဇာယတီ သောကော
- ချစ်သောသူနှင့် အတူနေရတဲ့အခါလည်း သူ့အတွက်နဲ့ သောကတွေပွားရတာပါပဲ။

ပိယတော ဇာယတီ ဘယံ- ချစ်သောသူနှင့် အတူနေရတဲ့အခါတိုင်းမှာ သူနဲ့ခွဲခွာသွားမှာကို အမြဲတမ်းကြောက်ရွံ့နေရ ပြန်တာပါပဲ။
ပိယတော ၀ိပ္ပမုတ္တဿ၊ နတ္ထိ သောကော ကုတော ဘယံ- မချစ်တတ်၊ မမုန်းတတ်တဲ့သူ ဖြစ်ခဲ့မယ်ဆိုရင်တော့ ဘ၀မှာ ချစ်ခြင်းကြောင့် ရရှိမယ့်ဆင်းရဲ၊ မုန်းခြင်းကြောင့် ဖြစ်ပေါ်လာမယ့် ဆင်းရဲတွေကနေ ဝေးကွာလို့ ချမ်းသာစွာနေကြရပါလိမ့်မယ်။
အားလုံးသော သတ္တ၀ါတွေ ချစ်ခြင်းမုန်းခြင်းလွတ်ကင်း၍ ပကိဖြစ်သော ချမ်းသာခြင်းနှင့် ပြည့်စုံကြပါစေ။

No comments:

Post a Comment